အင်ဒိုနီးရှားကို အနိုင်ယူပြီး မြန်မာ အမျိုးသမီး အသင်း အာဆီယံ ချန်ပီယံရှစ် ဆီမီးဖိုင်နယ် တက်ရောက်

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂၀၁၃ အာဆီယံ ချန်ပီယံရှစ် AFF Women's AYA Bank Championship 2013 ပြိုင်ပွဲ တတိယနေ့ ပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသမီး အသင်းကို ၄ ဂိုးပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်သည်။

မြန်မာ အမျိုးသမီး အသင်းနှင့် အင်ဒိုနီးရှား အမျိုးသမီး အသင်းတို့ ပွဲစဉ်ကို စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၃း၃၀ နာရီက သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး မြန်မာ အသင်းက ပထမပိုင်းတွင် ၃ ဂိုးနှင့် ဒုတိယပိုင်းတွင် ၁ ဂိုး သွင်းယူခဲ့သည်။ မြန်မာ အမျိုးသမီး အသင်းနည်းပြ ကုမာဒါ အနေဖြင့် အရန် ကစားသမား အများစုကို ယနေ့ပွဲတွင် အသုံးပြု သွားခဲ့ပြီး ဂိုးအရေအတွက် ပိုမို ရရှိရန် ကြိုးပမ်း ခဲ့သော်လည်း အင်ဒိုနီးရှား အသင်း၏ မိနစ် ၉၀ အပြည့် ပိတ်ဆို့ ကစားမှုကြောင့် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။

မြန်မာ အသင်းအတွက် ပွဲချိန် ၁၆ မိနစ်တွင် ဗဟို နောက်ခံလူ ခင်သန်းဝေက ကွင်းလယ်မှ အပြင်းကန်သွင်း ခဲ့ပြီး အဖွင့်ဂိုး ရယူပေး ခဲ့သည်။ ယင်းနောက် ပွဲချိန် ၂၀ မိနစ်တွင် စန်းစန်းမော်က ညာတောင်ပံမှ ဆွဲဝင် ကန်သွင်းပြီး ဒုတိယဂိုး ရရှိစေခဲ့သည်။ ၂၂ မိနစ်တွင် တိုက်စစ်မှူး မာဂရက် မေရီ နှင့် ဒုတိယပိုင်း ၇၂ မိနစ်တွင် လူစားဝင် ကစားသမား ရီရီဦး တို့က ထပ်မံ ဂိုးသွင်း ယူပေးခဲ့သဖြင့် မြန်မာ အသင်း (၄-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

" ကစားသမား တွေက ဂိုးရလိုစိတ် များနေတယ်။ ဂျပန်က ၈ ဂိုးသွင်းထားတဲ့ အတွက် မြန်မာ အသင်းက ဒီထက် ပိုဂိုးသွင်း နိုင်ရမယ်ဆိုတဲ့ စိတ်က ကစားသမား တွေမှာ ဖိအားတစ်ခု ဖြစ်သွားပါ လိမ့်မယ်။ အရင် ပွဲတွေမှာ မကစားခဲ့ ရတဲ့ ကစားသမား တွေကို အခွင့်အရေး ပေးတဲ့ အနေနဲ့ ဒီနေ့ပွဲကို ပွဲထွက် ကစားခွင့် ပေးခဲ့ပါတယ်။ ဂျပန်နဲ့ ပွဲမှာတော့ ကစားသမား အစုံနဲ့ ရလဒ်ကောင်း ရရှိဖို့ ကြိုးစား သွားမှာပါ" ဟု မြန်မာ အသင်းနည်းပြ ကုမာဒါက ပြောကြားခဲ့သည်။

မြန်မာ အမျိုးသမီး အသင်းသည် အာဆီယံ ချန်ပီယံရှစ် အုပ်စု(ခ) ပွဲစဉ်များ ၃ ပွဲကစားပြီး ဖြစ်ရာ လာအို အသင်းအား (၅-၀)ဂိုး၊ ဖိလစ်ပိုင် အသင်းအား (၅-၁)ဂိုးနှင့် အင်ဒိုနီးရှား အသင်းကို (၄-၀)ဂိုး အနိုင်ရရှိ ခဲ့ပြီး ရမှတ် (၉)မှတ်ဖြင့် ဆီမီးဖိုင်နယ် သို့တက်ရောက် သွားခဲ့ပြီ ဖြစ်သည်။ အုပ်စု (ခ)တွင် မြန်မာ အသင်းသည် အဓိက ပြိုင်ဘက် ဖြစ်သည့် ဂျပန် အသင်းနှင့် အုပ်စု ပထမ နေရာအတွက် စက်တင်ဘာ ၁၈ ရက်နေ့၊ ညနေ(၄း၀၀)နာရီ အချိန်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

Myanmar Football Federation

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ