ရာသီတိုင်းမှာဖျားနာလျှင် သွေးလွန်တုပ်ကွေးမှတ်


ရာသီတိုင်းမှာဖျားနာလျှင် သွေးလွန်တုပ်ကွေးမှတ်၊အဖျား ကျစဉ်မလန်းလျှင် အစဉ်သတိ ချပ်
ပါမောက္ခဦးစောဝင်း(ကလေး အထူးကုဆရာဝန်ကြီး)နှင့်တွေ့ ဆုံခြင်း
ကလေးတွေ မိုးတွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပြီလို့ ထင်ရင်ဘာလက္ခဏာတွေရှိတတ် ပါသလဲ ဆရာ။
သွေးလွန်တုပ်ကွေးရဲ့အဓိက လက္ခဏာတွေကတော့ဖျားတယ်။ များသောအားဖြင့်အဖျားကြီးလေ့ရှိ တယ်။ အစားအသောက်စားချင် စိတ်မရှိဘူး။ ဗိုက်နာတယ်။ အန် တယ်၊ ပျို့တယ်။ အဲဒါမျိုးတွေရှိ တတ်ပါတယ်။ ကိုယ်တွေလက် တွေလည်းကိုက်ခဲတတ်တယ်။ တစ်ခါတလေကျရင် ကော်ဖီနှစ် ရောင်လေးတွေအန်တဲ့ထဲမှာပါ တတ်တယ်။ ကတ္တရာစေးရောင် ဝမ်းသွားတာတို့ဘာတို့ကတော့ နောက်ကျရင်တော်တော်ဆိုးမှဖြစ် တဲ့လက္ခဏာတွေပေါ့။ အဓိက တော့ဖျားတယ်။ မှိန်းတယ်။ အန်တယ်။ ကိုယ်လက်ကိုက် တယ်။ ဗိုက်နာတယ်။ ဒီအချက် လေးတွေကတော့အဓိကပါပဲ။
တစ်ချို့မိဘတွေကမိုးတွင်း မှာဖျားပြီဆိုရင်အယူအဆလွဲပြီး ဓာတ်ဆားရည်အရင်တိုက်တတ် ကြတယ်။ အဲဒါမှန်ပါသလား ဆရာ။

ဖျားရင်ဘာဖြစ်လဲဆိုတော့ ခန္ဓာကိုယ်ကရေဓာတ်တွေဆား ဓာတ်တွေဆုံးရှုံးတယ်။ ဖျားလို့ အပူချိန်ကြီးရင်တော့ရေများများ သောက်ရမယ်။ အရည်များများ ဝင်ဖို့လိုတယ်။ ဆားဓာတ်လည်း ချွေးထွက်တာများရင်ဆုံးရှုံးတာ ပေါ့။ အဲဒီအတွက်ဆားဓာတ် လည်းဝင်ဖို့လိုပါတယ်။ အဲတော့ သွေးလွန်တုပ်ကွေးမှာလည်းသွေး ကြောထဲကနေသွေးရည်ကြည်တွေ အပြင်ထွက်တာတို့ အန်တာတွေ ရှိတော့အရည်ဝင်ဖို့တော့လိုတယ်။ အငန်ဓာတ်လည်းလိုပါတယ်။ ဒါပေမဲ့ဓာတ်ဆားရည်သောက်ရ မယ်လို့တော့မဟုတ်ပါဘူး။ ချိုတာ နဲ့ငန်တာနဲ့အရည်များရင်ဘာပဲဖြစ် ဖြစ်သောက်လို့ရပါတယ်။ ဓာတ် ဆားရည်သောက်မှဖြစ်မယ်လို့တော့ မဟုတ်ပါဘူး။ ဥပမာ - ထမင်း ရည်ဆားခတ်သောက်လည်းရတယ်။ စွပ်ပြုတ်ကိုဆားခတ်သောက်လည်း ရပါတယ်။ ဆန်ပြုတ်ဆားခတ် သောက်လို့ရတယ်။ အချိုရည်ကို ဆားခတ်သောက်လို့ရပါတယ်။
မိုးတွင်းမှာဖျားပြီဆိုရင်မိဘ တွေအနေနဲ့အဓိကလုပ်သင့်တာ ဘာဖြစ်မလဲ ဆရာ။

မိုးတွင်းမှာဖျားရင်အဓိက တော့သွေးလွန်တုပ်ကွေးဖြစ်နိုင် တယ်ဆိုတာသတိထားရမှာပေါ့။ သတိထားမိရင်စောစောစီးစီးဆေး ရုံရောက်မယ်။ ၂၄ နာရီတိတိကျ ကျကြည့်နိုင်တဲ့ဆေးရုံမျိုးရောက် ပြီးတော့လိုအပ်သလိုလိုက်ပြီးပြု ပြင်ဆောင်ရွက်တယ်ဆိုရင်သွေး လွန်တုပ်ကွေးအသေအပျောက်က တော်တော်နည်းနိုင်ပါတယ်။ အဲ ဒါကြောင့်မို့သတိထားမိဖို့အရေး ကြီးတယ်။ မိုးတွင်းမှမဟုတ်ဘူး။ တစ်နှစ်ပတ်လုံးဖြစ်နိုင်တယ်။ သို့ သော်အဖြစ်များဆုံးကတော့ ခြင် ပေါက်တာအများဆုံးဖြစ်တဲ့မိုးတွင်း ပဲ။ တကယ်ဖြစ်ပွားမှုများတဲ့နှစ် တွေဆိုရင် ၂၀၁၃ ဆိုရင် ဖေဖော် ဝါရီလတစ်လပဲမဖြစ်တာရှိတယ်။ ဒါပေမဲ့အဓိကအများဆုံးကတော့ ဇွန်၊ ဇူလိုင်၊ ဩဂုတ် မိုးတွင်း ပေါ့လေ။ ကျောင်းဖွင့်တဲ့အချိန် မိုးများတဲ့အချိန်မှာတော့အများဆုံး ပဲ။ မိုးတွင်းမှာဖျားတယ်။ အထူး သဖြင့်အဖျားကြီးတယ်။ ကလေး ကမှိန်းတယ်။ နောက်ပြီးမစားမ သောက်ဆိုရင်သွေးလွန်တုပ်ကွေး ဖြစ်တယ်ဆိုတာကိုသတိထားမိဖို့ လိုပါတယ်။ အဓိကဘာလဲဆို သွေးလွန်တုပ်ကွေးကဗိုင်းရပ်စ် ကြောင့်ဖြစ်တာဆိုတော့ တိကျတဲ့ လက္ခဏာမရှိဘူး။ ဖျားတာပဲဖြစ် နိုင်တယ်။ ခေါင်းကိုက်တာလည်း ဖြစ်နိုင်တယ်။ အန်တာလည်းဖြစ် နိုင်တယ်။ ဗိုက်နာတာလည်းဖြစ် နိုင်တယ်။ ဝမ်းတွေဘာတွေသွား ပြီးတော့လည်းသွေးလွန်တုပ်ကွေး ဖြစ်တာတွေလည်းရှိတယ်။ ချောင်းဆိုးပြီးနှာစေးပြီးတော့သွေး လွန်တုပ်ကွေးဖြစ်တာတွေလည်း ရှိတယ်။ အမြဲတမ်းအဖျားကြီး တယ်၊ မှိန်းတယ်ဆိုရင်သွေးလွန် တုပ်ကွေးဖြစ်နိုင်ကြောင်းသတိရှိနေ ဖို့လိုပါတယ်။

မိဘတွေကတော့ကျောင်း တစ်ကျေင်းမှာဖြစ်စေ၊ရပ်ကွက် ထဲမှာ၊ အိမ်တစ်အိမ်မှာဖြစ်စေ သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် မိမိကလေးတွေဖြစ်မှာ အရမ်း လန့်ကြတယ်။ သာမန်ကလေး တွေမဖြစ်အောင်ဘာတွေလုပ် ဖို့လိုအပ်သလဲ ဆရာ။
အရမ်းလန့်တာကတော့မှန် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးလွန်တုပ်ကွေးနဲ့ဆုံးပါးခဲ့တဲ့ ကလေးတွေလည်းတော်တော်ရှိခဲ့ တယ်။ ဒီဟာကလည်းအရမ်း အန္တရာယ်ရှိတဲ့အဖျားမျိုးပေါ့။ ရုတ် တရက်ကောင်းနေတဲ့ကလေးက ရုတ်တရက်ဖျားပြီးတော့အချိန်တို တွင်းမှာဆုံးရှုံးတာတွေဖြစ်တော့ မိဘတွေတအားလန့်တာပေါ့။ တကယ်လည်းကျောင်းတို့ဘာတို့ ကပိုကူးတယ်။ ဘာဖြစ်လို့လဲဆို တော့အိမ်ဆိုရင်လည်းသိပ်ကပ်မှ ကူးနိုင်တယ်ပေါ့။ ကိုက်တစ်ရာ ပတ်ဝန်းကျင်ပဲရောဂါရှိတဲ့ခြင်က သွားနိုင်တာ။ အဲဒီတော့ မိဘတွေ စိုးရိမ်တာတို့ ဆရာ/ဆရာမတွေ စိုးရိမ်တာတို့ဆိုတာကောင်းတဲ့ လက္ခဏာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကလေးတစ်ယောက်က တကယ်လို့သွေးလွန်တုပ်ကွေး သေချာပေါက်ဖြစ်တယ်ဆိုရင် သူ့ ပတ်ဝန်းကျင်မှာ အထူးသဖြင့်သူ့ ရဲ့ကျောင်းမှာပေါ့။ သူ့ရဲ့အတန်း ဖော်မှာသွေးလွန်တုပ်ကွေးဖြစ်လာ နိုင်တယ်ဆိုတာအမြဲတမ်းသတိ ထားဖို့လိုပါတယ်။ ကာကွယ်ရေး ကတော့ခြင်မကိုက်အောင်ထားရ မှာပေါ့။ ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ မြုပ်၊ ရှင်း၊ မှုတ် စတဲ့ အရာတွေကိုရှင်းပြလို့ရပါတယ်။ နောက်ပိုင်းသတင်းစာတွေထဲမှာ လည်းပါနေတော့ အဓိကကဘာ လဲဆိုတော့ကျောင်းမှာကလေးရဲ့ ကျောင်းမှာအတန်းဖော်သူငယ်ချင်း တစ်ယောက်ကသွေးလွန်တုပ်ကွေး ဖြစ်ရင်တော့ကိုယ့်ကလေးကသွေး လွန်တုပ်ကွေးဖြစ်နိုင်တာကိုသတိ ထားမိရမယ်။ အိမ်နီးနားချင်းရှိရင် လည်းသတိထားမိရမယ်။ နီးရာ ဆေးခန်းကိုပြရမယ်။ သွေးလွန် တုပ်ကွေးဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို စစ်ဆေးရမယ်။

တစ်ခါတစ်လေကျရင် ကလေးကအဖွားတွေနဲ့နေတာ ပဲဖြစ်ဖြစ်၊ဖျားတဲ့အချိန်မှာမြန်မာ ဆေးတွေဘာတွေတိုက်တာမျိုး တွေရှိတယ်အဲဒါကရောကောင်း တဲ့အလေ့အကျင့်လား ဆရာ။
အမှန်တော့ဖျားရင်အပူချိန် ကျအောင်လုပ်ပေးဖို့လိုတယ်ပေါ့။ အပူချိန်ကျအောင်ဆိုရင်အင်္ဂလိပ် ဆေးထဲမှာလည်းအပူချိန်ကျ အောင်ရောဂါအခြေခံကိုကုတာ တစ်မျိုးပေါ့။ သွေးလွန်တုပ်ကွေး ကြောင့်ဗိုင်းရပ်စ်ပိုးကြောင့်ဆိုရင် တော့ပိုးသတ်ဆေးလည်းပေးလို့ မရဘူး။ ဒီအဖျားကိုတော့ကျ အောင်လုပ်ပေးရမယ်။ ကျအောင် လုပ်တဲ့အခါတောင်မှပါရာစီတမော တစ်မျိုးပဲသုံးလို့ရတယ်။ 10 to 15 mg per Kg ပေါ့။ လေး နာရီကနေခြောက်နာရီ တစ်ခါပေးလို့ရတယ်။ ချွေးတွေ ထွက်လည်းသုတ်မပစ်နဲ့၊ ချွေးနဲ့ အေးပါစေပေါ့။ အာနိသင်က ချွေးထွက်ပြီးရင် အငွေ့ပျံသွား တယ်။ပါရာစီတမောကလွဲပြီး တော့ တစ်ခြားအကိုက်အခဲ ပျောက်ဆေးပေးလို့လုံးဝမရပါဘူး။ သွားပေးလိုက်ရင်နဂိုသွေးယိုချင် တဲ့အစာအိမ်ကသွေးယိုလိမ့်မယ်။  မြန်မာဆေးနဲ့ပတ်သက်လို့ကတော့ ကျွန်တော်လည်းမပြောတတ်ဘူး။ တစ်ချို့မြန်မာဆေးတွေထဲမှာ အင်္ဂလိပ်ဆေးတွေရောကြိတ်ထည့် တယ်ဆိုရင်လုံးဝသုံးလို့မရဘူးပေါ့။ နောက်တစ်ခုကဘာလဲဆိုတော့ ဒီဆေးပညာမှာပေါ့ ခြေမြစ်ခိုင်မာ ဆေးပညာရှိတယ်။ ကျွန်တော်တို့ အခုသုံးနေတဲ့ဆေးတွေအကုန်လုံးက လက်တွေ့ပြပြီးသားစနစ်တကျလုပ် ပြီးသားပါ။ တကယ်အရေးကြီးတဲ့ ရောဂါတွေမှာတော့ကျွန်တော့် အမြင်ကတော့စနစ်တကျအခြေ အမြစ်ခိုင်မာတဲ့ဆေးကိုသုံးရမှာ ပေါ့။

သွေးလွန်တုပ်ကွေးဖြစ်ပြီ လို့သေချာတယ်။GP  ကပဲဖြစ် စေ၊ကလေးအထူးကုဆရာဝန် ကပဲဖြစ်စေပြောတယ်ဆိုရင် ဘယ်အချိန်တွေမှာဆေးရုံသွား ရမယ်ဆိုတဲ့အခြေအနေတွေရှိ လား ဆရာ။
အဲဒါအဓိကကတော့ဘယ်လို လဲဆိုရင်သွေးလွန်တုပ်ကွေးဖြစ်ပြီး ရင်အန္တရာယ်လက္ခဏာတွေပေါ့။ အန္တရာယ်လက္ခဏာတွေဆိုတာ ဘာလဲဆိုရင်ဆက်တိုက်အန်တယ်။ အရမ်းမှိန်းတယ်။ ဗိုက်နာတယ်။ကော်ဖီနှစ်ရောင်အန်တယ်ပေါ့။ ကတ္တရာစေးရောင်ဝမ်းသွားတယ်။ ဒါပေမဲ့ဒါတွေကနောက်မှဖြစ်မယ့် ဟာပေါ့။ ဆက်တိုက်အန်တာရယ် မှိန်းတာရယ် အစားအသောက် မဝင်တာရယ်ပေါ့။ ဥပမာ ဂျီပီနဲ့ စမ်းရင်အသည်းပေါ့။ အသည်းက ၂ စင်တီမီတာထက်ကြီးနေမယ်။ သွေးစစ်ကြည့်ရင် PCVက ရှိတာရဲ့၂၀ရာခိုင်နှုန်းထက်ပိုတက် နေတယ်။ ဒါမှမဟုတ်ရင် သွေးဥ မွှားပမာဏ(platelet count)က ၁၀ဝ အောက်ဖြစ်သွားတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီလို ကလေးမျိုးက သွေးလန့်ဖို့ပိုပြီး အခြေအနေများတယ်။ အရေးကြီး တဲ့လက္ခဏာတွေပေါ့။ အဲဒီလိုမျိုး ဆိုရင်တော့ ဆေးရုံတင်ထားဖို့ ကောင်းတယ်။ သွေးလွန်တုပ်ကွေး ဖြစ်ရင် အသက်အရွယ်အားဖြင့် လည်းအခက်အခဲတွေရှိတယ်။ ဥပမာ တစ်နှစ်အောက်ဆိုရင် ကုသဖို့ခက်တယ်။ အကြောတွေ ရှာဖို့ခက်တယ်။ ဆေးရုံတင်ထားဖို့ ကောင်းတယ်။ ဝလွန်းတဲ့ကလေး တွေဆိုရင်လည်းဆေးရုံတင်ထား ဖို့ကောင်းတယ်။ နောက်တစ်ခုက ဘာလဲဆိုရင်အခြေခံရောဂါတွေရှိ တဲ့ ဥပမာ သွေးအားနည်းရောဂါ တွေ၊ ကျောက်ကပ်ရောဂါရှိတဲ့ အဲဒီလိုကလေးမျိုးဆို သွေးလွန် တုပ်ကွေးလည်းဖြစ်တယ်ဆိုရင် တော့ ဆေးရုံတင်ထားဖို့ကောင်း ပါတယ်။

ဆေးရုံသွားမယ်ဆိုရင် ဘယ်ဆေးရုံတွေကအကောင်း ဆုံးဖြစ်မလဲ ဆရာ။
သွေးလွန်တုပ်ကွေးရောဂါမှာ အဓိကကဘာလဲဆိုတော့မျက်ခြေ မပြတ်ကြည့်နေဖို့လိုတယ်။ ဘာ ဖြစ်လို့လဲဆိုရင်သွေးလွန်တုပ်ကွေး မှာကနှစ်ရက်သုံးရက်ကြာတဲ့အခါ ကျရှော့ခ်ဖြစ်တတ်တယ်။ သွေး လန့်ခြင်းဖြစ်တယ်။ ဘာလို့ဖြစ်လဲ ဆိုတော့သွေးကြောထဲကသွေးရည် ကြည်တွေအပြင်ကိုထွက်သွားလို့ အဲဒီလိုထွက်တဲ့အချိန်ကလည်း ၂၄ နာရီကနေ ၄၈ နာရီကြာ တယ်။ ဒီအချိန်မှာဆိုကလေးက သွေးလည်ပတ်မှုမကောင်းတော့ ဘူး။ သွေးလည်ပတ်မှုမကောင်း တော့မူးတယ်။ ခေါင်းနောက်၊ မောတယ်ပေါ့။ ထလိုက်ရင်မူး တယ်။ ဆရာဝန်အနေနဲ့ကြည့်ရင် တော့သွေးခုန်နှုန်းမြန်နေတယ်။ သွေးချိန်ကကျလာတယ်(သို့မဟုတ်) အပေါ်သွေးနဲ့အောက်သွေးနဲ့ကပ် လာတယ်ပေါ့။ ဒီလိုနဲ့အသည်းက ကြီးလာတယ်။ ဗိုက်နာတယ်။ ဒါ မျိုးတွေဖြစ်လာတယ်။ စစ်ကြည့် လိုက်ရင်တော့ PCV တက်တယ် ပေါ့။ အဲဒီလိုဖြစ်တဲ့အချိန်မှာသေ ချာသိဖို့လိုတယ်။ တကယ်တော့ အဲဒီအချိန်မတိုင်ခင်ကတည်းက ကျွန်တော်တို့ကအစားမစားဘူး။ ရေမဝင်ဘူးဆိုအကြောဆေးသွင်း ထားရတယ်။ တစ်ချို့ကလေးတွေ မှာတော့ဒီလိုသွင်းရဲ့သားနဲ့ရှော့ခ် ဖြစ်သွားတယ်။ ဒီလိုသွေးလန့်တဲ့ အချိန်မှာ အရင်တုန်းကတော့ သွေးလန့်တာအေးစက်မှအကြော ဆေးသွင်းရမယ်။ အဲဒီလိုမဟုတ် ပါဘူး။ အခုကတည်းကအကြော ဆေးအဆင့်သင့်သုံးလို့ရအောင် Cannula ထည့်ထားတယ်။ ပိုက်ထည့်ထားတယ်။ ပြီးရင်မဝင် ဘူးဆိုရင်သွင်းထားတယ်။ တကယ်ရှော့ခ်ရခြင်းက အဖျားကျ တဲ့အချိန်မှာပိုဆိုးတယ်။ ဒီလို အခြေအနေမှာလိုအပ်သလိုဆား ရည်ထည့်မယ်။ ကော်ရည် ဆိုတာGelofusine တိုDestran တို့ပေါ့။ တကယ်လို့ သွေးယိုတာတို့ဖြစ်တဲ့ အဆင့်ပေါ့။ ဒါကတော့နောက်ကျမှဖြစ်တာပါ။ ဖြစ်ရင်တော့သွေးရည်ကြည်ထည့် ရမယ်။ အဲဒါတွေကိုဘယ်လောက် အတိုင်းအတာနဲ့ ဘယ်လောက် အချိန်အတွင်းမှာ ဘယ်လောက် ပမာဏနဲ့ ထည့်မယ်ဆိုတာ သေ သေချာချာ တွက်ရမယ်။ တစ်နာရီတစ်ခါပြန် ကြည့်ရတယ်။ အဲလိုကျတော့ ၂၄ နာရီ ဆရာဝန်၊ ဆရာမတွေကြည့် ပေးနိုင်တဲ့နေရာမှသာရမယ်။ နောက်တစ်ချက်ကဒီလိုအကြော ဆေးသွင်းနိုင်တဲ့Facility ပေါ့။ ဖြစ်နိုင်ရင်တော့သွေးနဲ့ဆက်စပ်တဲ့ ပစ္စည်း၊ သွေး၊ သွေးရည်ကြည် သွေးဥမွှားတို့ဒါမျိုးရနိုင်တဲ့နေရာမှ သာဆေးရုံတင်ကုရမယ်။ တစ်နေ့ ကိုဆရာဝန်တစ်ခါနှစ်ခါလောက် ကြည့်ရုံနဲ့တော့ဘယ်လိုမှမဖြစ်နိုင် ဘူးပေါ့။ အခါမပြတ်ဆရာဝန်နဲ့ ဆရာမကမျက်ခြေမပြတ်ကြည့်နိုင် တဲ့ဆေးရုံတွေမှာပဲတင်လို့ရမယ်။

ဆရာကြီးအနေနဲ့သွေးလွန် တုပ်ကွေးအတွက်စိုးရိမ်နေတဲ့ မိဘတွေအတွက်ပြောချင်တာလေး တွေရှိရင်ပြောပြပေးပါ ဆရာ။

သွေးလွန်တုပ်ကွေးကတော့ အခုနောက်ပိုင်းတော့နှစ်အလိုက် တော့ဖြစ်ပွားမှုအနည်းအများ တော့ရှိပါတယ်။ ဒီနှစ်ကတော့ ကျွန်တော်ထင်တယ်သိပ်အများ ကြီးမဖြစ်ဘူး။ အဖြစ်နည်းမဲ့နှစ် ပေါ့။ တစ်နည်းအာဖြင့်ကုသိုလ်ကံ ကောင်းတာပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့ကအခုကတည်းက တော့ သေချာပေါက် ၁၀ဝ ရာခိုင် နှုန်းတော့ပြောလို့မရဘူးပေါ့။ အခု လည်းကြိုကြားကြိုကြားတော့တွေ့ နေရတယ်။ အဲတော့အရေးကြီး တာကတော့ သွေးလွန်တုပ်ကွေး ကအဖြစ်အများဆုံးကတော့ ၃ နှစ်နဲ့ ၁၅ နှစ်ကြားမှာအဖြစ်များ တယ်။ အခုတော့အငယ်တွေ လည်းဖြစ်ပါတယ်။ အဲဒီတော့ မိုးရာသီသွေးလွန်တုပ်ကွေးဖြစ်နိုင် တဲ့ကာလမှာကလေးတစ်ယောက် ကအပြင်းဖျားတယ်။ အဖျား လည်းကြီးတယ်။ မှိန်းလည်းမှိန်း တယ်ဆိုရင်သွေးလွန်တုပ်ကွေးဖြစ် နိုင်ကြောင်းအမြဲတမ်းသတိထားမိ ဖို့လိုပါတယ်။ ကိုယ့်ရဲ့မိသားစု ဆရာဝန်ပြရင်လည်းမေးပါ။ မိ သားစုဆရာဝန်ကလည်းစစ်ပေးဖို့ လိုပါတယ်။ ဒီHess' Test လို့ခေါ်တဲ့သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာနဲ့တိုင်းပေးဖို့လိုတယ်။ သံသယဖြစ်ရင်သွေးတွေဘာတွေ စစ်တာတို့ဆေးရုံတင်တာတို့လုပ် သင့်တယ်။ ခုနကအန္တရာယ် လက္ခဏာတွေပြောတဲ့ထဲမှာ တစ်ချက်ကျန်သွားတယ်။ ဘာလဲ ဆိုရင်ဆေးရုံနဲ့ဆက်သွယ်ရမှာဝေး တဲ့နေရာတွေ၊ လယ်ကွင်းထဲမှာ နေတယ်။ လမ်းမကိုရောက်ဖို့နှစ် နာရီသုံးနာရီကြာမယ်။ အဲလိုဆို ရင် သွေးလွန်တုပ်ကွေးလို့သံသယ ဖြစ်တာနဲ့ဆေးရုံတင်ထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးလန့် ရင်ချက်ချင်းကုသဖို့လိုတယ်။ ည ကိုသွားလာရခက်ရင်တင်ထားသင့် တယ်။ အဲဒါလည်းသတိထားသင့် တဲ့တစ်ချက်ပေါ့။ ကျန်းမာရေးဝန် ထမ်းတွေကိုဆရာအကြံပေးချင်တာ ကတော့သိပ်ပြီးတော့မိဘတွေစိုး ရိမ်လို့တင်ထားရမှာဆိုရင် သေ သေချာချာဒါသည်အရေးမကြီးဘူး။ သွေးလွန်တုပ်ကွေးမဟုတ်ဘူး။ အရေးကြီးတဲ့အဆင့်မဟုတ်ဘူးဆို တာတင်ဖြစ်ရင်သေချာရှင်းပြနိုင်ဖို့ တော့လိုပါတယ်။ ခုနကပြောသ လိုအဖျားကြီးတယ်။ မှိန်းတယ်ဆို ရင်သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ် ဆိုတာအစဉ်အမြဲသတိရှိပါ။ သက် ဆိုင်ရာတတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ပြပါ။ ဆေးရုံတင်သင့်လည်းတင်ထားပါ။ အဲဒါတွေသည်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ တစ်ချက်ကဘာဖြစ်သွားတတ်လဲ ဆိုတော့သွေးလွန်တုပ်ကွေးမှာ အရေးကြီးတဲ့အဆင့်ကသွေးလန့် တဲ့အဆင့်ပေါ့။ သွေးလန့်တဲ့အဆင့် ကတစ်ခါတလေအဖျားကျပြီးတဲ့ အချိန်မှာဖြစ်တတ်တယ်။ များ သောအားဖြင့်သွေးလန့်ပြီဆိုအဖျား ကကျသွားတယ်။ ကလေးက ကောင်းသွားပြီလို့မိဘတွေကယူ ဆတတ်တယ်။ အဖျားကျပြီး တော့ကလေးကမလန်းမဆန်းဖြစ် နေတယ်။ မှိန်းနေတယ်။ မစား ချင်မသောက်ချင်ဖြစ်နေတယ်။ အဲ ဒါဆိုစိုးရိမ်သင့်တဲ့အဆင့်ဆိုတာ သိသင့်ပါတယ်။ သွေးလန့်တာကို ထိရောက်အောင်မကုနိုင်ဘဲကြာ လေလေ၊ ကိုယ်တွင်းအင်္ဂါတွေမှာ သွေးယိုလေလေ၊ အသက်ဆုံးရှုံး နိုင်မှုကများလေလေပေါ့။ ဒါ ကြောင့်အဲတာကအရေးကြီးပါ တယ်။ ဆရာဆောင်းပါးတွေမှာ လည်းရေးဖူးပါတယ်။ ဟောပြော ပွဲတွေလည်းလုပ်ဖူးတယ်။ သွေး လွန်တုပ်ကွေးအန္တရာယ်ကင်းဂါထာ ဆိုပြီးပြောထားတယ်။ အဲဒါဘာ လဲဆိုတော့နံပါတ်တစ်ကပထမ အဆင့်က]ရာသီတိုင်းမှာဖျားနာ လျှင်သွေးလွန်တုပ်ကွေးမှတ်} ဒါကတော့ဆရာတိုတိုမှတ်လို့ရ ဆောင်ပြောတာပါ။ ဘယ်ရာသီ မှာမဆိုဖျားတယ်။ အထူးသဖြင့် မိုးရာသီမှာဖျားတယ်ဆို မှိန်းတယ်၊ မလန်းဆန်းဘူးဆိုသွေးလွန်တုပ် ကွေးဖြစ်နိုင်တယ်။ ဒီ့ပြင်လက္ခဏာ မပြမချင်းသွေးလွန်တုပ်ကွေးဖြစ် နိုင်တယ်လို့သိထားရမယ်။ ခုနက လိုဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အ တွက်ကလေးကအဖျားကြီးတယ်။ မလန်းဆန်းဘူးဆိုရင်သွေးလွန် တုပ်ကွေး ဖြစ်နိုင်တယ်ဆိုတာ ခေါင်းထဲမှာ ထည့်ထားရမယ်။ နောက်တစ်ဆင့်ကဘာလဲဆိုရင် အဖျားကျစဉ်မလန်းလျှင်အစဉ် သတိချပ်ဆိုလိုတာကသွေးလွန် တုပ်ကွေးရဲ့အရေးကြီးတဲ့အခြေ အနေဟာအဖျားကျပြီးတဲ့အချိန် ဖြစ်တယ်။ အဖျားကျပြီးချိန်မှာ မလန်းဆန်းဘူးဆိုရင်အရေးကြီး တယ်။ ချက်ချင်းဆေးရုံဆေးခန်း တွေကိုသွားရမယ်ဆိုတဲ့ဟာကိုသိ စေချင်တယ်။ ဒါကတော့ ကျန်း မာရေးဝန်ထမ်းတွေကိုလည်းသိ စေချင်တာမိဘတွေတင်မကဘူး။ အဲတော့ဒီဟာလေးကိုလက် ဆောင်ပေးချင်ပါတယ်။ အန္တ ရာယ်ကင်းဂါထာပေါ့။
 ရာသီတိုင်းမှာ ဖျားနာ လျှင် သွေးလွန်တုပ်ကွေး မှတ်၊ အဖျားကျစဉ်မလန်း လျှင် အစဉ်သတိချပ်

ပါမောက္ခ ဦးစောဝင်း
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ