မက်ဆီကြောင့် မိမိပိုထူးချွန်လာကြောင်း ရော်နယ်လ်ဒို ဝန်ခံ

လီယွန်နယ်လ်မက်ဆီ ရှိနေခြင်းက မိမိကို ပိုမိုကောင်းမွန် ပြည့်စုံသော ကစားသမားတစ်ဦး ဖြစ်လာစေရန် တွန်းအားပေးခဲ့ကြောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက အသိအမှတ်ပြု ပြောကြားလိုက်သည်။

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် (၄)နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)ကို ရရှိခဲ့သူ ဖြစ်သည်။ (၂၀၁၃)ခုနှစ် အတွက်မူ အဆိုပါဆုကို ပြိုင်ဘက် ရီးယဲလ်မက်ဒရစ် အသင်းမှ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက ဆွတ်ခူးနိုင်ခဲ့သည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ကမ္ဘာ့ဘောလုံးလောက၏ အတောက်ပဆုံး ကြယ်နှစ်ပွင့်အဖြစ် အားပြိုင်ခဲ့သည့်နောက် ရော်နယ်လ်ဒိုက မက်ဆီနှင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြိုင်ဆိုင်ရင်း ၎င်းအတွက် တက်လမ်းကောင်းများ ရရှိခဲ့ကြောင်း ဝန်ခံပြောဆိုသွားခဲ့သည်။

"အပြင်းအထန် ယှဉ်ပြိုင်နေရခြင်းက ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်ရင် မက်ဆီ တစ်ယောက်တည်းကို ယှဉ်ပြိုင်နေရတာတော့ မဟုတ်ဘူးလေ။ ပရီးမီးယားလိဂ်နဲ့ တခြားလိဂ်ပြိုင်ပွဲတွေမှာ တကယ့် ကမ္ဘာ့ထိပ်တန်း ကစားသမားတွေ ရှိနေတာကို ကျွန်တော်သိပါတယ်။ လူးဝစ်ဆွာရက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ နေမာ၊ ဂါရတ်သ်ဘေးလ်၊ ဒီယေဂို ကော်စတာနဲ့ ရာဒါမယ် ဖယ်လ်ကာအိုတို့လည်း ရှိသေးတယ်။ သူတို့ဟာ ပွဲတိုင်းပွဲတိုင်း ကစားနေရင်းနဲ့ ကိုယ့်အရည်အသွေးကိုယ် မြှင့်တင်လာနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ မက်ဆီနဲ့ ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်ဖို့ အချိန်တိုင်း မျှော်လင့်နေသူတွေပါ။ တစ်ယောက်ကိုတစ်ယောက် သာအောင် ကြိုးစားနေတာက နှစ်ယောက်စလုံးအတွက် အထောက်အကူ ဖြစ်စေပါတယ်"ဟု အသက်(၂၈)နှစ်ရှိ ရော်နယ်လ်ဒိုက ပြောဆိုသွားသည်။

မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်တို့တွင် Ballon d'Orဆုကို တစ်ကြိမ်စီ ရရှိဖူးသည့် ရှေ့တန်းလူက "ကျွန်တော့် အနေနဲ့ အများကြီး ပြင်းပြင်းထန်ထန် လေ့ကျင့် ကြိုးစားနေရမယ် ဆိုတာကို နားလည်ပါတယ်။ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် ပီသဖို့ အမြဲတမ်း အသင့်ရှိနေသူပါ။ ဒါဟာ ကျွန်တော့်ကိုယ်ပိုင် ထုံးတမ်း အစဉ်အလာပါပဲ။ ယူနိုက်တက်မှာ ကျွန်တော် ဂယ်ရီနဗီးလ်နဲ့ ရိုင်ယန်ဂစ်တို့လို ကစားသမားတွေဆီက အများကြီး သင်ယူနိုင်ခဲ့တယ်။ ရီးယဲလ်မှာတော့ ရောလ်ဂွန်ဇာလက်ဇ်၊ မိုက်ကယ် ဆယ်လ်ဂါဒိုတို့ဆီကနေ ပညာတွေ ရခဲ့ပါတယ်။ လက်ရွေးစင် အသင်းမှာ လူးဝစ်ဖီဂို၊ ဒေကို၊ ဖာနန်ဒိုကူတို၊ရီကော်စတာတို့ဆီက သင်ယူခဲ့တယ်။ တကယ်တော့ ပရော်ဖက်ရှင်နယ် ပီသမှုဟာ ကစားသမားတစ်ယောက် အောင်မြင်မှုရဖို့ (၇၀)ရာခိုင်နှုန်းလောက် အရေးပါနေတဲ့ အရာမျိုးပါပဲ"ဟု ရော်နယ်ဒိုက ပြောဆိုသွားခဲ့သည်။

Soccer Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ