အမေရိကန် အပန်းဖြေဥယျာဉ်မှ ရေသူမပြခန်း


အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ အပန်းဖြေ ဥယျာဉ်ကြီး တစ်ခုတွင် ဧည့်သည်များကို ဆွဲဆောင်ရန်အတွက် ရေသူမများဖြင့် ဖန်တီး တင်ဆက်မှုမျိုးကို စီမံထားကြောင်း သိရှိရသည်။ Weeki Wachee Springsသည် ကမ္ဘာလှည့် ခရီးသည်များစွာ လာရောက်လေ့ရှိသည့် နေရာတစ်ခုဖြစ်ပြီး ယင်းတွင် ကြီးမားသော မှန်ကန်ကြီးနှင့် ရေနေသက်ရှိ အချို့ကို ထည့်သွင်း မွေးမြူကာ ရေသူမ Show များပါ ပြသခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို လာရောက် လည်ပတ်သည့် ဧည့်သည်များက နှစ်သက်စွာ အားပေးလေ့ရှိသည်။ လေ့ကျင့်ထားသော အမျိုးသမီး ရေငုပ်သမားများသည် အပေါ်ပိုင်းတွင် ဘီကနီ ဝတ်စုံလေး ဝတ်ထားပြီး အောက်ပိုင်းကို ငါးကိုယ်လုံးမျိုး ဖန်တီးထားသည့် ဝတ်စုံမျိုးဖြင့် ရေသူမအသွင် ကူးခတ် လှုပ်ရှားပြခြင်း ဖြစ်သည်။

ရေအောက်တွင် အတန်ငယ် ကြာမြင့်စွာ နေထိုင်ရန်မူ အောက်စီဂျင်ဘူးငယ်လေးများကို လက်တွင် ကိုင်ဆောင်ထားရသည်။ "ဒီမှာတော့ ဘယ်သူ့ကိုမှ ရှက်ရွံ့နေစရာ မလိုဘူး။ ကျွန်မတို့ အားလုံးက မိသားစုလိုပဲ"ဟု ရေသူမ တစ်ဦးက New York Times သတင်းစာသို့ ပြောကြားခဲ့သည်။ အချို့က မျက်နှာပေါ်တွင် ငါးကြေးခွံ ပုံစံမျိုး သရုပ်ဖော်ရန် အနက်ရောင် ငါးဖမ်းပိုက်လေးများကို ဝတ်ဆင်ကြသည်။

သရုပ်ပြပွဲအတွက် ဖန်တီးထားသည့် ရေကန်သည် အကျယ် ပေ(၁၀၀)ထိ ရှိကြောင်း သိရသည်။ Weeki Wacheeသည် (၁၁၇)ပေ အနက်ရှိသည့် သဘာဝ စိမ့်စမ်းပေါက် တစ်ခုတွင် စတင် ဖွင့်လှစ်ခဲ့သည့် ရေကူး အနားယူစခန်း ဖြစ်သည်။ Newton Perry ရေအောက် ပြဇာတ်ရုံဟု အမည်ပေးထားသော မှန်ကန်ကြီး အပြင်ဘက်မှ ရေသူမများ၏ လှုပ်ရှားမှုကို တစ်ဦးလျှင် (၁၃)ဒေါ်လာဖြင့် ဝင်ရောက် ကြည့်ရှုနိုင်သည်။ ယင်းပြပွဲကို တစ်နေ့(၄)ကြိမ် တင်ဆက်ကြောင်းလည်း သိရသည်။

နယူတန်ပယ်ရီသည် (၁၉၄၇)ခုနှစ်တွင် မိမိအမည်ကို ပေးထားသည့် အဆိုပါ ရေအောက် ပြဇာတ်ရုံငယ်ကို တည်ဆောက်ခဲ့သည်။ လူ(၁၈)ဦး ကြည့်ရှုနိုင်သည့် ပြခန်းလေးအတွက် လိုအပ်သော သရုပ်ပြမှုကို ဆောင်ရွက်ရန် ဒေသခံ မိန်းမချောလေး အချို့ကို ပယ်ရီက စည်းရုံးပြီး ရေအောက်တွင် လှုပ်ရှား ကူးခတ်နည်းများကို သင်ပြပေးခဲ့သည်။ ပယ်ရီ ကိုယ်တိုင်လည်း ရေငုပ်သမား တစ်ဦးဖြစ်သည်။

ကန်အောက်ခြေကို ပင်လယ်ကြမ်းပြင်သဏ္ဍန်မျိုး ဖန်တီးအလှဆင်ထားပြီး ၎င်း၏ စိတ်ကူးသည် ထိုအချိန်ကတည်းက အောင်မြင်မှု ရရှိခဲ့သည်။ ယခုအခါတွင်မူ ဇာတ်ရုံကို တိုးချဲ့လာသလို တစ်နေ့လျှင် (၉)ပွဲမျှထိ ပြသနိုင်အောင် စီစဉ်ထားသည်။ လာရောက် ကြည့်ရှုသူများသည် နောက်ခံ အဆင်အပြင်ကို မိမိတို့စိတ်ကြိုက် ရွေးချယ်ကာ ခွဲခြားထားသည့် ပြခန်းအသီးသီးတွင် ဝင်ရောက်ခံစားနိုင်သည်။

နောက်ပိုင်းတွင် ရေသူမများ၏ အရွယ်အစားသည် ပိန်ပိန်၊ ဝဝ မျိုးစုံ ပါဝင်လာခဲ့ကြောင်း သိရသည်။ (၁၉၇၅)ခုနှစ်က ရေသူမအဖြစ် လုပ်ဆောင်နေရာမှ အနားယူလိုက်သော ဘာဘရာဝင်းစ်က "ကျွန်မတို့က ရေထဲမှာ လှုပ်ရှားသွားလာနိုင်ကြတယ်။ ရေနဲ့ တစ်သားတည်းကျသူ တစ်ယောက် ဖြစ်လာရင် ရေဟာ ကိုယ့်အတွက် အိမ်ရာလို ဖြစ်သွားတာပါပဲ။ ကျွန်မတို့ဟာ တကယ်မဟုတ်တဲ့ စိတ်ကူးယဉ် ကမ္ဘာထဲမှာ နေထိုင်သူတွေ မဟုတ်ကြတော့ဘူး။ ကြည့်လေ။ နေရာတိုင်းမှာ ရေသူမတွေ ရှိနေတယ် မဟုတ်ဘူးလား"ဟု ပြောကြားသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ