ဦးရွှေရိုး (သို့မဟုတ်) ရုပ်ရှင်ပညာရှင် ပထမဆုံးမြန်မာကာတွန်းဆရာဦးဘကလေး

၂ ရက်၊ ဖေဖော်ဝါရီလ၊ ၁၈၈၉ခုနှစ်တွင်ပုသိမ်မြို့၌အဖ ဦးဘိုးသင်း(ကျောင်းဆရာ)၊ အမိဒေါ်သဲမှုန်တို့က မွေးဖွားခဲ့ သည်။ငယ်စဉ်ကပုသိမ်မြို့ အစိုးရကျောင်းတွင်ပညာ သင်ကြားခဲ့သည်။ အသက် ၁၆ နှစ်အရွယ်တွင် ၁ဝတန်းစာ မေးပွဲကို အင်္ဂလိပ်စာနှင့် သင်္ချာ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကာ ရန်ကုန်ကောလိပ် တွင် ဘီအေ အထက်တန်းအထိ သင်ကြားခဲ့ဖူးသည်။ ၁၉၁၆ ခုနှစ်တွင် ကောလိပ်ကျောင်း၌ လက်ထောက်ကျောင်းဆရာ အဖြစ်ဝင်ရောက် အမှုထမ်းခဲ့ သော် လည်း နိုင်ငံခြားသား ပညာ ဝန်ထံတွင် ဆက်လက် မလုပ်လို တော့သဖြင့်အလုပ်မှနုတ်ထွက် ခဲ့သည်။ထို့ နောက် ရန်ကုန်မြို့ရှိ မြန်မာအဆွေကုမ္ပဏီ တွင်ကြော် ငြာဘက်ဆိုင်ရာ မန်နေဂျာ အဖြစ်ဝင်ရောက်လုပ်ကိုင် ခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကာတွန်းဆရာမှာ ဦးဘကလေး (ရွှေတလေး)ပင်ဖြစ်သည်ဟု သိရသည်။ကာတွန်းဆရာ ဦးဘကလေး (ရွှေတလေး)သည် ရန်ကုန်ကောလိပ် ကျောင်းသားဘဝ ၁၉၁၅ ခုနှစ်၊ မတ်လထုတ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းတွင်” မြို့ပိုင်မင်းအိပ်မက်” ကာတွန်းကို စတင်ရေးဆွဲ ခဲ့သည်။ ထိုခေတ်ကရန်ကုန် ကောလိပ်မဂ္ဂဇင်းကို အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော ကြောင့် မြန်မာကာတွန်းများကို အင်္ဂလိပ်စာဖြင့်ဖော်ပြခဲ့ရသည်။ ” မြို့ပိုင်မင်းအိပ်မက်” ကာတွန်းတွင်…

(၁) ကောလိပ်ကျောင်းထွက် ဘီအေအောင်သူတစ်ယောက် မြို့အုပ်ခန့်စာရပုံ
(၂) မြို့အုပ်ဖြစ်လာသောအခါ ကုလားမင်းစေ (ချာပရာစီ) က မြို့အုပ်မင်းကိုနောက်မှ ထီးတော်မိုးပေးရပုံ
(၃) အမျိုးသမီးများဝိုင်းကာ ရှုပ်ပွနေပုံ
(၄) တောရွာသူကြီးနှင့် ရွာသား များက ဝိုင်းရှိခိုးနေကြပုံ
(၅) ထိုအခါ အင်္ဂလိပ်လူမျိုး အရေးပိုင်က မြို့အုပ်မင်းပခုံး ကိုပုတ်၍ “မောင်မင်းသိပ်တော် တယ်၊မောင်မင်းကို ရာထူးတိုး ပေးမယ်” ဟု ပြောဆိုနေပုံ
(၆) သို့သော် အထက်ပါ အခန်း များ မှာ ကောလိပ်ကျောင်းသား တစ်ယောက် စာသင်ခန်း၌အိပ် ပျော်နေရင်းအိပ်မက်မက်နေ ပုံဖြစ်ရာ နောက်ဆုံးပုံ၌ မြို့အုပ် မင်း၏ပုခုံးကိုပုတ်နေသူမှာ အင်္ဂလိပ်အရေးပိုင် မဟုတ်ဘဲ အတန်းပြပါမောက္ခကြီး ဖြစ်နေ ပုံကို ရေးဆွဲထားသည်။ ထိုစဉ် က မြို့အုပ်မင်းအလုပ်ကို ပညာ တတ်လူငယ်များ မက်မောကြ ပုံကိုရေးဆွဲ၍လှောင်ပြောင် ထားသည်။ပထမ ဦးဆုံးရေး ဆွဲခဲ့သည့် ကာတွန်းကို ရန်ကုန် တိုင်းအင်္ဂလိပ်သတင်းစာ အယ်ဒီတာ မစ္စတာနော်လင် က နှစ်သက်သဘော ကျသွားလေ ရာ ၁၉၁၅ ရန်ကုန်တိုင်းသတင်း စာ ခရစ္စမတ်အထူးထုတ်စာ စောင်တွင် ကာတွန်းရေးဆွဲ စေခဲ့သည်။ ကာတွန်းရေးဆွဲ သူ၏လက်မှတ်ကို “ဘကလေး”ဟု အင်္ဂလိပ်စာဖြင့်လက်မှတ် ရေးထိုးခဲ့သည်။ ကာတွန်းဦးဘ ကလေးသည်သူ၏ ကလောင် အမည်ကိုဘကလေး ၊ရွှေတ လေး၊ မြားတင် ထားသောလေး တံဆိပ်ဖြင့် ရေးထိုးလေ့ရှိသည်။

သူရိယမဂ္ဂဇင်း၊ မြန်မာ ဗျူဟာဂျာနယ်နှင့်သူရိယ သတင်းစာများ သာမက အခြား မြန်မာစာနယ်ဇင်းများတွင် လည်း ရေးဆွဲခဲ့သလို ဗန္ဓုလ ဂျာနယ်တွင် ရွှေတလေးရုပ်ပိုင်း၊ ဒီးဒုတ်ဂျာနယ်တွင် ရွှေတလေး ၏ ကာလာရုပ်ရှင်၊ သူရိယရုပ် စုံတွင်ကဗျာရုပ်ရှင်၊ ဒဂုန် မဂ္ဂဇင်းတွင်ဟဒယရွှင်ဆေး နှင့် ရွှေတလေး၏ စီနီမာရုပ်ရှင် စသည်ဖြင့် ကာတွန်း ကဏ္ဍများခွဲခြားပြီး ရေးသားခဲ့သည်။ ပညာအလင်းမဂ္ဂဇင်း၊ ဗြိတိသျှ ဘားမားမဂ္ဂဇင်း၊ လန်ဒန်အတ် မဂ္ဂဇင်း၊ ဇေယျမဂ္ဂဇင်း၊ ရန်ကြီး အောင်ဂျာနယ်၊ ဝိဇယ ဂျာနယ်၊ မြန်မာ့အလင်း သတင်းစာ၊ လေဘာတီသတင်းစာ၊ ရယ်ရွှင် ဖွယ်အလင်းမဂ္ဂဇင်း စသည် တို့တွင် ကာတွန်း ဦးဘကလေး ၏ကာတွန်းများကို အသုံး ပြုလာခဲ့သည်။

ကာတွန်းရေးဆွဲစ၌ ဦးဘ ကလေးသည်ရေးဆွဲခငွေကြေး ရဟန်မတူပုံကို ကြီးပွားရေး မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော ဆောင်းပါး၌ ” ပထမရေးသော ကာတွန်းများမှာတစွတ်တာ မှမရပါ။ အချို့သတင်းစာ များက တို့ မြှောက်လို့ မင်း မြောက်တာပါတဲ့။ သာဓုဗျာ..ဘာပြု၍ဘလောက်ဖိုး ငွေကုန်ခံထည့်သည်မပြောတတ်ပါ” ဟု ရေးသားဖော်ပြ ထားသည်။ ဆရာဦးဘကလေး ၏ ကာတွန်းရေးဆွဲခမှာ တစ်ပုံလျှင် ၁ဝ ကျပ်၊ ၁၅ ကျပ်၊ ၂၅ ကျပ်ရရှိပြီး တစ်ခါတစ်ရံ နိုင်ငံရေးလှုပ်ရှား မှုပေါ်တည်၍ တစ်ပုံလျှင် ၁ဝဝ ကျပ် ၊ ၁၅ဝ ကျပ်အထိ ရရှိဖူး သည်ဟု သိရသည်။

၁၉၂ဝ ပြည့်မှ ၁၉၂၅ ခုနှစ် အထိ ရုပ်ရှင်လောကတွင် ကျင်လည်ခဲ့သည်။ ရုပ်ရှင် လောကတွင်လည်း လူပျို၊ လူရွယ်လေးက အဘိုးကြီး အသွင်ဆောင်၍ ပုသိမ်ထီး လေးနှင့်ကသောအကကို ဦးရွှေရိုးအကဟု ပေါ်ပေါက် လာခဲ့သည်။ ” ရွှေရိုး” အမည်ဖြင့် ဦးဘကလေး၏အနုပညာ အစွမ်းကိုပြသရင်း နိုင်ငံတစ်ဝန်း လူကြိုက်များခဲ့ပြီး ရွှေရိုး ဘကလေးဟု ထင်ရှားကာ နှစ်ကိုယ်ခွဲ၊ သုံးကိုယ်ခွဲ၊ လေးကိုယ်ခွဲစသည်ဖြင့် တစ်ကိုယ်တည်း ဇာတ်ကောင် ကိုယ်ခွဲအမျိုးမျိုးခွဲ၍ သရုပ်ဆောင်ပြရာ မြန်မာပြည်သူများ စွဲမက်စေခဲ့သည်။ ဦးဘကလေး ၏ ရုပ်ရှင်ပညာကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက

” ဘဝင်ရယ်မြိန်
ပဉ္စသိန် နတ်လူပျက်လိုပ
အူတက်အောင်
ပျော်တော်ဆက်မယ်လို့
တစ်သက်ဝယ်မှန်း။
သရုပ်ကယ်ဆင်
အလုပ်ယဉ်ယဉ်နှင့်
ရုပ်တွင်ဦးရွှေရိုးရယ်လို့
(အိုဗျာ) ထိုးရော့ မော်ကွန်း”  ဟု ကဗျာစပ်၍ ချီးကျူးထားသည်။

 ကာတွန်းဆရာဦးဘက လေး၏ ကာတွန်းများကား ကမ္ဘာ့ပြဿနာဖြစ်သော ပထမ ကမ္ဘာစစ်ကြီး၊ မြန်မာနိုင်ငံ ပြဿနာဖြစ်သော ၁၉၂ဝ ပြည့် ကျောင်းသားသပိတ်၊ ၁၉၂၆
ဒိုင်အာခီအုပ်ချုပ်ရေး၊ ၁၉၂၇ သူပုန် စံဖဲနှင့် ၁၉၃၁ ဆရာစံ ဂဠုန်သူပုန် အရေး တော်ပုံ၊ ၁၉၃၂ ခွဲရေးတွဲရေး၊ ဟိုအရေး၊ ဒီအရေးများအပြင် လူမှုရေး၊ စီးပွားရေး၊ ရုပ်ရှင်လောကပါ မကျန်ဝေဖန် လှောင်ပြောင် ရေးသား ခဲ့လေသည်။

ထွဋ်မြတ် - Popular Journal
စာကိုး- စာနယ်ဇင်းကာတွန်းသမိုင်းစာတမ်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ