ဆောင်းဦးလှို်င် နဲ့ ပညာရေး


တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်စာရင်းတွေ ထွက်ပြီးပြီးချင်း တေးရေး၊ တေးဆို လည်းဖြစ်ပြီး ဆရာဝန် တစ်ဦးလည်း ဖြစ်တဲ့ ဆောင်းဦးလှိုင် နဲ့ အင်တာဗျူးဖြစ် ခဲ့ပါ တယ်။ အကြောင်းအရာ ကတော့ တက္ကသိုလ်ဝင် စာမေးပွဲမှာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ကော၊ နှစ်ချင်းပေါက် အောင်ဖြစ်ခဲ့တဲ့ ကျောင်း သား၊ ကျောင်းသူတွေ အနေနဲ့ပါ သူတို့ရဲ့ ရှေ့ဆက်မယ့် ဘဝခရီးလမ်း အတွက် အသက်မွေး ဝမ်းကျောင်း ပညာရပ်တွေကို ရွေးချယ်ကြ ရတော့မယ့် အခါမှာ ဝါသနာ ပါရာ ကိုပဲ ရွေးချယ် ရမှာလား၊ ဝါသနာ မပါပေမယ့် လည်း ဘဝ အတွက် အဆင်ပြေချော မွေ့စေမယ့် အသက်မွေး ဝမ်းကျောင်း မှုကိုပဲ ရွေးချယ် ရမှာလား ဆိုတဲ့ အကြောင်းတွေ ကို မေးမြန်းဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆောင်းဦးလှိုင် ကလည်း သူ့ရဲ့ဖြတ်သန်းမှု အတွေ့အကြုံအရ အကြံပြု ပြောကြားခဲ့သလို လက်ရှိ ပညာ ရေး စနစ် နဲ့ ပတ်သက်ပြီး လည်း ထည့် သွင်းပြောကြားခဲ့ပါတယ်။

ပြောင်းလဲဖို့လိုနေတဲ့ မြန်မာ့ပညာရေး

ကျွန်တော့်ရဲ့  မိဘနှစ်ပါး စလုံး က ကျောင်းဆရာ၊ ဆရာမ များဖြစ်ပါတယ်။ အရင် တစ်လကပဲ မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေး ကွန်ရက် ညီလာခံ ကို ကျွန်တော် တက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ပညာရေးကို အလွန် စိတ်ဝင်စားပါတယ်။ မြန်မာ နိုင်ငံ ပညာရေးကို ပြောင်းလဲဖို့ လို အပ်ပါတယ်။ ဘယ်တော့ ပြောင်းလဲဖို့ လိုအပ် မလဲဆိုတော့ ဒီနေ့ပြောင်း လဲဖို့ လိုအပ်ပါတယ်။

အာရှနဲ့ ဥရောပ ကျောင်းသူ ကျောင်းသား ကွာခြားမှု

ကျွန်တော် အမေရိက ကို ၂နှစ် ဆက်တိုက် ရောက်ခဲ့ပါတယ်။ တစ်နှစ် က အဆိုတော် အနေနဲ့ ဖိတ်တာပါ။ နောက်တစ်နှစ် ကတော့ လူမှုရေး သမား၊ ဆရာဝန် တစ်ယောက်၊ အများပြည်သူ ရဲ့ဘဝကို ကိုယ်ချင်းစာနိုင်တဲ့သူ တစ်ယောက် အနေ နဲ့ ဖိတ်တာပါ။ အဲဒီကို ရောက်တော့ အာရှ ကျောင်းသားတွေ က အမေရိကန် နိုင်ငံရဲ့ တက္ကသိုလ်တွေ မှာ တက်ရောက်နေကြတယ်။ ဘာသာ ရပ်တိုင်းရဲ့ ကျက်စာတွေမှာ အာရှ ကျောင်းသားတွေ ကို ဥရောပကျောင်း သားတွေ ကဘယ်လိုမှ မနိုင်ပါဘူး။ အဲဒီ တော့ ကျွန်တော့် အနေနဲ့ ဥရောပ ကျောင်းသာတွေ နဲ့ ဆွေးနွေးခွင့် ရခဲ့ ပါတယ်။ ခင်ဗျား တို့တွေရဲ့ စိတ်ထဲ ဘယ်လိုမှ မဖြစ်ဘူးလား။ ခင်ဗျားတို့ ရဲ့ တက္ကသိုလ်တွေ မှာ လာတက်ပြီး တော့ အာရှ ကျောင်းသားတွေကပဲ လွှမ်းမိုး ထားတယ်။ ခင်ဗျားတို့ မရှက်ဘူးလား။ အာရှ ကျောင်းသားတွေ တော်တယ်နော် ဆိုပြီးတော့ ကျွန်တော် ရွဲ့တောင်ပြောခဲ့ပါတယ်။ ဥရောပ ကျောင်းသားတွေက ပြန်ဖြေတယ်။ သူတို့စာတွေ တအား ကျက်တယ်ဗျာ တဲ့။ ကျွန်တော်တို့က တစ်နေ့၊ တစ် နေ့တွေးနေတယ်။ အချိန် ပို ရရင် စဉ်းစားနေကြတယ်။ ခင်ဗျားတို့ အာရှ ကျောင်းသားနဲ့ ကျွန်တော်တို့ ဥရောပ ကျောင်းသားနဲ့ ဘာကွာလဲ သိလားတဲ့။ သူတို့က ရှိပြီးသား ဖတ်စာအုပ် ကြီး တွေကို ပဲ အလွတ် ကျက်တာ။ ကျွန်တော်တို့က အသစ် ဘာထွင်ရင် ကောင်းမလဲ စဉ်းစားနေတာတဲ့။ ကျွန်တော်တို့ က တီထွင်တဲ့ အခါမှာ ၉ဝ ရာခိုင်နှုန်း၊ အာရှကျောင်းသားတွေ ထက်သာ တယ်တဲ့ဗျာ။ ကျွန်တော့်မှာ သူတို့ကို ဘာမှ ဆက်မပြောနိုင်တော့ဘူး။ ရင်ဘတ်ထဲ အောင့်တောင်အောင့် သွားတယ်။ ဖတ်စာအုပ် အသစ်တွေ၊ ပြဋ္ဌာန်းချက် အသစ်တွေ သုတေသန ပြုရာမှာလည်း အာရှ ကျောင်းသား တွေက အင်မတန် နောက်ကောက်ကျ လျက်ရှိပါတယ်။ ရှိပြီးသား ဖတ်စာအုပ်ကြီးတွေကို အလွတ်ကျက်တာ ပဲ ထူးချွန် တယ်တဲ့လေ။ အသစ်တွေကို ဖန်တီးနိုင် စွမ်းအားကတော့ အာရှက အရမ်းနည်းပါတယ်။

ဖြစ်ချင်တာ ထက်၊ ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ ဘဝခရီးလမ်းများ

ကျွန်တော်တို့ နိုင်ငံမှာတော့ ဆေးကျောင်း မရရင် အင်ဂျင်နီယာ၊ အင်ဂျင်နီယာ မှမရရင် ကွန်ပျူတာ၊ ကွန်ပျူတာ မှမရရင်သွားပြီ။ ကလေး ကဆရာဝန်ကောဖြစ် ချင်ရဲ့ လား၊ ဆရာဝန် မဖြစ်ချင်တဲ့ ကလေးကို ဆရာဝန်အတင်း လုပ်ခိုင်းရင် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေမှာပေါ့။ ဘယ်ဘွဲ့ ပဲရရ၊ အဲဒီဘွဲ့နဲ့ အလုပ် လုပ်နိုင် အောင် အလုပ်အကိုင် အခွင့်အလမ်း ကို ဖန်တီးပေးရမယ်။ B.Sc (Physics) က တက္ကစီမောင်းလို့ မကောင်းဘူး။ B.A(Law) စားပွဲ ထိုးနေလို့ ဘယ်လို လုပ်ဖြစ်မလဲ။ B.A (Myanmar) အရောင်း မြှင့်တင်ရေး စာရေးဖြစ်နေတယ်။ မဟုတ်သေးဘူးလေ။ B.A(Eng) က တကယ်လည်း အင်္ဂလိပ်လို တတ်ကျွမ်း နားလည်နေရမယ်။ သူ့ဘွဲ့နဲ့ သူနဲ့ တစ်ထပ်တည်း ကျတဲ့ အလုပ်တွေကို ခန့်အပ်တဲ့ စနစ်ကို ချက်ချင်းပြောင်းရမယ်။ လူတစ်ယောက်က ၁ဝတန်းပဲ အောင်အောင် သူဟာသူ့ အရည် အချင်းနဲ့ ရပ် တည်နိုင် ခွင့်ရှိရမယ်။ ၆ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား တစ်ဦးပေါ့။ သူက Physics ပဲ စိတ်ဝင်စားတယ်။ အိုင်းစတိုင်း လိုဖြစ် ချင်တယ်။ အဲဒါ သူ့အိပ်မက်။ တက္ကသိုလ် မှာ ရူပဗေဒ ဘာသာရပ်ကို ယူလိုက်တယ်။ သူ့အနေနဲ့ မြန်မာပြည် တွင်း မှာသာ သင်မယ် ဆိုရင် သူရှင်သန် ရပ်တည်ခွင့် ဒုက္ခရောက် သွားမှာပေါ့။ အဲဒီတော့ သူတို့ ဖြစ်ချင်တဲ့ စိတ်ကူး တွေကို အကောင် အထည်ဖော်ခွင့် ပေးရမယ်။ ကျွန်တော့် အိမ်နံဘေးမှာ ၆ဘာသာ ဂုဏ်ထူးရှင် ညီအစ်ကိုနှစ်ယောက် ရှိတယ်။ ဆရာဝန် အမှတ်ကို မီတာ မဟုတ်ဘူး။ ကျော်ပါကျော်နေတယ်။ ဒါပေမဲ့သူတို့က ရေကြောင်း တက္ကသိုလ် သွားတက်တယ်။ သင်္ဘောသားက စတက်လိုက်တာနဲ့ ဒေါ်လာထောင် ချီ ရမှာတဲ့။ နောက် ၄ နှစ်ပဲတက်ရ တာတဲ့။ ၁၆နှစ် သားလေးက ဆုံးဖြတ် ချက်ချ လိုက်တာ ငွေရှာဖို့။ ဒီလောက် ဥာဏ်ရည် မြင့်မားကြတဲ့ လူငယ်တွေ လေ။ ဒါကြောင့် စိတ်ကူးထဲ ကပညာရေး နဲ့ လက်တွေ့ ပညာရေးက အရမ်း ကို ကွာပါတယ်။ မြန်မာပြည် ရဲ့၆ဘာသာ ဂုဏ်ထူးရှင် တစ်ယောက်က သင်္ဘောလိုင်း ထဲရောက်သွားတယ် ဆိုတာ ကျွန်တော် တို့နိုင်ငံ အတွက် ဆုံးရှုံးမှုကြီးပါပဲ။

လင်းအက္ခရာ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ