ကျန်းမာအောင် ဘာတွေ စားကြ မလဲ


မကြာသေးမီက ကျန်းမာရေးဌာနမှ အစားအသောက် များကိုစစ်ဆေးခဲ့ရာ ရန်ကုန်မြို့အတွင်း စားသောက် ကုန်ရောင်းချသည့်ဆိုင်များမှ 'နနွင်းမှုန့်' များတွင်
ဆိုးဆေးများပါဝင်ကြောင်း တွေ့ခဲ့ရသည်။ တံဆိပ်အမျိုးမျိုးနှင့် နနွင်းမှုန့် ၁ဝ မျိုးကိုစစ်ဆေးခဲ့ရာ ရှစ်မျိုးတွင် ဓာတုဗေဒ အရောင်ဆိုးဆေးများပါဝင်ကြောင်း တွေ့ခဲ့ရသည် ကျန်းမာအောင် ဘာတွေစားကြမလဲ မကြာသေးမီက ကျန်းမာရေးဌာနမှ အစားအသောက် များကိုစစ်ဆေးခဲ့ရာ ရန်ကုန်မြို့အတွင်း စားသောက် ကုန်ရောင်းချသည့်ဆိုင်များမှ 'နနွင်းမှုန့်' များတွင် ဆိုးဆေးများပါဝင်ကြောင်း တွေ့ခဲ့ရသည်။ တံဆိပ်အမျိုးမျိုး နှင့် နနွင်းမှုန့် ၁ဝ မျိုးကိုစစ်ဆေးခဲ့ရာ ရှစ်မျိုးတွင် ဓာတု ဗေဒအရောင်ဆိုးဆေးများ ပါဝင်ကြောင်း တွေ့ခဲ့ရသည် ဟုဆိုသည်။ ဆိုးဆေးအပြင် နနွင်းမှုန့်ထဲတွင် ဆန်မှုန့်၊ ပဲမှုန့်များပါ ရောနှော ထားသည်ဟု ဆိုသည်။ မသမာမှုများ ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ (၂ဝ၁၁)တွင် ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းအရ ဈေးများမှ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် တံဆိပ်ကွဲကိုးမျိုး၊ ငရုတ်ကောင်းမှုန့်သုံးမျိုးနှင့် ဇီရာမှုန့်တို့ကို ဝယ်ယူစစ် ဆေးခဲ့ရာ ခွင့်မပြုသည့် အရောင်ဆိုး ဆေးများ ရောနှော ပါဝင်နေကြောင်း တွေ့ရသည်။

အဆိုပါဆိုးဆေးများသည် ရေရှည်စားသုံးပါက အသည်းကင်ဆာနှင့် ဗဟိုနာဗ်ကြောမကြီးကို ထိခိုက် သည့်ရောဂါဖြစ် စေနိုင်ကြောင်း ဖော်ပြထားပါသည်။ စစ်ဆေးခဲ့သည့် ငရုတ်သီးမှုန့်ကိုးမျိုးအနက် နှစ်မျိုးတွင် သဲမှုန့်၊ ဖုန်မှုန့်များ ရောနှောပါဝင်နေပြီး ငရုတ်ကောင်းမှုန့် တစ်မျိုးတွင် အခြားအပင်အစိတ်အပိုင်းများ ပါဝင်နေသည်ဟုဆိုသည်။

နနွင်းမှုန့်သည် အရှေ့တိုင်းအစားအစာဖြစ်သည်။ အနောက်တိုင်းတွင် သိပ်မစားကြ။ သို့သော် လေ့လာ တွေ့ရှိချက်များ အရ အရှေ့တိုင်းသားများ အသက်ကြီး လာလျှင် ''ပါကင်ဆန်''ရောဂါအဖြစ်နည်းရခြင်းမှာ နနွင်းမှုန့်တွင်ပါဝင်သော ဓာတ်တစ် မျိုးကြောင့်ဟု သိလာရသဖြင့် အနောက်တိုင်းတွင် နနွင်းမှုန့် ခေတ်စားလာသည်။

နနွင်းမှုန့်ကို ဆေးပြားအဖြစ် ထုတ်လုပ်ရောင်းချသည် အထိဖြစ်လာခဲ့သည်။

စားသုံးသူများမှာ ယနေ့ခေတ်တွင် ''ဘာကိုယုံရမလဲ'' ဆိုသောအခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ အားလုံး အတုတွေ၊ ဆိုးဆေးတွေ၊ အရောအနှောတွေ ဖြစ်နေပြီး အစစ်အမှန်ရဖို့ခက်ခဲသော အခြေအနေပင် ဖြစ်သည်။

မီးဖိုချောင်တွင် စားသုံးဆီမှအစ ငါးပိ၊ ငံပြာရည်၊ ငရုတ်သီးခြောက်မှုန့်၊ နနွင်းမှုန့်၊ မဆလာ၊ ငရုတ်ကောင်း၊ ဇီရာ စသည့် ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းအားလုံးသည် သဘာဝအတိုင်းမဟုတ်ကြပေ။ တစ်နည်းနည်းဖြင့် အမြင်လှပအောင် ဖန်တီးပြုပြင် ထားသည်ချည်းသာဖြစ်သည်။

တစ်လောက ပဲရာဇာ(ပဲနီလေး) ဟင်းချိုသောက်ချင် သဖြင့် ဈေးမှဝယ်ယူခဲ့ပြီး ရေဆေးလိုက်ရာ ရေတွင် အနီရောင် ဆိုးဆေးများ ကျွတ်လာပြီး ပဲနီလေးမှာ ပဲဖြူ လေးဖြစ်နေကြောင်း တွေ့ရပါသည်။ ပဲနီလေးမှာ ပဲဖြူ ထက်ဈေးပို ပေးရသဖြင့် အရောင်ဆိုး ထားခြင်းဖြစ်သည် ဟုနောက်မှသိရပါသည်။

မြန်မာလူမျိုးများသည် နံနက်စာ ပဲပြုတ်၊ ထမင်း ကြမ်းနှင့် အကြော်စားလေ့ရှိကြပါသည်။ လွန်ခဲ့သော နှစ်က ဆရာဝန်တစ်ဦး၏ ဆောင်းပါးတွင် အကြော်ဆိုင်တွင် ဆီပူဒယ်အိုး အတွင်းသို့ ပလတ်စတစ် သောက်ရေ သန့်ဘူးခွံနှစ်ဘူး ထည့်လိုက်ရာ ပျော်ဝင်သွားသည်ကို မျက်မြင်တွေ့ရကြောင်း ရေးထားပါသည်။

အကြော်သည်ကိုမေးကြည့်ရာ ဆီကုန်သက်သာကြောင်းနှင့် အကြော်အရောင် လှအောင် သောက်ရေ သန့်ဘူးခွံ ထည့်ကြော်ရ ကြောင်းနှင့် အခြားအကြော်သည်များလည်း အကြော်ကြွပ်ရွအောင် ဤသို့ပင်ရောကြ ကြောင်းပြော သည်ဟု ရေးထားသည်ကိုဖတ်ရသည်။ ထိုအချိန်ကတည်းက အကြော်စုံတွေကိုမစားရဲတော့သည်မှာ ယနေ့ အထိဖြစ်သည်။

အခြားတိုင်းပြည်များတွင် မတွေ့နိုင်သည့် လက်ဖကရည်ဆိုင်ထိုင်ခြင်းဓလေ့မှာ မြန်မာပြည်တွင် လွှမ်းမိုးနေ ပြီဖြစ်သည်။ ရပ်ကွက်တစ်ခု၊ လမ်းတစ်လမ်းထဲမှာပင် လက်ဖက်ရည်ဆိုင် သုံးဆိုင်လေးဆိုင်တွေ့မြင်နေရသည်။ အချို့လက်ဖက် ရည်ဆိုင် နာမည်ကြီးများမှာ ကားရပ် စရာပင် နေရာမရဖြစ်နေသည်။

လက်ဖက်ရည်ဆိုင်များတွင် ဆိုးဆေးမကင်းကြောင်း သက်ဆိုင်ရာမှ စစ်ဆေးသတိပေးပြီးဖြစ်သည်။ ရေနွေး ကြမ်းတွင် ခတ်သော လက်ဖက်ခြောက်မှာလည်း ဆိုးဆေး အနီရောင်များပါဝင်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။ လူတွေနေ့စဉ် လက်ဖက်ရည်ဆိုင်ထိုင်ပြီး ရောဂါ ဝယ်ယူနေသလိုပင်ဖြစ်နေပြီ။

တစ်ခါက မိတ်ဆွေတစ်ဦးနှင့် မတွေ့ရတာကြာပြီဖြစ်၍ ဧည့်ခံရင်းလက်ဖက်ရည်ဆိုင် ဝင်ထိုင်မိကြပါသည်။ အခန့်မသင့်၍ လက်ဖက်ရည်သောက်ရင်း စာရေးသူ၏ တိုက်ပုံအင်္ကျီအဖြူပေါ်သို့ဖိတ်ကျခဲ့သည်။ အိမ်ရောက်ပြီးနောက် ၎င်းတိုက်ပုံကို ဆပ်ပြာနှင့် လျှော်သောအခါ လက်ဖက်ရည်အနီရောင် အစွန်းအထင်းမှာ မကျွတ်ဘဲ ကျန်နေသည်ကိုတွေ့ရပါသည်။ ဆိုးဆေးဖြစ်၍ အစွန်း မကျွတ်ခြင်းဖြစ်သည်။

မကြာသေးမီက စာရေးသူ၏ နှစ်နှစ်သားအရွယ် မြေးကလေးကို အိမ်နီးချင်းနိုင်ငံကြီး တစ်ခုမှထုတ်လုပ်သော ကစားစရာအရုပ် ကလေးတစ်ရုပ်ဝယ်လာပေးဖူးသည်။ ထိုအရုပ်ကလေးသည် မတော်တဆရေထဲသို့ လွတ် ကျသွားခဲ့ သည်။ အလုပ်မအားလပ်သဖြင့် အချိန်တစ်နာရီ ခန့်ကြာမှ ဆယ်ယူပေးခဲ့ရာ ဆေးရောင်များကျွတ်နေ သည်ကို တွေ့ရသည်။ ကလေးကစားစရာ အရုပ်များမှ ဓာတုဆိုးဆေးများကြောင့်ရောဂါရနိုင်ကြောင်း စာစောင်တစ်ခုတွင် ဖတ်ခဲ့ဖူး သည်ကို ပြန်သတိရမိပါသည်။

အမေရိကတွင် နိုင်ငံခြားမှဝင်လာသော ကလေး ကစားစရာများအတွက် အန္တရာယ်ရှိသောအရောင်ဆိုး ဆေးများ ပါဝင်သဖြင့် ဖျက်ဆီးပစ်သည့် အကြောင်းလည်းဖတ်ရဖူးသည်။ ကလေးများသည် ကစားစရာ အရုပ်များကို စားစရာ အမှတ်ဖြင့် ပါးစပ်ထဲသို့ထည့်ခြင်း၊ ကိုက်ဝါးခြင်းများ ပြုလုပ်လေ့ရှိသဖြင့် အရုပ်ဝယ်ပေးလျှင် အရောင်ဆိုးဆေးများ ကလေးပါးစပ်ထဲသို့ မဝင်အောင် အထူးသတိပြုဖို့လိုပါသည်။

အစာလည်းဆေး၊ ဆေးလည်းအစာဟုဆိုသော်လည်း ရောင်းတမ်း ရောင်းချနေသော တိုင်းရင်းဆေးအချို့တွင်လည်း ဓာတုဗေဒဆိုးဆေးများ သုံးစွဲနေကြသည်ဟု ပရ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြပါသည်။ သွေးဆေးကို မြန်မာလူမျိုး တိုင်း တောရောမြို့ပါ သုံးစွဲသည်။ သွေးဆေးတွင်ပါဝင်သော အနီရောင်မှာ စန္ဒကူးနီနှင့် နံ့သာနီမှ ထွက်သော အရောင်ဖြစ်သည်။

ရိုးရိုးသစ်သား တုံးကို အနီရောင်ဆိုးပြီး စန္ဒကူးနီ၊ နံ့သာနီပြုလုပ်ပြီး အခြား ဆေးအမည်များနှင့် ရောနှောကြိတ် လိုက်သော အခါ သွေးဆေးများတွင် စားသုံးရန် မသင့်သည့် ချည်ဆိုးဆေးများ ပါဝင်နေသည်ဟုပြောသည်။ ၎င်းဆိုးဆေးများကြောင့် ကင်ဆာဖြစ်နိုင်ကြောင်းသိရသည်။

စာရေးသူတို့ငယ်စဉ်က မိခင်ကြီးက ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းပေးလေ့ရှိသည်။ သနပ်ခါးမလိမ်းမီ ကျောက်ပြင်ပေါ်မှ သွေးပြီးသားသနပ်ခါးအနည်းငယ်ကိုလက်ညှိုးနှင့်တို့ပြီး လျှာပေါ်သို့ခွံ့ပေးလေ့ရှိသည်။ အပူငြိမ်း ဆေးအဖြစ် ကျွေးခြင်း ဖြစ် သည်ဟု ဆိုသည်။

မကြာမီက သနပ်ခါး အပွေးကောင်းသည်ဆိုပြီး ဝယ် လာသူအိမ်ရှင်မတစ်ဦးသည် အိမ်ရောက်သောအခါ သနပ်ခါးတုံးကို သွားပွတ်တံဖြင့် ပွတ်ဆေးသောအခါ အညိုရောင်ဆေးများ ကျွတ်ထွက် လာသည်ဟုပြောသည်။

၎င်းအညိုရောင်များမှာ ရှားစေးမဟုတ်၊ ပိုးချည်ဆိုးဆေး များဖြစ်ကြောင်း သိရသည်။ သနပ်ခါးအပွေးလှအောင် အက်ကြောင်းများကြားတွင် ဆေးဆိုးကြသည်ဟု သိရလေသည်။ မြန်မာ့ရိုးရာစစ်စစ် သနပ်ခါးမှာပင် ဆိုးဆေးမလွတ်။

မျှစ်ကြိုက်သူများမှာလည်း ယခုအခါမစားရဲကြ။ ဈေးထဲတွင် ရောင်းချသောမျှစ်များမှာ နီနီရဲရဲဆိုးဆေးများ ဆိုးထား ကြသည်။

ဆိုးဆေးလွတ်သော မျှစ်ကိုဝယ်လိုလျှင် ဈေးသည်ကို သီးသန့်မှာယူမှသာလျှင် ရနိုင်သည်ဟုဆိုသည်။ ကလေးများ စားသော ဂျယ်လီ၊ သကြားလုံးများမှာ ဆိုးဆေးအရောင်များ လွန်ကဲစွာသုံးထားသည့်အပြင် သကြားအတု၊ ဆေးသကြား များ ပါသဖြင့် ချောင်းဆိုး ရောဂါ၊ ရင်ကျပ်ရောဂါများ အဖြစ်များ လာသည်။ ဆေးခန်းလာသော ကလေးငယ် အတော်များများမှာ ထိုအစား အသောက်များကြောင့်ဖြစ်သည်။

လမ်းဘေးတွင်ရောင်းချသော ဝက်သားတုတ်ထိုးများမှာ အရောင်ဆိုးဆေးများ သုံးထားသည့်အပြင် မရောင်းရလျှင် ကြိမ်ဖန် များစွာ ပြန်နွှေး ရောင်းချသဖြင့် အစာအိမ်နှင့် အူမကြီးရောင်သော ရောဂါများအပြင် ကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း ဆရာဝန်ကြီးတစ်ဦးက ပြောပါသည်။

အထက်ပါ အကြောင်းအရာများကို လေ့လာကြည့်လျှင် ကျန်းမာလိုသောသူတစ်ဦးအဖို့ မည်သည့်အစား အသောက်ကို စားရမည်မှန်းမသိနိုင်အောင်ဖြစ်နေမည်ဟု ထင်ပါသည်။ တိုးတက်လာသော ခေတ်နှင့်အမီဆန်းသစ် တီထွင်မှုများလည်း တိုးတက်လာသည်။ အတုပြုလုပ်သူ များအတွက် ဓာတုဗေဒပစ္စည်းများသည် ပေါပေါများများ လွယ်လွယ်ကူကူ ရရှိနေခြင်းကြောင့် ပင်ဖြစ်သည်။

ရှေးကမြန်မာများသည် အိမ်နောက်ဖေး ဈေးဆိုင်တည် ဟုဆိုကာ မိမိစားသောက်ရန် ဟင်းသီးဟင်းရွက်များကို အိမ်နောက်ဖေး မြေပိုလေးတွင် စိုက်ကြသည်။ အိမ်ရှေ့တွင် အရိပ်ရစေရန် ဘူးပင်ကိုစင်ထိုးပြီးစိုက်ကြသည်။ လတ်ဆတ်သော ခြံထွက်သီးနှံကိုစားရပြီး ဈေးဖိုးလည်း ချွေတာရာရောက်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်က ကိုယ့်အိမ်မှာမြေပိုရှိရင် သီးပင်စားပင်စိုက်စားကြပါ။ ခင်ဗျားတို့ ဒီနေ့စားနေတဲ့ အာလူးဆိုတာ အိန္ဒိယကနေလာတာ။ ကျွန်တော်ဆိုရင် ကျွန်တော့်အိမ်ကခြံမှာ အာလူးကိုစိုက်တယ်ဟု ပြောခဲ့ဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း မိသားစု ပေါက်တူးကိုင်၍ စိုက်ပျိုးရေးလုပ်နေသည့်ဓာတ်ပုံကို စာရေးသူငယ်စဉ် ကတွေ့ဖူးပါသည်။

ယခုအခါ ရှေးကလို အိမ်တိုင်းမြေလွတ်မရှိ၊ စိုက်ဖို့ပျိုးဖို့မလွယ်။ ရှိသမျှမြေအပိုကိုရောင်းချပြီး အထပ်မြင့် တိုက်များ ပေါ်ပေါက်လာခဲ့ပြီ။ တိုက်ပေါ်မှာ မွေးသော ကလေးအချို့ မြေကြီးပင် မမြင်ဖူးကြ။ ကျေးလက်တောရွာမှာနေကြသည့် တောင်သူများမှာလည်း သဘာဝ အတိုင်း စိုက်ပျိုးကြသည်မဟုတ်တော့။ မြေသြဇာများနှင့် သီးနှံကြီးထွားသည့် ဓာတုဗေဒဆေးများ သုံးစွဲမှုကြောင့် စားသုံးသူများမှာ အာဟာရမဖြစ်ကြ။ ပိုးသတ်ဆေးများပါသည့် အစားအသောက်ကို သေချာစွာ ရေဆေးပြီး မသုံးစွဲသဖြင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်လေသည်။ လူ့ဘဝသက်တမ်းစေ့နေနိုင်ရေး၊ ကျန်းမာစွာ နေနိုင်ရေးအတွက် အစားအသောက်များကိုမစားမီ စစ်ဆေး ပြီးမှသာ စားသုံးသင့်သည်။ အရသာရှိတိုင်း မကောင်းပါ။ အရောင်လှတိုင်းမစားချင်ပါနှင့်။ သဘာဝထက်ပို၍ ကြီးထွားသောသီးနှံများကို မစားသုံးသင့်ပါ။ အသီးအနှံ အစားအစာများကို မချက်ပြုတ်မီ ရေဖြင့်နှစ်ထပ်သုံးထပ် စင်ကြယ်စွာဆေးပြီး အရောင်ပျက်ပြယ်သွားလျှင် မစား သင့်ပါ။ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် စသောဟင်းခတ်မှုန့်များကို အစစ်အမှန်ရောင်းချကြောင်း စိတ်ချရသည့်ဆိုင်များ မှသာဝယ် ယူသုံးစွဲပါ။ ချက်ပြုတ်ပြီးနောက် အရောင် ပြောင်းသွားသော အစားအသောက်များကိုလည်း သတိ ထားသင့် သည်။ အစားသည် အာဟာရမဖြစ်ဘဲ ရောဂါဖြစ်စေနိုင်ကြောင်း အသိပေးတင်ပြလိုက်ရပါသည်။ ။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ