ဟောင်ကောင်အသင်းနဲ့ ခြေစမ်းပွဲ အိမ်ကွင်းမှာ မြန်မာအနိုင်မရ

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဟောင်ကောင်လက်ရွေးစင်အသင်းတို့ရဲ့ ခြေစမ်းပွဲကို ဒီနေ့ညနေ ၅ နာရီက သုဝဏ္ဍကွင်းမှာ ကျင်းပခဲ့ရာ ဂိုးမရှိသရေ ရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းလုံးဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

ဟောင်ကောင်အသင်းက ဧည်သည်အသင်းဖြစ်ပေမဲ့ အချိတ်အဆက်မိမိထိုးဖောက်ကစားခဲ့ပြီး
ဂိုးသွင်းခွင့်တွေလည်းပို ရခဲ့ပါတယ်။ မြန်မာအသင်းရဲ့ ဂိုးသမားသီဟစည်သူ လက်စွမ်းပြ ကာကွယ်နိုင်လို့သာ မြန်မာအသင်းအိမ်ကွင်းမှာ မရှုံးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ မြန်မာအသင်းက ဂိုးသမားသီဟစည်သူ အနေနဲ့ ဂိုးပေးရနိုင်တဲ့ ၃ ကြိမ်လောက်ကို ခက်ခက်ခဲခဲ ကာကွယ်သွားခဲ့တယ်။ မြန်မာအသင်းရဲ့ ပွဲထွက်စားရင်းမှာ သီဟစည်သူ၊ မင်းမင်းသူ၊ ၀င်းမင်းထွဋ်၊ မိုးဝင်း၊ ခင်မောင်လွင်၊ ပိုင်စိုး၊ ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း၊ အောင်မြင်အေး၊ ရန်ပိုင်နဲ့ စိုးမင်းဦးတို့ ပါဝင်ပြီး ၄-၄-၂ ကစားကွက်နဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က ယူ-၂၃ အသင်းနဲ့ ခြေစမ်းစဉ်ကလည်း မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီကစားကွက်၊ ဒီလူစာရင်းအတိုင်းပဲ အသုံးပြုခဲ့တာပါ။

ဟောင်ကောင်အသင်းမှာ အာဖရိက ကစားသမားနှစ်ဦးနဲ့ ဥရောပသားတဦး ပါဝင်ကစားတာ တွေ့ရပါတယ်။ ဟောင်ကောင်အသင်းက အမြင့်ဘောတွေကို အဓိက အားပြုကစားခဲ့ပြီး ကွင်းလယ်ကစားကွက်ကိုလည်း လွှမ်းမိုးထားနိုငိတာကြောင့် ပွဲချိန်အများစုမှာ မြန်မာအသင်း ကစားကွက်တည်မရ ဖြစ်နေပါတယ်။

မြန်မာအသင်းရဲ့ ညာတောင်ပံက အောင်မြင့်အေးနဲ့ မင်းမင်းသူတို့ ခြေမပေါ်တာကြောင့် မြန်မာအသင်းတိုက်စစ် တခြမ်းသေသလို ဖြစ်သွားပြီး ဟောင်ကောင်အသင်းအတွက် ထိန်းချုပ်ရတာ လွယ်ကူသွားစေပါတယ်။ မြန်မာ အသင်းတိုက်စစ်က စိုးမင်းဦးနဲ့ ရန်ပိုင်တို့လည်း ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့လို့ ဘယ်ခြမ်းက ဖြတ်တင်ဘောတွေကိုသာ အားပြုကစားသွားရတာပါ။

ဟောင်ကောင်နဲ့ ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းဟာ လေ့ကျင့်ရက်နည်းခဲ့သလို လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားအချို့က ယူ-၂၃ အသင်းနဲ့ အတူ မာဒေးကားဖလာပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ မလေးရှားနိုင်ငံကို ရောက်ရှိနေလို့ လက်ရွေးစင်အသင်း လူစုံတက်စုံနဲ့ ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခြေစွမ်းအသင့်အတင့်ရှိတဲ့ ဟောင်ကောင်အသင်းကို လူမစုံ၊ လေ့ကျင့်ရက်နည်းတဲ့ အနေအထားမှာ မရှုံးခဲ့တာကပဲ ကျေနပ်စရာ အနေအထားတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

 by ​နေမင်း​သစ်  (ဒီဗွီဘီ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ