မြန်မာ့မြေမှာ ခက်ခက်ခဲခဲ ဂိုးသွင်းခဲ့ရတဲ့ မန်ချက်စတာ တိုက်စစ်မှူးဟောင်း


ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟောင်းကြီးအနေနဲ့ မြန်မာ့မြေမှာ လာရောက်ကစားတဲ့ ခြေစမ်းပွဲမှာတော့ ဂိုးတစ်ဂိုး သွင်းယူနိုင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ အေးစက်နေတဲ့ ရာသီဥတုကြောင့် မန်ယူကစားသမားဟောင်းတွေ ပါဝင်မယ့် ရန်ပုံငွေခြေစမ်းပွဲမှာ ပရိသတ်နည်းမယ်လို့ ထင်ခဲ့ပေမယ့် မန်ယူပရိသတ်တွေကအထူးတန်းပြည့်အောင် နေရာယူထားပါတယ်။

မန်ယူ ကစားသမားဟောင်းများ ဖြစ်ကြသော အင်ဒီကိုးလ်၊ ကလေတန်ဘလက်မိုး၊ ဒင်းနစ်အာဝင်နှင့် လီရှပ်တို့ လေးဦးက တဖက်လျှင် အချိန်တဝက်စီ ပါဝင်ကစားပေးသည့် မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်း အသင်းနှင့် MNL နိုင်ငံခြားသား ဘောလုံးကစားသမား အသင်းတို့ ပရဟိတ လုပ်ငန်များအတွက် ရန်ပုံငွေအဖြစ် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ညနေက ယှဉ်ပြိုင်ကစားခဲ့ကြသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ရာသီဥတုကတော့ အားကစားသမားတွေ အကြိုက်ပါပဲ။ မြန်မာအသင်းဘက်မှာ အသင်းခေါင်းဆောင်အဖြစ် ဇော်လင်းထွန်း၊ မိုးဝင်း၊ ခင်မောင်လွင်၊ ရန်ပိုင်၊ ပိုင်စိုးတို့နဲ့ ပွဲထုတ်လာပြီး နေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်း ဘက်မှာတော့ မြန်မာနေရှယ်လိဂ် ရဲ့ နိုင်ငံခြားသား ကစားသမားတွေနဲ့အတူ မန်ယူကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ အာဝင်၊ ဘလက်မိုး၊ လီရှပ်၊အင်ဒီကိုးလ်တို့ပါဝင် အားဖြည့်ပေးထားပါတယ်။ ပွဲအစပိုင်းမှာ နှစ်သင်းစလုံးက တစ်သင်းကိုတစ်သင်း အကဲစမ်းပြီးနောက်မှာသာ အပေးအယူ လုပ်နေခဲ့ပေမယ့် ပွဲချိန် ၉ မိနစ်မှာ နေရှင်နယ်လိဂ်ညွှန့်ပေါင်းအသင်းက အဖွင့်ဂိုး စတင်ရရှိခဲ့တယ်။

ဒီဂိုးကိုတော့ တောင်ပံက ဆီဇာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ကမ်က အမှားအယွင်းမရှိ ပိတ်သွင်းယူခဲ့တာပါ။ ဦးဆောင်ဂိုးပေးလိုက်ရတဲ့ မြန်မာအသင်း တိုက်စစ်ပြန်ဆင်ခဲ့ပေမယ့် နေရှင်နယ်လိဂ်ညွန့်ပေါင်း အသင်း နောက်ခံလူတွေကို မကျော်နိုင်ခဲ့ပါဘူး။ ၃ဝ မိနစ်မှာ မန်ယူကစား သမားဟောင်း အင်ဒီကိုးလ် လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ဂိုးသမားသီဟစည်သူနဲ့ တစ်ဦးချင်းတွေ့ခဲ့ပေမယ့် သီဟစည်သူ လက်နဲ့ထိခဲ့လို့ ဒုတိယ ဦးဆောင်ဂိုးရဖို့ နစ်နာခဲ့ရပါတယ်။

မန်ယူကစားသမားဟောင်းတွေက အရွယ်ရနေပြီဖြစ်တာကြောင့် ပရိသတ်တွေထင်သလောက် မကစားနိုင်ကြပါဘူး။ ချစ်ကြည်ရေးခြေစမ်းပွဲဖြစ်တဲ့အတွက် ပထမပိုင်း ၃၅ မိနစ်သာ ကစားခဲ့ပြီး ပထမပိုင်းပြီးချိန်မှာတော့ နေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းက မြန်မာ့လက်ရွေးစင်စီနီယာအသင်းကို ၁-ဝ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာ မန်ယူကစားသမားဟောင်း အင်ဒီကိုးလ်၊ အာဝင်နဲ့ ဘလက်မိုးတို့က မြန်မာ့ လက်ရွေးစင် စီနီယာအသင်းမှာ တစ်လှည့် ပါဝင်ကစားခဲ့ကြပါတယ်။ ပွဲချိန် ၄၇ မိနစ်မှာ မြန်မာစီနီယာအသင်းအတွက် အင်ဒီကိုးလ် ထောင့်ဖြတ်ကန်တင်ပေးတာကို တိုက်စစ်မှူးစည်သူဝင်း အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးတိုင်ဘေး ကပ်ထွက်သွားခဲ့တယ်။

ဆက်တိုက်ဆိုသလိုပဲ အောင်ကျော်မိုး ဖြတ်တင်ပေးတဲ့ဘောလုံးကို မန်ယူကစားသမားဟောင်း ဘလက်မိုး အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲခဲ့ပြန်ပါတယ်။ မြန်မာစီနီယာ အသင်းက ချေပဂိုးရရှိဖို့ အသည်းအသန် ကြိုးစားခဲ့ပြီး နေရှင်နယ်လိဂ် ညွှန့်ပေါင်းအသင်းကလည်း တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ဂိုးရဖို့ ကြိုးစားလာခဲ့ ပါတယ်။ ၅၂ မိနစ်မှာ နေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်း ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကို တိုက်စစ်မှူး ဆာဆာက အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ညွန့်ပေါင်းအသင်းအနေနဲ့ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ၅၆ မိနစ်မှာ မြန်မာ စီနီယာအသင်းက လူစားဝင်လာတဲ့ စိုးမြတ်မင်း ပင်နယ်တီဧရိယာထဲမှာ နောက်ပြန်ကစ်နဲ့ အပိုင် ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းထိပြီး ထွက်ခဲ့တာပါ။

မြန်မာစီနီယာအသင်းက ဒုတိယပိုင်းမှာ ဂိုးရရှိဖို့ အခွင့်အရေးပိုမိုရရှိခဲ့ပေမယ့် ဂိုးကံခေတာရယ်၊ အဆုံးသတ်မသေချာ တာတို့ကြောင့် ချေပဂိုးနဲ့ အလှမ်းဝေးနေခဲ့ရပါတယ်။ ၅၈ မိနစ်မှာ ညွန့်ပေါင်းအသင်းက ကိုနေး ပင်နယ်တီ ဧရိယာ အစပ်ကနေ အပြင်း ကန်သွင်းတာကို ဂိုးသမားသီဟစည်သူ ထပ်မံပုတ်ထုတ်ခဲ့လို့ ညွန့်ပေါင်းအသင်း ဒီထက်ပိုပြီး ဂိုးပြတ်မရှုံးခဲ့တာပါ။ ဒုတိယပိုင်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို မန်ယူ ကစားသမားဟောင်း အင်ဒီကိုးလ်က နောက်ပြန်ကစ်နဲ့ လှလှပပသွင်းယူခဲ့ပြီး မြန်မာ့မြေမှာ သူ့ရဲ့ သွင်းဂိုး တစ်ဂိုးကို ချန်ရစ်ထားနိုင်ခဲ့ပါတယ်။ အင်ဒီကိုးလ် ချေပဂိုး သွင်းပြီးတဲ့နောက်မှာတော့ ဒုတိယပိုင်း ပွဲချိန်တွေလည်း ပြီးဆုံး သွားခဲ့ပြီး ပွဲအပြီးမှာတော့ မြန်မာအသင်း ပရိသတ်တွေက ချေပဂိုး သွင်းယူပေးခဲ့တဲ့ ''အင်ဒီကိုးလ်'' ရဲ့နာမည်ကို သံပြိုင်အော်ဟစ်ကာ ဂုဏ်ပြုခဲ့ပါတယ်။

သောကြာ
by Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ