Culture
Culture ဆိုတာကို ကျွန်တော်သိတာတော့ ယဉ်ကျေးမှုပေါ့။ လူတစ်ယောက်အနေနဲ့ပြောရင် သူလုပ်လေ့ရှိတဲ့ Habit လို့ခေါ်တဲ့ အလေ့အကျင့် ပေါ့။ အဲဒီအလေ့အကျင့် ကို သူက ပြုလုပ်တာ ကြာသွားရင် ဒါက သူ့ရဲ့ Character ဖြစ်သွားတယ်။ သူ့ရဲ့အကျင့်စရိုက် ဖြစ်သွားတယ်။ ဒါက လူတစ်ယောက်ချင်းစီနဲ့ပြောရင် Habit ကနေ Character ဖြစ်တာပါ့။ လူ့အဖွဲ့အစည်းအနေနဲ့ ပြောရရင် လူ့အဖွဲ့အစည်းတစ်ခုက Habit တစ်ခု ကို ကြာကြာကျင့်သုံးတဲ့အခါ အဲဒါက Culture ဖြစ်သွားတယ်။
ကျွန်တော်ကတော့ ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ကိုယ့်ဟာကိုယ်နှစ်မျိုးခွဲပြီး ပြောချင်တယ်။ အဲဒါက ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဆိုပြီး ခွဲချင် တယ်။ တချို့ကိစ္စတွေမှာ ယဉ်ကျေးမှုဆိုပြီးပြောတာနဲ့ လူတော်တော် များများက မြင်ရတဲ့ရုပ်ပိုင်းဆိုင်ရာတွေပဲ အမြင်က ရောက်ရောက်သွားတယ်။ ဒါမျိုးကို ကျွန်တော်က သဘောမကျဘူး။ ဥပမာ – ကျွန်တော်တို့မြန်မာ မိန်းကလေးတွေက ခြေမျက်စိဖုံးအောင် လုံချည် ဝတ်တယ်။ ဒါက မြင်ရတဲ့ ရုပ်ပိုင်းယဉ်ကျေးမှုပေါ့။ စိတ်ပိုင်း ဆိုင်ရာကျတော့ အရှက်အကြောက်ဖြစ်သွားပြီ။ မြန်မာမိန်းကလေးတွေက အရှက် အကြောက်ကြီးလို့ သူတို့ရဲ့ခြေမျက်စိတောင် လူမြင်မခံဝံ့ကြဘူးလို့ ပြောရမယ်။ အဲဒီတော့ ကျွန်တော်တို့က ယဉ်ကျေးမှုတွေ ထိန်းသိမ်းမယ်ဆိုရင် ရုပ်ပိုင်းယဉ်ကျေးမှုကို ထိန်းမှာလား၊ စိတ် ပိုင်းယဉ်ကျေးမှုကို ထိန်းမှာလားဆိုတာ လိုလာ တယ်။ အဲဒီ မှာ ပြဿနာဖြစ်တာပဲ။
တချို့ကကျတော့ ထဘီအရှည်ကြီးခြေမျက်စိ ဖုံးအောင်ဝတ်မှ ယဉ်ကျေးသိမ်မွေ့တယ်လို့ ထင် တာ။ အဲဒီလိုမဟုတ်ဘဲ ဘောင်းဘီရှည်ကို ခြေမျက်စိဖုံးအောင် လုံလုံခြုံခြုံ ဝတ်ထားရင်ရော။ ဒါက လူငယ်တွေနဲ့ ယဉ်ကျေးမှုထိန်းပါပြောနေတဲ့ တချို့လူကြီးတွေကြားက ပြဿနာဖြစ်နေတယ်။ ကျွန်တော့်အမြင်ကတော့ လူငယ်တွေဘက်ရောက် မလားဘဲ။ တချို့ကိစ္စတွေမှာ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကိုပဲ ထိန်းသင့်တယ်လို့ ကျွန်တော်တော့ထင်တယ်။ အခုခေတ်ကာလအရ ကျွန်တော်တို့မြန်မာ မိန်းကလေးတွေက နေရာတကာမှာ ထဘီတကားကားနဲ့ သွားနေလို့မရဘူး။ ဒီတော့ ခေတ်နဲ့လျော်ညီတဲ့ ဝတ်စားဆင်ယင်မှုကတော့ ပြောင်းနေမှာပဲ။ ဒါပေမဲ့ အရင်တုန်း ကတည်းက ရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကိုတော့ ဆက်လက်ထိန်းသိမ်းနေဖို့တော့ လို တယ်။
ယဉ်ကျေးမှုအကြောင်းပြောရင် တချို့ကိစ္စတွေက ပြဿနာရှိနေတတ်တယ်။ ဆိုကြပါစို့ .. ပုဆိုးနဲ့တိုက်ပုံက မြန်မာ့ယဉ်ကျေးမှုလို့ ပြောကြတယ်။ တကယ်တော့ အဲဒီ ပုဆိုးဆိုတာက အိန္ဒိယကနေ ဆင်းသက်လာတဲ့ ဝတ်စားဆင်ယင်မှုပဲ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ပေါင်မှာ ထိုးကွင်းကြီးတွေ ထိုးရမှာလား။ နားကပ်ကြီးတွေ ပန်ရမှာလား။ ဒါတောင် နားကပ်ဝတ်တာကို အခုခေတ်မှာဆို ဒါကို သရုပ်ပျက်တယ် ပြောကြပြန်တယ်။ အမှန်တော့ မြန်မာမင်းတွေ လက်ထက်က တည်းက နားကပ်တွေဝတ်ကြ တာပဲလေ။အငြင်းပွားစရာကိစ္စတွေက အများကြီးပဲ။ ဒါကြောင့် ကျွန်တော်က စိတ်ပိုင်းဆိုင်ရာ တွေကိုပဲ အာရုံစိုက်စေချင်တယ်။
ကျွန်တော်တို့ မြန်မာတွေက Hospitality ပေါ့။ ယဉ်ကျေးပျူငှာတယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာတွေရဲ့ယဉ်ကျေးမှုမှာ Smile ဆိုတာပါတယ်။ Smile Land လို့တောင် နိုင်ငံခြားသားတွေက ခေါ်တယ်။ အမြဲတမ်းပြုံးနေတတ်တယ်။ ပြီးတော့ မြန်မာတွေက လူတွေကို ကူညီချင်စိတ်ရှိတယ်။ ဒါမျိုးတွေက စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တွေပေါ့။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှတ်လက္ခဏာတွေပဲ။ အဲဒီတိုင်းပြည်ရဲ့ အမှတ်လက္ခဏာ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုကို ထိန်းမ်းရင်း Identity ပျောက်မသွားဘူး။ ဘယ်လိုထိန်းသိမ်းမလဲဆိုတာလဲ စဉ်းစားရမယ်။ ကျွန်တော်တို့က ပုံစံမပျက်ထိန်းသိမ်းသွားမှာလား။ ဥပမာ – မြန်မာတွေရဲ့အမျိုးသား ဝတ်စုံက တိုက်ပုံပေါ့။ တိုက်ပုံကို ကျွန်တော် တစ်ခါအကယ်ဒမီပေးပွဲမှာ ကြည့်လိုက်တော့ မင်းသားတစ်ယောက်က တိုက်ပုံကို Leather နဲ့ ချုပ်ထားတာတွေ့လိုက် တယ်။ ဒါက ဆန်းသစ်တာပေါ့။ တိုက်ပုံကို ထိန်းသိမ်းတာပဲ။ ဒါပေမဲ့ ပုံစံပြောင်းပြီး ထိန်းသိမ်းတာပါ။ တချို့ဟာတွေက ရေရှည်ခံချင်ရင် အဲဒီလိုပုံစံ ပြောင်းပြီး ထိန်းသိမ်းရမယ်။
ဟိုတစ်လောကဆို ကျွန်တော်တို့ရဲ့ မြန်မာ့ဆိုင်းဝိုင်းကို ဂစ်တာတွေဘာတွေနဲ့တွဲပြီး တီးသွားတယ်။ ဒီလိုတီးတာကို အစိုးရကမကြိုက်ဘူး။ ကျွန်တော်ကတော့ ကြိုက် တယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဆိုင်းဝိုင်းတီးပြီး ဟိုတုန်းက သီချင်းတွေကိုပဲ အရင်အတိုင်းဆိုနေ တီးနေရင် ဘယ်ကလေးမှ စိတ်ဝင်စားမှာမဟုတ်ဘူး။ ဒါဆို အဲဒီဆိုင်းဝိုင်းကြီးက ပျောက်သွားလိမ့်မယ်။ ဒါကြောင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရင် ခေတ်နဲ့ လျော်ညီအောင် ပုံသဏ္ဌာန်လေးတွေပြောင်းပြီး ထိန်းသိမ်းသင့်တယ်။ မိန်းကလေးတွေက ထဘီကို လုံခြုံမှုအတွက်ရော ခေတ်မီဖို့အတွက်ရော စကတ်ထဘီပြောင်းဝတ်ကြတယ်။ ဒါလည်း လက်ခံထိုက်တဲ့ ပြောင်းလဲမှုပါ။ ကျွန်တော် တို့က ခေတ်နဲ့လျော်ညီအောင် မပြောင်းလဲနိုင်ရင် ပြတိုက်ထဲပဲ ရောက်သွားလိမ့်မယ်။ ယဉ်ကျေးမှုမှာလည်း ဆက်လက်သယ်ဆောင်ပြီး ထိန်းသိမ်း ရမှာတွေရှိသလို တချို့ ကျတော့လည်း ပြတိုက်ထဲမှာ သိမ်းရမှာတွေရှိတယ်။ ဒီတော့ တချို့ရုပ်ဝတ္ထု ယဉ်ကျေးမှုတွေကိုတော့ ပြတိုက်ထဲမှာ သိမ်းထားရမှာပေါ့။ ကျွန်တော် တို့ မြန်မာ ယဉ်ကျေးမှုက လှေလှော်တာဆိုပြီး သူများတွေမော်တော်ဘုတ် စီးနေချိန်မှာ ကျွန်တော်တို့က လှေပဲလှော်နေရင် ကျန်ခဲ့မှာဗျ။ ကွမ်းစားတာက မြန်မာ့ ယဉ်ကျေးမှုပဲ။ ဒါပေမဲ့ ကွမ်းစားတာက မကောင်းဘူးဆိုရင် တားမြစ်သင့်ရင် တားမြစ်ရမှာပဲ။ ယဉ်ကျေးမှုတိုင်းကို အတင်းအကျပ်လိုက်ပြီး ထိန်းသိမ်းတာ ထက်စာရင် ဘာတွေ ထိန်းသိမ်းမှာလဲ။ ဘယ်လို ထိန်းသိမ်းမလဲဆိုတာ သေချာစဉ်းစားသင့် တယ်။
ကျွန်တော်တို့ အခုပြောပြောနေတဲ့ Globalizationဆိုတာက Westernlizationဖြစ်နေတယ်။ ဒါကဘာလို့လဲဆိုတော့ ရေက မြင့်ရာကနေ နိမ့်ရာကို စီးသလိုပါပဲ။ အနောက် ဘက်က ပိုပြီးဖွံ့ဖြိုးနေတော့ ကျွန်တော်တို့က တံခါးလည်းဖွင့်လိုက်ရော သူတို့ဆီက ယဉ်ကျေးမှု တွေက ကျွန်တော်တို့ဆီကို စီးပြီးဝင်လာတာပေါ့။ သူတို့ကို ကျွန်တော်တို့က လိုက်တုရတာပေါ့။ အဲဒီလိုဝင်လာသမျှယဉ်ကျေးမှု ကို ကျွန်တော်တို့က လက်ခံလိုက်တယ်ဆိုတာမျိုးကလည်း မဖြစ်သင့် ဘူးဗျ။ Eastern Value ဆိုတာ ရှိသေးတယ်။ အရှေ့တိုင်းရဲ့တန်ဖိုးဆိုတာလည်း ရှိတယ်။ အနောက်တိုင်းယဉ်ကျေးမှုမှ ကောင်းတာမဟုတ် ပါဘူး။ အရှေ့တိုင်းရဲ့ တန်ဖိုးထားအပ်တဲ့ ယဉ်ကျေး မှုတွေရှိသေးတယ်။ ဒါကို ကျွန်တော်တို့ ဘယ်လိုကာကွယ်မလဲဆိုတာကိုပဲ။ အဲဒီလို ကာကွယ်ဖို့ဆိုရင် ကျွန်တော်တို့က ကိုယ့် ယဉ်ကျေးမှုကို ကိုယ်မြှင့်မှဖြစ်မယ်။
ဟိုတစ်လောက စီးပွားရေးပညာရှင် တစ်ယောက် ကျွန်တော်တို့ မြန်မာနိုင်ငံလာသွား တယ်။ သူက ဘာကိုသဘောကျသွားလဲဆိုရင် မြန်မာတွေရဲ့ ဆရာကန်တော့ပွဲကို သဘောကျသွား တယ်။ သူတို့ဆီမှာ ဒါမျိုးမရှိဘူးလေ။ ဆရာတွေကို တပည့်တွေက ရိုသေစွာနဲ့ ကန်တော့တယ်ဆိုတာ ကို သူဟိုရောက်ရင် ပြန်လုပ်မယ်တဲ့။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုလည်း သူတို့ဆီစီးဆင်း နိုင်တာပဲ။ ကျွန်တော်တို့က ကိုယ့်ယဉ်ကျေးမှုကို အားကောင်းအောင်ပဲ လုပ်ရမှာပါ။ ဒါဆို Globalizationဆိုတာ Westernlizationပဲ မဟုတ်ဘူး။ Easternlizationလည်း ဖြစ်သွားနိုင် တယ်။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဆိုရင် ဒါက Eastern Valueပဲ။ ဒီဗုဒ္ဓဘာသာက အခုဆိုရင် အနောက်ကိုလည်း စီးနေတာပဲ။ ဦးဂိုအင်ကာတို့ ဘာတို့ဆိုလည်း ကမ္ဘာလှည့်ပြီး တရားပြနေတာ ပဲလေ။ ဒါဆိုရင် ဒါက Easternlization ပဲ။ ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုကို မမြှင့်တင်ရင် တစ်ဖက်က ဝင်လာတဲ့ဟာတွေကပဲ ကျွန်တော်တို့ ကိုစိုးမိုးပြီး ကျွန်တော်တို့ရဲ့ Identity ပျောက်သွား လိမ့်မယ်။ ကျွန်တော်တို့က အရေးမပါတာတွေကိုပဲ မြှင့်တင်ဖို့ကြိုးစားနေရင် ဘယ်တော့မှ လိုချင်တဲ့ Targetကို ထိမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဘာတွေကို မြှင့်တင်ဖို့ကြိုးစားရမလဲ ဆိုတာ ကို သေချာစဉ်းစားရမယ်။
Communication
Communicationဆိုတာကို ကျွန်တော် နားလည်တာကတော့ လူအချင်းချင်းဆက်သွယ် ဆောင်ရွက်တာပဲ။ လူဆိုတာက ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့မရတဲ့အတွက် လူနဲ့ပတ်ဝန်းကျင်၊ ပတ်ဝန်းကျင်နဲ့လူ အပြန်အလှန်ဆက်သွယ်မှုကို တော့ တစ်နည်းနည်းနဲ့ လုပ်နေကြမှာပဲ။ အရှေ့ ဂျာမနီနဲ့ အနောက်ဂျာမနီကို ဘာလင်တံတိုင်းကြီး နဲ့ ကာထားတဲ့ကာလတုန်းကတောင် ဟိုဘက်နဲ့ ဒီဘက်မရရအောင် နည်းလမ်းတွေရှာပြီး ဆက်သွယ်ခဲ့ကြဖူးတာပဲ။ ဒါပေမဲ့ အဲ့ဒီလိုကာလ တွေတုန်းကလည်း ကျွန်တော်တို့တွေ နည်းလမ်းတွေရှာပြီး အချင်းချင်းဆက်သွယ်ဆောင်ရွက်ခဲ့ ကြတာပဲ။ ပြောချင်တာက လူတစ်ယောက်ဟာ အခြားသောသူတွေနဲ့ အဆက်အသွယ် ပျက်လို့ မရသလို လူတွေကို အခြားသူတွေနဲ့ အဆက် အသွယ်ဖြတ်ဖို့ ကြိုးစားချင်တဲ့သူတွေရှိရင်လည်း လူတွေက သူတို့ရဲ့လုပ်ရပ်ကို တစ်နည်းနည်းနဲ့ နည်းလမ်း ရှာဖောက်ထွက်ကြမှာပဲ ဆိုတာပါ။ ကျွန်တော်က IT သမားဆို တော့ IT နဲ့ဆိုင်တာပဲ ပြောတော့မယ်။ အရင်တုန်းကတော့ ဆက်သွယ်တဲ့ နည်းတွေမျိုးစုံ သုံးခဲ့ကြတယ်။ စစ်တိုက်တဲ့ ခေတ် တုန်းက ခိုငှက်တွေနဲ့ ဆက်သွယ်ကြတယ်။ ခိုတွေ မှာ စာလေးတွေချိတ်ပေးလိုက်တယ်။ ခိုကလည်း လမ်းကြောင်းအတိုင်းပဲ သွားတယ်။ အဲဒီခိုကို လမ်းမှာ တခြားငှက်ကြီးတွေ ဘာတွေမနှောင့် ယှက်နိုင်အောင် ခိုရဲ့ကျောပေါ်မှာ ဝီစီလေး တပ်ပေးလိုက်တယ်။ ခိုကပျံနေရင်း လေတိုးတော့ ဝီစီသံနဲ့တခြားငှက်တွေရဲ့ အန္တရာယ်ကင်းတာပေါ့။ ဒါပေမဲ့ ဒီခိုရဲ့ပျံသန်းမှုက ဘယ်လောက်ထိ စိတ် ချရမလဲ။ လမ်းမှာ မြှား လည်းသင့်သွားနိုင်တာပေါ့။ ပြီးတော့ ခြေမြန်တော်ဆိုပြီး လူတစ်ယောက်ကို ပြေးပြီး စာပို့ခိုင်းခဲ့ကြတယ်။ ကျွန်တော်ပြောချင် တာက လူတွေက ဆက်သွယ်ရေးကို နည်းမျိုးစုံနဲ့ သုံးခဲ့ကြတာ။ အခု လက်ရှိနောက်ဆုံးကတော့ IT စနစ်ပေါ့။ Information & Communication Technology ခေတ်ပေါ့။ အဲဒီတော့ မြန်လာ တယ်။
အရင်တုန်းက ကျွန်တော်တို့က တစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်ဖို့က အချိန်တွေယူခဲ့ရ တယ်။ အဲဒီအချိန်က နည်းပညာအကူအညီနဲ့ လျင်မြန်လာတယ်။ အဲဒီလို မြန်လာတော့ တိုင်းပြည်တစ်ခုနဲ့တစ်ခုက ဝေးမနေတော့ဘူး။ နီးကပ်လာပြီး အားလုံးက တစ်သားတည်းဖြစ်လာ တယ်။ Globalizationဆိုတာ အဲဒါကြောင့် ဖြစ်လာတာပဲ။ The World is Flat ဖြစ်သွားပြီ။ အရင်တုန်းက တောင်ဝင်ရိုးစွန်းက မြောက်ဝင်ရိုး စွန်းကို သွားချင်ရင် အချိန်အကြာကြီး ပတ်သွားရ တယ်။ အခုကတော့ Flat ဖြစ်သွားပြီပေါ့။ နီးနီး လေးဖြစ်သွားပြီ။ အဲဒီလိုဖြစ်လာတာရဲ့ ကောင်း ကျိုးကတော့ တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ အဖြစ် အပျက်တွေကို အချိန်ခဏလေး အတွင်းမှာ သိနိုင်တယ်။ Informationတွေ မြန်မြန်ဆန်ဆန်ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရတာ လွယ်တယ်။ အဲဒါတွေက ကောင်းကျိုးပေါ့။
ဆိုးကျိုးလည်း ရှိတာပဲ။ ဘယ်လိုဆိုးကျိုးလဲ ဆိုတော့ တိုင်းပြည်တွေရဲ့ အမှတ်လက္ခဏာလို့ ခေါ်တဲ့ National Identity တွေက ဝေဝါးလာတယ်။ မခိုင်မာတဲ့ တိုင်းပြည်ဆို သူတို့တိုင်းပြည်ရဲ့ Identity က လုံးဝပျောက်သွားတယ်။ တချို့နိုင်ငံ တွေဆိုရင် သူ့နိုင်ငံမှာရှိတဲ့နိုင်ငံသားထက် တခြား နိုင်ငံက လာနေတဲ့ နိုင်ငံသားတွေ က ပိုများနေတတ် တယ်။ ဒါကဆိုးကျိုးပေါ့။
ဒါဆို ကျွန်တော်တို့ မြန်မာနိုင်ငံရော အဲဒီလိုအဖြစ်ခံမလားပေါ့။ မြန်မာနိုင်ငံဆိုတဲ့ Identity ကိုထိန်းမလား။ ကြိုက်တဲ့သူလာ ကြိုက်သလို နေထားမလားပေါ့။ အိန္ဒိယတွေ၊ တရုတ်တွေ ကများများနဲ့ မြန်မာလူမျိုးနည်းနည်းရှိတဲ့ နိုင်ငံအဖြစ်ခံမလား။ ဒီလိုဆိုးကျိုးတွေကို ကျွန်တော်တို့ ဘယ်လိုကာကွယ်မလဲ။ ကျွန်တော်တို့က အရင်တုန်းက Postal Service လို့ခေါ်တဲ့ စာတိုက်က နေ စာထည့်ရတဲ့ခေတ်ရှိခဲ့တယ်။ အခုကတော့ နိုင်ငံတကာက မိသားစုတွေဆီ မိတ်ဆွေတွေဆီ အထိ နည်းပညာ အကူအညီနဲ့ VZO Chat လုပ်တာမျိုးအထိ လုပ်လို့ရပြီ။ ဖုန်းလိုင်းတွေလည်း အဲဒီလိုပေါ့။ ဒါတောင် ကျွန်တော်တို့နိုင်ငံက တိုးတက်မှုနည်းနေသေးတော့ ဖုန်းခေါ်ခတွေ ဈေးကြီးနေတာတို့ ဘာတို့ ရှိသေးတယ်။ ဖုန်းတွေ ကနေတစ်ဆင့် လူတွေအချင်းချင်း အရမ်းကိုလွယ် လွယ်ကူကူ ဆက်သွယ်လို့ ရလာတယ်။ လုံးဝကို ဝေးနေတယ်လို့ မထင်ရတော့ဘူး။ Distantဆိုတဲ့ အကွာအဝေးက ဘယ်လောက်ပဲ ဝေးကွာနေပါစေ။ ဒီနည်းပညာအကူအညီနဲ့ နီးနီးလေးလို့ ခံစားရစေတယ်။ ကျွန်တော်တို့တိုင်းပြည်ကတော့ နည်း နည်းလေးတွေ လိုသေးတယ်။
နိုင်ငံတကာမှာတော့ Communicationက ကောင်းတော့ ဥပမာ – အိုဘားမားက မိန့်ခွန်းပြော တယ်ဆိုပါစို့။ သူပြောတာကို တစ်နိုင်ငံလုံးကို ချက်ချင်းပျံ့နှံ့သွားပြီး အိုးဘားမားတစ်ဖက်တည်း ပြောတာမဟုတ်ဘဲ အပြန်အလှန်ကို ဆွေးနွေးနိုင် တယ်။ ဒါက နည်းပညာဖွံ့ဖြိုးမှုကြောင့် ဖြစ်လာတာပေါ့။ ကျွန်တော်တို့ဆီက Internet Connection တွေက နှေးနေတော့ အဲဒီလို Life တွေကို မခံစားရသေးဘူး။
အိုဘားမားနဲ့ ရွန်မနီနဲ့ပြိုင်တာကို တစ်ခါတည်း U-tube ကနေကြည့်ပြီး စာသင်ခန်းတွေမှာ ဆရာနဲ့ကျောင်းသားက ဆွေးနွေးတာ လုပ်နိုင်တယ်။ ဒါက Internet ကောင်းမွန်တော့ ဒီလို ကောင်းကျိုးတွေ ခံစားရတယ်။ ကျွန်တော်တို့က တော့ ဒါမျိုးတွေ မခံစားရဘူး။ အရင်တုန်းကတော့ ကျွန်တော်တို့ဆီမှာ ဆက်သွယ်ရေး စနစ်က အရမ်းကို ဆိုးခဲ့ပါတယ်။ အခုတော့ အဲဒီလောက်တော့ မဆိုးတော့ဘူး။ ဖုန်းတစ်လုံး ၂ သိန်း လောက်နဲ့ ရနိုင်ပေမယ့်လည်း အဲဒါက များသေးတာပဲဗျ။ ဆက်သွယ်ရေးစနစ်ကောင်းမှ ကျွန်တော် တို့ရဲ့ လူနေမှုစနစ်က မြင့်လာမှာပါ။ ဆက်သွယ် ရေးစနစ်ကောင်းတာကလည်း နိုင်ငံရေးစနစ်ကို အထောက်အကူပြုတယ်။ ဒါမှ အုပ်ချုပ်သူနဲ့ပဲ ဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်နဲ့ပဲဖြစ်ဖြစ် ပြည်သူနဲ့ဆက်သွယ်တဲ့ ချိတ်ဆက်မှုတွေက ပိုပြီး ကောင်းလာမယ်။ ဒါဆို ဒီမိုကရေစီစနစ်ကြီးက ပိုပြီး ခိုင်မာမှာ။ သမ္မတနဲ့ ပြည်သူကြား၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူကြားက ဆက်သွယ်ရေး လမ်းကြောင်းတွေက ရှင်းရှင်းလင်းလင်းနဲ့ ပွင့်နေမှ အပြန်အလှန် ချိတ်ဆက်နိုင်မှာ။
လွှတ်တော်ကိုယ်စားလှယ်က သူ့ဟာသူနေ၊ ပြည်သူက သူ့ဟာသူနေရင်တော့ ဒီမိုကရေစီစနစ်က အောင်မြင်မှာမဟုတ်ဘူး။ ဒါကြောင့် Communicationက အရမ်း အရေးကြီးတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်တွေက Communicationသာ ကောင်းခဲ့ရင် ပိုပြီး ထိရောက်မှုရှိလာမှာပါ။ ပြည်သူရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ်၊ ဥပဒေပြုရေးရယ်၊ Media ရယ် ဒီမဏ္ဍိုင်ကြီးလေးရပ်ကြား ကဆက်သွယ်ရေးသာ ဒီထက်ပိုပြီးကောင်းရင် အသွင် ကူးပြောင်းရေးကာလ Transition Period ကြီး မြန်မြန်ပြီးသွားပြီး ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းက မြန်မြန်အကောင်အထည် ပေါ်လာမှာပေါ့။
Confidence
Confidence ကတော့ ယုံကြည်မှုပေါ့။ အဓိကစရမှာကSelf Confidence ပေါ့။ မိမိကိုယ်မိမိ ယုံကြည်မှုရှိတဲ့သူကိုမှ တခြားသူတွေက လည်း ယုံကြည်မှာ။ ကိုယ်ကိုယ် တိုင်ကမှ ကိုယ့် ကိုယ်ကိုယ်မယုံကြည်ရင် တခြားလူတွေရဲ့ ယုံကြည်မှုရဖို့ ခဲယဉ်းသွားပြီ။ လူတစ်ယောက်က ဘာပဲလုပ်လုပ် သူ့ကိုယ်သူယုံကြည်မှုရှိရင် သူက သူလုပ်တဲ့ အလုပ်ကို ရဲရဲဝံ့ဝံ့ရှိတယ်။ အဲဒီတော့ သူလုပ်တဲ့အလုပ်တွေက Smart ကျတယ်ပေါ့။
တခြားသူတွေက ကိုယ့်ကိုမယုံကြည်ဘူးဆိုရင် ဒါကကိုယ့်ရဲ့ချို့ယွင်းချက်ပဲ။ ကိုယ်ကိုယ်တိုင်က Self Confidence အားနည်းလို့ပဲ။ ဘာကြောင့် အားနည်းလဲ ဆိုရင် သေချာမကျွမ်းကျင်တာကို လုပ်ရတာမျိုး၊ သေချာနားမလည်တာကို ပြောရ တာမျိုး၊ ကိုယ်မယုံကြည်တာကို လုပ်ရတာမျိုး ဒါမျိုးတွေဆိုရင် Self Confidence အားနည်းမှာပဲ။ ကိုယ်မလုပ်ချင်ဘဲ လုပ်ရတဲ့အလုပ်မှာ Confidence မရှိနိုင်ဘူး။ သူများပြောခိုင်းတာကို ပြောရရင်လည်း Confidence မရှိဘူး။ ဒါဆို ဘေးကကြည့်နေ တဲ့သူတွေကလည်း သူတော့ သူ ကိုယ်သူတောင် ယုံကြည်မှုမရှိဘူးဆိုပြီး တန်းသိ တယ်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့က ဘာမှ မခဲယဉ်းပါဘူး။ စကားပြောတဲ့အခါမှာ ကိုယ့်ရင် ထဲက စကားတွေကိုပဲပြော။ အပိုတွေ လုပ်မပြော နဲ့။ ဒါဆို ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူ နိုင်တော့ ယုံကြည်မှုရှိတယ်။ အလုပ်လုပ်ရင်လည်း ကိုယ်မယုံကြည်တာ ကိုယ်စိတ်မပါတာကို မလုပ် နဲ့။ ဒါဆို ဒီအလုပ်အပေါ်မှာ ကိုယ်ကစိတ်ပါတော့ ယုံကြည်မှုရှိတယ်။ Confidenceပျောက် တာက ခဏတာပဲ ပျောက်သွားရင် ကိစ္စမရှိဘူး။ သူများ တွေရဲ့ Pressure ကြောင့် ကိုယ်မယုံကြည်တဲ့ အလုပ်တွေ လုပ်နေရ၊ ကိုယ်မယုံကြည်တဲ့ စကားတွေကို ပြောနေရရင် ဘဝတစ်လျှောက်လုံး Confidence ပျောက်သွားရော။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလျော့လာရင် ကိုယ့်ကိုယ်ကိုယ် မကြည်ညိုနိုင်တော့ဘူး။
Self Esteem ဆိုတာ ရှိတယ်။ မိမိကိုယ်မိမိ ကြည်ညိုစိတ်ကိုပြောတာပေါ့။ လူဆိုတာက ကိုယ် မယုံကြည်တာကို လုပ်ရတာများလာရင် မိမိကိုယ် မိမိ ယုံကြည်မှုလျော့ တယ်။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် မကြည်ညိုနိုင်တော့ဘူး။ အဲဒီလိုကိစ္စက ဘယ် အဆင့်ထိရောက်နိုင်လဲဆိုရင် ကိုယ့်ကိုယ်ကိုယ် Suicideလုပ်တဲ့အထိ ဖြစ်သွားနိုင်တယ်။
လူတိုင်းမှာ ကိုယ်ပိုင်ဘဝဆိုတာ ရှိတယ်။ ဘာသာရေးစကားနဲ့ပြောရရင် သံသရာဆိုတာ ပေါ့။ မိဘနဲ့သားသမီးဆိုတာ သံသရာရေစက် ကြောင့် ဒီဘဝမှာလာပြီး တွေ့ရ တာပါ။ ဒါပေမဲ့ သားသမီးတိုင်းမှာက ကိုယ်ပိုင်ကံကြမ္မာဆိုတာရှိ တယ်။ သားသမီးတွေရဲ့ ကိုယ်ပိုင်ကံကြမ္မာကို မိဘကဝင်ပြီး ပုံသွင်းလို့မရဘူး။ သားသမီးတွေရဲ့ ကံကြမ္မာလမ်းကြောင်းပေါ်မှာပဲ မိဘတွေ၊ ဆရာ သမားတွေက ဘေးကနေ ထိန်းကြောင်းပေးတာ လောက်ပဲ လုပ်လို့ရတယ်။ ပုံသွင်းပေးလို့မရဘူး။ မဖြစ်သင့်ဘူး။ အဲဒီလို ပုံသွင်းခံရရင် ဆိုးကျိုးတွေ ဖြစ်တယ်။ ကျွန်တော့် ဦးလေးတစ်ယောက်ဆိုရင် သူက အနုပညာသမား ဖြစ်ချင်တယ်။ ဒါပေမဲ့ သူ့ရဲ့မိဘက သူ့ကိုစီးပွားရေးပဲ လုပ်စေချင်တယ်။ သူက မိဘဆန္ဒအတိုင်းလိုက်လုပ်ရတော့ သူ့ကိုယ် သူ ယုံကြည်မှုတွေ ပျောက်သွားတယ်။ အဲဒီတော့ နေမပျော်တော့ ဘူးပေါ့။ ဘဝမှာ အရေးကြီးဆုံးက နေပျော်ဖို့ပါပဲ။ ဘဝမှာ နေမပျော်ရင် ဘေးထွက် ဆိုးကျိုးတွေအနေနဲ့ အရက်စွဲတာမျိုးတို့၊ မူးယစ် ဆေးဝါးစွဲသွားတာမျိုးတို့ ဖြစ်သွားနိုင်တယ်။
လူတွေမှာ ဗီဇဆိုတာလည်း ရှိသေးတယ်ဗျ။ အဖေ၊ အမေဆရာဝန်မို့လို့ ကလေးက မွေးလာတာ နဲ့ ဆရာဝန်လေး မွေးလာရမှာမဟုတ်ဘူး။ သူ့ရဲ့ ဗီဇကိုတွေ့အောင် ရှာပြီး ဘေးကနေ ထိန်းကြောင်း ပေးရမှာ။ ဒါမှ ပုံစံမှန်ရမယ်။ ကလေးရဲ့ဘဝကို ဘောင်မကန့်သင့်ဘူး။ လူဆိုတာက ကိုယ်တကယ် ဝါသနာပါတဲ့အလုပ်ကို လုပ်ရမှ ကိုယ့်ရဲ့စွမ်းအား တွေက အပြည့်ထွက်မှာ။ ဝါသနာမပါတဲ့ အလုပ် တွေကို လူတွေကလုပ်နေရင် တိုင်းပြည်အတွက် လည်းနစ်နာတယ်။ သူက စွမ်းအားတွေမှ အပြည့် မထွက်နိုင်ဘဲ။
ကျွန်တော်ဆိုရင် စာရေးရတာကို ဝါသနာ ပါတယ်။ စာရေးရရင် ပျော်တယ်။ ကျွန်တော် ဝါသနာမပါတာက အင်ဂျင်နီယာအလုပ်ပါ။ ကျွန်တော်က B.E (Civil) နဲ့ ကျောင်း ပြီးတယ်။ ဒါပေမဲ့ ကျွန်တော်က တိုက်တွေဆောက်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် တိုက်တွေကို တစ်နှစ်လောက်ဆောက်ခဲ့ရတယ်။ ဒီအတိုင်း အလုပ်ဆင်းနေ တာပဲ ရှိခဲ့တယ်။ ကိုယ့်ရဲ့စွမ်းရည်တွေက အပြည့်ထွက်မလာခဲ့ဘူး။ ဒါတိုင်းပြည်အတွက် နစ်နာတာပဲလေ။ ဒါပေမဲ့ ကျွန်တော် ကံကောင်းတယ်ပြောရမယ်။ ကိုယ့် လမ်းကြောင်းကို ကိုယ်ပြန်တည့်အောင် လုပ်နိုင်ခဲ့တယ်။ တိုင်း ပြည်က လူ့စွမ်းအားတွေက လူမှန်နေရာမှန်ဖြစ် နေဖို့ လိုအပ်တယ်။ ဘောလုံးပွဲနဲ့ ဥပမာပေးရရင် ဝင်းအောင်လို ခေါင်းတိုက်ကောင်းတဲ့ လူတစ်ယောက်ကို နောက်တန်းမှာ ပေးကစားလို့ မရဘူး။ လူတွေကို ဘယ်နေရာမှာ ဘယ်လိုချ ထားရမလဲဆိုတာက သူ့ရဲ့ အားသာချက်တွေပေါ် မူတည်ပြီး စဉ်းစားရမယ်။ တူးလော့လောက်ထရပ် (Toulouse – Lautrec) ဆိုတဲ့ ပန်းချီဆရာ တစ်ယောက် ရှိခဲ့တယ်။ သူက ငယ်ငယ်လေးက တည်းက ပုံတွေဆွဲတာပဲ။ ဒါပေမဲ့ သူ့မိဘက အားမပေးဘဲ သူ့ကို တခြားသင်တန်းတွေပဲ ပို့တယ်။ သူ ဘာမှဖြစ်မလာခဲ့ဘူး။ နောက်ဆုံးပန်းချီပြန်ဆွဲမှပဲ သူ ကမ္ဘာကျော်အောင်ကို အောင်မြင်ခဲ့တယ်။ ဒါကြောင့် လူက ကိုယ့်ရဲ့ယုံကြည်ရာကိုပဲ လုပ် သင့်တယ်။ ဒါမှ ယုံကြည်မှုရှိရှိနဲ့လုပ်နိုင်ပြီး အောင်မြင်မှာပါ။
လင်းသိုက်ညွန့် (မြန်မာ့မြေ)
By Yati Magazine