ပုရွက်ဆိတ်အုံထဲ အချဉ် အုပ်ထားတဲ့ သကြားလုံးတွေ ပစ်ကျွေးခဲ့သူ ‘ဝေလ’


၂၄ နာရီ ဖွင့်လှစ်ထားတဲ့ အကြီးစား လက်ဖက်ရည် ဆိုင်ကြီး တစ်ဆိုင်ရှေ့၊ တိုက်ခန်းတွဲတွေ တသီတတန်းကြီး၊ မုဒိတာ အိမ်ရာ။  ပထမဆုံး တွေ့တဲ့ လှေကားရင်းမှာ ဓာတ်လှေကား တစ်စင်း၊ မြားနီလေး ပေါ်အောင်နှိပ်၊ ခဏစောင့်၊ ပွင့် သွားတဲ့ တံခါးကနေ လူတချို့ ထွက်လာ။ အထဲက လူတချို့ အပြင်ထွက်၊ အပြင်က လူတချို့ အထဲ ဝင်။ ထောင့်မှန် စတုဂံပုံးလေး။ လူတချို့က တက်၊ လူတချို့က ဆင်း၊ အဝင်အထွက်၊ အဆင်းအတက်၊ လူတွေ ဒါပဲ လုပ်နေကြတယ်။ ဒီလိုပဲ ဖြစ်ပျက်နေကြ တယ်။ ထောင့်မှန် စတုဂံ ပုံးလေးထဲ ခြေထောက်တွေ ရွှေ့ဝင်လိုက်တယ်။ ဆယ်ကျော်သက် ချာတိတ်လေး နှစ်ယောက် နဲ့ ကိုယ်နံပါတ် တစ်ခုတည်းကို ပြိုင်တူ နှိပ်မိ ကြ တယ်။ နံပါတ် ၆။
”အော် ၆လွှာကိုပဲ သွားမှာလား”
တစ်ယောက်က ‘ဟုတ်ကဲ့’၊ တစ်ယောက်က ပိုပြီး တိကျတဲ့အဖြေ ပေးရဲ့။
”သွားမှာမဟုတ်ဘူး၊ ဒီမှာပဲ နေတာဗျ”
”ဟုတ်လား၊ ဘယ်အခန်းလဲ”
” ၇၃၉ ”
ကိုယ်သွားမယ့် အခန်းက’၇၃၄’ နီးတယ်။ အထပ်အလွှာ တစ်ခုတည်း။ သူ့ကို ကောင်းကောင်း သိမှာပဲ။ ကိုယ့်အတွေး နဲ့ကိုယ် ပြုံးပြီး မေးလိုက် တယ်။
” ဝေလ ကိုသိလား”
ထောင့်မှန် စတုဂံပုံလေး ၆ ဂဏန်းမှာ ရပ် သွားတယ်။ တံခါးနှစ်ချပ် ဘေးတိုက်ရွေ့ကာ ပွင့် သွားတယ်။
”မသိဘူးဗျ”

ဒါမြို့တော် ရန်ကုန်ပဲ။ ဒါမြို့ကြီးသား စစ်စစ် တွေရဲ့ စတိုင်ပဲ။ အခန်းချင်း ကပ်ပေမယ့် တစ် ယောက်က တစ်ယောက်ကို မသိကြဘူး။ မသိ ချင်ဘူး၊ သိဖို့မလိုဘူး။ ကိုယ့် ဇယားကွက် နဲ့ကိုယ် ခြေလှမ်းတွေ ရှုပ်ယှက်ခတ် လိမ်ကျစ် လှုပ်ရှား နေကြတယ်။ ဘယ်ကို ချိုးကွေ့၊ အစွန်းဘက် ရောက်လု ရောက်ခင်၊ တံခါး ခေါက် အသံပြု စရာ အထွေ အထူး မလို၊ စိတ်တံခါး ဖွင့်လို့ အသင့် စောင့်ကြိုနေတဲ့ လူငယ် တစ်ယောက်။ ဝေလ။

သာမန် မိသားစု ဘဝထဲက လူသား တစ်ယောက်၊ ညီအစ်ကို လေးယောက်မှာ တတိယ မြောက်လူ၊ ဘဝထဲမှာ ရုန်းကန်လှုပ်ရှားရင်း  ကိုယ်ဝါသနာပါရာ ကိုယ် ဇောက်ချ လုပ်ခဲ့ရတယ် လို့ အပြုံး ချိုချိုနဲ့ သူ ပြောပြတယ်။

” အဖေက သူ့ သူငယ်ချင်းတွေနဲ့ ပလေးဘွိုင်း သန်းနိုင် သီချင်းတွေကို နေ့တိုင်းနီးပါး အိမ်မှာ ဂစ်တာဝိုင်းဖွဲ့ပြီး တီးကြတယ်ဗျ။ ဒီတော့ ငယ်ငယ် ကတည်းက သီချင်းတွေနဲ့ ရင်းနှီးနေခဲ့တယ်။ ကျွန်တော်က အဖေတူသားဆိုတော့ သီချင်းကို ချစ်တဲ့စိတ်ကရာနှုန်းပြည့်ပဲ အဖေ့ဆီက အမွေရခဲ့ တယ်”

ငယ်ဘဝမှာ သီချင်းကို ဘယ်လောက်ပဲ ချစ်ချစ်၊ ကြီးပြင်းလာချိန်မှာ လက်တွေ့အကောင် အထည်ဖော်ဖို့ ခက်လှတယ်။ သူ ဂီတသမားဘဝကို ဘယ်လိုများ ပုံဖော်ခဲ့ပါလိမ့်။

”၉၉-၂ဝဝဝ လောက်က ပထမဆုံးလုပ်ဖြစ်တဲ့ အယ်လ်ဘမ် ရှိတယ်။ မထွက်ဖြစ်လိုက်ဘူး။ ကျောက်ကုန်းဘက်က  YDR စတူဒီယိုမှာ လုပ်ဖြစ်တာ။ လုပ်ရင်း အဆင် မပြေတော့ ယဉ်ကျေးမှု တက္ကသိုလ်က စတူဒီယိုမှာ ဆက်လုပ်တယ်။ အဲဒီ အချိန်တုန်းက အခက်အခဲ အကြီးစားက မီးပျက်တာပဲ။ vocal ဆိုနေတုန်း တန်းလန်းကြီး မီး ပျက် တော့ အကြာကြီး စောင့်ရတယ်။ မလာတော့ ဘူးထင်လို့ အိမ်ကိုပြန်၊ အိမ်ပြန်ရောက်တော့ မီးကပြန်လာ၊ စတူဒီယို ပြန်ပြေးရ၊ ဟိုရောက်ပြီး ဆိုမယ် လုပ်တော့ မီးက ပြန်ပျက်နဲ့၊ မီးစက်တွေ မရှိတော့ သီချင်း ၇ပုဒ်ကို အချိန်တွေ အကြာကြီး စောင့်သွင်းခဲ့ ရတယ်။ နောက် ဇော်ဇော် ဆိုတဲ့ သူငယ်ချင်း တစ်ယောက် နဲ့ အတွဲခွေ လုပ်လိုက် သေးတယ်။ Max မှာ၊ ဒါလည်း မထွက်ဖြစ်လိုက် ဘူး”

အခုလည်း မီးပျက်ခြင်းက ပြည်သူလူထု အတွက် အကြီးစား အခက်အခဲ ကြီးဖြစ်နေတုန်း။ အသံသွင်း စတူဒီယိုတွေမှာတော့ ကိုယ်ပိုင် မီးစက် တွေ တဖောင်းဖောင်းဖွင့်၊ ဟန်ကျ ပန်ကျဖြစ်နေ ပြီထင်ရဲ့။ မထွက်ဖြစ်ခဲ့တဲ့ အယ်လ်ဘမ်တွေ အကြောင်း ပြောပြချိန်မှာ သူ့မျက်လုံးတွေက အတိတ်ကို ရမ်းရော်လို့ ဆွေးရိပ် သမ်းလာသလို။ အမှန်အကန် ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် အကြောင်း ပြောချိန်မှာတော့ သူ့မျက်လုံးတွေက ကျေနပ် အား ရတဲ့ ပီတိ အရိပ်တွေ လွှမ်းခြုံလို့။

”ကိုထူးအယ်လင်း ရဲ့ ‘လူသားဘဝ’ အယ်လ် ဘမ်မှာ ‘နင်လို’ ဆိုတဲ့ သီချင်းရေးပေးရင်း နဲ့ သီချင်း ရေးတာကို ဈာန်ဝင်သွားတယ်။ သီချင်း ၆ပုဒ် လောက်နဲ့ စလုပ်ဖြစ် တယ်။ အချော မတီးခင် demo တွေကို ကိုထူးအယ်လင်း အိမ်မှာပဲ ကိုညီညီအောင် နဲ့ တီးတယ်။ ‘၁၉၈၂’ အယ်လ်ဘမ် ထွက်ဖို့ကို လေးနှစ်လောက် ကြာသွားခဲ့တယ်။ သူများတွေ အတွက် သီချင်း ရေးပေးလိုက်၊ တေးရေးခ ငွေစုပြီး ဒီအယ်လ်ဘမ်ထဲ ထည့်လိုက်နဲ့ ဖြည်းဖြည်းချင်း စောင့်လုပ်ရတယ်။ သီချင်းတွေ လည်း မကြိုက် ရင်ပြန်ဖြုတ် လိုက်၊ အသစ်ပြန်တီး လိုက် နဲ့ အချိန်က ကုန်မှန်းမသိ တော်တော်ကုန် သွားတယ်။ အဲဒီ အချိန်တွေမှာ စိတ်ရောကိုယ်ပါ အများကြီး အကူအညီ ပေးခဲ့တဲ့ ကိုညီညီမောင် ကြောင့်သာ ကျွန်တော့် အယ်လ်ဘမ်က ကောင်း ကောင်းမွန်မွန် ထွက်ဖြစ်ခဲ့တာ။ သူ့ကို အရမ်းကို ကျေးဇူးတင်တာပဲဗျာ”

သူဟာ ကျေးဇူးတရားကို မမေ့တတ်တဲ့သူ။ ခမ်းနား ထည်ဝါတဲ့ အသံနဲ့ သီချင်းတွေကို စေးစေးပိုင်ပိုင် ဆိုနိုင် စွမ်းသလို သီချင်းတွေကို professional ရေးနိုင်စွမ်းခဲ့သူ။ ပထမ အယ်လ်ဘမ်မှာ အောင်ဖြိုးနဲ့ ကိုထက်တို့ ရေးတဲ့ ‘လူနာ’ သီချင်းတစ်ပုဒ်က လွဲပြီး သီချင်း ၁၁ပုဒ်လုံး ကို သူတစ်ယောက်တည်း ခံစားမှု အရှိန်အဟုန် အားကောင်းကောင်း နဲ့ ဖန်တီး ရေးဖွဲ့ခဲ့တယ်။ သီချင်း အားလုံးထဲမှာမှ သူ့အတွက် အမှတ်တရ အဖြစ်ဆုံး သီချင်း တစ်ပုဒ်လည်း ရှိနိုင်ကောင်းရဲ့။ ဘယ် သီချင်းပါလိမ့်။

” အခန်းပျက် သတို့သား၊ ဒီသီချင်းကတော့ ကျွန်တော့် အတွက် အမှတ်တရ ဖြစ်သွားခဲ့တဲ့ သီချင်းပဲဗျ။ ပထမ အယ်လယ်ဘမ် စသွင်းတုန်းက အဲဒီ သီချင်းကို စတူဒီယို ထဲ အရင် ဦးဆုံး သွင်းဖြစ်ခဲ့တာ။ Lyrics ထဲကလို ဘာဘာညာညာ ခံစားမှု တွေတော့ မရှိပါဘူး” မင်္ဂလာခန်းမထဲ ရပ်စောင့်၊ လူဘုံအလယ် ကြေကွဲ ကျန်ရစ်၊ အရူးမီး ဝိုင်း ဖြစ်ရတဲ့ သတို့သား တစ်ယောက် သူဘယ်တုန်းကမှ ဖြစ်ခဲ့ဖူးပုံ မရပါဘူး။ သူ့အနာဂတ်က အဲဒီ သီချင်းနဲ့မတူ၊ လှပ ခမ်းနားနေမှာ သေချာနေသေးတော့။ သူ့အနာ ဂတ် ခမ်းနားသလို သူ့အာရုံကို ချွတ်ချော် တိမ်း မှောက်လုခမန်း ဆန်းဆန်းပြားပြား ဖမ်းစားထား တဲ့ ဂီတ သူရဲကောင်းတွေ ရှိနေမှာလည်း သေချာ လှတယ်။

” တော်တော်များများကတော့ ကျွန်တော့် အတွက် ဂီတ သူရဲကောင်းတွေချည်းပါပဲဗျာ။ Jason Marz, Muse, Cold Play, Keane, Fun စသဖြင့်ပေါ့”

သူ့အာရုံကို ဖမ်းစားတဲ့ သူရဲကောင်းတွေက နယ်နိမိတ် စည်းတစ်ဖက်က လူမျိုးကွဲတွေပဲလား။ လူမျိုးခြားကို အထင်ကြီးစိတ် သူ့မှာ သက်ဝင်လွန် ကဲနေပြီလား။ ယုံကြည် စူးနစ်တဲ့ မျက်ဝန်း တောက်တောက်တွေ နဲ့ အတူ တစ်လက်စတည်း ဆက်ပြောလာတဲ့ သူ့စကားတွေက ဖျတ်ခနဲ ဝင်မိတဲ့ အတွေး တစ်စကို တွန်းတိုက် ဖြိုလှဲ ပစ်လိုက် တယ်။ အပြစ် တင်စောမိတဲ့ အတွက် ခဏငယ်လေး နောင်တရရင်း ငြိမ်လို့ နားထောင်ခဲ့ရတယ်။

‘ပြည်တွင်းမှာ ဆိုရင်တော့ ဂီတ သူရဲကောင်း က ကိုအယ်ဖြူပဲဗျ။ ကျွန်တော့် အမြင်မှာ သူရေးတဲ့ သီချင်းကို သူ ကိုယ်တိုင် ဆိုတာ နားထောင်ရတာ ရေငတ်နေတဲ့ လူ တစ်ယောက် ကို ရေတိုက် လိုက်ရတဲ့သူရဲ့ပီတိမျိုးလိုပဲ၊ ဝမ်းသာ ကျေနပ်မှုတွေ အတိုင်းမသိ ရစေတယ်ဗျာ”

သူဟာ ဂီတ အရာမှာ gender ခွဲခြား နားထောင်တဲ့ လူစားမျိုးလား၊ အမျိုးသမီးတွေ ဆို အထင်မကြီး တတ်တဲ့ ပုရိသ တစ်ဦးလား၊ ဒီလို တော့လည်း မဟုတ်ပါဘူး။ ရတနာဦး ၊ တင်ဇာမော်၊ အေးချမ်းမေ၊ မဒီ တို့ရဲ့အသံ အနေအထား၊ ဆိုဟန်တွေကို သူနှစ်သက်တယ်လို့ ရယ်ရယ်မော မော ဝန်ခံပြောပြခဲ့တယ်။

” ပြည်ပမှာဆို  Lily Allen, Lenka , Eliza Doolittle သူတို့ကိုလည်း ကြိုက်သေးတယ်ဗျ”

အဆိုသမားတွေ အတွက် အဓိကလိုအပ်ချက် က ဘာများဖြစ်မလဲ၊ သူ့ သဘောထား အမြင်ကို လည်း သိချင်သေးတယ်။

” အဓိကက mood ကောင်းဖို့ပဲဗျ။ mood မကောင်းရင် သီချင်း တစ်ပုဒ်က ရုပ်လုံးမပေါ်ဘူး၊ ကျွန်တော် ပြောချင်တာက ရင်ထဲကနေ စီးဆင်း ထွက်ကျလာတဲ့ mood မျိုး”

ဗလာချည် နှလုံးသားတွေကို အတင်းအဓမ္မ ဖျစ်ညှစ် ကိုင်လှုပ်ပြီး တမင် လုပ်ကြံဖန်တီး ထုတ် လိုက်တဲ့ အသံတုမျိုးကို သူနှစ်မြို့ပုံ မရဘူး။ ဒီမှာ တော့ အဲဒီလို ဖျစ်ညှစ် လုပ် ဆိုလေ့ရှိတဲ့ အသံမျိုးက အံ့သြစရာ ရေပန်းစား နေတာလည်း တွေ့နေရ တယ်။ ဒါဖြင့် ဝေလဆိုတဲ့ လူငယ် အဆိုသမား တစ်ယောက် ရဲ့ အနေအထား ကရော ဘယ်လို ရှိမလဲ။ Stage Show တိုင်းမှာ ဆိုရရင် ပြီးရော လူတွင်ကျယ် လုပ်ပြီး သံကောင်း ဟစ်ဆို ဇွတ်နေရာ ယူသူတော့ မဟုတ်ခဲ့ဘူး။ ရှားရှားပါးပါး ပြီးခဲ့တဲ့ သင်္ကြန် က နေပြည်တော် ACE မဏ္ဍပ် မှာ သူ့ကို ရိုးတိုး ရိပ်တိပ်လေး မြင်ခဲ့ဖူးတယ်။ သီချင်းတွေ ဆိုတဲ့နေရာမှာ မီးကုန်ယမ်းကုန် ပစ်လွှတ်ခဲ့ပေမယ့် အောင်မြင်မှု နဲ့ ပတ်သက် ရင်တော့ သူဟာ လောဘ စိတ်နည်းလှတဲ့ ခပ်အေး အေးလူ။

”ပြောရရင် ကျွန်တော့် အယ်လ်ဘမ်က ဝုန်းခနဲ ပေါက်ကွဲ ထွက်မသွားပေမယ့် ဒီသီချင်းတွေ အတွက် အများကြီး ပင်ပန်းခဲ့ရတဲ့ ကျွန်တော့် ရဲ့ပင်ပန်းမှုတွေကို ချွေး သိပ်ပေးနိုင် တဲ့ ပရိသတ် တချို့တလေတော့ တကယ်ရခဲ့တယ်ဗျ။ ကျွန်တော့် သီချင်း တော်တော် များများက ‘သရဲသကြားလုံး’ နဲ့ တူတယ်။ အချိန်ကြာကြာ တစိမ့်စိမ့် ငုံထားပါ မှ အထဲမှာ အချိုရှိမှန်း သိလာနိုင်တာမျိုးပါ။ တကယ်တော့ ကျွန်တော်က ပုရွက်ဆိတ်အုံထဲကို အပေါ်ယံ အချဉ်အုပ် ထားတဲ့ သကြားလုံး ပစ်ထည့် လိုက်သလို ပါပဲ။ တော်တော်များများက မစားဘဲ ရှောင်သွားကြတာ။ ကျွန်တော် လောဘ မကြီးချင်ဘူး။ လိုချင် တပ်မက်မှုတွေ များလာတဲ့အခါ သိက္ခာ ဆိုတာ ပါးပါးလေးပဲ ကျန်သွား မှာ စိုးမိလို့ပါ ”

လောဘစိတ် နည်းလှတဲ့ ရှေ့ကလူကို ငေးကြည့်ရင်း စဉ်းစားမိသွားတယ်။ ကမ္ဘာကြီးမှာ ဒီလို ခပ်အေးအေး လူတွေချည်းသာ ပြည့်နှက်နေမယ် ဆိုရင် Peace ဆိုတဲ့ အရာကို အာသာငမ်း ငမ်း ရှာဖွေနေရဖို့ အကြောင်း မရှိဘူးလို့ပေါ့။ ခု တော့ မာန်မာန အတ္တတွေ နဲ့ ငါမှငါ ထိပ်ဆုံးရောက် ချင်စိတ်တွေ၊ အောင်မြင်မှု နဲ့အတူ တစ်စတစ်စ ပါးလျ လာတဲ့ ကိုယ်ကျင့် သိက္ခာ။ အပူမီးတောက် လောင်နေတဲ့ ကမ္ဘာ ထဲမှာ။ ဘာပဲဖြစ်ဖြစ် ဂီတ လောက အပေါ် ဒီဂီတသမားလေး ရဲ့ အမြင်က တစ်မျိုးတစ်ဖုံ စိတ်ဝင် စားစရာ ကောင်းခဲ့တယ်။

” ကျွန်တော့် အမြင်မှာတော့ မီးတောက် အကြီးကြီးတွေ တောက်လောင်နေတဲ့ ကောက်ရိုး ပုံတချို့ကိုတွေ့ရတယ်။ ဒါပေမဲ့ အရာရာတိုင်းက သူ့တန်ဖိုးနဲ့ သူရှိနေမှာပါ”

သေချာပါတယ်။ သူဟာ နားထောင်သူ ဂီတ ပရိသတ်တွေ ရဲ့အလယ်ကို တစိမ့်စိမ့်နဲ့ တိုးဝင် လာတဲ့ သူ။ ဖွဲမီးလို တစစနဲ့ နှလုံးသား တွေကို လောင်ကျွမ်း လွမ်းရစ်စေမယ့် လူ။ အခန်းနံပါတ် B – 734 ကနေ မြေညီထပ် ကိုပြန်ဆင်းလာ၊ တိုက် တာ အဆောက်အဦ အရိပ် အာဝါသလွတ် လိုက် တာနဲ့ ခေါင်းပေါ်မှာ နေမင်းက ချစ်ချစ်တောက်ပူ လို့…။

Zigzag
   
Posted in Yati Special

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ