Burundanga ပဒိုင်းပွင့်ဆေး



၁။ ဆရာ တို့ဆေးဆိုတာလဲ သိချင်ပါတယ်။ ဗန်ကောက်မှာ မြန်မာတွေကို အဲလိုလုပ်ပြီး ဒေါ်လာတွေ ယူသွားတယ်လို့ သတင်းကြားရလို့ပါ။
၂။ Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါး ရောင်းချတဲ့ဆိုင်တွေများ မေးမြန်းဝယ်လို့ရပါသလား။ ရခဲ့ရင် အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ လူကို အန္တရာယ် ဖြစ်စေပါသလား။
တွဲပြီးတင်ထားတဲ့ပုံကိုသုံးပြီး သတင်းရေးကြတာတွေ ဖတ်ရတယ်။ ပုံကိုအသားပေးထားပြီး အရေးအသားမပြည့်စုံပါ။ ရေးထားတာတွေက ပညာပေးနဲ့မတူကြပါ။

၂၂-၅-၂ဝ၁၃ နေ့ကသတင်းတပုဒ်မှာ Burndanga business card ကပ်ပြားနဲ့ ဆေးတို့တဲ့သတင်းဟာ အစစ်လား၊ အတုလားလို့ ခေါင်းစဉ်ပေးထားပါတယ်။ အမျိုးသမီးတယောက် ဓါတ်ဆီဆိုင်တခုမှာ လိပ်စာကပ်ပေးပြီး၊ နောက်ယောင်ခံ အလိုက်ခံရတဲ့သတင်းကို ကိုးကားထားပါတယ်။ အဲဒီကပ်မှာ Burndanga ဆေးပါတယ်တဲ့။ အဲလိုမျိုး နယူးယောက်မှာ ဖြစ်ဖူးသေးတယ်။ ATM ကနေ ပိုက်ဆံအကုန်ထုတ်ယူသွားတာ ခံလိုက်ရတယ်တဲ့။ အမှန်က အဲလိုနည်းနဲ့တော့ လူကို မေ့သွားအောင်မလုပ်နိုင်ပါ။ ဆေးပါးစပ်ကနေဝင်မှသာ ဒုက္ခရောက်ပါတယ်။ ခပ်ထားတဲ့သောက်စရာ သောက်မိရင်တော့ ဖုတ်ဝင်သလိုဖြစ်ပါလိမ့်မယ်။

လိပ်စာကပ်ပြားနဲ့ စော်ကားမှုပြုတယ်ဆိုတဲ့သတင်းကတော့ ၁ဝဝ% အတုသတင်းသာဖြစ်ပါတယ်။ အဲလိုသာ ကပ်ပြားမှာ ဆေးသုတ်ထားရင် ကိုင်ဆောင်သူကိုယ်တိုင်က လက်အိတ်သုံးရမယ်။ နောက်ပြီး ဒီဆေးဟာ အရေပြားကနေ စုပ်ယူမှု အားမကောင်းလို့ ထိရောက်မှုမရှိနိုင်ပါ။ ရှူတာနဲ့ သောက်တာသာလုပ်လို့ရတယ်။ တချို့ စတိုရီတွေက ဆေးနံ့ရတယ်လို့ ပါတယ်။ တကယ်တော့ ဒီဆေးမှာ အနံ့မရှိ အရသာမရှိပါ။ ဒီဆေးကို တောင်အမေရိကားမှာသုံးတာများတယ်။

ဘူရူဒန်းဂါဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angel's Trumpet ပဒိုင်းပင်ဟာလဲ ရုက္ခဗေဒအလိုအရ Brugmansia genus အနွယ်ဝင်ဖြစ်တယ်။ ပဒိုင်းသီးစားရင်ရူးတာကို ကြားဘူးကြမယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေရတယ်။ ဓါတ်ခွဲခန်းမှာလဲ ထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေကုစားဘို့ အများကြီးသုံးပါတယ်။ မှတ်ဥာဏ်ကို သက်ရောက်စေပြီး၊ ခုခံမှုမလုပ်နိုင်တဲ့အခြေအနေကို ဖြစ်စေတာကြောင့် ရည်ရွယ်ချက်မကောင်းတာအတွက်သုံးကြတယ်။
ဆေးဝါးဗေဒအလိုအရ Scopolamine ဟာ Anticholinergic alkaloid ဖြစ်တယ်။ Hyoscine လို့လဲ ခေါ်တယ်။ မျက်စိ သူငယ်အိမ်ကို ကျယ်စေတယ်။ အစာအိမ်နဲ့ အူတွေအလုပ်နှေးစေတယ်။ ထွက်စရာအရည်တွေ နည်းစေတယ်။ စားဆေး၊ ငုံဆေး၊ ထိုးဆေး၊ အရေပြား ကပ်ခွါအနေနဲ့ ရတယ်။
Atropine ကို အအန်ပျောက်ဆေး၊ မေ့ဆေးနဲ့တွဲပေးတဲ့ ထိုးဆေးအနေနဲ့ သုံးတယ်။ ၁-၁၂ နှစ်အရွယ် ကလေးတွေအတွက် 6 mcg/kg (maximum 0.3 mg/dose) IV, IM or SC every 6 to 8 hours ပေးရတယ်။ နာတာကိုက်တာ၊ အရေပြားနာ၊ ကျားအကြောနာ၊ အဆစ်နာ၊ လေးဘက်နာ၊ ခေါင်းကိုက် နဲ့ ပိုးဝင်တာတွေမှာလဲ သုံးတယ်။ ခါးတာ-ခေါင်းကိုက်ဆေးကပ်ခွါ လုပ်တယ်။ Mydriatic and cycloplegic မျက်စဉ်းတွေမှာသုံးတယ်။ ဒေါင့်ကျဉ်းရေတိမ်၊ ပန်းနာ၊ မျက်ခွံအောက်ကျတာ၊ အစာလမ်းကြောင်း ပိတ်နေတာတွေမှာ လုံးဝမသုံးရဘူး။ ကားမူးလို့ ပျို့ချင်၊ အန်ချင်တာအတွက် Transderm Scop ကပ်ခွါဆေးသုံးရတယ်။ 1.5 mg ခရီးမသွားခင် ၄ နာရီကြိုကပ်ပါ။ ၃ ရက်အထိခံတယ်။ ဗိုက် (အူ) ရစ်နာတာအတွက်လဲ သုံးတယ်။ နှာရည်၊ ချွဲ၊ သလိပ်၊ အစာခြေရည် စတာတွေ အထွက်သက်သာအောင်လဲ သုံးတယ်။ (ပါကင်ဆိုနဇင်) ရောဂါ အတွက်လဲသုံးတယ်။ အရင်တုံးက ဘိန်းဖြူနဲ့ ကိုကိန်း ဆေးဖြတ်တာမှာသုံးတယ်။ အိပ်ဆေးအဖြစ်လဲရတယ်။ ဘိန်းပါတဲ့ အနာသက်သာဆေးနဲ့ရောပြီး စိတ်ငြိမ်ဆေးအနေနဲ့သုံးတယ်။ ဥပမာ (မောဖိန်း)။ သားဖွါးခန်းမှာလဲ ငြိမ်ဆေးအဖြစ် သုံးကြတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မသုံးသင့်ဘူး။ အထဲကကလေးကို ထိခိုက်စေနိုင်တယ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ သူငယ်အိမ်ကျယ်သွားလို့ မျက်စိဝေဝါးနေမယ်၊ နှလုံးခုန်မြန်မယ်၊ အာခေါင်ခြောက်မယ်၊ ချွေးထွက်နည်းမယ်။ ရေငတ်မယ်။ ဝမ်းချုပ်မယ်။ ဆီးသွားရခက်မယ်။ များသွားရင်၊ ကိုယ်ပူမယ်။ ဂနာမငြိမ်ဖြစ်မယ်။ စိတ်ရှုတ်ထွေးစေမယ်၊ ဒေါသကြီးစေမယ်၊ စကားပြောတာ လုံးထွေးနေမယ်၊ သူများတွေ မမြင်-မကြားတာတွေ မြင်ရ-ကြားရမယ်၊ တောင်စဉ်ရေမရဖြစ်မယ်၊ အမှားတွေလုပ်နေမယ်။ မှတ်ဉာဏ်လျော့နည်းစေတယ်။

တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဘို့ဆိုပြီး သုံးတယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဘို့အတွက်လဲ သုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုတ်ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီး တိုက်တယ်။ အစေ့နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။

၉-၇-၂ဝ၁ဝ နေ့သတင်းမှာ အမေရိကား၊ တောင်ကယ်ရိုလိုင်းနားမယ် လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြို သောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း) ခေါ်တဲ့ သူများ မမြင်တာတွေကိုမြင်၊ သူများ မကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေ ဖြစ်စေတယ်။ ဒါ့ပြင် နှလုံးခုန် တအား မြန်လာပြီး၊ သေလောက်အောင် ဆိုးတဲ့ နှလုံးခုန် မမှန်တာနဲ့ ပန်းနာထသလို အဆုပ်လေပြွန်တွေ ကျဉ်းတာတွေ ဖြစ်လာမယ်။ ရောဂါဗေဒ ဂျာနယ်မှာ ဒီဆေးရဲ့ (ဟယ်လူစီနေးရှင်း) သတ္တိဟာ စိတ်သာယာဘို့ထက် ကြောက်မက်ဖွယ် ဖြစ်စေတယ်လို့ ရေးထားတယ်။ အနည်းဆုံး ခဏတာ ရူးသွပ်စေတယ်။

ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့ လူတယောက်ကို (ဆွစ်) သဘာဝသိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငု လေ့လာတယ်။ ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကိုစိုက်ကြည့်နေတယ်။ ပါးစပ်ကို စိနေအောင် ပိတ်ထားတယ်။ နှာခေါင်းက ပြားချပ်နေတယ်။ နဖူးမှာ ချွေးစီးတွေ ပျံလာတယ်။ လူသေလိုဘဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေ ထောင်နေတယ်။ အသက်ရှူတာလဲ ရင်ပတ်က ခပ်နှေးနှေး ဖေါင်းလိုက်-ပြားလိုက်နဲ့ တစီစီမည်နေတယ်။ လက်နှစ်ဖက်က တင်းပြီး ဘေးချထားတယ်။ မျက်လုံးက မျက်ရည်တွေ အများကြီး စီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိ ဖြစ်လာတယ်။ အသက်ရှူမြန်လာတယ်။ ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။ ဒိနောက် အဲလိုဖြစ်တာတွေက ပြင်းထံလာတယ်။ မျက်လုံးတွေ နီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာ ကြွက်သားတွေ တွန့်လှုတ်လာတယ်။ တဝက်တပျက် ပွင့်နေတဲ့ ပါးစပ်က အမြှုတ်ဖြူတွေထွက်လာတယ်။ လည်ပင်းကြောတွေ လှုတ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာတိုတောင်းပြီး မြန်လာတယ်။ ရင်ပတ်လှုတ်နေတယ် မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တကိုယ်လုံး စိုရွဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်နေလိုက် အသံကျယ်ကြီးနဲ့ အော်လိုက်။ ဘာသံတွေလဲ ခွဲလို့မရဘူး။

ကိုလမ်ဘီယာနိုင်ငံမှာ လမ်းဘေးဆေးဝါးအဖြစ် သုံးကြတယ်။ အမှုံ့ကိုသုံးတယ်။ ပုံမှန်စိတ်တွေ ပျောက်သွားစေမယ်။ သေချင်လဲ သေသွားမယ်။ စုန်းမှော် အတတ်ပညာမှာလဲသုံးတယ်လို့ သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လဲ နာမည်ရတယ်။ ဖုတ်ကောင်တွေလိုဖြစ်စေလို့ပါ။
ချိုချဉ်၊ စီးကရက်၊ ချူးယင်းဂမ်း၊ ဘီယာစတာတွေထဲမှာခပ်ပြီး မတော်မတရားအလုပ်ခံရနိုင်တယ်။ ခံရသူတွေကို ဆေးရုံတင်ကုသရတယ်။ စိတ်မူမမှန်ဖြစ်နေမယ်။ ကိုယ်ပူမယ်။ ချွေးမထွက်ဘူး။ Date rape drug ခေါ်တဲ့ ပါတီဆေး၊ ရက်ချိန်းနဲ့မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။ နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလဲ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ် လှို့ဝှက် ပုလိပ်တွေက သုံးတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ