နိုင်ငံရပ်ခြားတွင် ဂီတပညာသင်ခဲ့သူ

(သန့်ဇင်ဦး)

အနုပညာမျိုးရိုး မရှိခဲ့သော်လည်း အနုပညာ အလုပ်မျိုးစုံ လုပ်ကိုင်သော မွေးချင်း ညီအစ်ကို များတွင် တစ်ဦးအပါအဝင် ဖြစ်သူ၊ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု တက္ကသိုလ်တွင် ဂီတဖြင့် ဘွဲရရှိ ခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင်ပါ ဂီတအတွက် မဟာဘွဲ့ရအောင် ဆည်းပူးခဲ့သူ၊ ယင်းနောက် ‘ဇော်က ကနေသည်’ ရုပ်ရှင် ဇာတ်ကား၏ တေးဂီတ အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ကာ မဟာဂီတ အပါအဝင် ဂီတ ဖန်တီးမှုများ၊ အစီအစဉ်သစ်များ လုပ်ဆောင်နေသူမှာ ဓီရာမိုရ် ဖြစ်သည်။

အနုပညာမျိုးရိုး မရှိခဲ့ပါ

သူ့ကို မွေးဖွားခဲ့တာက ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ သူကြီးပြင်းခဲ့တာက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ။ ဖခင်ဖြစ်သူက တောမှာ နေရသည်ကို ပျော်မွေ့သူ တစ်ယောက်ဖြစ်ပြီး မိခင်ကတော့ သာမန် အိမ်ရှင်မ တစ်ယောက်သာ ဖြစ်သည်။ သူ့မှာ ညီအစ်ကို မောင်နှမ ခုနစ်ယောက်ရှိပြီး သူက အငယ်ဆုံးသား။

အနုပညာမျိုးရိုး မရှိခဲ့သည့် သူတို့မိသားစုထဲမှာ အနုပညာအလုပ်တွေကို စတင် လုပ်ဆောင်ခဲ့တာက သူ့ရဲ့အစ်ကိုအကြီးဆုံး အေမင်းဆက် ဖြစ်သည်။ ပန်းချီ ရေးဆွဲခြင်း၊ ကဗျာရေးခြင်း၊ သီချင်းရေးခြင်း၊ ဂစ်တာတီးခြင်း စတဲ့ အနုပညာ အလုပ်တွေကို ဝါသနာပါတဲ့ သူ့အစ်ကို အကြီးဆုံးကြောင့် ကျန်တဲ့ ညီအစ်ကိုတွေကိုပါ အနုပညာပိုး ပျံ့နှံ့သွားသည်ဟု သူကဆိုသည်။

သူ့အစ်ကို တစ်ဦးဖြစ်သူ ကိုဆန်းကတော့ ပန်းချီကို ဝါသနာပါတဲ့ အတွက် ရန်ကုန်မှာ ပန်းချီပန်းပု ကျောင်းသွားတက်ရင်း ရန်ကုန်မှာပဲ အခြေချ နေထိုင် ဖြစ်သွားသည်။ ရန်ကုန်မှာ တစ်ယောက်တည်း နေ နေရတဲ့ သူ့အစ်ကို ကိုဆန်းက အဖော်အဖြစ် သူ့ကို ရန်ကုန်လာနေဖို့ ခေါ်သည့်အတွက် သူသွားနေ ဖြစ်ခဲ့သည်။ တစ်နှစ်လောက် ကြာသောအခါ ရန်ကုန်တွင် မနေနိုင်တော့သည့် အတွက် သူပြန်လာခဲ့သည်။ “ရန်ကုန်မှာက ရှစ်ပေပတ်လည် အခန်းမှာ အစ်ကိုနဲ့ နှစ်ယောက်နေရတယ်။ သူကလည်း ဝင်ငွေ သိပ်မရှိတော့ ထမင်းက အမြဲငတ်လာတော့ မနေနိုင်တော့လို့ အိမ်ပြန်ခဲ့တာ။ မိဘတွေကလည်း အငယ်ဆုံးသား ဖြစ်တဲ့အတွက် ရန်ကုန်မှာ နေတာကို သဘောမကျကြဘူး” ဟု ရန်ကုန်တွင် နေထိုင်စဉ် ကြုံတွေ့ခဲ့ရသော အခက်အခဲကို သူက ပြန်ပြောင်း ပြောပြသည်။

စာညံ့တဲ့အထဲ ပါခဲ့တယ်

ပညာရေးနှင့် ပတ်သက်၍ မူလတန်းမှသည် အဋ္ဌမတန်းအထိ စာညံ့သော ကျောင်းသားများတွင် သူလည်း အပါအဝင် ဖြစ်သည်။ အဋ္ဌမတန်း အောင်သောအခါ သူကျောင်းပြောင်း ရသည်။ ထိုကျောင်းတွင် သူနေရသော အခန်းမှ ကျောင်းသားများမှာ စာတော်သည့် သူများဖြစ်သည်။ ဆရာမေးသမျှကို ဖြေဆိုနိုင်ကြပြီး သူ့အလှည့် ရောက်၍ မေးသောအခါ ပြန်လည် မဖြေနိုင် သည့်အတွက် အတန်းသားများ အပေါ် ရှက်စိတ်ဝင်လာသည်။ ထိုအချိန်မှစ၍ စာကို ဖိဖိစီးစီး လုပ်သည့်အတွက် သူ၏ပညာရေးမှာ ပြန်လည် ကောင်းမွန်လာခဲ့ပြီး ၉ တန်း နှင့် ၁၀ တန်းကို အလွယ်တကူ ဖြတ်ကျော် နိုင်လာခဲ့သည်။

ဆယ်တန်းအောင်သောအခါ ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်တွင် တက်ခွင့်ရအောင် သူကြိုးစားသည်။ ရန်ကုန်မှာ ပြန်နေချင်သည့် အတွက်ရော ဂီတကို ဝါသနာပါသည့် အတွက်ပါ ယဉ်ကျေးမှု တက္ကသိုလ်ကို ရွေးချယ်ရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

“ငယ်ငယ်ကတည်းက ဂီတကို စိတ်ဝင်စားတယ်။ အိမ်မှာ ဧည့်သည် လာပြီဆို ကိုယ်ကအမြဲသီချင်း ဆိုပြရတယ်။ ကိုယ့်အစ်ကို ကိုကြည် (စာရေးဆရာ အကြည်တော်) ကလည်း ကိုယ့်အတွက် သီချင်းတွေ ရေးပေးတယ်။ သူလုပ်တဲ့ ရပ်ကွက်ရှိုးတွေမှာ ကလေးဘဝ ကတည်းက သီချင်းဆိုခဲ့ရတယ်” ဟု ငယ်စဉ်ကတည်းက ဂီတ ဝါသနာပါခဲ့သည့် အကြောင်း သူက ရှင်းပြသည်။
ယဉ်ကျေးမှု တက္ကသိုလ်မှ B.A (Music) ဘွဲ့ကို သူရရှိခဲ့သည်။ ဘွဲ့ရပြီးချိန်တွင် ပညာရေးနှင့် ပတ်သက်၍ ဆက်လက် လေ့လာဆည်းပူး ချင်စိတ်များ သူ့တွင် ပြင်းပြခဲ့သည်ဟု သူကဆိုသည်။ ထိုစဉ်က ယဉ်ကျေးမှု တက္ကသိုလ်မှနေ၍ (M.A) ဘွဲ့ မပေးသည့်အတွက် တစ်ဖက်က နိုင်ငံရပ်ခြား တက္ကသိုလ် တစ်ခုခုတွင် ပညာသင်ကြားခွင့် ရမည့် လမ်းစကို သူရှာဖွေနေရင်း ယဉ်ကျေးမှု တက္ကသိုလ်တွင် အလုပ်ဝင်ခဲ့သည်။

ဂီတနှင့် ဂျပန်တက္ကသိုလ်

အဲဒီကနေမှ သူဝါသနာပါရာ ဂီတကို နိုင်ငံရပ်ခြားတွင် ဆည်းပူးသော အချိန်ကာလကို အမှန်တကယ် ရောက်ရှိသွားခဲ့သည်။

နိုင်ငံခြားတွင် ပညာဆက်လက် ဆည်းပူးခွင့် ရမည့် လမ်းစတစ်ခု ပေါ်လာသောအခါ ဝင်ခွင့် စာမေးပွဲဖြေပြီး ကျောင်းတက်ခွင့်ရအောင် သူကြိုးစားခဲ့ရာ ဂျပန်နိုင်ငံတွင်သာမက အာရှတိုက် တစ်ခုလုံးတွင်ပါ အစဉ်အလာ ကြီးမားပြီး နာမည်ကျော်သော Tokyo University of Fine Arts and Music တွင် ပညာသင် ထောက်ပံ့ကြေးဖြင့် သူကျောင်းတက်ခွင့် ရခဲ့သည်။

ဂျပန်နိုင်ငံရှိ အနုပညာ တက္ကသိုလ်တွင် သင်ကြားမှုပုံစံမှာ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ကွဲပြားကြောင်း သူကဆိုသည်။ သင်ကြားမှု ပုံစံ မတူသည့် အတွက် အစပိုင်းတွင် သူအခက်အခဲများ ကြုံခဲ့ရသည်။ ဂျပန်နိုင်ငံရှိ အနုပညာ သင်တန်းကျောင်း၏ သင်ကြားမှု ပုံစံမှာ ကျောင်းသား၏ လိုအပ်ချက်ကို အဓိက ဦးစားပေးပြီး မြန်မာနိုင်ငံမှာကဲ့သို့ သင်ရိုးတစ်ခုကို ချပြီး အလွတ်ရအောင် ကျက်ဖြေရသော ပုံစံမျိုး မဟုတ်ပေ။

“သူတို့က ကျောင်းသားတစ်ယောက် ဘာသင်ချင်တယ် ဆိုတာကို အဓိကမေးပြီး အဲဒီဘာသာရပ် ကို မတတ်တတ်အောင် သင်ကြားပေးတယ်။ ကိုယ်သင်ချင်တဲ့ ဘာသာ သင်ရတဲ့အတွက် ကိုယ်ကလည်း စိတ်ဝင်စားတယ်။ ကျောင်းက ပါမောက္ခတွေက ဘေးကနေ ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာကို အကြံဉာဏ်တွေ ပေးတယ်။ ကိုယ်တိုင်ကလည်း စာအုပ်တွေ ဖတ်ရတယ်။ လေ့လာရတယ်” ဟု ဂျပန်နိုင်ငံတွင် ကြုံတွေ့ခဲ့ရသော သင်ကြားမှု ပုံစံကို ပြောပြသည်။ ဂျပန် တက္ကသိုလ်မှနေ၍ ဂီတနှင့် ပတ်သက်သော (M.A) (Music) ဘွဲ့ကို သူ ရရှိခဲ့သည်။

ရိုးရာဂီတကို တန်ဖိုးထားကြတယ်

ဂျပန်နိုင်ငံတွင် ပညာတော်သင် အဖြစ် ရှိနေစဉ်မှာပင် မြန်မာပြည် ပြန်ရောက်ပါက ဂီတနှင့် ပတ်သက် သော ကိုယ်ပိုင် ဖန်တီးမှုများ လုပ်ရန် စိတ်ကူးထားခဲ့သည်။ ဂျပန်နိုင်ငံတွင် နှစ်ကာလ ကြာရှည်စွာ ပညာသင်ခဲ့သည့် အချိန်အတွင်း ရိုးရာဂီတ၏ အရေးပါမှုကို သိခဲ့ရသည်ဟု သူကဆိုသည်။

ဂျပန်နိုင်ငံတွင် ပညာသင်ကြားပြီး မြန်မာနိုင်ငံသို့ ပြန်ရောက် လာသောအခါ ယဉ်ကျေးမှု တက္ကသိုလ်တွင် အလုပ်ပြန်ဝင် ဖြစ်သလို သူ့ကိုယ်ပိုင် တေးစီးရီး အပါအဝင် သူ့စိတ်ကြိုက် တေးစီးရီး တို့အတွက် Music Director အဖြစ် သူ ဆောင်ရွက်ပေးခဲ့ကာ ရုပ်ရှင်ဇာတ်ကားများ၏ နောက်ခံ တေးဂီတကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ ထိုခွေများတွင် မြန်မာ့ ရိုးရာဂီတကို အလျဉ်းသင့်သလို ထည့်သွင်း ပေးခဲ့သည်။

ဂီတပညာရှင် တစ်ယောက်အဖြစ် သူအောင်မြင်မှု ရရှိခဲ့သည်။ သူ၏ အစ်ကိုဖြစ်သူ စာရေးဆရာ အကြည်တော်၏ ‘ဇော်ကကနေသည်’ ဝတ္ထုကို ဒါရိုက်တာမီးပွား ရိုက်ကူးပြီး သရုပ်ဆောင် နေတိုးနှင့် နန္ဒာလှိုင်တို့ပါဝင် သရုပ်ဆောင်ထားသည့် ရုပ်ရှင်ကား၏ နောက်ခံ တေးဂီတ တီးခတ်ပေးမှုအတွက် အကယ်ဒမီ ထူးချွန်ဆု ရရှိခဲ့သည်။

ထို့ပြင် Hip Hop ဂီတသမားများ၏ တောင်းဆိုမှုကြောင့် Hip Hop ဂီတကို Oechestra နှင့် တွဲဖက်ပြီး ဖျော်ဖြေရသော ရှိုးပွဲ တစ်ခုကိုလည်း သူအောင်မြင်စွာ တင်ဆက်ပေးခဲ့သည်။

သူ့ဘဝ၏ ဂီတမှတ်တိုင် တစ်ခုဖြစ်သော ‘လမင်းဖမ်းပွဲ’ အမည်ရှိ တစ်ကိုယ်တော် တေးစီးရီး တစ်ခွေကိုလည်း အစ်ကို၊ အစ်မများ၏ တိုက်တွန်းမှုကြောင့် သူ ထုတ်ဖြစ်ခဲ့သည်။ တေးစီးရီးခွေ ထုတ်ရခြင်းမှာ နာမည်ကြီး ချင်သောကြောင့် မဟုတ်ဘဲ သူများမတွေးသည့် ရှုထောင့်မှ ရေးဖွဲ့ထားသော သီချင်းများကို ဒီအတိုင်း ထားရမှာ နှမြောသည့် အတွက် တေးစီးရီးခွေ ထုတ်ကာ ပရိသတ်ကို ချပြခဲ့ခြင်း ဖြစ်ကြောင်း သူကဆိုသည်။

မြန်မာ့ဂီတ စစ်စစ်ကို ထိန်းသိမ်းချင်တယ်

မြန်မာ့ ရိုးရာဂီတကို ထိန်းသိမ်းလိုသည့် အတွက် မြန်မာမှုဂီတ စစ်စစ်ဖြစ်သော မဟာဂီတ သီချင်းခွေ ၁၀ ခွေ ကို ထုတ်လုပ် ဖြန့်ချိရန် ပြင်ဆင်လျက် ရှိသည်။ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ ရောက်ရှိလာသောအခါ မြန်မာသံ သီချင်းများ နားထောင်ချင်ကြောင်း တောင်းဆိုရာတွင် ညွှန်ပြစရာခွေများ ရှားပါးသလို လက်တစ်ကမ်းရှိ ခွေများမှာလည်း မြန်မာသံ အငွေ့အသက် အနည်းငယ် ထည့်သွင်းထားသည့် ဒရမ်၊ ဂစ်တာများဖြင့် တီးခတ်ထားသော တေးစီးရီး များသာရှိသည်။ မြန်မာသံစစ်စစ် တေးစီးရီး အချို့မှာလည်း ရှေးကတည်းက အသံသွင်းယူ ထားသည့် အတွက် အသံ အရည်အသွေး သိပ်မကောင်းတော့ပေ။ ထို့အတွက် အဆင့်အတန်း မြင့်သော မြန်မာ့ ဂီတစစ် တေးစီးရီးများကို ထုတ်လုပ်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သူကဆိုသည်။

“ဒီခွေတွေမှာက မဟာဂီတ သီချင်းတွေ အဓိကပါမယ်။ လူတွေက မဟာဂီတမှာ ဘုန်းတော်ဘွဲ့ လောက်ပဲ ရှိတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အချစ်သီချင်းတွေလည်း ရှိတယ်။ ဒီတေးစီးရီးမှာက အချစ်သီချင်းတွေ၊ ဘုရားပူဇော် ကန်တော့တဲ့ သီချင်းတွေ၊ စောင်း၊ ပတ္တလားစတဲ့ တူရိယာတွေနဲ့ တီးလုံးချည်းသက်သက် တီးထားတဲ့ ခွေတွေပါတယ်။ မဟာဂီတမှာကလည်း မူကွဲ အမျိုးမျိုး ရှိတဲ့အတွက် ကိုယ့်ခွေတွေမှာတော့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ Standard မူကို ရွေးချယ် သုံးထားတယ်” ဟု သူ စီစဉ်နေသော မြန်မာသံ တေးစီးရီး ၁၀ ခွေ အကြောင်း သူက ရှင်းပြသည်။

သူ၏ တေးစီးရီးများအတွက် အသံ သွင်းယူမှု အပိုင်းကို ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သည့် Air Plane Label မှ ကူညီပေးသွားမည် ဖြစ်ကြောင်း သူကဆိုသည်။ ယင်း တေးစီးရီးများကို မြန်မာ့ ဂီတစစ်စစ်ကို နားဆင်လိုသူများ၊ လေ့လာ သုတေသန ပြုသူများ နားဆင်နိုင်ရန် ရည်ရွယ် ထုတ်ဝေရခြင်း ဖြစ်ကြောင်း သူက ပြောပြသည်။ အဆိုပါ တေးစီးရီးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်း အားကစားပြိုင်ပွဲသို့ လာရောက်သော နိုင်ငံခြားသားများ နားဆင်နိုင်ရန် အတွက် ဆီးဂိမ်းအမီ ထုတ်လုပ် ဖြန့်ချိ ပေးသွားမည်ဟု ဆိုသည်။

မြန်မာ့ဂီတကို လူငယ်တွေ တန်ဖိုးထားစေချင်တယ်

မြန်မာနိုင်ငံတွင် Music Education နှင့် ပတ်သက်ပြီး သင်ကြားပေးမှု နည်းပါးသည့် အတွက် ဂီတ အမျိုးအစား တစ်ခုချင်းစီကို ခြေခြေ မြစ်မြစ် နားလည်သူ မရှိကြ၍ မြန်မာ့ ဂီတစစ်စစ်ကို လူငယ်များ တန်ဖိုးထား တတ်စေရန်၊ သိရှိနားလည် လာစေရန် အတွက် အများကြီး လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း သူက အောက်ပါ အတိုင်း ဖွင့်ဟသည်။

“ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင် လက်ထက်က ဆင်းသက်လာတဲ့ မြန်မာ့ဂီတရဲ့ သမိုင်းကြောင်းက ဘယ်လို၊ မြဝတီမင်းကြီး ဦးစက ဘယ်လို၊ ဝန်ကြီး ပဒေသရာဇာက ဘယ်လို ဆိုတာကို လူငယ်တွေ သိအောင် အရင်လုပ်ပြရမယ်။ ဒီလိုလုပ်ပြတဲ့သူတွေ ရှိမှလည်း လူငယ်တွေက မြန်မာ့ ဂီတကို ပိုနားလည်လာပြီး စိတ်ပါဝင်စားမှု ရှိလာကြမှာ။ အကြောင်းအရာ တစ်ခုက ပိုသိလာမှ ပိုတန်ဖိုး ထားကြတာ။ ဥပမာ-အဆောက်အအုံ တစ်ခုက ဒီအတိုင်းဆို သာမန် အဆောက်အအုံပဲ။ သူ့ရဲ့ အကြောင်းကို ခြေခြေ မြစ်မြစ်သိမှ သြော် ဒီအဆောက်အအုံက နှစ်ပေါင်း ဘယ်လောက်တောင် ရှိနေပြီဆိုတာ သိပြီး စိတ်ဝင်စားလာမှာ။ အဲဒီတော့ ကျွန်တော်တို့က မြန်မာ့ ဂီတအကြောင်း လူငယ်တွေသိဖို့ အတွက်ကိုပဲ အများကြီး ကြိုးစားရဦးမယ်”

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ