Blood donation rules သွေးလှူခြင်းဥပဒေသများ


ဇွန်လ (၁၄) ရက်ဟာ ကမ္ဘာ့သွေးလှူရှင်များနေ့ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာလူနာ၊ အကြီးစားခွဲစိတ်လူနာ၊ မီးလောင်လူနာ၊ ဟီမိုဖီးလီးယားသွေးရောဂါလူနာ၊ သွေးအားနည်းလူနာ၊ စသူတွေဟာ ၂၄ နာရီမပြတ်ရှိနေတာမို့ ဆေးရုံဆေးခန်းတွေမှာ သွေးလှူမဲ့သူ အမြဲလိုအပ်နေတာပါ။ ဒါကြောင့် ကျေးဇူးပြုပြီး သွေးလှူကြပါ။ သွေးအုပ်စု (အို) တွေက လှူရတာပိုများတယ်။ လူဦးရေရဲ့ ၄၅%-၅၁%-၅၇% ရှိတယ်။ သွေးလှူခြင်းဥပဒေသတွေဟာ သွေးလှူဘဏ်တခုနဲ့တခု မတူပါ။

သွေးလှူနိုင်သူ အရည်အချင်းတွေ
• ရိုးရိုးသွေးလှူချင်ရင် အသက် ၁၇ နှစ်ပြည့်ပြီးဖြစ်ရမယ်။ တချို့နေရာတွေက ၁၆ နှစ်ဆိုလဲလှူနိုင်တယ်။
• သွေးဖိအား BP အထက်ဂဏန်း ၁၈ဝ အထက်မကျော်စေရ၊ အောက်ဂဏန်း ၁ဝဝ ထက်မနည်းစေရ။
• သွေးလှူမဲ့သူဟာ အသက် ၅ဝ ထက်မကြီးစေရ။ ကိုယ်အလေးချိန် ၄၅ ကီလို (၉၉့၂ ပေါင်) ထက် မနည်းစေရ။
• ကိုယ်အပူချိန် ၉၉့၅ ဒီဂရီ ဖါရင်ဟိုက်ထက် မကျော်စေရ။
• သွေးမလှူခင် Hemocrit စစ်တဲ့အခါ ပုံမှန်ထက် ၃၈% နည်းနေရင် မလှူရပါ။ Haemoglobin 12.5 g/dl အနည်းဆုံး ရှိနေရမယ်။

အမျိုးသမီးစေတနာရှင်တွေ
• ရာသီလာနေတုံးမှာလဲ လှူနိုင်ပါတယ်။ တချို့ဆေးရုံတွေကတော့ ပြောနိုင်တယ် ရာသီလာနေတုံး စောင့်ပါဦး။
• ကိုယ်ဝန်တားဆေး၊ သွေးဆုံးလို့ ဟော်မုန်း အစားထိုးဆေးသုံးနေရင်လဲ လှူနိုင်တယ်။
• ကိုယ်ဝန်ဆောင်နေရင် မလှူရပါ။ မွေးဖွါးပြီးနောက် ၆ လ စောင့်ပါ။ ကလေးနို့တိုက်နေသူ၊ လတ်တလော ကိုယ်ဝန်ပျက်ထားသူ မလှူရသေးပါ။

သွေးမလှူနိုင်သူတွေ
• လိင်ဆက်ဆံဖေါ်များသူတွေ မလှူရပါ။ (ကန်တော့ပါ)
• မူးယစ်ဆေးစွဲနေသူတွေ မလှူရပါ။
• အသားဝါ၊ Rubella ရူဘဲလားရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ငှက်ဖျားရောဂါ ရှိနေသူတွေ မလှူရပါ။
• နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါရှိသူတွေ၊ သွေးရောဂါတွေနဲ့ ပန်းနာရှိသူတွေ မလှူရပါ။

မလှူခင် စစ်ဆေးခြင်း
• သွေးလှူမဲ့သူမှာ HIV အိတ်ခ်ျအိုင်ဗွီ၊ (ဘီ) နဲ့ (စီ) အသည်းရောင်ရောဂါ၊ ဆစ်ဖလစ်ရောဂါမရှိတာကို စစ်ဆေးပါမယ်။

သွေးမလှူခင်
• နေမကောင်းလို့သောက်ရတဲ့ဆေး ၄၈ နာရီအတွင်း သောက်မထားရ။
• အရက်သောက်ပြီးနောက် ၄၈ နာရီစောင့်ပါ။
• သွေးမလှူခင်မှာ (၃ နာရီကြိုတင်ပြီး) ထမင်းကောင်းကောင်းစားခဲ့ပါ။

စောင့်ပါဦး
• အသည်းရောင် (အေ) ဖြစ်ဘူးပြီးနောက် ၃ နှစ်ကြာရမယ်။
• ပြီးခဲ့တဲ့ ၆ လ အတွင်း ခွဲစိတ်ကုသမှုအကြီးစား လုပ်ထားရသူ မလှူရသေးပါ။
• တက်တူးထိုးထားသူဆိုရင် တက်တူးထိုးပြီးနောက် ၁၂ လ (တနှစ်) စောင့်ရမယ်။ တက်တူးထိုးတုံးက အပ်အဟောင်း သုံးထားရင်၊ အပ်ကမသန့်ရင် အသည်းရောင်ရောဂါရှိနိုင်လို့ဖြစ်တယ်။ အပ်စိုက်ကုသမှု ခံယူထားသူတွေ။ အလှအပကွင်းတွေ တပ်ဆင်ထားသူက ကိစ္စမရှိပါ။
• လူကိုက်တာခံရလို့ အရေပြားစုတ်ပြဲသွားရင် ၁၂ လစောင့်ရမယ်။
• သာမန်ဆေးတွေသောက်ထားတာနဲ့တော့ စောင့်စရာမလိုပါ။ သွေးတိုးဆေးဆိုရင်စောင့်ရမယ်။ ပိုးသေဆေး ၂ ရက်စောင့်ပါ။ ဆီးချိုထိုးဆေး (အင်စူလင်) ထိုးထားရင် ၂ ပါတ်စောင့်ပါ။

သွေးလှူပြီးရင်
သွေး ၄၅ဝ စီစီလှူလိုက်ရင် သွေးအရည် (ပလာစမာ) ထုထည် ၇-၁၃% ကျသွားမယ်။ ၂၄ နာရီနေရင် ပြန်ပြည့်မယ်။ ခါတိုင်းထက် ရေ၊ အရည် (အရက်ကလွဲပြီး) ၄ ခွက် (၈ အေင်စ) ပိုသောက်ပါ။ သွေးလှူပြီးနောက် ဆေးလိပ်သောက်ရင်၊ အရက်သောက်ရင်၊ ပူအိုက်တဲ့အခန်းထဲနေရရင်၊ ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထန်လုပ်ရင်၊ အစာမစားပဲ ဥပုသ်စောင့်ရင်၊ မတ်တပ်အကြာကြီးရပ်နေရရင် ခေါင်းမူးနိုင်တယ်။ သွေးလှူပြီးနောက် သွားရည်စာကျွေးတာ စားသောက်ပါ။ ပုံမှန်အလုပ် (ကျောင်းတက်၊ ရုံးတက်) လုပ်နိုင်ပါတယ်။

သွေးလှူရင် ကျန်းမာရေးပိုကောင်းသလား
မပြောနိုင်ပါ။ ရောင်းကုန်ကြော်ညာတွေလို အကောင်းချည်း မပြောသင့်ပါ။ ပြောနိုင်တာက သွေးလက်ခံရယူတဲ့သူမှာ ကျန်းမာရေးပိုကောင်း (အသက်ကယ်) နိုင်ပြီး သွေးလှူတဲ့သူဟာ စည်းကမ်းနဲ့အညီလှူရင် ကျန်းမာရေး မထိခိုက်ပါ။ သွေးလှူလိုက်လို့ AIDS ကူးမလာစေပါ။ သွေးလှူဘဏ်စည်းကမ်းအလိုက် သွေး ၃၅ဝ-၄၅ဝ စီစီ ထုတ်ယူမယ်။ လူတိုင်းမှာ သွေး ၅-၆ လီတာ ရှိတယ်။ သွေးလှူပြီးနောက် ၂၄-၄၈ နာရီမှာ ထုထည်အရပြည့်လာမယ်။ သွေးနီဥတွေက နောက် ၅၆ ရက်မှာ ပြန်ပြည့်ပြီ။ နောက်တခါသွေးလှူဘို့ ၃-၄ လ စောင့်ရမယ်။ (အသေးစိတ်ကို စာတပုဒ်သပ်သပ်ရေးထားပါတယ်။)

ဇီဝိတဒါန၊ ပီတိရပြီး ကျေနပ်နိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ