အာရှ ယူ ၂၂ ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်၌ မြန်မာ အိုမန်နှင့် တွေ့ဆုံ

ရန်ကုန် သြဂုတ် ၂၅

အာရှဘောလုံး အဖွဲ့ချုပ် ဖလား အသက် ၂၂ နှစ်အောက် (ယူ- ၂၂) ဘောလုံး ပြိုင်ပွဲ၏ အဖွင့် ပွဲစဉ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် အိုမန် နိုင်ငံ၏ Sultan Qaboos အားကစားရုံ၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်ရာ မြန်မာအသင်းသည် အုပ်စု A တွင် ပါဝင်နေပြီး အဖွင့် ပွဲစဉ်၌ အိုမန်အသင်းနှင့် တွေ့ဆုံလျက် ရှိသည်။

အာရှဘောလုံး အဖွဲ့ချုပ် ဖလား ဘောလုံးပြိုင်ပွဲကို ၁၆ သင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်ရာ တစ်အုပ်စုလျှင် လေးသင်းဖြင့် အုပ်စု လေးခု ခွဲထားကြောင်း အာရှဘောလုံး အဖွဲ့ချုပ် AFC က သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့၌ ၂၀၁၂ခုနှစ် ဇွန်လ ၂၃ ရက်မှ ဇူလိုင် ၃ ရက်နေ့ထိ ကျင်းပ ခဲ့သည့် အာရှဘောလုံး အဖွဲ့ချုပ်ဖလား အုပ်စု G ၏ ခြေစစ်ပွဲ ကစားခဲ့စဉ် က မြန်မာအသင်းသည် တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်တို့နှင့် တွေ့ဆုံခဲ့ရာ တောင်ကိုရီးယားအသင်း ကိုသာ ဂိုးမရှိ သရေ ကစားခဲ့ပြီး ကျန်အသင်းများကို အနိုင်ရခဲ့သောကြောင့် တောင် ကိုရီးယားနှင့် အတူ ရှုံးပွဲ မရှိဖြင့် ခြေစစ်ပွဲ အောင်ခဲ့ခြင်းဖြစ်ရာ ပြိုင်ဘက်ဟောင်းနှင့် ပြန်လည် ရင်ဆိုင်ရခြင်း ဖြစ်သည်။

မြန်မာအသင်းသည် အိုမန်အသင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ၏ အာရှဇုန် ဒုတိယအဆင့် ပြိုင်ပွဲ အတွက် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ဖူး ရာတွင် မြန်မာ ပရိသတ်များ၏ ဆူပူ ရမ်းကားမှုကြောင့် ပွဲကစားချိန် မိနစ် ၄၀ သာ ကစားခဲ့ရသည့် ပြိုင်ဘက်ဟောင်း အသင်းလည်း ဖြစ်သည်။ ယင်းပွဲတွင် အိုမန်အသင်းက မြန်မာအသင်းကို နှစ်ဂိုးပြတ် အနိုင် ရရှိခဲ့သည်။ ပရိသတ် ဆူပူ ရမ်းကားမှုကြောင့် မြန်မာအသင်းမှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကို ဒဏ်ငွေ ဆွတ်ဖရန့် ၂၅၀၀၀ ပေးဆောင်ခဲ့ရသည်။

အာရှဘောလုံး အဖွဲ့ချုပ်၏ အုပ်စု ခွဲဝေမှုအရ အုပ်စု A တွင် အိုမန်၊ မြန်မာ၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ အုပ်စု B တွင် ယူအေအီး၊ မြောက် ကိုရီးယား၊ ဆီးရီးယား၊ ယီမင်၊ အုပ်စု C တွင် ဂျပန်၊ သြစတြေးလျ၊ အီရန်၊ ကူဝိတ်၊ အုပ်စု D တွင် အီရတ်၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ဥဇဘတ်ကစ္စတန် တို့ ပါဝင်သည်။ ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၁၁ ရက်မှ ၂၆ ရက်နေ့ထိ အိုမန်နိုင်ငံ မတ်စတ်မြို့တွင် ကျင်းပမည် ဖြစ်သည်။

မြန်မာအသင်းသည် အရှေ့တောင်အာရှ နိုင်ငံများအနက် အာရှ ဘောလုံး အဖွဲ့ချုပ် ဖလား ယူ ၂၂ ပြိုင်ပွဲတွင် ပထမဆုံး ခြေစစ်ပွဲ အောင်ခဲ့သော အသင်း ဖြစ်သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ