အချိုမှုန့်နှင့် အချိုမှုန့် အစားထိုး ကြက်သား ဟင်းခတ်မှုန့်များ စားသုံးခြင်း အန္တရာယ်


အချိုမှုန့်ဆိုသည်မှာ Mono Sodium Glutamate (MSG) ဟုခေါ်သော ဒြပ်ပေါင်းတစ်ခုဖြစ်သည်။ အချိုမှုန့်ကို ဈေး၊ စူပါမားကတ်မှအစ အိမ်ဆိုင်အဆုံး စားသုံး ကုန် ရောင်းသော ဆိုင်တိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်သည်။ ထို့ပြင် စားသောက်ဆိုင်များနှင့် ကျွန်ုပ်တို့နေ့စဉ် စားသောက်နေသော အစားအသောက် များတွင် ထည့်သွင်း အသုံးပြုနေကြ သည်။ ကလေးသူငယ်များအတွက် ထုတ်လုပ်ရောင်းချသော မုန့်များနှင့် အစားအသောက်များတွင်ပါ ထည့်သွင်း အသုံးပြု ရောင်းချလာကြသည်ကို တွေ့ရှိရသည်။ ၎င်းအချိုမှုန့်သည် လူသားတို့၏ ကျန်းမာရေးကို တဖြည်းဖြည်းခြင်း ထိခိုက်ပျက်စီးစေနိုင်သည်။ Glutamate သည် အမိုင်နိုအက်စစ် တစ်မျိုးဖြစ်၍ ပရိုတင်းဓာတ်ကြွယ်ဝသော နို့နှင့်နို့ထွက် ပစ္စည်းများ၊ အသား၊ ငါး၊ မှိုနှင့်ဟင်းသီးဟင်းရွက်တို့တွင် တွေ့ရှိရသည်။ ၁၉ဝ၈ ခုနှစ်တွင် ဂျပန်လူမျိုး ဇီဝဓာတု ပညာရှင် Kikunae Ikeda မှ Mono Sodium Glutamate ခေါ် အချိုမှုန့်ကို စတင်တွေ့ရှိဖော်ထုတ်ခဲ့ပြီးနောက် အစား အသောက်များတွင် ထည့်သွင်းသုံးစွဲခဲ့ကြသည်။ ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့တွင် အဓိကသုံးစွဲလေ့ရှိပြီး နိုင်ငံ အများအပြားတွင်လည်း တွင်ကျယ်စွာ အသုံးပြုကြောင်း သိရှိရသည်။ လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသော အရက်၊ ဆေးလိပ်တို့ထက် အန္တရာယ်ပိုကြီးမားသော တိတ်တဆိတ် လူသတ်သမားမှာ အချိုမှုန့် ပင်ဖြစ်သည်။

အချိုမှုန့်ခေါ်MSG တွင် Free Glutamic Acid ၇၈ ရာခိုင်နှုန်း၊ Sodium ၂၁ ရာခိုင်နှုန်းနှင့် အခြားဒြပ်ပေါင်း ၁ ရာခိုင်နှုန်း ပါဝင်သည်။ Glutamic Acid သည် အစားအသောက်ထဲ ထည့်ပြီး ချက်လိုက်လျှင် Free Glutamate အဖြစ်သို့ ပြောင်း လဲသွားစေကာ အစားအသောက်များရှိ အချိုအရသာကို ဓာတုနည်းဖြင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်း ဖြစ် သည်။ အချိုမှုန့်ကို အစားအသောက်များတွင် ထည့်သွင်းအသုံးပြုပြီး စားသုံးပါက ပိုမိုအရသာရှိသည်ဟု ထင်မှတ် စေတတ်သည်။ အမှန်အားဖြင့် ကျွန်ုပ်တို့ ထင်ထားသကဲ့သို့ မဟုတ်ဘဲ ကျွန်ုပ်တို့၏ လျှာပေါ်ရှိ အရသာခံနိုင်စွမ်းကို လှည့်စားလိုက်ခြင်းသာဖြစ်သည်။

အချိုမှုန့် စားသုံးခြင်းကြောင့် လတ်တလော ခံစားရနိုင်သော ကျန်းမာရေးဆိုင်ရာ ပြဿနာများမှာ ခေါင်းမူး၊ ခေါင်း ကိုက်ခြင်း၊ မျက်နှာနှင့် နားရွက်များ နီမြန်း လာခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရေအလွန်ငတ်ခြင်းနှင့် လေးလံထိုင်းမှိုင်းခြင်း စသည်တို့ ခံစားရနိုင်သည်။

အချိုမှုန့်ကို ရေရှည်စားသုံးခြင်းကြောင့် အောက်ပါနာတာရှည် ရောဂါများ ဖြစ်ပေါ်လာနိုင်ပြီး ကျန်းမာရေးကို ထိခိုက် ပျက်စီးစေမည်ဖြစ်သည်။ အချိုမှုန့်သည် Mono Sodium Glutamate(MSG) ဖြစ်၍ ဆိုဒီယမ်ခေါ် ဆားပါဝင်ပြီး စားသုံးမိပါက သွေးအတွင်း ဆိုဒီယမ်မြင့်တက်ကာ သွေးတိုးရောဂါကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သွေးတိုးရောဂါကို ကာ ကွယ်လိုသူများ၊ သွေးတိုးရောဂါရှိသူများ အနေဖြင့် အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်သည်။

Chinese Restaurant Syndrome ဟုခေါ်သော ရောဂါစုကို ခံစားရနိုင်သည်။ ၎င်းရောဂါစုမှာ အချိုမှုန့်လွန်ကဲစွာ ပါဝင်သော အစားအသောက်များ စားပြီးပါ ကမျက်နှာ၊ လည်ပင်းနှင့် ခန္ဓာကိုယ် တစ်ခုလုံးတွင် အနီစက်များထွက်လာခြင်း၊ ခေါင်းအလွန်ကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတွင် တင်းကျပ်နေသည်ဟု ခံစား ရခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း အစ ရှိသည်တို့ကို ခံစားရသည်။

ဦးနှောက်ဆဲလ်များ ပျက်စီးယိုယွင်းသောကြောင့် အရွယ်မတိုင်ခင် မှတ်ဥာဏ်လျော့နည်းစေပြီး မကြာခဏမေ့တတ် သောရောဂါကို ဖြစ်ပေါ်စေနိုင်သည်။ အချိုမှုန့် ကို မွေးကင်းစကတည်းက စားသောက်လာသော ကလေးသူငယ်များ တွင် ဥာဏ်ရည်ပိုင်း လျော့နည်းမှု ရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။ အစားအစာ အလွန် အကျွံ စားချင်စိတ်ကို ဖြစ် ပေါ်စေပြီး အဝလွန်ခြင်းကို တားဆီးပေးသော ဟော်မုန်းကို လျော့နည်းသွားစေသောကြောင့် အဝလွန်ခြင်းကို ဖြစ်ပေါ်စေသည်။

မျိုးပွားစွမ်းရည်ကျဆင်းခြင်း၊ သားသမီး ရနိုင်စွမ်း ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ယခုအခါတွင် ကျန်းမာရေးကို ထိခိုက်စေသော အချိုမှုန့်ကို စားသုံးသူများမှ ရှောင်ကြဉ်လိုကြောင်း အစားအသောက် ထုတ်လုပ်ရောင်းချသူများက သိရှိကြသည်။ ထို့ကြောင့် အစားအသောက်များတွင် အချိုမှုန့်ပါဝင်ကြောင်း အများအားဖြင့် ဖော်ပြလေ့မရှိကြပါ။ ဖော် ပြလျှင်လည်း စားသုံးသူများ မသိရှိစေရန် ဓာတုဗေဒအမည်များကိုသာ မသိမသာ ဖော်ပြတတ်ကြသည်။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက ၎င်းအစားအသောက်တွင် အချိုမှုန့်လွန်ကဲစွာ ပါဝင်နေကြောင်း သတိပြု၍ ရှောင်ကြဉ်သင့်သည်။

အချိုမှုန့် လွန်ကဲစွာ စားသုံးခြင်း၏ အန္တရာယ်ကို တွေ့မြင်လာရသောကြောင့် အချိုမှုန့် အစားထိုး ကြက်သားဟင်းခတ် အရသာမှုန့်များကို အသုံးပြုကာ အစားအစာများကို ချက်ပြုတ်လာကြသည်။ မြန်မာနိုင်ငံအတွင်း အသုံးများသော အချိုမှုန့် အစားထိုး ကြက်သားမှုန့် အမျိုးအစားသုံးမျိုးတွင် အချိုမှုန့် ပါဝင်မှု ရှိ၊ မရှိနှင့် ပါဝင်ပါကလည်း မည်သည့် ပမာဏ အထိ ထည့်သွင်းပါဝင်သည်ကို သိရှိရန် မြန်မာနိုင်ငံအတွင်း ရောင်းချလျက်ရှိသော ကြက်သားဟင်းခတ်မှုန့်များအနက် လူသုံးအများဆုံးဖြစ်သော အမျိုးအစားသုံးမျိုးကို အမျိုးအစား ၁၊ ၂၊ ၃ ဟူ၍ ကုတ်ရေးမှတ်ပြီး သုတေသနပြုဓာတ်ခွဲ စမ်းသပ် လေ့လာကြည့်ရာတွင် အမျိုးအစား (၁)တွင် အချိုမှုန့်ပါဝင်မှုနှုန်း ၄ဝ ဒသမ ၁ဝ ရာခိုင်နှုန်း၊ အမျိုးအစား (၂)တွင် ၄၆ ဒသမ ၂၂ ရာခိုင်နှုန်းနှင့် အမျိုးအစား(၃)တွင် ၆၂ ဒသမ ၈၈ ရာခိုင်နှုန်းပါဝင်ကြောင်း စမ်းသပ် စစ်ဆေးတွေ့ရှိရသည်။ အဆိုပါ ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်များအရ ကြက်သားဟင်းခတ်မှုန့်များတွင် အချိုမှုန့် ဓာတ်ပါဝင်မှု ပမာဏမှာ များပြားကြောင်း စမ်းသပ်တွေ့ရှိရသည်။ ထို့ကြောင့် အချိုမှုန့်အစားထိုး ကြက်သားဟင်း ခတ်မှုန့်၊ အရသာမှုန့်များသည်လည်း အချိုမှုန့်များနည်းတူ အစားအသောက် ဟင်းလျာများတွင် လွန်ကဲစွာသုံးစွဲပါက ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း တွေ့ရှိရသည်။

အချိုမှုန့်၊ အသားမှုန့်သုံးစွဲမှုများကို အောက်ပါနည်းလမ်းများဖြင့် လျှော့ချနိုင်သည်-အစားအသောက်များ ပြင်ဆင်ချက် ပြုတ်ရာတွင် အချိုမှုန့်၊ အသားမှုန့်ကို လျှော့ သုံးခြင်းဖြင့် စတင်ပါ။အသင့်စား အစားအသောက်များတွင် အချိုမှုန့်၊ အ သားမှုန့် ပါဝင်ပြီး ဖြစ်သည်ကို သတိပြုပါ။ ၎င်းအသင့်စား အစားအသောက်များကို ရှောင်ကြဉ်ပါ။ ရိုးရာဟင်းခတ် အမွှေးအကြိုင်၊ ပုစွန်ခြောက် စသည်တို့ကိုအသုံးပြုပါ။

အချိုဓာတ်လိုပါက သကြားကို အစားထိုးသုံးစွဲပါ။ ခဏတာအတွင်း ခံစားရသော အရသာကို မက်မောခြင်းဖြင့် ဘဝတစ်ခုလုံး ဒုက္ခရောက်စေမည့် အချိုမှုန့်၊ အသားမှုန့်များကို ရှောင်ကြဉ်သင့်သည်။ အချိုမှုန့်၊ အသားမှုန့်များကြောင့် ဖြစ် ပေါ်လာနိုင်သည့် ရောဂါများမှာ နာတာရှည်မှသည် မစွမ်းမသန်အဖြစ် ရောက်ရှိစေ ကာ နောက်ဆုံး အသက်ဆုံးရှုံး နိုင်သည်အထိ ဖြစ်နိုင်ကြောင်း အထက်တွင် တင်ပြခဲ့ပြီးဖြစ်သည်။ ဝမ်းမှာအချင့်ဆိုသကဲ့သို့ ချင့်ချင့်ချိန်ချိန်ဖြင့် အချို မှုန့်၊ အချိုမှုန့် များသော အသားမှုန့်များ စားသုံးခြင်းမှ လုံးဝရှောင်ကြဉ်ပြီး ကျန်းမာသန်စွမ်းသော ဘဝကို တည်ဆောက် နိုင်ကြပါရန် အကြံပြု တိုက်တွန်း လိုက်ရပါသည်။ ။

ဒေါက်တာ ဇွဲနေလတ်
မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ