လူမင်းရင်ခုန်တဲ့ အကယ်ဒမီ (သန့်ဇင်ဦး)

လာမည့် ဒီဇင်ဘာလ ၂၉ ရက်တွင် ကျင်းပတော့မည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် မော်ကင်းဥဒါန်း ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အတွက် ထင်ကြေးပေး ခန့်မှန်းထားကြသော မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံ၍ ၎င်း၏ အကယ်ဒမီ ရင်ခုန်သံ၊ မော်ကင်းဥဒါန်း ဇာတ်ကား ရိုက်ကူးစဉ် ကြုံတွေ့ခဲ့ရသော အမှတ်တရများနှင့် အကယ်ဒမီပွဲတက် ဖက်ရှင်များ အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။

Voice : မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆုအတွက် ထင်ကြေးပေး ခန့်မှန်း ထားကြတဲ့အပေါ် ကိုလူမင်းရဲ့ အကယ်ဒမီ ရင်ခုန်သံလေး ပြောပြပေးပါဦး။

LM : အကယ်ဒမီအတွက် ရမယ်လို့ အသံထွက်တဲ့ နှစ်တွေကတော့ ကိုယ့်ဘဝမှာ ကြုံရတာ များခဲ့ပါပြီ။ ဒီနှစ်မှာလည်း မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အသံ ကျယ်ကျယ်လောင်လောင်တော့ ထွက်နေတာပဲ။ ကိုယ့်အနေနဲ့ကတော့ ဒီနှစ်မှာ အကယ်ဒမီ ပွဲကြီးကို ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ဘယ်လို ထူးထူးခြားခြား လုပ်ပြရမလဲ ဆိုတာကို ပိုပြီး စိတ်ပူနေမိပါတယ်။
ဒီနှစ်မှာ ဆုရခဲ့ရင်တော့ ကိုယ့်အတွက် အင်မတန် ထူးခြားတဲ့နှစ် ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ တစ်ပြည်လုံးမှာရှိတဲ့ ပရိသတ်တွေကို စကားပြောခွင့်ရမယ်။ တစ်ဆက်တည်း ဆုပါရမယ်ဆိုရင် ဒီနှစ်က ကိုယ့်အတွက် အမှတ်တရ နှစ်တစ်နှစ် ဖြစ်မှာပါ။

Voice : မော်ကင်းဥဒါန်း ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီး ရုံတင် ပြသပြီးတဲ့ အချိန်မှာ ပရိသတ်တွေဆီက ဘယ်လို တုံ့ပြန်မှုတွေ ရခဲ့လဲ။ ကြုံခဲ့ရတဲ့ အမှတ်တရတွေ ရှိရင် ပြောပြပေးပါဦး။

LM : ဒီကားကတော့ ကိုယ့်အတွက် အမှတ်တရတွေ အများကြီးပါပဲ။ တစ်ဖွဲ့သားလုံး ပင်ပန်း ဆင်းရဲခံပြီးတော့ ရိုက်ခဲ့ကြရတဲ့ကား၊ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ အားလုံး ကြုံတွေ့ခဲ့ရတဲ့ကား၊ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ကား တစ်ကားပါ။ ဒီလို ဝါရင့် သရုပ်ဆောင်ကြီးတွေ၊ သရုပ်ဆောင် အင်အားတွေနဲ့ အဲဒီလို နေရာမျိုးမှာ နောက်တစ်ခါ သွားရိုက်ဖို့ မဖြစ်နိုင်တော့တဲ့ ကားတစ်ကားပါ။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ပြန်သုံးသပ်ရင်လည်း အဲဒီ အချိန်တုန်းကတော့ အစ်ကိုတို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ လုပ်ခဲ့တာပဲ။ ဦးကျော်ဟိန်းတို့၊ ဦးညွန့်ဝင်းတို့လို ဝါရင့် သရုပ်ဆောင်ကြီး တွေနဲ့ အပြိုင် သရုပ်ဆောင်ရမယ်ဆိုတော့ ကိုယ့်ဘက်က လျော့လို့မရဘူး၊ အဆမတန် ကြိုးစားရမယ်ဆိုတာ အဲဒီကတည်းက သိတဲ့အတွက် ကိုယ်ကြိုးစားခဲ့တယ်။ ဇာတ်ကား ရုံတင်တဲ့အချိန်မှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အကယ်ဒမီ ရနိုင်တယ်လို့ ပြောလာကြတဲ့ အချိန်မှာလည်း ကိုယ်ကြိုးစား ခဲ့တာတွေအတွက် ပီတိဖြစ်မိတယ်။

Voice : ဒီဇာတ်ကားမှာ ကိုလူမင်း အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေကို ပြောပြပေးပါဦး။ တခြား ဘယ်သူတွေရော ဒီကားမှာ အကယ်ဒမီ ရနိုင်တယ်လို့ မြင်မိလဲ။

LM : ဒီဇာတ်ကားမှာ ဦးကျော်တို့၊ ဦးညွန့်ဝင်းတို့လည်း ကောင်းတယ်။ သူထူးစံလည်း ကာရိုက်တာ ပေါ်လွင်တာပါပဲ။ ကိုယ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေ ကတော့ ဦးကျော်နဲ့အပြိုင် သရုပ်ဆောင်ရတဲ့ အခန်းတွေရယ်၊ ကိုယ့် အဖေ ပင်လယ်ပြင်မှာ ဆုံးသွားလို့ ပေါက်ကွဲပြီးတော့ ပင်လယ်ပြင်ကြီးကို ဆီလောင်းပြီး မီးရှို့တဲ့ အခန်းတွေကို ကြိုက်ပါတယ်။

Voice : ဒီကားနဲ့သာ အကယ်ဒမီ ရခဲ့ရင် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် ဖြစ်လို့ဆိုတဲ့ ဝေဖန်မှုတွေ ရှိလာနိုင်တယ်လေ။ ဒီအတွက်ရော ကိုလူမင်းရဲ့ စိတ်ကို ဘယ်လိုပြင်ဆင်ထားလဲ။

LM : ဒီကားမှာ အကယ်ဒမီဆုရခဲ့ရင် ကိုယ်နဲ့ တကယ်ထိုက်တန်မှုရှိ မရှိဆိုတာ ကြည့်လိုက်ပေါ့။ ကိုယ်က အစကတည်းက ကိုယ့်စိတ်လေးကို နှစ်ပိုင်း ပိုင်းထားတယ်။ ဒီဥက္ကဋ္ဌ လုပ်တာက တစ်ပိုင်း သတ်သတ်၊ သရုပ်ဆောင်အလုပ်က တစ်ပိုင်း သတ်သတ်ထားထားတယ်။ နဂိုကတည်းကလည်း ကိုယ်က သရုပ်ဆောင် လုပ်လာတာလေ။ ဒီဥက္ကဋ္ဌ လုပ်လိုက်တဲ့အတွက် အဲဒီအရိပ် အာဝါသကြီးက ကိုယ့်ရဲ့ သရုပ်ဆောင် အလုပ်ကိုတော့ အလွှမ်းမိုး မခံဘူး။ ကိုယ့် အနုပညာအလုပ်ကို ဒီဥက္ကဋ္ဌ အရိပ်က လွှမ်းမိုးနိုင်စွမ်း မရှိဘူး။ ကိုယ်ကိုယ်တိုင်လည်း လွှမ်းမိုးမခံဘူး။ ဥက္ကဋ္ဌမို့လို့ အကယ်ဒမီ ရတာပါလို့ ပြောလာခဲ့သူတွေ ရှိရင်လည်း ဇာတ်ကားကို ကြည့်လိုက်ပေါ့။ ကိုယ့်သရုပ်ဆောင်မှုက ဒီဆုနဲ့ မထိုက်တန်ဘူး ဆိုရင် ကြိုက်သလို ဝေဖန်လို့ ရပါတယ်။ ကိုယ့်ကို တိုက်ခိုက်ချင်ရုံ သက်သက်နဲ့ ပြောတာမျိုး ဆိုရင်တော့ ဂရုမစိုက်ပါဘူး။

Voice : အကယ်ဒမီပွဲ အတွက် ကိုလူမင်းတို့ ဇနီးမောင်နှံရဲ့ ဝတ်စားဆင်ယင်မှု ပိုင်းကို ဘယ်လို စီစဉ်ထားလဲ ဆိုတာ ပြောပါဦး။

LM : အကယ်ဒမီပွဲ အတွက် အဝတ်အစား ကတော့ ကိုယ်မဝတ်ဖူးတဲ့ အရောင်ဖြစ်တဲ့ မရမ်းစေ့ရောင်လေး ဝတ်မယ်လို့ ရွေးထားတယ်။ ပိုးထည်ကတော့ မန္တလေး ဒေါ်စောရှင်၊ ဖိနပ်က ဆင်ကိုးကောင်၊ အဝတ်အစား ဒီဇိုင်းကတော့ Vivid ဖက်ရှင်က ချုပ်ပေးလိမ့်မယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ