ပရိသတ်ကို ဆုံးဖြတ်ခွင့် ပေးပါ ခင်ဗျာ...

Heart 'N' Soul ထုတ်လုပ်ရေးက စီစဉ်တဲ့ 'ကာလာစုံ Lesson' ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာ မီးပွားက စိုင်းစိုင်းခမ်းလှိုင်၊ဖွေးဖွေး၊ ခင်သဇင်၊မရီနာ၊ ဆန်းသစ်လတို့နဲ့ ရိုက်ကူး ခဲ့ပြီးနောက် ဒီဇာတ်ကားကို ရုပ်ရှင်ကားကြီးအဖြစ် ပြောင်းလဲခွင့်ပြု ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးကို တင်ပြခဲ့ပါတယ်။ဇာတ်ကားရိုက်ကူး မှုမပြီးဆုံးသေးတာလည်း ဖြစ်သလို၊ ဒီဇာတ်ကား အတွက် စိတ်ကြိုက် ထပ်မံရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။

ဒီလိုပြောင်းလဲခွင့်တင်ပြရာမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ခွင့်မပြုတာ နဲ့ပတ်သက်ပြီးပါဝင်သရုပ်ဆောင်ထားတဲ့စိုင်းစိုင်းခမ်းလှိုင်နဲ့ မေးကြည့်ဖြစ်ခဲ့ပါတယ်။

မေး- လတ်တလောမှာ ရုပ်ရှင် ကားကြီးအဖြစ် ပြောင်းလဲဖို့ ခွင့်မပြုတာနဲ့ ပတ်သက်ပြီး စိုင်းစိုင်းရဲ့ခံစားချက်ကကော..

ဖြေ- ကျွန်တ်ာတို့ အကောင်း ဆုံးကြိုးစားထားပါတယ်။ ရိုက် လို့တောင် မပြီးသေးတဲ့အတွက် quality မကောင်းဘူးလို့ ဘယ် သူမှမကြည့်ရသေး ဘဲနဲ့ ပြောလို့ မရဘူး။ ကျွန်တော်တို့ ဆက် ရိုက်ချင်ပါတယ်။ ပြီးရင် ကျွန် တော်တို့ကား ကောင်း၏၊ မ ကောင်း၏ကို ပရိသတ်ကိုပဲ ဆုံးဖြတ်ပေးစေချင်ပါတယ်။ ကားမကောင်းရင် ရုံထဲကို ပရိ သတ် တစ်ယောက်မှရောက်လာ မှာမဟုတ်ပါဘူး။ အနုပညာ အရရော၊ ငွေကြေး အရရော အများကြီး ဆုံးရှုံးနစ်နာမှာပါ။ ကိုယ့်ကား ညံ့လို့ ပရိသတ်မကြည့် ရင်ကိုယ် ခံပါ့မယ်။ ဖန်တီးရိုက်ကူးလို့ တောင် မပြီးသေးဘဲနဲ့ အဆင့် မမီဘူးလို့ မသတ်မှတ်စေချင်ပါ ဘူး။ ထုတ်လုပ်သူ မခင်စန္ဒာမြင့်၊ ဒါရိုက်တာ ဦးမီးပွားနဲ့ ကျွန်တော် တို့ ရိုက်ကူးတဲ့ 'ဧဒင်နတ်သမီး' ဇာတ်ကားဆိုရင် ပြီးခဲ့တဲ့ တစ် နှစ်အတွင်း ဂျူတီ ၆ဝကျော်ရိုက် ခဲ့ရပါတယ်။ရိုက်နေရင်းနဲ့ ခဏ ရပ်တယ်။ ဇာတ်ဝင်သီချင်း တွေရေးတယ်။

ဇာတ်ညွှန်းတွေ ပြန်ပြင်တယ်၊ ပြန်ရိုက်တယ်။ မကြိုက်မချင်း ရိုက်တာပါ။ Edit ပြီးရင် ထိုင်းနိုင်ငံမှာ Color Grading လုပ်မှာပါ။ စင်ကာပူမှာ Sound Design နဲ့ Sound mastering လုပ်ဖို့အပ်ထားပါတယ်။ အခု 'ကာလာစုံ Lesson' ကိုလည်း ဒီအတိုင်း ပဲလုပ်မှာပါ။ မကြိုက် ရင် ပြန်ရိုက်မယ်။ ဘယ်နှဂျူ တီနဲ့ အပြီးရိုက်မယ်ဆို တာမျိုး မရှိဘူး။ အဲဒီ အတွက် ကုန်ကျစရိတ် အများကြီး ရှိပါမယ်။ ကိုယ်တောင်မှ သတ္တိ ရှိရှိနဲ့ရိုက်ရဲ တာ၊ ပြရဲတာ၊ ဒီ ဇာတ်ကားရဲ့အကောင်း၊ အဆိုး အနုပညာ အရည်အသွေး ကို ဆုံးဖြတ် ပေးမယ့်သူဟာ ပရိသတ် ပဲဖြစ်စေချင်ပါတယ်။

မေး- ရုပ်ရှင်အစည်းအရုံး အနေ နဲ့ အားလုံးနဲ့တိုင်ပင် ဆွေးနွေးပြီး ဆုံးဖြတ် ချက်ချမယ်လို့ ပြောတဲ့ အတွက်ကိုယ်တိုင် ဖန်တီးထား တဲ့အပေါ် ဘာပြော ချင်ပါလဲ။

ဖြေ-ကျွန်တော်ကတော့ ရိုးရိုး သားသားပြောရရင် လွတ်လပ် စွာ အနုပညာ ဖန်တီးခွင့်၊လွတ် လပ်စွာ ဈေးကွက်ရှာဖွေ ပြိုင် ဆိုင်ခွင့်ရချင်ပါတယ်။ ပိတ်ဆို့ အရေးယူတာမျိုး၊ ရိုက်ကူးခွင့် မပြုတာမျိုး မလုပ်စေချင်ပါဘူး။ 'ဆုံးဖြတ်ချက်' ဆိုတာကို ချရမှာ က 'ပရိသတ်' ပဲ ဖြစ်စေချင် ပါတယ်။

မေး- ရုပ်ရှင်အစည်းအရုံးကနေ ဒီကိစ္စကို အရင်တုန်းကတည်းက မူတစ်ခု အနေနဲ့ကြောင့် ခွင့်မပြု တာလို့ ပြောတဲ့အပေါ် စိုင်းစိုင်းရဲ့ သဘောထား ကကော။

ဖြေ- အရင်တုန်းက မူအတိုင်းပဲ ဆိုတဲ့စကားက တော်တော် အံ့သြစ ရာကောင်းပါတယ်။ အရင်က VCD ဆိုတာ မရှိဘူး။ နောက် DVD ပေါ်လာတယ်။ နောက် Blue Ray ။ နောက် ဘာထပ်ပေါ်လာဦးမလဲ မသိ ဘူး။ အရင်တုန်းကမူအတိုင်းပဲ ဆိုတာကို ကျွန်တော် နား
မလည်ပါဘူး။ ကျွန်တော်တို့ ဈေး ကွက်အသစ်၊ အနုပညာ အသစ်၊ နည်းပညာအသစ်တွေ ရှာဖွေဖန်တီးရမှာ မဟုတ်ဘူး လားဗျာ။ ဒီလိုရှာဖွေဖန်တီး တီ ထွင်မှုတွေကိုကော ထောက်ခံ အား ပေး ရ မှာ မဟုတ်ဘူးလား ဗျာ။

မေး-ဒီလိုဖန်တီးထားတဲ့ဇာတ်ကား အပေါ်စိတ်ဝင်စားနေကြတဲ့ ပရိသတ် တွေအတွက် ဘာပြောချင်လဲ။

ဖြေ-အနုပညာဖန်တီးမှုဖြစ်တဲ့ အတွက် ကျိန်းသေပေါက် 'ပေါက်' မယ်၊ အောင်မြင်မယ်လို့ ပြောလို့မရပါဘူး။ ဝင်ငွေစံချိန် ချိုးချင်ချိုးမယ်။ ပရိသတ်စိတ် ပျက်တဲ့ကားဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ 'ကတိ' ပေးနိုင်တာက ကိုယ် စွမ်းနိုင်သလောက် အကောင်း ဆုံးဖြစ်အောင် ကြိုး စားမယ်လို့ 'ကတိ' ပေးနိုင်ပါတယ်။တစ်ချိန် တုန်းက 'အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်' ဆိုတဲ့ ကားကို 570 Camera နဲ့ ရိုက်ပြီး Film ပြန် ပြောင်းပြီး ပြသခဲ့ပါတယ်။ ဒါ ရိုက်တာရဲ့ အနုပညာအရည် အသွေးနဲ့တင်ပြပုံ ကောင်းမွန် ထက်မြက် တာကြောင့် ပရိသတ် နှစ်ခြိုက်စွာ အားပေးခြင်းခံရပါ တယ်။မြန်မာ့ရုပ်ရှင် ထူးချွန်ဆု တစ်နှစ်တာ အကောင်းဆုံး ဇာတ်ကားဆုရခဲ့ပါတယ်။အခု ဒီနှစ်တရုတ်ပြည်မှာ ကျင်းပ မယ့် ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် က ဒီဇာတ်ကား ကိုပဲ ရွေးချယ် ထားပါတယ်။ ဒီလိုအောင်မြင်မှု ရတာက ဗီဒီယိုအဖြစ်စတင်
ရိုက်ကူးခဲ့ပေမယ့် ဒါရိုက်တာက အကောင်းဆုံးတင်ပြနိုင်တဲ့အတွက် 'ရုပ်ရှင်' အဖြစ်ကြီးကျယ်စွာအောင် မြင်ခဲ့တာပါ။အခု ကာလာစုံ လက်ဆင်ဇာတ်ကားနဲ့ ဒါရိုက်တာ ဦးမီးပွားရဲ့ အနုပညာအရည် အသွေးကို ကျွန်တော် ရာနှုန်း ပြည့်ယုံကြည်ပါတယ်။ဒါကြောင့် ဆက်လက်ရိုက်ကူးခွင့်ရချင်ပါ တယ်။ အဖြေကိုတော့ 'ပရိသတ် ကြီးဆုံးဖြတ်ပေးပါလို့ ပြောချင် ပါတယ်' ကျေးဇူးတင်ပါတယ် ခင်ဗျာ။

မေမွန်မောင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ