တရုတ်တွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်မှု တစ်ခုအတွင်း လူ ၄ ဦးသေဆုံး

တနင်္ဂနွေနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းပေါ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ (၁၁)ဦးကိုလည်း ဆေးရုံသို့ တင်ပို့ထားရသည်။

တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်မှုတစ်ခုကြောင့် လူ(၄)ဦး သေ ဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းပေါ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ (၁၁)ဦးကိုလည်း ဆေးရုံသို့ တင်ပို့ထားရသည်။ ချန်ဒူမြို့တွင် ဖြစ်ပွားသော အကြမ်းဖက် ရမ်းကားမှုတွင် ဘတ်စ်ကားသည် မှတ်တိုင်တွင် ရပ်နားစဉ် အဆိုပါ အမျိုးသားက ရုတ်တရက်ထကာ ခရီးသည်များကို တိုက်ခိုက်လာခြင်းဟု မျက်မြင်များက ပြောကြားခဲ့သည်။ ဘတ်စ်ကား မောင်းသူသည် ကားကိုရပ်တန့်ကာ တံခါးပေါက်ကို ဖွင့်ပေးခဲ့၍ ခရီးသည် အများစု အောက်သို့ဆင်းပြေးကာ လွတ်မြောက်နိုင်ခဲ့သည်။

သို့သော်လည်း လူရမ်းကားသည် လမ်းပေါ်ထိ ဆင်းလာကာ ဖြတ်သွားဖြတ် လာများကို တိုက်ခိုက်ခဲ့ပြန်သည်။ မျက်မြင်များက ဘတ်စ်ကား ယာဉ်မောင်းနှင့် အခြားသူများက ပူးပေါင်းကာ ဓားသမားကို ဖမ်းဆီးရန် အားထုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နောက်ဆုံးတွင် ရဲများ ရောက်ရှိ လာပြီး ၎င်း၏ ခြေထောက်ကို သေနတ်ဖြင့် ပစ်ခတ်လိုက်ချိန်မှသာ အဆိုပါ ရမ်းကားတိုက်ခိုက်သူအား လက်ရဖမ်းမိခဲ့သည်။ ဒဏ်ရာရသူ အများစုသည် ဓားဖြင့် အထိုးခံရခြင်းဖြစ်ပြီး အသက်အငယ်ဆုံး ထိခိုက်မိသူမှာ အသက်(၁၀)နှစ်သာ ရှိသေးသည့် ကလေးမလေး ဖြစ်သည်။ သို့သော်လည်း သူမသည် သေဆုံးစာရင်းတွင် ပါဝင်ခြင်း ရှိမရှိ တိတိကျကျ မသိရသေးချေ။

ချန်ဒူရဲတပ်ဖွဲ့က အသက်(၄၁)နှစ် ရှိပြီဖြစ်ပြီး မျိုးရိုးအမည် လီဟုသာ ဖော်ပြ သူ အမျိုးသားကို ဖမ်းဆီးခဲ့ကြောင်း ပြောဆိုခဲ့သည်။ လီက မိမိသည် ငွေ
ရေးကြေးရေး ကိစ္စအတွက် မိသားစုနှင့် စကားများခဲ့ကြောင်း ရဲများထံ ထွက်ဆိုခဲ့သော်လည်း အဆင်ခြင်မဲ့ တိုက်ခိုက်မှု ပြုလုပ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး မည်သို့မည်ပုံ ဖြောင့်ချက်ပေးခဲ့သည်ကိုမူ ရဲများက ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။ ဘတ်စ်ကားပေါ်တွင် ရမ်းကားတိုက်ခိုက်မှုများသည် တရုတ်တွင် စိုးရိမ်ရလောက်သော အကြမ်းဖက်မှုများ ဖြစ်လာသည်။ ယခုလအတွင်းတွင်ပင် ဟီနန်တွင် လူတစ်ဦးက ဘတ်စ်ကားပေါ်တက်ကာ ဓားဖြင့် လိုက်လံတိုက်ခိုက်သဖြင့် လူ(၃)ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့် လကလည်း ဟီနန်တွင်ပင် ဓားဖြင့် ရမ်းကားတိုက်ခိုက်သူ တစ်ဦးကို ရဲများက ဖမ်းဆီးခဲ့ရပြီး ၎င်းလက်ချက်ကြောင့် လူ(၅)ဦး သေဆုံးခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ