ကလေးသရုပ်ဆောင် မှတ်တိုင် စိုက်ထူခဲ့ပြီး အနုပညာမလုပ်တော့သည့် အကယ်ဒမီ အောင်ထွန်းလေးနှင့် တွေ့ဆုံခြင်း – တင်ဇာအောင်

    အကယ်ဒမီဆုရပြီးမှ ဇာတ်ကားပေါင်း ၃၆ ကား ရိုက်ခဲ့ပါတယ် လူသိများတာ ကတော့ ရွှေပင်နားေ တာ့ ရွှေကျေး သူရဲကောင်းလေးများက ပိုသိများတာပေါ့ . . .

ယခုနှစ်တွင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၌ ကလေးသရုပ်ဆောင် အကယ်ဒမီ ဆုကို ချီးမြှင့်ခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ကလေးသရုပ်ဆောင် တစ်ဦးအဖြစ် နာမည်ကြီးခဲ့သူ၊ အ.ထ.က ၅ တာမွေ (ယော က်ျားလေးေ ကျာင်း)ထွက် အဖြစ် တာမွေသားများက ချစ်ခင် နှစ်သက်ကြသူ၊ ယခုအခါ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်လျက် အနုပညာ လုပ်ငန်းနှင့် ဆက်စပ်သော အတွေ့အကြုံများကို အချိန်ပေး ဖြေကြားပေးသော အကယ် ဒမီ အောင်ထွန်းလေး ကို မြန်မာသံတော် ဆင့် စာဖတ်ပရိသတ်များ သိရှိစေရန် ဇန်န၀ါရီ ၁ ရက်တွင် သူ၏ နေအိမ်သို့ သွားရောက် တွေ့ဆုံခဲ့ရာ -

အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားနာမည်လေး သိချင်ပါတယ်ရှင့်။

ဇာတ်ကားနာမည်ကတော့ အဖေတစ်ခု သားတစ်ခု ရုပ်ရှင်ဇာတ်ကားပေါ့။

ဘယ်နှခုနှစ်က အကယ်ဒမီရတာလဲ။

ရိုက်တာကတော့ ၇၆၊ ၇၇ မှာ ဆင်ဆာတင်တော့ ၇၇ အတွက် ၇၈ မှာ အကယ်ဒမီရတာပေါ့။

အကယ်ဒမီရတဲ့ကားက ပထမဦးဆုံး  ရိုက်တာလား။ ရှေ့မှာ ရိုက်ထားတဲ့ကား ရှိသေးလား။

ပထမဦးဆုံး ရိုက်တဲ့ကားမှာ ရတာ။ ရှေ့မှာ ရိုက်တဲ့ကား မရှိဘူး။ …

အဲဒီဇာတ်ကား ဘယ်လို ရိုက်ဖြစ်တာလဲ မသိဘူး။

အဲဒီတုန်းကတော့ ကလေးသရုပ်ဆောင် ရွေးပွဲရှိတယ်ဆိုပြီး ၀င်ရွေးရင်းနဲ့ ကလေးတွေက အများကြီးပဲ။ အဲဒီထဲကနေပြီးတော့ ဆန်ခါတင်တွေထဲကနေပြီး ရီဟာဇယ် ခေါ်ရိုက်ကြည့်တာပေါ့။

ကလေးသရုပ်ဆောင် အကယ်ဒမီဆုရတော့ ဘယ်လိုခံစားရလဲ။

အဲဒီတုန်းကလည်း ကလေးပီပီရတော့ ပျော်တာပေါ့။ အဲဒီတုန်းကလည်း ပေးရိုးပေးစဉ် မရှိတဲ့အခါကျတော့ ရမယ်၊ မရဘူးပေါ့လေ။ အခုချိန်မှာတောင် ကလေးသရုပ်ဆောင် အကယ်ဒမီဆုက အထူးသဘော ဖြစ်နေ တာပေါ့။

အဖေတစ်ခုသားတစ်ခု ဇာတ်ကားရိုက်တဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကို ပြောပြပေးပါရှင့်။

ဒါရိုက်တာ ဦးနန္ဒ၊ မင်းသားက စိန်မြင့်၊ မင်းသမီးက ဆွေဇင်ထိုက်။ ကျန်တဲ့ ဇာတ်ပို့တွေက ဦးမြင့်ဖေတို့ ပါကြတာပေါ့။

လက်ဦးဆရာက ဘယ်သူလဲမသိဘူး။

ဦးနန္ဒပါ။ သူကလက်ဦးဆရာပဲ။

အကယ်ဒမီရပြီးမှ ရိုက်ခဲ့တဲ့ ဇာတ်ကားပေါင်း ဘယ်လောက်ရှိမလဲ။

အကယ်ဒမီဆုရပြီးမှ ဇာတ်ကားပေါင်း ၃၆ကား ရိုက်ခဲ့ပါတယ်။ လူသိများတာကတော့ ရွှေပင်နားတော့ ရွှေကျေး၊ သူရဲကောင်းလေးများက ပိုသိများတာပေါ့။

ဘယ်လိုဖြစ်လို့ ရုပ်ရှင်မရိုက်ဖြစ်တော့တာလဲ။

အရွယ်ကလည်း ညှက်တာနဲ့ မိဘ အလုပ်(ကားဝပ်ရှော့)ကိုပဲ ၀င်လုပ်ဖြစ်တာနဲ့ မရိုက်ဖြစ်တော့တာ။

အနုပညာလုပ်ငန်းတွေကော ပြန်လုပ်ဖို့ရှိလား။

မရှိပါဘူး။

ရုပ်ရှင်ရိုက်တော့ကော အခက်အခဲရှိလား။

ဦးနန္ဒကပဲ သင်ပေးတာဆိုတော့ စာတွေ ကြိုကျက်ခိုင်းတယ်။ အိုက်တင်တွေ သင်ပေးတယ်။ အဓိကကတော့ ဒိုင်ယာလော့ခ် တွေကို ဦးစားပေး သင်ပေးတာပေါ့။ အမျိုးသားနေ့အတွက် ရွေးတာလို့ ပြောတာပဲ။

ရုပ်ရှင်ရိုက်တော့ကော အောင်ထွန်းလေးဆိုတဲ့ နာမည်နဲ့ပဲလား။

နဂိုက ကလေးသရုပ်ဆောင် အောင်ထွန်းပဲ။ လူကငယ်တော့ အောင်ထွန်းလေး ဖြစ်သွားတာပေါ့။ နာမည်အရင်းကလည်း အောင်ထွန်းပဲ။ အကယ်ဒမီ ဆုကြေညာတော့လည်း အောင်ထွန်းပဲ။ ၂ တန်း၊ ၃ တန်း အရွယ်ပဲ ရှိသေးတော့ အောင်ထွန်းလေးဆိုပြီး ခေါ်ကြတော့ လူပိုသိသွားတာပဲ။

ဘယ်လိုဖြစ်ပြီး ကလေးသရုပ်ဆောင် ရွေးပွဲမှာ ၀င်ပြိုင်ဖြစ်တာလဲ။

ကလေးဆိုတော့ ရုပ်ရှင်ကြည့်ပြီး အိုက်တင်လုပ်လုပ်ပြတော့ အမေက လျှောက်လိုက်တော့ ပါသွားတာပေါ့။ အဲဒီ တုန်းက ပေးတာကတော့ အစိုးရက အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ပေးတာပေါ့။ ၁၉၇၈ အပြည်ပြည် ဆိုင်ရာ ကလေးများနေ့ ၂၅ နှစ်မြောက် ကျတာပေါ့။ ကျွန်တော်က အကြိုပဲရတယ်။ ငြိမ်းငြိမ်းအေးကတော့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ဆိုတဲ့ သဘောနဲ့ သွားရတာ။ ဒီခေါင်းစဉ်နဲ့ ပေးလိုက်တာပေါ့။

အနုပညာ မျိုးရိုးရှိလား။

မျိုးရိုးတော့ မရှိပါဘူး။

ရုပ်ရှင်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကူညီဖို့ ကမ်းလှမ်းတာတွေ ရှိလား။

အဲဒါကလည်း ကလေးဖြစ်တာလည်းပါတော့ သိပ်ပြီး အကူအညီ မတောင်းဘူး။ ပြည်ထောင်စုပွဲတွေ လာခေါ်ရင် စာမေးပွဲ နီးတယ်ဆိုတော့ ပလပ်ပေးလိုက်တာပေါ့။

အခုအချိန်မှာ ကလေးသရုပ်ဆောင် အထူးဆုဆိုပြီး အကယ်ဒမီပေးကြတယ်။ အဲဒီအပေါ် ကလေး သရုပ်ဆောင် ဆုရခဲ့သူ အနေနဲ့ စကားလက်ဆောင်လေး ပြောပေးပါဦး။

ရတော့လည်း ကောင်းတာပေါ့။ အထူးဆုဖြစ်နေတော့ ပေးရိုးပေးစဉ်ထဲမှာ မပါသလို ကလေးသရုပ်ဆောင် တိုင်းလည်း ထူးထူးခြားခြားပါတဲ့ ဇာတ်ကားမှာပဲ ထင်ကြေးပေးခံရတာပေါ့။ ရ/မရတော့ လူကြီးတွေ ဆုံးဖြတ် တာပေါ့။

Myanmartandawsint Newspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ