မြန်မာပရိသတ်အတွက် ဘယ်လိုရလဒ်တွေ သယ်ဆောင်လာနိုင်မလဲ .. ဂုဏ်ရည်အေးကျော်ရေ

၂၉ ရက်နေ့က စင်ထရယ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ဂုဏ်ရည်အေးကျော် ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုတိတ်။

၂၀၁၃ ခုနှစ်အတွက် မစ္စမြန်မာအင်တာနေရှင်နယ်ဆုရှင်အဖြစ် ရွေးချယ်ခံ ထားရသူ
ဂုဏ်ရည်အေးကျော် ဟာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2013 အလှမယ်ရွေးပွဲမှာ
ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဒီဇင်ဘာလ ၂ ရက်နေ့ညနေပိုင်းမှာ အမိမြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့
ပါပြီ။

(၅၃) ကြိမ်မြောက်အဖြစ် လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် ကျင်းပ
ပြုလုပ်မယ့် အလှမယ်ပြိုင်ပွဲကြီးမှာ ၀င်နွှဲဖို့အတွက် ရှစ်လခန့်ပြင်ဆင်ချိန်ရခဲ့တာကြောင့် တက်သုတ်
ရိုက်သွားပြိုင်ခဲ့ရတဲ့ သူ့ရှေ့က မယ်တွေထက် အချိန်တော်တော်များများပိုရခဲ့သူဖြစ်ပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဂုဏ်ရည်အေးကျော် က လက်တလောမှာတော့ လွန်ခဲ့တဲ့နှစ်ပတ်ထဲက
ပရိသတ်တွေမဲပေးထားတဲ့ အွန်လိုင်းဆုနှစ်ဆုအတွက် ယုံကြည်မှုအပြည့်ရှိနေပြီး မြန်မာပရိသတ်
အတွက် ဂုဏ်ယူစရာ ဖြစ်လာအောင် အကောင်းဆုံးကြိုးစားလာမယ်လို့ ခရီးမသွားခင်မှာ ပြောခဲ့
ပါတယ်။

"အခုဆို ဂုဏ်ရည်က ပရိသတ်ပေးတဲ့ ဆုနှစ်ခုဖြစ်တဲ့ မစ္စအင်တာနက်နဲ့ People Choice မှာ
ထိပ်ဆုံးကပြေးနေတာပါ။ ကိုယ့်မြန်မာပရိသတ်တွေရဲ့ အားပေးမှုကိုယုံကြည်ပါတယ်။ အဲဒါ
အတွက်လည်း ဂုဏ်ရည် တခြားသောဆုတွေ အတွက် မြန်မာပရိသတ်အတွက် ဂုဏ်ယူစရာ
ဖြစ်အောင် အကောင်းဆုံးယှဉ်ပြိုင် လာမှာပါ"လို့ မစ္စမြန်မာအင်တာနေရှင်နယ် ကဆိုပါတယ်။

ခရီးမထွက်ခင်မှာ စိုးရိမ်စရာတစ်ခုကြုံတွေ့ခဲ့ရပြီး အဲဒါကတော့ ဂျပန်နိုင်ငံဆီ မသွားခင်မနက်ပိုင်း
အထိ ပြိုင်ပွဲမှာဝတ်မယ့်ဝတ်စုံတွေ လက်ထဲကို မရောက်သေးတာ ပဲလို့ ဒီဇင်ဘာလ ၂ ရက်နေ့၊
မနက်ပိုင်းမှာ မြန်မာတိုင်းမ်ကို ပြောခဲ့ပါတယ်။

"ဂုဏ်ရည်သွားပြိုင်ရမယ့် အချိန်က ဆီးဂိမ်းနဲ့လည်း တိုက်နေတော့ အကုန်လုံး အလုပ်ရှုပ်နေချိန်
ဖြစ်သွားတာပေါ့။ ညနေသွားရတော့မှာကို အခုမနက်ထိ လက်ထဲကို ၀တ်စုံတွေ မရောက်လာနိုင်
သေးဘူး"လို့ သူ့ကြုံရတဲ့အခက်အခဲတစ်ခုကို ပြောပြ ပါတယ်။

ဝတ်စုံအနေနဲ့ ကချင်ရိုးရာဝတ်စုံကို ပြိုင်ပွဲအတွက် ပြင်ဆင်ထားတာဖြစ်ပြီး အဲဒီအတွက် ရည်ရွယ်
ချက်လည်းရှိပါတယ်လို့ ဆိုပါတယ်။

"အလှမယ်ပြိုင်ပွဲတွေ သွားပြိုင်တိုင်း မြန်မာဝတ်စုံနဲ့ ပြိုင်ကြတာများတယ်ပေါ့။ အဲတော့ တမျိုး
လည်း ထူးခြားသွားအောင် ပြီးတော့ အခုလက်ရှိ နိုင်ငံတကာမှာ မြန်မာနိုင်ငံအကြောင်းဆို သူတို့
က မပြီးဆုံးတဲ့စစ်ပွဲတွေဆိုပြီး ရေးကြ၊ ပြောကြ နေတယ်။ ဂုဏ်ရည်က မြန်မာနိုင်ငံမှာ ဒါတွေကို
ပြီးဆုံးအောင် ကြိုးစားနေကြ ပါတယ်။ ငြိမ်းချမ်းတော့မှာပါဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ဝတ်
ဆင်ဖြစ်တယ်" လို့ သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။

ကြိုတင်ပြင်ဆင်မှုတွေထဲမှ အရေးကြီးဆုံးတစ်ချက်ဖြစ်တဲ့ အထွေထွေဗဟု သုတနဲ့ စာအုပ်တွေ
ဖတ်တဲ့အပေါ်မှာတော့ အားရတယ်လို့ဆိုပေမယ့် မူလက နည်း နည်းပြည့်နေတဲ့ ခန္ဓာကိုယ်ကို
အလေးချိန်လျော့လိုက်ရာက အလျော့လွန်သွားတယ် ဆိုပါတယ်။

"ဂုဏ်ရည်က နဂိုပြည့်တော့ ပြိုင်ပွဲအတွက် ကိုယ်အလေးချိန် လျော့ရင်း အလျော့လွန်သွားပြီး
အခုအရမ်းသေးသွားသလို ခံစားရတယ်။ အဲတစ်ချက်ပဲ နည်းနည်းစိတ်တိုင်းမကျဖြစ်နေတာ"လို့
သူ့ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ လည်း ပြောပြခဲ့ပါတယ်။ လက်ရှိမှာ ကိုယ်အလေးချိန်
ဘယ်နှစ်ပေါင်ရှိသလဲဆိုတာကိုတော့ ဂုဏ်ရည် အေးကျော်က မြန်မာတိုင်းမ်ကို မပြောပြခဲ့ပါဘူး။
ဒါပေမဲ့ "၀ိတ်ကျအောင်လုပ်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကျစ်အောင် လုပ်တာပါ"လို့တော့
ပြောပါတယ်။

ပြိုင်ပွဲမှာပါဝင်တဲ့ စွမ်းရည်ပြပွဲအတွက်ကိုတော့ "ဂုဏ်ရည် စောင်းတီး မှာပါ။ သီချင်းတစ်ပုဒ်ထဲမှာ
နှစ်ပုဒ်ပေါင်းပြီးတီးဖြစ်မှာပါ။ မြန်မာသီချင်းရယ်၊ ဂျပန်သီချင်းရယ်ကိုနှောပြီး အကောင်းဆုံးတီးပြ
သွားမှာပါ။ အဲအတွက်လည်း အကောင်းဆုံး ကြိုးစားထားပါတယ်"လို့ ဆိုပါတယ်။

မန္တလေးသူဖြစ်တဲ့ ဂုဏ်ရည်အေးကျော် ဟာ ဒီနှစ် ဖေဖော်ဝါရီလထဲမှာ ဟိုတယ်နှင့်ခရီးသွား
လုပ်ငန်းမှ ကျင်းပခဲ့တဲ့မစ္စမြန်မာအင်တာနေရှင်နယ်ပွဲကနေ မစ္စအဖြစ် ရွေးချယ်ခံရပြီး မြန်မာနိုင်ငံ
ကိုယ်စားပြုအနေနဲ့ ခုလိုမျိုးနိုင်ငံတကာ ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပါတယ်။

ဒီပွဲကြီးကို ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကိုယ်စားပြုကာ နန်းခင်ဇေယျာ မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ
ပရိသတ်တွေတခဲနက် အားပေးကြတာကြောင့် အွန်းလိုင်းဆုသုံးဆုရရှိခဲ့ပါတယ်။ နိုင်ငံတကာအလှ
မယ်ပွဲကြီးတစ်ခုဖြစ်တဲ့ မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲကို ၁၉၆၀ ပြည့်နှစ်မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်
ပြီး စတင်ကျင်းပတဲ့နှစ်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့ပေမယ့် ၁၉၇၂
ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဂျပန်နိုင်ငံမှာ ပြောင်းလဲကျင်းပခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ ၁၉၆၁ ခုနှစ်တွင် ပထမဆုံးအကြိမ်ပါဝင်နိုင်ခဲ့ ပေမယ့် နှစ်ပေါင်းအတော်
ကြာပြီးနောက် ၂၀၁၂ ခုနှစ်မှာ စတင်ကာ ပြန်လည် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပြီး အခုနှစ်အနေနဲ့
ကတော့ နှစ်ကြိမ်ဆက်တိုက်ပါဝင်မှာ ဖြစ်ပါတယ်။

ဂုဏ်ရည်အေးကျော် တစ်ယောက် ရှေ့နှစ်ကသွားခဲ့တဲ့ နန်းခင်ဇေယျာ ထက်ကိုကျော်လွန်ပြီး
ဆုကြီးတွေချိတ်လာနိုင်မလား၊ ဒါမှမဟုတ် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပြီးမှ လက်ဗလာနဲ့
အိမ်ပြန်လာခဲ့ရတဲ့ မယ်စကြာဝဠာ မိုးစက်ဝိုင် လိုပဲ အကြောင်းမလှလို့ လက်ဗလာနဲ့ပဲ ပြန်လာ
ရမလားဆိုတာတော့ မြန်မာပြည်က ပရိသတ်တွေက စိတ်ဝင်စားနေကြတယ်ဆိုတာကိုတော့
အထူးပြောဖို့မယ် လိုမယ် မထင်တော့ပါဘူး။

လွင်မာထွန်း

မြန်မာတိုင်း(မ်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ