Gua Sha မက်ကလောင်


Jun 15th, 12:09am ကျွန်တော့အစ်မဖြစ်နေလို့ပါဆရာ။ မြစ်ကြီးနားမှာပြတော့ trimetazidine ကိုပေးလိုက်တာ အဲဆေးကို သောက်တော့လဲ မသက်သာဘူး။ အစ်မ အသက်က ၃၃ နှစ်ပါ။ မက်ခလောင်ထလာရင် ခေါင်းမှုးပြီး မျက်လုံးဖွင့်လို့တောင်မရဘူးလို့ ပြောတယ်ဆရာ။ ရှာခြစ်လိုက်ဆွဲလိုက်ရင် ကောင်းသွားတယ်လို့ပြောတယ်။ နေ့တိုင်းလိုလို ရှာခြစ်ရလို့ အသားတွေတောင် မာနေပြီလို့လဲ ပြောပါတယ်ဆရာ။ ဘယ်လိုဆက်လုပ်ရမလဲဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။ မနှစ်ကစစ်ထားတဲ့ သွေးအဖြေကို ပို့ပေးလိုက်ပါတယ်နော်ဆရာ။

ဆေးစစ်ချက်မှာ မကောင်းတာရယ်လို့ မတွေ့ပါ။ နှလုံးသွေးကြောကျဉ်းဆေး ဘာလို့ပေးသလည်း စဉ်းစားမရသေးပါ။ အမျိုးသမီး အသက် ၃၃ နှစ်ဆိုရင် ရာသီနဲ့ အိမ်ထောင်ရေး မသိသေးပါ။ ခံစားနေရတာကို တိတိကျကျသိချင်ပါတယ်။ ရောဂါအမည်တပ်တာ ဆရာဝန်နဲ့ဆေးစာမဟုတ်တာကို မသိချင်ပါ။ ပုံတွေပို့ရင် အစောင်းတွေ ဇောက်ထိုးတွေမပို့ဘို့ မေးခွန်းစည်းကမ်းမှာထည့်ထားပါတယ်။ မက်ကလောင်စာကို ဖေ့စ်ဘွတ်မှာ အခုပြန်တင်လိုက်ပါမယ်။

အရင်ကလည်း မေးဘူးတာတွေမနည်းပါ။ နမူနာလောက်သာထည့်ပါမယ်။
(၁) ကျမ ဘီပိုးအကူးခံရတာလည့်း့ မှာနေတုန်းက အသိဥာဏ်မဲ့စွာ တရုတ်အပ်စိုက်ခဲ့ပါတယ်။ ပြီးတော့ အကြောတက်လို့ဆိုပြီး သူငယ်ချင်းတရုတ်မက မက်ဂလောင်ခြစ်တယ်ဆိုပြီး ဇွန်းနဲ့ကြောကို သွေးစို့အောင် ခြစ်ပေးခဲ့ဘူးပါတယ်။ နောက်မှကျမ သိရတာကျမတို့နဲ့ တစ်အိမ်ထဲနေ မြန်မာတရုတ်မလေးမှာ HBeAg ရှိနေခဲ့တာပါဘဲ။ အဲဒီ မက်ဂလောင်ခြစ်တဲ့ဇွန်းကို အဲဒီကောင်မလေးကို ခြစ်လိုက် ကျမကိုခြစ်လိုက် လုပ်ခဲ့တယ်ဆိုတာ သိရပါတယ်။
(၂) ဆရာ တစ်ချို့လူတွေဟာ ခြေချောင်း၊ လက်ချောင်းလေးတွေယားလို့ဆိုပြီး ကြိုးနှင့်စည်းပြီး သွေးတွေ ဖောက်ပစ်ကြတယ်။ အဲလိုဖောက်လိုက်တော့ သွေးတွေမည်းမည်ကြီးတွေထွက်သွားပါတယ်။ အဲဒါ လုပ်သင့်ပါသလား။ ဘာကြောင့် သွေးတွေကအဲလိုမည်းသွားရပါသလဲ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။
(၃) ငှက်ဖျား-မက်ကလောင်-သွေးလွန်တုပ်ကွေး ဆက်စပ်မှုလေး သိချင်ပါတယ်ဆရာ။

ဒီနည်းနဲ့ဆေးကုတာ မြန်မာပြည်မှာ အခုထိလုပ်ကြတုံးဘဲ။ မက်ကလောင်ဖေါက်တယ်လို့ တချို့နေရာတွေမှာခေါ်တယ်။ ကြိုးနဲ့စည်းနှောင်တာမပြောနဲ့ လက်နဲ့ဆိုပ်ကိုင်ထားရင် ခဏနေတော့ ပြာ-ညို-မဲလာမယ်။ သွေးအသစ် မလာရ၊ သွေးအဟောင်း မပြန်ရလို့ဖြစ်တယ်။ ရောဂါမဟုတ်ပါ။ လူတိုင်းမှာ အဲလိုဖြစ်ပါတယ်။ အချိန်ကြာလေ မဲပြာလေ။ ကြာသင့်တာထက်ပိုကြာရင် တစ်ရှူးတွေသေတယ်။ ဒါကြောင့် မြွေကိုက်ရင် ကြိုးစည်းတာမှာ စည်းကမ်းချက်တွေ အသစ်သတ်မှတ်လာရတယ်။

ကိုယ်မကျွမ်းကျင်တာကို ဆရာမလုပ်သင့်သလို၊ ကိုယ်သိတာနဲ့မတူရင် အပြစ်တင် မစောသင့်ဘူး။ MBBS လို ပညာသာ သင်ထားသူတွေက မက်ကလောင်အပါအဝင် တခြားဆေးနည်းတွေကို ထောက်ပြတဲ့အခါ ဒေါသ၊ အာဃာတ လွတ်အောင် ဆင်ခြင်ရပါတယ်။ သိပ္ပံဘာသာအရ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမဲ့ ငြင်းပယ်လို့ မရတာတွေ တပုံတခေါင်းရှိတယ်။

အမေးကိုဖြေရာမှာ တခြားပုဂ္ဂိုလ်တွေ ထောက်ပြသတိပေးတာနဲ့ ကျားကူပါရစေ။
၁။ အဖျားကျအောင်လုပ်တဲ့ နည်းတွေထဲက အန္တရာယ်အကြီးဆုံးကတော့ မက်ကလောင်ဖောက်တာပဲ။ နှစ်စဉ် မက်ကလောင် ဖောက်တာကနေ ပိုးဝင်ပြီးတော့ အသက် ဆုံးရှုံးသွားတဲ့ ကလေးတွေ မနည်းလှဘူး။ (Dr. Junior)

၂။ မြင်းနီပျံ အမှတ်တံဆိပ်၊ မက်ကလောင် အဖျားဖြတ်ဆေးကြီး၊ နမ့်ခမ်မြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ခြင်္သေ့ကမ္ဘာ ငှက်ဖျား မက်ကလောင် ဖြတ်ဆေး တို့ကိုလဲ မှတ်ပုံတင်ထားခြင်းမရှိ၍ ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။ (လျှပ်တစ်ပြက် ဂျာနယ် Vol2 No.53 မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ)

၃။ သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး မိဘတွေရဲ့ အဓိကမှားယွင်းမှုကို သိချင်ပါတယ်။ မက်ကလောင် ဖောက်တာပါ။ ကလေးရဲ့ လက်ထိပ်ကလေးတွေကို အပ်နဲ့ဖောက်ပေးလိုက်ရင် လန်းသွားမယ် ဆိုကြတယ်။ အရမ်း မှားယွင်းပါတယ်။ သွေးဆိပ်တက်ပြီး သေဆုံးနိုင်ပါတယ်။ နောက် မှားယွင်းနေတဲ့ အချက် တစ်ချက်ကတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် သွေးသွင်းကြတာပါ။ သွေးလွန်တုပ်ကွေးဆိုတာ
 သွေးကြောနံရံတွေကို သွေးရည်ကြည်တွေ စိမ့်ထွက်စေတယ်။ ဒါပေမယ့် ငါးရက် ကျော်ရင် သွေးကြောထဲ အလိုလို ပြန်ဝင်လာတယ်။ မသိဘဲ အပြင်ကနေ သွေးတွေကို ထပ်ထည့်ရင် သာမန်ထက် လွန်ကဲတဲ့အတွက် ရုတ်တရက် နှလုံးခုန်ရပ်သွားတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်တိုင်း အရမ်း သွေးမသွင်းရပါဘူး။ ခန္ဓာကိုယ်ထဲက အရည် အပြင်ကို ဘယ်လောက် ထွက်သွားလဲဆိုတာ ချိန်ဆပြီး မှန်းရပါမယ်။ အရမ်းမလုပ်ပါနဲ့။ ကျွန်တော်တို့ ကလေး ဆေးရုံကြီးမှာ ခန္ဓာကိုယ်က ရေဘယ်လောက် စိမ့်ထွက်သွားလဲဆိုတာ တိုင်းတာတဲ့စက်တွေ ရှိပါတယ်။ (မြန်မာတိုင်း (မ်) အတွဲအမှတ် ၂၄၊ အမှတ် ၄၇ဝ)

၎။ အပူကြီးရင် အပူချပေးဖို့ လိုတယ်။ အပူချဖို့က ပါရာစီတမောက လွဲလို့ ဘာမှမသုံးသင့်ဘူး။ အကိုက်အခဲ ပျောက်ဆေး သုံးရင် သွေးယိုတာ ဖြစ်နိုင်ပါတယ်။ မက်ကလောင် ဖောက်တာလည်း မလုပ်သင့်ဘူး။ မက်ကလောင်က ပိုးဝင်ပြီး သွေးဆိပ်တက်ပြီးဆုံးနိုင်ပါတယ်ဟု အဆိုပါ ကလေးအထူးကုဆရာဝန်ကြီးကပြောကြားခဲ့သည်။ (Eleven Media Group)

ကျွန်တော့်အမြင် -
မက်ကလောင်လုပ်တာ ဘာကောင်းသလဲ။ လက်တွေ့ စမ်းသူတွေက ရောဂါသက်သာတယ်လို့ ပြောကြတာတွေ အသေအချာရှိမှာပါ။ ပူအောင်လုပ်ပေးရင် နာတာကိုသက်သာစေတယ်လို့ ဆေးပညာက လက်ခံပါတယ်။ သုတေသန လုပ်ရင် ရာနှုန်းများများ သက်သာတယ်ဆိုယုံနဲ့တော့ မရသေးပါ။ အပူချိန်ကိုတော့ ပြဒါးတိုင်နဲ့ တိုင်းလို့ရပေမဲ့ နာ-မနာကို တိုင်းစရာ မရှိပါ။ သက်သာတယ်လို့ ပြောတာက စိတ်ရဲ့အဆုံးအဖြတ်တခု ဖြစ်တယ်။ အနည်းဆုံးတော့ ငါ ကုသမှုတခု ခံယူလိုက်ပြီ၊ သူများတွေ ဒါလုပ်ရင်သက်သာတယ်လို့ ကြားဘူးတယ်ဆိုတဲ့ ယုံကြည်မှုကနေပါ သက်သာရာ ရစေနိုင်သေးတယ်။ သက်သာတယ် ထင်မှတ်လက်ခံရင် ကုသမှုရဲ့ ရည်ရွယ်ချက်ပြည့်တယ်လို့ ပြောရတော့မှာပါ။ မက်ကလောင် ခြစ်လို့၊ ဖေါက်လို့၊ လူရဲ့သွေးမှာ ဘာတွေထူးခြား ပြောင်းလဲစေသလဲ၊ ဘာ့ကြောင့်လဲ၊ စတာတွေပါ လေ့လာရပါအုံးမယ်။

သွေးထွက်အောင် ဖေါက်-ခြစ်တဲ့အတွက်ကတော့ သွေးလွန်တုပ်ကွေးမှာ ပိုဆိုးစေမှာ အမှန်ပါ။ ရောဂါကြောင့်လား၊ ဒါ့ကြောင့်လား အခွဲရခက်စေတယ်။ မက်ကလောင်အစွမ်းကြောင့် သွေးထွက်ရောဂါရှိနေသူဆိုရင် သွေးပိုထွက်စေပါမယ်။ တခြားပိုးတွေဝင်နိုင်တာလည်းပါတယ်။ ဆေးကုသတာမှာ ဒါနဲ့တင်ပြီးပြီလို့ ထင်မှတ်စေအုံးမယ်။ ကိုယ့်ဆေးပညာ မဟုတ်လို့ အပြစ်ပြောတာမဟုတ်ပါ။ Artesunate, Artemether ဆေးတွေဟာ တရုပ်တိုင်းရင်းဆေးက လာတာပေမဲ့ ငှက်ဖျားဆေးကောင်းတွေလို့ ဆေးပညာရှင်တွေကပါ သုတေသနလုပ်လက်ခံပြီး၊ တကမ္ဘာလုံးသုံးနေကြပါတယ်။ မက်ကလောင်ကိုတော့ လက်မခံပါ။

မက်ကလောင်နည်းကို Folk medicine သာမန်လူတွေ၊ ဒေသခံလူတွေရဲ့ဆေးနည်းလို့ ဆိုနိုင်ပါတယ်။ တရုပ်လို Gua Sha, Pinyin ခေါ်တယ်။ Scrape away fever အဖျားကို ခြစ်ထုတ်ပြစ်နည်းလို့ ဆိုပါတယ်။ ဗီယက်နမ် တွေကတော့ Scrape wind လေကို ခြစ်ထုတ်တာနဲ့၊ အင်ဒိုနီးရှားမှာလဲ Scraping technique ခြစ်နည်းပဲခေါ်တယ်။

တကယ်တန်း တရုပ်တွေလုပ်တဲ့ မက်ကလောင်နည်းကတော့ (ကြွေ) ဇွန်းနဲ့ဖြစ်ဖြစ် ပိုက်ဆံစေ့အဟောင်းနဲ့ဖြစ်ဖြစ်၊ တိရစ္ဆာန် (ကျွဲ) အရိုး-ချိုနဲ့ဖြစ်ဖြစ်၊ ကျောက်စိမ်းနဲ့ဖြစ်ဖြစ်၊ အရေပြားကို ဆက်တိုက်ခြစ်ပေးတယ်။ အရေပြားကို ထိတဲ့ နေရာက အသွားခပ်တုံးတုံး ဖြစ်ရတယ်။ ဆီတခုခုနဲ့ သုတ်ပြီးမှ ခပ်တင်းတင်းဖိပြီး၊ ကြွက်သား အောက်ဖက်ဆီကို ဖိ-ခြစ် ပေးရတယ်။ တကယ်လို့ ပင်ပန်းနွမ်းလျှတဲ့ လူနာဆိုရင် ချင်း(ဂျင်း) မြစ်ကို ခေါင်ရည်မှာ စိမ်ပြီး၊ ခါးရိုးမှာ အထက်ကနေ အောက်ဖက်ဆီလိမ်းပေးတယ်။ အပ်စိုက်နည်းမှာပါတဲ့ Acupuncture meridians မျဉ်းတွေအရ လုပ်ရတယ်။ မျဉ်းတွေဟာ ၄-၆ လက္မ အရှည်ရှိရတယ်။ အရေပြားအောက်က သွေးကြောမျှဉ်သေးသေးလေးတွေကနေ သွေးခြည်ဥ လာလိမ့်မယ်။ များတဲ့နေရာမှာ အရေပြားအောက်မှာ ပိုကြီးတဲ့သွေးယိုတာ ဖြစ်လာမယ်။

၂-၄ ရက်ကြာမှာ မှေးမှိန်သွားပါမယ်။ နာတယ်ထင်ရပေမဲ့ မနာဘူးတဲ့။ ရောဂါသက်သာတယ်လို့ ခံစားလာမယ်တဲ့။ အဖျား၊ ခေါင်းကိုက်၊ နာတာ၊ ကြွက်သား-အကြော ထိခိုက်တာ၊ အပူဒဏ်-အအေးဒဏ်ကြောင့် အားယုတ်တာ၊ အစာမကျေ၊ ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ ဆီးလမ်းနာ၊ မွေးလမ်းနာ၊ အစာဆိပ် သင့်တာတွေအတွက် ဒီဆေးကုနည်းကို သုံးရပါသတဲ့။

နောက်တနည်းကို Ba Sha ခေါ်တယ်။ Pull out fever အဖျားထုတ်ပစ်နည်းပါ။ အရေပြားကို သွေးခြည်ဥအောင် အထိ ကုပ်ဆွဲပေးနည်း ဖြစ်တယ်။ များသောအားဖြင့် အရွတ်ကြော၊ နဖူးအလယ်ခေါင်နေရာတွေမှာ လုပ်ကြတယ်။

၂ဝဝ၁ ကရိုက်တဲ့ The Treatment ရုပ်ရှင်တကားရှိတယ်။ အမေရိကရောက်နေတဲ့ ကလေးတွေဆီ လာလယ်တုံး၊ မြေးကလေး ကိုယ်ပူတော့ တရုပ်အဖိုးကနေ Gua Sha နည်းနဲ့ ကုပေးတယ်။ ကလေးမှာ သွေးခြည်ဥနေတဲ့ အခြစ်ရာ အစင်းအစင်းတွေတွေ့တော့ Child abuse ကလေးကို တလွဲလုပ်တယ်လို့ အထင်မှားခံရပြီး၊ ဒုက္ခအကြီးအကျယ် ရောက်ကြရတယ်။

ဘာဘဲဖြစ်ဖြစ် ငှက်ဖျားကို ငှက်ဖျားဆေးမသောက်ပဲ၊ လိုအပ်ရင်မထိုးပဲနဲ့တော့ ဟိုနည်းဒီနည်းမလုပ်ပါနဲ့။ ဦးနှောက်ထဲ ပိုးရောက်ရင် ကျောက်စိမ်းနဲ့ ခြစ်လို့လည်းရတော့မှာမဟုတ်ပါ။
 သွေးလွန်တုပ်ကွေး ဖြစ်နေချိန်မှာလည်း လက်ရှောင်ကြပါ။ သွေးကတဆင့်ကူးစက်တဲ့ HIV ပိုး၊ အသဲရောင် (စီ) ပိုး၊ (ဘီ) ပိုးတွေက ကုသရခက်ခဲလွန်းတာ သတိပြုပါ။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ