Low blood pressure သွေးဖိအားနည်းခြင်း


၁။ ကျွန်မအသက် သုံးဆယ်သုံးနှစ်ပါဆရာ။ သွေးပေါင်ကျတာ စဖြစ်တာက အသက်နှစ်ဆယ်ကျော်ပါ။ ရက်ကွက်က ဆရာဝန်နဲ့ပုံမှန်ပြဖြစ်ပါတယ်။ ဆေးစာချက်တော်မရှိပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးလဲမရှိပါဆရာ။ ရာသီကတော့ အိမ်ထောင်မကျခင် ပုံမှန်ငါးရက်လာပါတယ်။ အိမ်ထောင်ကျပြီးရာသီသိပ်မမှန်ဘူးဆရာ။ သွေးပေါင်က ၆၀ ၉၀ ထိ ကျပါတယ်။ အစပိုင်းတော့ဆရာဝန်က အကြောဆေးဘဲသွင်းပါတယ်။ နောက်ပိုင်း ပုလင်းကောအကြောဆေးနှစ်မျိုး သွင်းပါတယ်ဆရာ။ တနှစ်ကိုနှစ်ခါလောက် ပုံမှန်ဖြစ်ပါတယ်ဆရာ။ အကြောဆေးတွေ ပုလင်းတွေ မချိတ်ချင်လို့ ဘယ်လိုအားဆေးနဲ့ အစားစာမျိုးစားရမလဲဆိုတာလမ်းညွှန်ပေးပါဆရာ။

၂။ ဆရာရှင့် ကျမ သွေးပေါင်ချိန်ကျတာ 95 - 65 ခန့်သာရှိပါတယ်။ ခေါင်းနည်းနည်းမူးပါတယ်ရှင့်။ ယခင်ကတော့ အကြောတက်စာတွေစားမိရင် ခေါင်းမူးတတ်တာမျိုးခဏတော့ဖြစ်ပါတယ်ရှင့်။ အခု သွေးပေါင်ကျပြီး မူးတာကို အရင်လို တက်စာစားလို့ ဖြစ်တယ်ပဲထင်မိပေမယ့်။ သွေးပေါင်ချိန် ချိန်ကြည့်တော့ သွေးပေါင်ကျနေတာကိုသိရတာပါရှင့်။ ညဖက် တရေးနိုးလျင်လဲ ပြန်အိပ်မရဖြစ်တတ်ပါတယ်ရှင့်။ ဒါကြောင့် သွေးပေါင်ကျတာနဲ့ အကြော်တက်တာ၊ တက်စားတွေစားလို့ တက်တတ်နဲ့ သက်ဆိုင်ပါသလားရှင့်။ အခုတော့ ဓါတ်ဆားရည်နဲ့ သံဓါတ်ပါတဲ့အားဆေး သောက်နေပါတယ်ရှင့်။ တခြား လိုအပ်တာရှိရင်လဲ ညွန်ကြားသင်ပြပေးပါဦးရှင့်။ အခုလို မကြာခဏဖြစ်ရင် ဘာများဖြစ်နိုင်ပါလဲရှင့်။ အသက်က ၄၆ နှစ် ပါရှင့်။ အိမ်ထောင်မရှိပါ။ အပျိုပါရှင့်။ ရာသီလဲမှန်ပါတယ်ရှင့်။

သွေးပေါင်ချိန်လို့ပြောတာ မမှန်ပါ။ သွေးဖိအားတိုင်းတဲ့ (ယူနစ်) က mm Hg မီလီမီတာ မာကျူရီဖြစ်ပါတယ်။ BP ဖြစ်ဖြစ်၊ သွေးဖိအားဖြစ်ဖြစ်ပြောရတယ်။ သွေးဖိအားနည်းတယ်၊ များတယ်ဆိုတာမှာ နှိုင်းပြောရတာမျိုးဖြစ်တယ်။ အရင်ကထက် နည်းတာလဲကျတာဘဲ။ ပုံမှန်ထက် နည်းတာလဲ ကျတာဘဲ။ အထက်သွေးဖိအား ၁ဝဝ အောက်ကျရင် နည်းတယ်လို့ ပြောရင် မမှားပါ။ သွေးဖိအားနည်းစေတဲ့ အကြောင်းတွေ အမျိုးမျိုးရှိတယ်။ ဝမ်းပျက်ရင်။ အန်ရင်၊ အလုပ်ပင်ပန်းရင်လဲ ဖြစ်တယ်။ သွေးထွက်-သွေးဆင်း များရင်လဲ ဖြစ်တယ်။ ဖြစ်စေတာကို ကုရမယ်။ နားရမယ်။ မူးမိုက်သွားရင် ချက်ချင်း လှဲအိပ်ရမယ်။ လိုအပ်ရင် Dextrose, RL drip သွင်းရမယ်။ သွေးကြောင့်ဆိုရင် သွေးသွင်းရမယ်။ ကျန်တာအတွက် ဓါတ်ဆားရည်သောက်ရမယ်။ အမြဲလိုနည်းနေရင် ဆေးစစ်ရမယ်။

သွေးဖိအားနည်းတာကို Hypotension လို့လဲခေါ်တယ်။ နှလုံးကနေ လူ့တကိုယ်လုံးအနှံ့ရောက်အောင် ဖိအားသုံးပြီး ညှစ်ထုတ်နေရတာမှာ ဖိအားနည်းရင် သွေးသန့်တွေ လုံလောက်အောင် မရောက်စေနိုင်ဘူး။ သွေးဖိအား နည်းနေယုံ သက်သက်ဆိုရင် ဘာမှစိုးရိမ်စရာမရှိပါ။ ခေါင်းထဲပေါ့နေမယ်၊ ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်ဆိုရင်တော့ ဆေးကုရပါမယ်။ ဒီလိုဖြစ်တာကလဲ လှဲနေရာကနေ ထတာ၊ ရပ်တာလုပ်မှ ဖြစ်တတ်တယ်။

ဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်သွေးမလုံလောက်တာ၊ ကျောက်ကပ်အလုပ်မလုပ်နိုင်တာတွေဖြစ်နိုင်တယ်။ (ရှော့ခ်) ရနိုင်တယ်။ ဒါပေမဲ့ အဲလိုနည်းနေသူတွေ တခြားလူတွေထက် ဒီရောဂါကြီးတွေ အဖြစ်နည်းကြတယ်။ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ သွေးထုထည်နည်းတာ၊ နှလုံးရောဂါနဲ့ ဆေးတွေကြောင့်ဖြစ်တယ်။ ကုတဲ့အခါမှာလဲ ဘာလို့ ဖြစ်သလဲအပေါ်မှာ မူတည်တယ်။

သွေးတိုးရောဂါမှာလို အထက်ဂဏန်း-အောက်ဂဏန်းကိုကြည့်ပြီး သွေးဖိအားနည်းတယ်ပြောတာထက် ဘာတွေ ခံစားနေရသလဲကို ကြည့်ရတယ်။ BP 90/50 ရှိပြီး ဘာမှမခံစားရတာလဲရှိတယ်။ ဆေးကုစရာမလိုပါ။

ကိုယ်ဝန်ဆောင်ရင် သွေးဖိအားနည်းတတ်တယ်။ 100/60 သာရှိပေမဲ့ ပုံမှန်လို့ပြောနိုင်ပါတယ်။ အားကစားသမားတွေမှာ သူများထက်နည်းနေတယ်။ သွေးဖိအားနည်းနေသူမျိုးဟာ ရေရှည်ကြည့်ရင် ကောင်းတယ်လို့ ပြောနိုင်တယ်။ ရေဓါတ် နည်းတာ၊ ဝမ်းလျှောတာ၊ အန်တာ၊ လှုပ်ရှာမှုများတာ၊ ချွေးထွက်များတာ၊ ရာသီဥတုပူပြင်းတာတွေကနေဖြစ်စေတယ်။

သွေးဖိအားနည်းစေနိုင်တဲ့ ရောဂါတွေ -
• Acute pancreatitis သရက်ရွက်ရောင်ခြင်း၊
• Heart disease နှလုံးရောဂါ၊
• Bradycardia နှလုံးခုန်နှုန်းနှေးခြင်း၊
• Heart block နှလုံးပိတ်ရောဂါ၊
• Tachycardia နှလုံးခုန်နှုန်းမြန်ခြင်း၊
• Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း၊
• Digoxin နှလုံးဆေး၊
• Angiotensin converting enzyme, ACE inhibitors, Angiotensin receptor blockers, Beta blockers, Calcium channel blockers, and Alpha blockers သွေးတိုးဆေးတွေ၊
• Hydrochlorothiazide and Furosemide (Lasix) ဆီးသွားဆေးတွေ၊
• Amitriptyline (Elavil) စိတ်မကျဆေး၊
• Sildenafil (Viagra), Vardenafil (Levitra), and Tadalafil (Cialis) ပန်းညှိုးသက်သာဆေးတွေကို Nitroglycerin ဆေးနဲ့တွဲသုံးခြင်း၊
• Alcohol အရက်နဲ့ Narcotics မူးယစ်ဆေးတွေ၊
• Septicemia သွေးထဲပိုးဝင်ခြင်း၊
• Anaphylaxis (ရှော့ခ်) ရခြင်း

Postural hypotension ကိုယ်အနေအထားပြောင်းလို့အဲလိုဖြစ်ရင်ရော မူးလဲတဲ့ထိဖြစ်တတ်တယ်။ ဒါတွေခံစားရမယ်။
• Feeling lightheaded or dizzy after standing up ထလိုက်ရင် ခေါင်းမူး၊
• Blurry vision မျက်စိဝေဝါး၊
• Weakness အားယုတ်၊
• Fainting (syncope) သတိလစ်ချင်၊
• Confusion စိတ်ရှုတ်ထွေး၊
• Nausea ပျို့။

ဘယ်လိုကုသမလဲ
• ရေဓါတ်နည်းနေရင် ORS ဓါတ်ဆားထုပ်သောက်ပါ။ လိုသေးရင် RL Drip သွင်းပါ။
• သွေးယိုတာရှိရင် သွေးတိတ်အောင်လုပ်ပါ။ သွေးသွင်းပါ။
• Septic shock ဖြစ်နေရင် ချက်ချင်း ပိုးသေဆေး သွေးကြောထဲထိုးပါ။ Drip သွင်းပါ။
• သွေးတိုးဆေးတွေနဲ့ ဆီးသွားဆေးတွေကြောင့်ဆိုရင် ဆေးချိန်ဆ ပြုပြင်ပေးမယ်။
• နှလုံးခုန်နှေးလွန်းနေရင်၊ နှလုံးပိတ်ရောဂါဖြစ်နေရင် Pacemaker တပ်ပေးမယ်။
• နှလုံးရောင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အဆုပ်သွေးကြော ပိတ်ခြင်းတွေကို ဆေးကုသရမယ်။
• Postural hypotension လူအနေအထားကြောင့်ဖြစ်ရတာဆိုရင် အစားအသောက်ပြုပြင်ရမယ်။ ရေ + ဆား များစေရမယ်။ ကေဖင်းပါတဲ့သောက်စရာတွေ သောက်နိုင်တယ်။ Compression stockings ခြေပိုင်းကို ပတ်တီးစီးပေးနိုင်တယ်။ တချို့ကို Midodrine (ProAmatine) ဆေးပေးမယ်။ တချို့ကို Pyridostigmine ဆေးပေးမယ်။
• သွေးဖိအားနည်းပေမဲ့လူကနေကောင်းရင် ဆေးကုဘို့မလိုပါ။ အစာအဟာရ မျှတလုံလောက်အောင်သာစားပါ။

(ဒရစ်) သွင်းတာ၊ ပုလင်းချိတ်တာကို လိုမှသာလုပ်ရတယ်။ သွင်းလိုက်တဲ့ ပုလင်းက ၅ဝဝ စီစီရှိရင် သွေးထုထည် ၅ဝဝ စီစီ ချက်ချင်းတိုးလာမယ်။ ထုထည်အပိုဖြစ်နေတာကို ကိုယ်ခန္ဓာကနေ ဆီးအဖြစ်ပြောင်းလိုက်မယ်။ သွင်းပြီးတာနဲ့ (တချို့ဆို သွင်းနေရင်း) ဆီးသွားချင်လာမယ်။ သွေးထုထည်နည်းနေသူတွေက အဲလို (ဒရစ်) သွင်းတာကောင်းတယ်။ အဲလို မလိုအပ်ပဲ (ဒရစ်) သွင်းရင် ဆေးရည်ထဲက ၅% သကြားဓါတ်သာရမယ်။ ဗီတာမင်ထည့်ရင်လည်းရမယ်။ အဲဒါပဲ အမြတ်ရမယ်။ စိတ်သက်သာရသွားတာလည်း ကောင်းပါတယ်။

Anemia and low Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ http://doctortintswe.blogspot.com/2014/11/anemia-and-low-blood-pressure.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ