ကံကြမ္မာလှည့်စားတဲ့ ဘ၀တွေနဲ့ လူ့အခွင့်အရေးဆိုတာ


နီနီမြင့်

နှုတ်ခမ်းထူထူ၊ ကိုယ်လုံးသေးသေး သွယ်သွယ်နဲ့ ဒီနေ့ခေတ်မှာ ခေတ်စားနေကျ အထာကျကျ အင်္ကျီ ဒီဇိုင်းလေးတွေ ၀တ်ထားတဲ့ လူမှုကွန်ရက်ဖေ့ဘွတ်က အမျိုးသမီးတစ်ယောက်ရဲ့ပုံတွေကို အားကျပြီး ချီးကျူးနေကြတဲ့ အင်တာနက်ဆိုင်ထဲက သူငယ်ချင်းတစ်စု။


“မိန်းကလေးထက်တောင် လှသေးတယ်” ဆိုတဲ့ သူတို့ရဲ့စကားတွေနောက်က မိတ်ကပ်ပညာရှင် တစ်ဦး ရဲ့ ဓာတ်ပုံတွေက တကယ့်ကိုပဲ အလန်းဇယား။


မိန်းမလျာ (အခြောက်) လို့ လူတွေ ခေါ်ဝေါ်သုံးနူန်းနေကျ လိင်တူဆက်ဆံသူတွေရဲ့ ဘ၀နေထိုင်မှုနဲ့ လူတွေကြားထဲ တိုးဝင်ပေါ်ပေါက်လာမှုတွေက ဒီနေ့ခေတ် မီဒီယာစာမျက်နှာပေါ်တွေမှာ အရင်ကထက် ပိုပြီး နေရာယူလာကြလေရဲ့။ တချို့က အလှမယ်ပြိုင်ပွဲဝင်တွေအနေနဲ့၊ တချို့က မိတ်ကပ်ပညာရှင်တွေ အနေနဲ့ တချို့ကတော့ ပန်းအလှဆင်သူတွေအနေနဲ့။ ဒီလို ထူးချွန်မှုတွေနဲ့ မိန်းမလျာတွေ၊ သာမန် လူ တန်းစားဘ၀တွေနဲ့ အလွှာပေါင်းစုံကလာတဲ့ သူတို့ဘ၀တွေအတွက် “လူ့အခွင့်အရေး” ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အားလုံးအတွက် ကြိုးစားပေးနေသူတွေလည်း ရှိပါတယ်။


“မိန်းမလျာတွေ၊ ယောက်ျားလျာတွေက လူ့အခွင့်အရေးအတွက် ကြိုးစားနေတယ်ဆိုရင် လူအများစုက ပြေးမြင်တတ်ကြတာက လိင်တူချင်း လက်ထပ်နိုင်ဖို့၊ လိင်ပိုင်းဆိုင်ရာ ကိစ္စလောက်ပဲ ပြေးမြင်တတ်ကြ တယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်နေတဲ့ အလုပ်တွေထဲမှာ တရားဝင်လက်ထပ်ဖို့ ဆိုတာက နောက်မှ။ လောလောဆယ် ကျွန်တော်တို့ဘ၀တူတွေ လူ့အခွင့်အရေး ပြည့်ပြည့်၀၀ရဖို့က ပထမလို့ ဘုရင်နဲ့ ဘုရင် မများလို့ နာမည်ပေးထားတဲ့ LGBT (Lesbian Gay Bisexual Transgender) ဆိုတဲ့အဖွဲ့က အသက် ၃၆ နှစ်အရွယ် ကိုမိုးအောင်က ဆိုပါတယ်။


တချို့သောလူတွေရဲ့သန္ဓေအရ ““အခြောက်မြင်ရင် မျောက်မြင်သလိုပဲ၊ ခဲလေးနဲ့ ပေါက်ချင်တယ်၊ ငါးပိ နဲ့ပက်ချင်တယ်” ဆိုတဲ့စကားအတိုင်း ပညာတတ်သူဖြစ်ဖြစ်၊ ပညာမတတ်သူဖြစ်ဖြစ်၊ မိန်းမလျာတွေ မြင် ရင် မိန်းမလျာတွေကို လှောင်ချင် ပြောင်ချင်ကြတာက ခုထက်ထိတိုင် အရိုးစွဲနေကြ သေးပါတယ်လို့ လည်း သူက ဆိုပါသေးတယ်။


“အခွင့်အရေးလို့ပြောရင် မိန်းမလျာ တစ်ယောက်က အစအနောက်ခံရရင် ဘယ်ကိုမှ တိုင်ကြားလို့မရဘူး လေ။ နင်တို့ အဲလိုနေတာ ဖြစ်မှာပေါ့လို့ ပြောချင်တဲ့ လူတွေချည်းပဲ။ ဒါပေမဲ့ ကျွန်မတို့လည်း လူထဲက လူပဲ။ တချို့ဆို လွန်လွန်ကဲကဲကို စတာ။ ကိုယ်ထိလက်ရောက်လဲပါတယ်” လို့ လှည်းတန်းမှာနေထိုင်တဲ့ မိန်းမလျာ တစ်ဦးဖြစ်သူ ကိုဆွေက ပြောပါတယ်။


ကိုမိုးအောင်ကတော့ “အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုအသိုင်းအ၀ိုင်းနဲ့ မိသားစုတွေမှာ ပစ်ပယ်ခံ ထားရတယ်။ မိန်းမလျာလိုနေရင် ဆရာဆရာမတွေက စာပိုမေးချင်တယ်။ မိန်းကလေးတွေ ယောက်ျား လျာလိုနေရင် မိန်းမလိုဝတ်မှ အလုပ်ရမယ်ဆိုတာမျိုးတွေ ရှိတယ်” လို့ ဆိုပါတယ်။


ဘုရင်နဲ့ဘုရင်မများအဖွဲ့က ဇော်ဇော်ရဲ့အဖြစ်ကတော့ ကိုမိုးအောင်ပြောတာနဲ့ တစ်ထပ်တည်းကျလို့ နေပါတယ်။


“ငယ်ငယ်က ကျောင်းတက်ခဲ့ရတဲ့ ဘ၀တွေဟာ ကျွန်တော့်အတွက် ငရဲပါပဲ။ ကျောင်းမှာ ကျွန်တော်က မိန်းကလေးလို နွဲ့နေတော့ ကျောင်းသားအချင်းချင်း စကြတယ်။ ဆရာ၊ ဆရာမတွေ သွားတိုင်လည်း သူတို့က ဘာမှမပြောဘူး။ နောက်ဆုံး ကျွန်တော် ယောက်ျားလေးတွေနေတဲ့ ခုံတွေဘက်မှာလည်း မနေ ချင်၊ မိန်းကလေးတွေ ခုံဘက်မှာလည်း မထိုင်ချင်နဲ့ အလယ်မှာပဲ တစ်ယောက်တည်းနေချင်တော့တဲ့စိတ် ဖြစ်မိတယ်။ အရမ်းကို အထီးကျန်ပြီး အားငယ်ရတဲ့ ဘ၀ပါ” လို့ အသက် ၂၅ နှစ်အရွယ် ဇော်ဇော်ကပြော ပါတယ်။


ဒီလို မိန်းမလျာအဖြစ်နေခဲ့လို့ အိမ်မှု ကိစ္စတွေကိုလည်း မိန်းကလေးတစ်ယောက် ထက်ပိုပြီး ယောက်ျား လေးအလုပ်ပါ လုပ်ခဲ့ရတယ်။ “မိသားစုမှာ ကျွန်တော့်ညီဝမ်းကွဲလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်က အိမ် မှာပဲနေတတ်တော့ ရှိသမျှအလုပ် ကျွန်တော့်ကိုပဲ ခိုင်းတယ်။ နင်က အဲလိုနေတာကို အခိုင်းခံရမှာပေါ့လို့ ပြောပြီးတော့ ခိုင်းတယ်” လို့ ဇော်ဇော်က ပြောပါသေးတယ်။


ယောက်ျားတစ်ဦးက မိန်းမလျာအဖြစ် နေခဲ့ရလို့ အဲလို အခက်အခဲတွေအပြင် မိန်းမတစ်ဦးက ယောက်ျား လျာအဖြစ် နေခဲ့လို့လည်း ကြုံဆုံရတဲ့ အခက်အခဲတွေကို အသက် ၂၃ နှစ်အရွယ်ဆူးချိုးက ခုလို ပြောပါ တယ်။ “ကျောင်းတုန်းကဆိုရင် ဒု-ကျောင်းအုပ်က လူတွေအများကြီးရှေ့မှာ နင်က ယောက်ျားလား မိန်းမလားလို့ မေး တယ်။ ကျွန်တော် မိန်းကလေးလိုပဲ ကျောင်းယူနီဖောင်း ၀တ်ထားတာတောင် အဲဒီလို အမေးခံရတယ်”


ဒီလို နာကျည်းမှုကိုယ်စီနဲ့ သူတို့ဘ၀တွေကို နမူနာယူပြီး တခြားဘ၀တူတွေအတွက် လူ့အခွင့်ရေးဆို တာကို ပီပီပြင်ပြင် ရနိုင်အောင် ကိုယ်စွမ်း၊ ဉဏ်စွမ်းရှိသရွေ့ သူတို့အားလုံးက ကြိုးစားနေကြပါတယ်။ ကိုယ့်မိသားစု အသိုင်းအ၀ိုင်းကစပြီး ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ နောက် ကိုယ် နေထိုင်တဲ့မြို့၊ နိုင်ငံအတွင်း တစ်ဆင့်ပြီး တစ်ဆင့်တက်ရင်း လိင်တူဆက်ဆံသူတွေ အနေနဲ့ လူ့အခွင့်အရေးတွေရဖို့ ကြိုးစားနေတဲ့အထဲမှာ အခြေခံအကျဆုံး အချက်တစ်ချက်အနေနဲ့ ကိုယ့်မိသားစုအတွင်း ကိုယ်ကိုယ် တိုင်ကစလို့ ပတ်ဝန်းကျင်မှာ ၀င်ဆန့်အောင် နေထိုင်သင့်တယ်လို့ ကိုမိုးအောင်က အကြံပေးပါတယ်။


“မိသားစုအသိုင်းအ၀ိုင်းက လက်မခံတာတွေလည်း တချို့ကျ ကိုယ့်ဘက်က စဆင်ခြင်ဖို့လိုတယ်။ မိသားစုလက်ခံနိုင်တဲ့ အရည်အချင်းရှိရမယ်။၊ ဂုဏ်သိက္ခာ မညှိုး နွမ်းအောင် လုပ်ရမယ်။ ယောက်ျားက မိန်းမပုံနေပြီး မိဘကိုထောက်ပံ့ရင် ပတ်ဝန်းကျင်ကရော မိဘကပါ လက်ခံတယ်။ အဲဒီလိုမှ မဟုတ်ရင် ပတ်ဝန်းကျင်နဲ့ မတည့် ဟေးလားဝါးလားလုပ်နေရင် ဘယ်သူက လက်ခံမှာလဲ။ မကြီးစန်းက အကောင်း ဆုံး နမှုနာပဲ” လို့ သူက ဆိုပါတယ်။


သူတို့တွေကြုံတွေ့နေရတဲ့ အခက်အခဲထဲမှာ အခုထက်ထိ ပါနေသေးတာတော့ ပုံမှန်မဟုတ်တဲ့ လိင်တူ ဆက်ဆံခြင်းဆိုတဲ့ ၃၇၇ ပုဒ်မပါ။ ကွန်ဒုံးကို လက်ဝယ်တွေ့ ရှိသည်ဖြစ်စေ၊ မှောင်ရိပ်ခိုမှုနဲ့ ဖမ်းသည်ဖြစ် စေ၊ မိန်းမလျာတွေဖမ်းမိရင် ၃၇၇ ပုဒ်မပဲ တပ်ကြတတ်တယ်လို့ ကိုမိုးအောင်က ပြောပါသေးတယ်။


“ကျွန်တော်တို့ ကြိုးစားနေတယ်ဆိုတာ အဲဒီအခွင့်အရေးတွေ အတွက်ပါ။ ပြီးမှ နိုင်ငံခြားတွေကလို လိင် တူချင်း လက်ထပ် ထိမ်းမြားခွင့်ဆိုတာ နောက်ကလိုက်တာ။ ကျွန်တော့်တစ်ကိုယ်တည်း သဘောအရ ဆိုရင် လက်မထပ်ဘဲလည်း သစ္စာရှိရှိ ပေါင်းလို့ရသလို၊ လက်ထပ်ပြီးမှ ကွဲတာတွေလည်း တစ်ပုံကြီးပဲ လေ။ ဒါပေမဲ့ လူတွေက ယောက်ျားချင်း အတူနေတယ်ဆိုရင် ခွဲခြားချင်ကြတယ်။ လက်ခုပ်နှစ်ဖက်တီးလို့ ဖြောင်းဖြောင်းမည်တာ သူတို့တွေက (တခြားလူတွေ)က နားငြီးပါတယ်ဆိုတော့ ကျွန်တော်တို့က ဘာ လုပ်ရမလဲ” လို့ သူက ပြောပါသေးတယ်။


၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်းက ၀ါရှင်တန်ဒီစီအခြေစိုက် Pew Research Center က နိုင်ငံပေါင်း ၃၉ နိုင်ငံ မှာ “လူမှုအသိုင်းအ၀ိုင်းအနေနဲ့ လိင်တူချင်း ဆက်ဆံတာကို လက်ခံနိုင်ပါသလား” ဆိုတဲ့ မေးခွန်းကိုမေး ပြီး အစီရင်ခံစာတစ်စောင် ထုတ်ခဲ့ပါတယ်။ လူပေါင်း (၃၇၆၅၃) ယောက်က လက်ခံနိုင်တယ်၊


လက်မခံနိုင်ဘူး သို့မဟုတ် အဖြေမပေးချင်ဘူးဆိုတဲ့ အချက်တွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ လိင်တူချင်းဆက်ဆံတာကို လက်ခံနိုင်မှု အများဆုံး ၁၀ နိုင်ငံစာရင်းမှာ စပိန်က ၈၈ ရာခိုင်နူန်း လက်ခံပြီးတော့ ထိပ်ဆုံးမှာ နေရာယူနေပါတယ်။ နောက် ဂျာမနီ၊ ကနေဒါ၊ ချက်ရီပါ့ဘလစ်၊ သြစတြေးလျ၊ ပြင်သစ်၊ ဗြိတိန်၊ အာဂျင်တီးနား၊ အီတလီနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ ပါဝင်ပါတယ်။ အဲဒီလိုပါပဲ လိင်တူချင်း ဆက်ဆံတာကို လက်မခံနိုင်တဲ့ နိုင်ငံစာရင်းထဲမှာတော့ နိုင်ဂျီးရီးယားက ၉၈ ရာခိုင်နူန်း၊ နောက် ဂျော်ဒန်၊ ဆီနီဂေါ၊ ယူဂန်ဒါ၊ ဂါနာ၊ အီဂျစ်၊ တူနီးရှား၊ အင်ဒိုနီးရှား၊ ပါလက်စတိုင်း ၊ ကင်ညာနိုင်ငံ တို့ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ယောက်ျားချင်း လိင်တူဆက်ဆံတာကို အမျိုးသမီး လိင်တူချင်း ဆက်ဆံတာထက် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ပိုပြီး နှာခေါင်းရှုံ့တတ်ကြပါတယ်လို့ လိင်တူဆက်ဆံသူတွေက ဆိုပါတယ်။ သို့ပေမယ့် ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြသူတွေနဲ့ လူအမျိုးမျိုး စိတ်အထွေထွေထဲမှာ သဘာဝအရ ကိုယ့်စိတ်ထဲ ဖြစ်ပေါ်လာတဲ့ နှစ်သက်မြတ်နိုးခြင်းတွေကို ပုံမှန် မဟုတ်သလို ခွဲခြားဆက်ဆံခံရတာက လူ့ အခွင့်အရေးဆိုတဲ့ ဆုံးရှုံးမှုတစ်ရပ်ကို ဖြစ်ပေါ်နေစေတာတော့ အမှန်ပဲ ဖြစ်ပါတော့တယ်။

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ