အချိုဓာတ်ပါ အဆာပြေမုန့်၊ အချိုရည်များနှင့် အူမကြီးကင်ဆာ ဆက်နွယ်


အချိုဓာတ်ပါသော အဆာပြေ အသင့်စားမုန့်၊ အချိုရည်များသည် အူမကြီး ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်နွယ်မှုရှိနေကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။ အချိုမုန့်များအပြင် အချိုရည်များ၊ ကိတ်မုန့်၊ ဘီစကွတ်၊ မုန့်ကျွတ် အစရှိသည့် အစားအသောက်များကို အလွန်အကျွံ စားသုံးခြင်းသည် အူမကြီးကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို မြင့်တက်လာစေနိုင်ကြောင်း စကော့တလန်မှ သုတေသီများက သတိပေးခဲ့သည်။ စကော့တလန်တွင် အူမကြီးကင်ဆာ ဝေဒနာရှင်များ၏ အစားအသောက်၊ အနေအထိုင်နှင့် ကိုယ်လက်လှုပ်ရှားမှုများ၊ ဆေးလိပ်သောက်ခြင်း အစရှိသည့် ကိစ္စများကို မှတ်တမ်းပြုစု လေ့လာပြီးနောက် ယခုတွေ့ရှိချက်ကို ဖော်ထုတ်ခဲ့ခြင်းဟု သိရသည်။

သိပ္ပံပညာရှင်များက အူမကြီးနှင့် အူလမ်းကြောင်း ကင်ဆာတို့သည် မိသားစုတွင်း ရောဂါရှင်တစ်ဦးဦး ရှိနေသည့် မျိုးရိုးလိုက်မှု၊ နေထိုင်ပုံ နည်းလမ်း မှားယွင်းမှု၊ ဆေးလိပ်သောက်ခြင်းတို့နှင့် ဆက်နွယ်ကြောင်း ထပ်မံ အတည်ပြုခဲ့သော်လည်း တွေ့ရှိချက် အသစ်အနေဖြင့် စွမ်းအင်သိုလှောင်မှု၊ အချိုဓာတ် များပြားသည့် အစားအစာများသည်လည်း ရောဂါနှင့် ဆက်စပ်နေကြောင်း ခြေရာခံမိခဲ့ကြသည်။ ယခုတွေ့ရှိမှုသည် အဆီနှင့် အချိုဓာတ် များပြားသော အစားအသောက်များနှင့် အူမကြီးကင်ဆာ ဆက်စပ်မှုကို ပထမဆုံးအကြိမ် သက်သေပြနိုင်သည့် အပေါင်းလက္ခဏာဆန်သော ခြေလှမ်းတစ်ရပ်ဟု သုတေသီများက ဆိုသည်။

လူနာပေါင်း (၂၀၀၀)ကျော်ကို အဘာဒင်းနှင့် အီဒင်ဘာ့ဂ် တက္ကသိုလ်များမှ သုတေသီများက ပူးပေါင်း လေ့လာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျန်းမာသန်စွမ်းသူများ၏ နေ့စဉ် ပုံမှန် စားသောက်မှုနှင့် ၎င်းတို့၏ စားသောက်ပုံကို နှိုင်းယှဉ် လေ့လာခဲ့သည်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသားငါးများအပြင် ချော့ကလက်နှင့် အခြားသော အစားအသောက်များ၊ မြေပဲ၊ အသီးဖျော်ရည်အမျိုးမျိုးတို့ အပါအဝင် အစားအသောက် အမျိုးအစား (၁၇၀)တွင် ကင်ဆာနှင့် ဆက်စပ်နိုင်ခြေကို နှိုင်းယှဉ် အဖြေထုတ်ခဲ့ရာ ယခုကဲ့သို့ အချိုဓာတ်နှင့် အဆီဓာတ် များပြားသော အစားအသောက်များ လွန်ကျွံမှုက ထိခိုက်မှုထံ ဦးတည်နေသည်ကို တွေ့ရှိခဲ့သည်။

ယခင်သုတေသန ရလဒ်များသည် အစားအသောက်ကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို သက်ရောက်နိုင်ကြောင်း ခြုံငုံ သုံးသပ်ခွင့် ရစေသော်လည်း မည်သို့သော အစားအသောက်များနှင့် ဆက်နွယ်နိုင်သည် ဆိုခြင်းအပေါ် တိတိကျကျ အမျိုးအစား မခွဲနိုင်ခဲ့ချေ။ အီဒင်ဘာ့ဂ် တက္ကသိုလ်မှ ဒေါက်တာ အီဗရော့ပီ သီအိုဒိုရာတူက "ကျွန်တော်တို့ တွေ့ရှိမှုက စိတ်ဝင်စားစရာပါ။ လူနာ အရေအတွက် အတော်များများကို သုတေသနပြုခဲ့တဲ့ ရလဒ်လည်း ဖြစ်ပါတယ်။ အဆီ၊ သကြားဓာတ်နဲ့ ကိုလက်စထရော များပြားတဲ့ အစားအသောက်တွေက အူမကြီး ကင်ဆာနဲ့ ကျိုးကြောင်း ဆက်နွယ်မှု ရှိတယ်ဆိုတာ အရေးပါတဲ့ တွေ့ရှိချက် တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လူအများစုဟာ ဒီလို အစားအစာတွေကို လိုတာထက် ပိုပြီး စားသောက်နေကြတာမျိုး တွေ့ရပါတယ်"ဟု ပြောကြားသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ