ဆွာရက်ဇ်သည် ပရီးမီးယားလိဂ် တစ်ရာသီ ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု ရော့ဂျာထောက်ခံ

လူးဝစ်ဆွာရက်ဇ် အနေဖြင့် ပရီးမီးယားလိဂ်၏ တစ်ရာသီ သွင်းဂိုးစံချိန်ကို ကျော်ဖြတ် ရိုက်ချိုးပြနိုင်လိမ့်မည်ဟု လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ချီးကျူး ပြောကြားလိုက်သည်။

ဆွာရက်ဇ်သည် ကားဒစ်ဖ်စီးတီးကို (၃-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် (၂)ဂိုး သွင်းယူနိုင်ခဲ့သည့်နောက် ယခုရာသီ ၎င်း၏ ပရီးမီးယားလိဂ် (၁၅)ပွဲတွင် (၁၉)ဂိုးထိ ရရှိထားပြီး ဖြစ်သည်။ အန်ဒီကိုးလ်နှင့် အလန်ရှီးယားရားတို့သည် (၁၉၉၃-၉၄)နှင့် (၁၉၉၄-၉၅) ရာသီများက (၃၄)ဂိုးစီ အသီးသီး သွင်းယူခဲ့ဖူးသော်လည်း ထိုစဉ်က ပရီးမီးယားလိဂ်တွင် (၄၂)ပွဲထိ ကစားခွင့် ရခဲ့သည်။ (၃၈)ပွဲသာ ကစားရတော့သည့် ဘောလုံးရာသီများတွင်မူ (၁၉၉၅-၉၆)၌ ရှီးယားရား၊ (၂၀၀၇-၀၈)၌ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့က (၃၁)ဂိုးထိ အသီးသီး သွင်းယူနိုင်ခဲ့သည်။ ရော့ဂျာက ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ်အနေဖြင့် (၃၈)ပွဲသာ ကစားရချိန်တွင်ပင် (၃၄)ဂိုး စံချိန်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု ယူဆလျှက်ရှိသည်။

ဆွာရက်ဇ်သည် နှစ်သစ်ကူး မတိုင်မီ ဂိုး(၂၀)ပြည့် သွင်းယူနိုင်သည့် ပထမဆုံး ပရီးမီးယားလိဂ် ကစားသမားအဖြစ် မှတ်တမ်းဝင်ရန်လည်း အနီးစပ်ဆုံး ဖြစ်နေသည်။ ၎င်းသည် (၂၀၁၃)ခုနှစ်အတွင်း မန်ချက်စတာစီးတီး၊ ချယ်လ်ဆီးတို့နှင့် ကစားရာ၌ ဂိုးသွင်းရန် အခွင့်အလမ်း ရှိနေသေးသည်။ ရော့ဂျာက "လက်ရှိ ခြေစွမ်းမျိုးနဲ့ဆိုရင် ဆွာရက်ဇ်ဟာ ပွဲတိုင်းပွဲတိုင်း Hat-Trick ရနိုင်သလိုကို ကျွန်တော်တို့ ခံစားမိနေတယ် မဟုတ်လား။ တကယ်လည်း သူက လက်တွေ့ လုပ်ဆောင်နိုင်သူပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ဂိုးတွေသွင်းဖို့ အရည်အသွေး ပြည့်ဝနေလို့ပါပဲ။ သူလို ကစားသမားမျိုးကို ခင်ဗျားတို့ အနေနဲ့ ကမ္ဘာ့အဆင့်ဆိုတဲ့ သတ်မှတ်ချက်မှာ လွယ်လွယ်လေး ထည့်လိုက်လို့ ရပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ တိုင်းတာလို့ မရတဲ့ထိ မြင့်တက်လာပါပြီ"ဟု ဆိုသည်။

၎င်းက "ဆွာရက်ဇ်က ရင့်ကျက်လာပါပြီ။ အေးချမ်းတည်ငြိမ်သွားပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိလာပြီ။ ဒါကို ကွင်းထဲမှာရော၊ ကွင်းပြင်မှာပါ မြင်နိုင်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစံချိန်တွေကို ကျော်ဖြတ်ဖို့ အသင့်ရှိနေပါပြီ။ ဒီခြေစွမ်းအတိုင်း ရှေ့ဆက်နိုင်ရင် သူ့အနေနဲ့ မျှော်မှန်းချက်တိုင်းကို လက်တွေ့ အကောင်အထည် မဖော်နိုင်စရာ အကြောင်းမရှိပါဘူး။ ဆွာရက်ဇ်ဟာ ထက်မြက်ထူးချွန်လှတဲ့ ကစားသမား တစ်ယောက်ပါ။ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး အာရုံစိုက်နိုင်သူလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော့်အတွက် သူ့ဘဝ တစ်ခုလုံးကို နေ့စဉ်နေ့တိုင်း အရာအားလုံး မြှုပ်နှံပေးဆပ်နေသူပါ"ဟုလည်း ညွှန်းဆိုသွားခဲ့သည်။

Ref:dailymail
Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ