ဂျပန်နိုင်ငံမှ အင်တာနက်ဥပုသ်စောင့်စခန်းများ

ဂျပန်နိုင်ငံမှ အလယ်တန်းနှင့် အထက်တန်းအရွယ် ကျောင်းသူကျောင်းသား သန်းတစ်ဝက်ကျော်မှာ အင်တာနက်ကို ကြောက်မက်ဖွယ်ကောင်းအောင်
ပြင်းပြင်းထန်ထန် စွဲလမ်းနေကြရာ အာဏာပိုင်များက အင်တာနက်မှ မစွန့်ခွာနိုင်ဖြစ်နေသည့် အဆိုပါ ဆယ်ကျော်သက်များအတွက် အင်တာနက်ဥပုသ်စောင့်စခန်းများ သို့မဟုတ် အင်တာနက်ဖြတ်စခန်းများ ဖွင့်လှစ်ရန်ပင် စီစဉ်လာရသည်။ ထိုသို့သောစခန်းများမှာ ဂျပန် ပညာရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးနှင့် သုတေသန အစီအစဉ်အရ ကလေးသူငယ်များကြား အင်တာနက်စွဲလမ်းမှု လျှော့ချဖြေရှင်းမှုတစ်ခုဖြစ်ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော်မည်ဟုဆိုသည်။

ဂျပန်ပညာရေးဝန်ကြီးဌာနက အင်တာနက်ဥပုသ်စောင့်စခန်း အစီအစဉ်
အတွက် အစိုးရထံ ဘတ်ဂျတ်တောင်းခံထားပြီး ထိုအစီအစဉ်ဖြင့် ကွန်ပျူတာ၊ ဆဲလ်ဖုန်း၊ လက်ကိုင်ဂိမ်းစက်များနှင့် မခွာနိုင်အောင်ဖြစ်နေသည့် ကလေးများ၏ လူနေမှုပုံစံကို ပြုပြင်ပြောင်းလဲစေမည် ဖြစ်သည်။ ဂျပန်တွင် လူငယ်လူရွယ်များကြား အင်တာနက်နှင့် ဂိမ်းအသုံးအဆောင်များအပေါ် စွဲလမ်းမှုမှာ တစ်စထက်တစ်စ ပိုမို၍ ပြဿနာဖြစ်လာနေကြောင်း ပညာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အကီဖူမီ ဆီကိုင်းက Daily Telegraph သို့ ပြောကြားသည်။ လက်ရှိအချိန်တွင် ပညာရေးဝန်ကြီးဌာန၏ ခန့်မှန်းမှုအရ ထိုသို့သော စွဲလမ်းမှုပြဿနာမှာ ဂျပန်နိုင်ငံတစ်ဝန်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကလေး ၅၁၈,၀၀၀ တို့တွင် သက်ရောက်နေကြောင်း သိရပြီး ထိုအရေအတွက်မှာ ဆက်လက် မြင့်တက်လာနေသည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးဌာနက အင်တာနက်ဥပုသ်စောင့်စခန်းများကို ကျောင်းပြင်ပ သင်ကြားရေးဌာနများတွင် တည်ထောင်ပြီး ကလေးများကို့ အစစ်အမှန် လက်တွေ့ဘဝနှင့် ပိုမိုထိတွေ့နိုင်ရန် မျှော်လင့်ထားသည်။ ဆယ်ကျော်သက်များကို အင်တာနက်သုံးခြင်း၊ ဂိမ်းကစားခြင်းတို့ မပြုလုပ်နိုင်သည့် ပတ်ဝန်းကျင်၌ အဖွဲ့လိုက်လှုပ်ရှားမှုများနှင့် အားကစားပွဲများတွင် ပါဝင်စေမည်ဖြစ်သည်။ အင်တာနက်
ပုသ်စောင့်ခြင်းကြောင့် စိတ်ထိခိုက်မှု ခံစားရသော ကလေးများကို စိတ်ပညာရှင်များက အကူအညီပေးသွားမည် ဖြစ်သည်။ "သူတို့ကို အတုအယောင် ကမ္ဘာထဲကနေ ထွက်ခွာစေပြီး အခြားကလေးတွေ၊ လူငယ်တွေနဲ့ တစ်ကယ့်လက်တွေ့ကျကျ ဆက်ဆံမှုမျိုး ပြုလုပ်စေဖို့ အားပေးသွားမှာပါ"ဟု ပညာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။

သြဂုတ်လ အစောပိုင်းက နိုင်ငံတစ်ဝန်း ပထမဆုံးအကြိမ် ပြုလုပ်ပြီးစီးခဲ့သည့် အင်တာနက်စွဲလမ်းမှု သုတေသနစစ်တမ်း ထုတ်ပြန်မှုအရ ဂျပန်ဆယ်ကျော်သက်များ အင်တာနက်ကို မှီခိုအားထားမှု အလွန်အမင်းမြင့်တက်နေခြင်းကို သိရှိလာရခြင်းဖြစ်သည်။ နီဟွန်းတက္ကသိုလ်မှ ပါမောက္ခ တာကာရှီ အိုအိုင်ဒါ ဦးဆောင်သော သုတေသနအဖွဲ့က နိုင်ငံတစ်ဝန်းရှိ ကျောင်းသူကျောင်းသား ၁၄၀,၀၀၀ ထံသို့ ၂၀၁၂ ခုနှစ် အောက်တိုဘာမှ ၂၀၁၃ ခုနှစ် မတ်လအတွင်း အင်တာနက်အသုံးပြုမှုနှင့် ပတ်သက်၍ မေးခွန်းများ ပေးပို့မေးမြန်းခဲ့သည်။ ၎င်းတို့အနက် ကျောင်းသူကျောင်းသား ၉၈,၀၀၀ က ပြန်လည်ဖြေကြား
ခဲ့ကြသည်။

သုတေသနအဖွဲ့က ကျောင်းသူကျောင်သားများကို မေးခွန်း ၈ ခု မေးမြန်းခဲ့ခြင်းဖြစ်သည်။ မေးခွန်းများတွင် အင်တာနက်ကို နာရီအတန်ကြာ သုံးစွဲရမှသာ ကျေနပ်မှုရလေ့ ရှိ မရှိ၊ အင်တာနက်သုံးမိလျှင် မရပ်တန့်နိုင်အောင် ဖြစ် မဖြစ်နှင့် အင်တာနက်သုံးခြင်းကြောင့် မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေး အေးစက်ဝေးကွာလာခြင်း ရှိ မရှိ စသည့် မေးခွန်းများ ပါဝင်သည်။

သုတေသနမေးခွန်းများကို ပြန်လည် ဖြေကြားသူ ၇,၉၅၂ ဦးအနက် ၈.၁ ရာခိုင်နှုန်းမှာ အင်တာနက်ကို ရောဂါဝေဒနာတစ်ရပ် ခံစားနေရသကဲ့သို့ စွဲလမ်းနေပုံရကြောင်း သိရသည်။ ဖြေကြားသူ ၂၃.၂ ရာခိုင်နှုန်းမှာ အိပ်မပျော်နိုင်သည့် အခြေအနေများ ကြုံရကြောင်း၊ ၁၅.၆ ရာခိုင်နှုန်းမှာ ညဘက် အိပ်နေစဉ် မကြာခဏ ပြန်နိုးတတ်ကြောင်း ပြောကြားသည်။

ယခု သုတေသနအရ တနင်္လာမှ သောကြာအထိ အင်တာနက်ကို တစ်နေ့လျှင် ၅ နာရီအထက် သုံးစွဲသော ဂျပန် ကျောင်းသူကျောင်းသား
၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိရှိသည်။

အလယ်တန်းအဆင့် ကျောင်းသူကျောင်းသား ၁၅ ရာခိုင်နှုန်းမှာ စနေ၊ တနင်္ဂနွေနေ့များတွင် တစ်နေ့လျှင် ၅ နာရီအထက် အင်တာနက်သုံးစွဲမှုရှိပြီး အထက်တန်း ကျောင်းသူကျောင်းသားများတွင် ၂၁ ရာခိုင်နှုန်းဖြစ်ကြောင်း သုတေသနစစ်တမ်းက ဖော်ပြသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ