Perineal Repair မွေးလမ်းပြုပြင်ခြင်း


၁။ ဆရာရှင့် ကျွန်မအသက် ၃၂ အိမ်ထောင်သည်ပါရှင်။ လွန်ခဲ့တဲ့ ၂၀၁၆ က သားဦးလေးကို ရိုးရိုးမွေးခဲ့ပါတယ်။ ကလေးမွေးတုန်းက og က မွေးလမ်းကြောင်းချဲ့လိုက်ပါတယ်ဆရာ (ကန်တော့ပါဆရာ) Og က ကျွန်မကို မွေးလမ်းကြောင်းပြန်မချုပ်ပေးလိုက်ဘူးဆရာ။ ကျွန်မမွေးလမ်းကြောင်းပြန်ချုပ်ချင်ပါတယ်။ ပြန်ချုပ်လိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးလေးရှိရင်သိပါရစေဆရာ။ တကယ်လို့မွေးလမ်းကြောင်းချုပ်တဲ့အခါ ဆောင်ရန်ရှောင်ရန်နဲ့ ဘယ်နှစ်ရက်လောက် အနားယူရမလဲပြောပြပေးပါဆရာ။

၂။ ဆရာ ကျွန်မ အသက် (၂၄) နှစ်ပါ။ ကိုယ်ဝန် ၃ လထဲမှာပါ။ ကလေးမွေးတဲ့အခါ ရိုးရိုးမွေးရမလား။ ခွဲမွေးရမလား ဆုံးဖြတ်ရ ခက်ခဲနေပါတယ်ဆရာ။ အဒေါ်ဖြစ်သူက ခွဲမွေးခိုင်းပါတယ်ဆရာ။ မိဘတွေကတော့ အသက်ငယ်သေးတော့ ရိုးရိုးပဲ မွေးခိုင်းပါတယ်ဆရာ။ အဒေါ်နဲ့ သူငယ်ချင်းတွေက ခွဲမွေးပါတဲ့။ ရိုးရိုးမွေးတာက မိန်းမကိုယ်အင်္ဂါ ကျယ်သွားပြီး အချိန်ကြာလာတာနဲ့အမျှ အမျိုးသားဘက်က စိတ်ကုန်လာပါတယ်တဲ့။ သမီးကို အကြံဥာဏ်ပေးပါဦး ဆရာရှင့်။

၃။ ဆရာရှင့် မေးမယ့် မေးခွန်း ကြိုတောင်းပန်ပါတယ်။ ကလေးရိုးရိုးမွေးထားတာ မွေးလမ်းကြောင်းချဲ့ထားတယ်။ ချုပ်ရိုးပြည် (ပြေလို့ရေးရတယ်) သွားတာ ရွာသားဖွားဆရာမက ပြန်မချူပ်ပေးဘူး။ ကွဲနေတဲ့နေရာက Bioplacenton ထည့်ခိုင်းတယ်။ အခု တလတိတိမှကျက်တာ။ ပြီးတော့ မွေးလမ်းကြောင်းက နောက်တယောက်က မွေးမှ ပြန်ချူပ်ဆိုတော့ သည်အတိုင်း ထားခဲ့တာ။ မေးချင်တာ သည်အတိုင်းထားရင် အန္တရာယ်ရှိနိုင်လား ပြန်ချူပ်ရင်ကောင်းမလား။ သားဖွား ဆရာမပြောသလို နောက်တယောက်ထပ်မွေးမှ ချူပ်ကောင်းမလားဆရာ။

၎။ မင်္ဂလာပါဆရာ။ သမီးရေးတာအမှားပါရင်ခွင့်လွတ်ပါဆရာ။ သမီးအသက် ၃၃နှစ်ပါ။ ကလေးမွေးထားတာ ၃လရှိပါပြီ။ ရိုးရိုး မွေးတာညှပ်ရိုးကျဉ်းလို့ အောက်ကို တော်တော်များများခွဲလိုက်ပါတယ်ဆရာ။ ပြန်ချုပ်ပေးပေမဲ့ ချုပ်ရိုး ပြေသွားပါတယ်။ အနာက အခုထိမကျက်ချင်သေးပါဘူး။ အနာမြန်မြန်ကျက်အောင် ဘာဆေးထည့်ရမလဲ လမ်းညွန်ပေးပါဆရာ။ နောက်တခုထပ်မေးပါရစေဆရာ။ သမီးရဲ့သွေးအမျိုးအစားက A- ပါ။ အခုမွေးထားတာ သားဦးပါ။ နောက်ကလေးယူရင်အဆင်မပြေဘူးလို့ပြောပါတယ်။ အဲဒီအကြောင်းလေးလည်း ရှင်းပြပေးစေချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

၅။ ဆရာရှင့်။ ကျွန်မအသက် ၃၁၊ ကလေးမွေးထားတာ ဒီနေ့ ၃ ရက်ပါ။ မွေးလမ်းချဲ့ထားတဲ့ဒဏ်ရာက မကောင်းသေးပါ။ Dettol နဲ့ Septex Antiseptic ကအတူတူလားရှင်။ Dettol ဝယ်ခိုင်းတာ Septex Antiseptic ပေးလိုက်လို့ပါ။ ဆေးကို ရေထဲနည်းနည်းထည့်သုံးဖို့ညွှန်လို့ သွားဝယ်တာပါ။

၆။ ကျွန်တော်အမျိုးသမီး မီးဖွားတာ တပတ်ရှိသွားပြီဆရာ။ ကလေးကတော့ ကျန်းမာပါတယ်ဆရာ။ နို့လည်းဆို့ (စို့လို့ ရေးရပါမယ်) ပါတယ်။ သူ့မိခင်ကတော့ အခုထိ အနာမကျက်သေးဘူးဆရာ။ ရိုးရိုးမွေးဆိုပေမဲ့ မွေးလမ်းက ချုပ်ထားတဲ့ အနာက ပြီ (ပြည်လို့ ရေးရမယ်) ထွက်သွားပြီး တလက်မလောက်ဖြစ်နေလို့ဆရာ။ သန့်ရှင်ရေးလည်း အမြဲလုပ်ပါတယ်။ ဆေးလည်းထည့်ပါတယ်။ အဲ့ဒါ ဆိုးရိမ် (စိုးရိမ်လို့ ရေးရမယ်) ရပါသားဆရာ။ ကျွန်တော်စိတ်ပူလို့ပါ။ ဆေးရုံပြန်ပြရင် ကောင်းမလားဆရာ။

၇။ သမီးအသက် ၂၇ ရှိပါဆရာ။ သက်ဦး (သားဦးလို့ ရေးရပါတယ်) သမီးကလေး မွေးပါတယ်ဆရာ။ ကလေးက အဖတ်မတင်ပါဘူးဆရာ။ သမီး မွေးလမ်းကြောင်းချဲ့ထားတာ သားဖွားဆရာမကြီးက ချုပ်မပေးဘူးဆရာ။ အိမ်မှာ မြန်မာနည်းနဲ့သက်သာအောင် နေရတယ်ဆရာ။ ဥပမာ အုတ်ခဲပူတို့ ရေနွေးပုလင်းထိုင်တာတို့ပေါ့။ အနာက သက်သာပေမယ့် အင်္ဂါအကွဲက စအိုဝထိ ရောက်တယ်ထင်ပါတယ်ဆရာ။ ခု ပြန်ချုပ်ရင်ရော ကောင်းကျိုးနဲ့ ဆိုးကျိုး သိပါရစေဆရာ။

သားဦးမွေးတဲ့အခါ မွေးလမ်းကြောင်း ချဲ့ရတတ်ပါတယ်။ မိခင်လောင်း အရပ်အမောင်း၊ အထဲကကလေးအရွယ်သေး၊ မွေးဖွါးဖြစ်စဉ် တိုးတက်မှု၊ မွေးပေးတဲ့ ဆရာဝန်-ဆရာမတွေ စိတ်ရှည်မှုတွေအေ့းမှာမူတည်တယ်။ မွေးလမ်းအဝနား ရေနွေးဝတ်ကပ်ပေးတာ၊ အဆီတခုခုနဲ့ ချောဆီသုံးတာတွေလုပ်ပေးရင် သားဦးပေမဲ့ ချဲ့စရာမလိုဘဲ မွေးနိုင်ပါတယ်။

မွေးလမ်းကြောင်းချဲ့ရတာ Episiotomy လို့ ခေါ်တယ်။ ပြန်ချုပ်ရင် ၃ ထပ် ချုပ်ပေးပါတယ်။ ပဌမထပ်က မွေးလမ်း အဖုံးလွှာ၊ ဒုတိယ ကြွက်သားနဲ့ အပြင်ဆုံးက အရေပြားဖြစ်တယ်။ မွေးလမ်းကိုချဲ့တော့ ပိုးသန့်ဆေးပေးပြီးရင် ထုံဆေးကို အရင်ထိုးပါတယ်။ တချို့က ထုံဆေးကြောင့် အနာကျက်မှာနှေးတယ်၊ အဲတာကြောင့် မွေးလူနာကညှစ်နေတုံး အချိန်ကိုက် အစိမ်းကိုက်လို့ပြောတာ မမှန်ပါ။ ပြန်ချုပ်တော့လဲ ထုံဆေးထိုးရတာဘဲ။ မနာပါ။ ချုပ်ပေးနေရင်းနဲ့ ကလေးအမေကို ဘယ်မြို့သူလဲမေးတယ်။ အေ့း့ အဲဒီမြို့သူတွေက သိပ်သတ္တိကောင်းတာဘဲ ထုံဆေးနဲ့ဆိုရင် တချက်မှမအော်ဘူး ပြောလိုက်တဲ့အခါ ကလေးငိုသံကြားပြီး ပီတိဖြာနေတဲ့အမေ ပြုံးပါလေရော။

အဲလိုမချဲ့ရင် စုတ်ပြဲတတ်တယ်။ အဲလိုဖြစ်သွားတာမှာ (၃) မျိုး ဖြစ်နိုင်ပါတယ်။ ပဌမအဆင့် စုတ်ပြဲခြင်းမှာ မွေးလမ်း-အဖုံးလွှာနဲ့ အပြင်အရေပြားစုတ်တာခေါ်တယ်။ ဒါတွေအပြင် ကြွက်သားပါ စုတ်ပြဲတာကို ဒုတိယဆင့်ခေါ်တယ်။ အဆိုးဆုံးက စအိုအထိန်းကြွက်သားကိုပါ ထိတာဖြစ်တယ်။

ချုပ်ရိုးရာ ကြည့်ရင် ခွဲပေးတဲ့ဆရာဝန် ဘယ်သန်လား၊ ညာသန်လား (ရှားလော့ဟုမ်း) လုပ်လို့ ရတယ်။ ညာသန် ဆရာက လူနာရဲ့ မွေးလမ်းအဝ ညာဘက် ၄၅ ဒီဂရီ စောင်းစောင်းချဲ့မယ်။ ဘာလို့စောင်းရသလဲ။ အောက်တည့်တည့်က စအိုအဝ ရှိလို့ပါ။ ဒါ့ကြောင့် လိုအပ်တာကို မချဲ့ဘဲမွေးပေးရင် စုတ်ပြဲတဲ့အခါ စအိုဆီကို စုတ်တယ်။ ချဲ့တာနည်းရင်လဲ အဲလိုဘဲ။ အဲတာမျိုးပြန်မပြင်ရင် ဝမ်းမလုံတာဖြစ်နေမယ်။

ဘယ်လိုအထိဖြစ်သွားသွား ပြန်ပြင်ရင် အကောင်းဖြစ်စေပါမယ်။ ချုပ်ပေးပြီး ပဋိဇီဝဆေးနဲ့ အနာသက်သာဆေး ၄-၅ ရက်နဲ့ ကောင်းတာချည်းသာဖြစ်တယ်။ ကိုယ်ဝန်ဆောင်တုံးမှာ မေးခိုင်ကာကွယ်ဆေး တလုံးနဲ့တလုံး ၁ လခြား ၂ ခါ ထိုးထားရင် မေးခိုင်ဖြစ်မှာလဲ စိုးရိမ်စရာမလိုတော့ပါ။ ချုပ်ထားတဲ့နေရာဟာ ကြာလေကောင်းလေဖြစ်လို့ နောက်ဆိုရင် ချုပ်ထားမှန်းတောင် မသိတော့ပါ။

ချဲ့တာဖြစ်ဖြစ် စုတ်လို့ ချုပ်တာဖြစ်ဖြစ် အနေအထိုင်တော့ ဂရုစိုက်ပါ။ ပိပိယိယိ ထိုင်ပါ။ အနာနေရာကို အပူခပ်သင့်သင့် ကပ်ပေးနိုင်တယ်။ ဝမ်းချုပ်တာမကောင်းသလို ဝမ်းမမာအောင် ရေများများသောက်၊ အသီးအနှံ၊ အသီးအရွက်များများ စားပေးပါ။ ဝမ်းသွား-ဆီးသွားပြီးတိုင်း Dettol စတဲ့ ခပ်ပြော့ပြော့ ပိုးသတ်ဆေးရည်ကို ရေနဲ့ရောပြီးဆေးပါ။ တတ်နိုင်သမျှ ဖိထိုင်ပါ။ နာတာသက်သာအောင် ဒုတိယရက်ကစပြီး အပူကပ်နိုင်တယ်။ Ibuprofen လိုအနာသက်သာဆေးက နာတာသာမက ရောင်တာပါသက်သာစေမယ်။

ချုပ်ရိုးကို ၅-၆-၇ ရက်မှာ ဖြေပါမယ်။ တချို့ကို ချုပ်ရိုးဖြေစရာမလိုတာနဲ့ ချုပ်တတ်တယ်။ အရေပြားကို နိုင်လွန်၊ ဒါမှမဟုတ် ပိုးကြိုး၊ ဒါမှမဟုတ် ချည်ကြိုးနဲ့ ချုပ်ရင် ပြန်ဖြည်ပေးရတယ်။ ချည်ကြိုးက အကောင်းဆုံးထင်တယ်။ နိုင်လွန်က လှတော့ လှတယ်။ လူနာအတွက် စူးရှလို့အနေရခက်မယ်။ ပိုးကြိုးကလဲ လှတာဘဲ။ ဒါပေမဲ့ ချည်ထုံးတဲ့အခါ လျော့ပြေတတ်လို့ သတိကြီးရမယ်။ အထဲနှစ်ထပ်ကို အသားဖြစ်ချုပ်ကြိုး Catgut နဲ့ ချုပ်တယ်။ ခုခေတ်မှာ Synthetic polymer fibers ချုပ်ကြိုးတွေ သုံးနေကြပါပြီ။

ကံကောင်းတာက မွေးလမ်းဟာ အဲလိုကာလအတွင်း သွေးလျှောက်တာ သိပ်ကောင်းတော့ အနာကျက်လွယ်တယ်။ အဆင်မပြေလို့ အနာရင်းရင် ပိုနာမယ်။ အရည်တခုခုပါ ထွက်နိုင်တယ်။ ကိုယ်ပူနိုင်တယ်။ စစ်ကြည့်ရင် ချုပ်ရိုးမှာ နီရဲပြီး ဖေါင်နေးမယ်။ အလိုဖြစ်ရင် ဆရာဝန်ပြန်ပြပါ။ လိုအပ်ရင် ဆေးပြောင်းပေးမယ်။ ချုပ်ရိုး တချို့ဖြစ်ဖြစ် အကုန်ဖြစ်ဖြစ် ဖြုတ်ပေးမယ်။ ဆေးထည့်စရာ ပေးမယ်။

အဲလိုဖြစ်လည်း စိတ်မပူပါနဲ့။ အနာကောင်းကောင်းကျက်သွားရင် အေးအေးဆေးဆေး ရက်ရွေးပြီး၊ အနာသစ်လုပ်၊ ပြန်ချုပ်ပေးပါမယ်။ အကောင်းပကိဖြစ်ပါတယ်။ လိုသေးရင် မအိုသေးတဲ့သူလိုဖြစ်အောင် ပြင်ပေးလို့ရပါသေးတယ်။ တင်ပဆုံတွင်းအင်္ဂါတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းလုပ်ပါလေ။ Kegel exercise ရေးထားပါတယ်။

ကလေးမွေးရတာများသူတွေ၊ တချို့လိုအပ်သူတွေအတွက်လည်း မွေးလမ်းကို အပျိုလိုမဟုတ်တောင် အနီးစပ်ဆုံး ဖြစ်အောင်အထိ ပြုပြင်ချုပ်ပေးလို့လည်းရပါတယ်။ ကုန်ကုန်ပြောရရင် (ဟိုင်မင်) အပျိုမှေးကိုတောင် အတုလုပ်ပေးလို့ ရပါသေးတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ