Breast Enlargement ရင်သားအမေး


သမီးတို့သူငယ်ချင်းတွေက အိမ်ထောင်သည်တွေပါဘဲရှင့်။ ကလေးအမေဖြစ်ပေမယ့်လည်း ရင်သား မဖွံ့ဖြိုးပါဘူးရှင့် ။ အလှကုန်ပစ္စည်းဆိုင်မှာ လိမ်းဆေးတွေ ခရင်တွေအမျိုးစုံပါတယ် ။ ဘေးထွက် ဆိုးကျိုးမရှိဘူးလို့ ပြောကြတာပါပဲ။ အဲဒါတွေသုံးရင် ရင်သားကင်ဆာဖြစ်နိုင်ပါလားဆရာ။ ဖြေပေးပါနော်။ မှားတာရှိရင် ရှိခိုးတောင်းပန်ပါတယ်ဆရာ
ကျန်းမာရေးမေးခွန်းတွေ ဟာ စုလာတတ်တယ် ။ ဒီလိုမေးခွန်းမျိုးကို ကြော်ငြာပုံတခုနဲ့ မနက်ကပဲတယောက်က မေးသေးတယ်။

ရင်သားမှာ ကြွက်သားမပါဘူး။ အဆီနဲ့ အရွတ်သာ ရှိတယ်။ ထူးခြားတာက နို့ထွက်အိတ်၊ နို့ထွက်ပြွန်တွေ၊ အစုလိုက် ရှိနေတယ်။ အရွယ်အစားကိုဖြစ်စေတာက အဆီတရှူးနဲ့ နို့အိတ် တရှူးတွေဖြစ်တယ် ။  နို့ထွက်အိတ်တွေက နို့ထွက်ဘို့အတွက်ဖြစ်တယ် ။ အရွယ်အစားကြီးဘို့ဆိုရင် အဆီများနေရမယ်။ တယောက်နဲ့တယောက်၊ တယောက်တည်းမှာလည်း တဖက်နဲ့တဖက် မတူကြတာများတယ်။ အဆီနဲသူနဲ့ နည်းတဲ့ဘက်က ပိုတင်းမာနေမယ်။ အရွယ်ငယ်သူတွေလိုပေါ့။ နို့သေးတာဟာ ပြွန်နည်းနေတာမဟုတ်ပါ။ အဆီနဲတာသာဖြစ်တယ်။ ဒါ့ကြောင့် ကလေးနို့တိုက်ဘို့ ကြိုတင်ပူစရာ သိပ်တော့မရှိပါ။ အဆီတွေ ရင်သားမှာသာလာစုအောင် အဆီများများစားလို့လဲ မရပြန်ဘူး။

ရာသီတလတိုင်းမှာ ဟော်မုန်းကြောင့် ရင်သားကို အပြောင်းလဲတွေဖြစ်စေတယ်။ ရုတ်တရက်ချက်ချင်း ပြောင်းတယ်။ ရာသီလာတော့မယ်ဆိုရင် အီစထိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်းတွေ များနေတာမို့ ရင်သားတင်းမာနေတယ် ။ နာတတ်တယ်။ သွေးဆင်းပြီးရင် ပြော့လာပြန်တယ်။ ကိုယ့်ကိုယ်ကို ရင်သားမှာအကျိတ် ရှိ-မရှိ စမ်းချင်ရင် ဒီချိန် အကောင်းဆုံးဘဲ။ မင်မိုဂရမ်ရိုက်တာလဲ ဒါအချိန်ကောင်းဘဲ။
ကိုယ်ဝန်ကြောင့်လဲ အဲလိုဘဲ ။ ကိုယ်ဝန်ဆောင် ၇-၈ ပါတ်မှာ နို့အခြေအနေ ပြောင်းပြီ။ ၁၂-၁၆ ပါတ်ရှိလာမှ သိသာတယ်။ ၄ လရောက်ရင် တမျိုးတိုးလာတဲ့ ဟော်မုန်းတန်ခိုးနဲ့ နို့ထွက်ပြွန်တွေ ကြီးထွားလာမယ်။ ကလေးမွေးပြီး အချင်း ထွက်ပြီးတာနဲ့ အရည်ကြည်သာ ထွက်နိုင်ခဲ့တဲ့ နို့ရည်က အဖြူရောင် တကယ့်နို့ထွက်စေဘို့ နောက် ဟော်မုန်းတွေကနေ ဆောင်ကျဉ်း ပေးလိမ့်မယ် ။ နို့အရွယ် မငယ်သူတွေလဲ ကလေးဖွါးပြီး နို့ထွက်နည်းတာဖြစ်ပါတယ်။ ဒီတော့ ရင်သားအရွယ် ငယ်ပေမဲ့ နို့ကောင်းကောင်း ထွက်နိုင်မှာကိုလဲ မှန်းထားလို့ ရပါတယ်။ စိတ်က အရေးပါတယ်။
ရင်သားဖွံ့ထွားအောင်လုပ်နည်းရယ်လို့တော့ မရှိပါ။ ဒါပေမဲ့ ကျန်းမာရေး (အစ်ရှူး) တခုဖြစ်တာမို့ ဆရာဝန်တွေ ဝင်ပါလာရတယ်။ ဘယ်နေရာမဆို စီးပွါးရေးကလဲ ပါနေတာမို့ ကြော်ငြာတွေ များသလား မမေးနဲ့။ ကောင်းတယ်၊ ရမယ်ပြောတာတွေမှာ ဆရာဝန်တွေမပါတာ များတယ်။ ဒါပေမဲ့ ဆရာဝန်မှ ဆေးကုကြတာ မဟုတ်ဘူး။ နောက်ပြီး၊ ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ဘယ်လောက်လက်ဆောင်ပေးခဲ့တယ်။ ဆရာဝန်တွေ ဆေးလက်မှတ်ရေးပေးတဲ့ အကျင့်လိုက်ပြီး ကုမ္ပဏီတွေကနေ ဆေးထုတ်နေတယ်ဆိုတဲ့ သတင်းတွေက ပူပူနွေးနွေး ရှိသေးတယ်။
နည်းရှိသမျှကို ချုပ်ရရင်
• Herbal ဆေးဘက်ဝင်ပစ္စည်းများ၊ Breast Enhancement Pills စားဆေး၊
• Breast massage နှိပ်နယ်နည်း၊
• Exercise လေ့ကျင့်ခန်း၊
• Breast pumps ကရိယာနဲ့ စုပ်ပေးတာ၊
• Surgery ခွဲစိတ်ပြုပြင်နည်းတွေ ဖြစ်တယ်။
ဆေးဘက်ဝင်ပစ္စည်းတွေထဲမှာ Fenugreek, Saw Palmetto, Fennel, Dong Quai, Mexican wild yam, Damiana နဲ့ Blessed thistle တွေဖြစ်တယ်။ Red clover နဲ့ Black cohosh တွေလဲပါသတဲ့၊ မများစေနဲ့လို့ ပြောတယ်။ မြန်မာလို့ နာမည်တွေ မသေချာပါ။ သိဘို့မလိုလောက်ပါ။ ဆေးလုံးဆိုတာတွေမှာလဲ ဟာဘယ်တွေသာပါတာပါ။ အချိန်တော့ ၂ လ လောက် ယူရတယ်လို့ပြောတယ်။ လိမ်းဆေးတွေလဲ လုပ်ရောင်းပါတယ်။ ထိရောက်မှု ဆေးသုတေသနမလုံလောက်ပါ။
ရင်သားကိုနှိပ်ပေးနည်းမှာ သူများဆီမှာတော့ သံလွင်ဆီသုံးတယ်။ ကိုယ့်လူမျိုးတွေအတွက် နှမ်းဆီကိုလိမ်းရင်လဲ ရင်သားကြီးစေမယ်၊ တင်းနေစေမယ်တဲ့။ ဘယ်ကနေဘယ်လို နှိပ်ပါဆိုတာတွေကို ကြော်ညာသလို မရေးတော့ပါ။ ဗီဒီယို ကြော်ညာတွေကို ကျန်းမာရေးအတွက် ဟုတ်တယ်မထင်ပါ။ နေရာအနှံ့နဲ့ အချိန်မှန်ဘို့သာ လိုပါမယ်။ ညောင်းလို့ နှိပ်တာမျိုးလို ကြွက်သားအနေအထားသိနေဘို့ မလိုပါ။
လေ့ကျင့်ခန်းဆိုတာ push-up လုပ်တာပါ။ ကြမ်းပြင်မာမာမှာ မှောက်အိပ်ပါ။ ဒူးကွေးပါ။ ခြေခြင်းဝတ်နှစ်ဖက် ကန့်လန့် ချိတ်ပါ။ လက်ဝါးနှစ်ဖက်ကို ပခုံးအတိုင်း တတန်းထဲထားပြီး၊ တဒေါင်ဆစ်ကို ကွေးပါ။ တဒေါင်နဲ့ လက်ဝါးကိုထိန်းညှိပြီး ကိုယ်ကို အထက်မပေးပါ။ ခြေချင်းဝတ်ချိတ်တာ မဖြေပါနဲ့။ နောက် ကိုယ်ကို ဖြေးဖြေးချင်း အောက်ချပါ။ ၁ဝ ကြိမ် ဆက်လုပ်ပါ။ နောက်ရက်တွေမှာ တိုးလုပ်ပါ။ တပါတ်မှာ ၂-၃ ကြိမ်လုပ်ပါ။ အားကစားဝတ်စုံနဲ့ဆို ပိုကောင်းတယ်။
နောက်ဆုံး လှချင်သူများ စီလီကွန်ထည့်ကြရတယ်။ ၂ဝဝ၆ American Society of Aesthetic Plastic Surgery အရ အမျိုးသမီး ကြီး-ငယ် ၃ဝ၃၃၃၆ ယောက် breast augmentation surgery ခွဲစိတ်ကုသမှုလုပ်ခဲ့ကြပါသတဲ့။ ၁၉၉၇ ကနေ တွက်ရင် ၄၄၆% တိုးလာတာတဲ့။ နောက်ဆက်တွဲဖြစ်တာမရှိသူများကတော့ ဒစ်စကိုသွားဘို့၊ ရုပ်ရှင်ရိုက်ဘို့တော့ ကောင်းတာပေါ။ လှချင်သူများ လှနိုင်ကြလို၊ ကလေးငယ်များလည်း မိခင်နို့ချိုဝကြပါစေ။ လှချင်သူတွေ လှကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ