ဆိုစီဒက်ကို သရေသာ ကစားနိုင်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက်

ယမန်နေ့ညက ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပင်နယ်တီအလွဲနှင့်အတူ ရီးယဲလ် ဆိုစီဒက်ကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း စပိန်လာလီဂါတွင် ပုံစံကောင်း ပြန်လည် ရရှိလာသည့် ဆိုစီဒက် အသင်းသည် အန်တိုနီယို ဂရိန့်ဇ်မန်း၊ အီမာနို အီဂရစ်ဇီ၊ ကားလို့စ်ဗီလာ၊ ဒေးဗစ်ဇူရူတူဇာ၊ မာကယ်လ် ဘာဂါရာ၊ ရူဘန်ပါဒို၊ အဲလ်ဘတ် ဒီလာဘယ်လာ၊ အနီဂို မာတီနက်ဇ်၊ မစ်ကယ်လ် ဂွန်ဇာလက်ဇ်၊ ကားလို့စ် မာတီနက်ဇ်တို့ ပွဲထွက်ခဲ့ကြသည်။ ယူနိုက်တက်တွင် ဟာဗီးယား ဟာနန်ဒက်ဇ်၊ ရှင်ဂျီကာဂါဝါ၊ ဝိန်းရွန်နီ၊ အန်တိုနီယို ဗလန်စီယာ၊ ရိုင်ယန်ဂစ်၊ မော်ရိုဖယ်လိုင်နီ၊ ပက်ထရစ်အီဗရာ၊ နီမန်ယာဗီဒစ်၊ ရီယိုဖာဒီနန်နှင့် ခရစ်စမောလင်းတို့ ပါဝင်ကစားသွားသည်။

ယခုပွဲတွင် အိမ်ရှင် ဆိုစီဒက် အနေဖြင့် ယူနိုက်တက်ကို အဝေးကန်ချက်များဖြင့်သာ အဓိက ခြိမ်းခြောက်ခဲ့ရပြီး ယူနိုက်တက်က ဧရိယာထဲတွင် အပိုင်ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း ဟာနန်ဒက်ဇ်၏ တုံ့ဆိုင်းမှုများကြောင့် လွဲချော်ခဲ့ရသည်။

ပထမပိုင်းတွင် ဖယ်လိုင်နီ အနိမ့်မျှောထိုးပေးသော ဘောလုံးကို ဟာနန်ဒက်ဇ် လွဲချော်သွားခဲ့ပြီး ဒုတိယပိုင်း ပြန်စပြီး (၅)မိနစ်၌လည်း အပိုင်အခွင့်အရေး တစ်ရပ်ကို ဖြုန်းတီးခဲ့ပြန်သည်။ ညာခြမ်းမှ ဗလန်စီယာ ခုတ်တင်ပေးသော ဘောလုံးကို ဧရိယာထဲတွင် ကာဂါဝါက တားယူကာ ပြိုင်ဘက်ခံစစ်သမား နှစ်ဦးကြားမှ သပ်သပ်ရပ်ရပ် ထိုးပေးလိုက်သော်လည်း ဂိုးသမားနှင့် တစ်ဦးချင်း အနီးကပ် ပိတ်သွင်းရသည့် ဟာနန်ဒက်ဇ်က ဘားတန်းကျော်ကန်ခဲ့သည်။

(၆၃)မိနစ်တွင် ဟာနန်ဒက်ဇ်အစား ရော်ဘင်ဗန်ပါစီ လူစားဝင်ကာ ယူနိုက်တက်တို့ တိုက်စစ်အရှိန် မြှင့်လာသည်။ (၆၉)မိနစ်တွင် လူစားဝင် ကစားသမား အက်ရှ်လေယန်းကို တားဆီးပုံ ကြမ်းသဖြင့် ဆိုစီဒက်တို့ ပင်နယ်တီ ပေးရသည်။ ယင်းပင်နယ်တီကို ဗန်ပါစီ ကန်သွင်းသော်လည်း တိုင်တည့်တည့်မှန်ကာ ပြန်ထွက်သွားသဖြင့် အင်္ဂလန်ချန်ပီယံတို့ ကံဆိုးခဲ့သည်။ မိနစ်(၉၀)တွင်မူ အဆင်အခြင်မဲ့ ကစားပုံကြောင့် ဖယ်လိုင်နီ ဒုတိယအဝါဖြင့် ထုတ်ပယ်ခံရပြီး ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ