သိကြားမကယ်နိုင်သော နှလုံးရောဂါ


မကြာသေးမီက ပုဂ္ဂလိကသတင်းစာ တစ်စောင်တွင် ဆောင်းပါးကောင်း တစ်ပုဒ်ကို ဖတ်လိုက်ရသည်။ နိုင်ငံခြား သတင်းစာကြီး တစ်စောင် မှ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်အမှီပြုပြီး ရေးသား ထားသော နိုင်ငံရေးဆောင်းပါးဖြစ်သည်။ နိုင်ငံရေးဆောင်းပါးဖြစ်သော်လည်း ကျန်းမာရေး ပညာပေး လောကကို သက်ရောက်မှုရှိနေသည်။

ထိုဆောင်းပါးပါ အကြောင်းအရာမှာ `` သကြားလော်ဘီ ``(Sugar Lobby) ဟု ဖြစ်သည်။ ဗြိတိန်နိုင်ငံ အခြေစိုက် The Gurdian သတင်းစာ မှ ဖော်ပြထားသော သတင်းဆောင်းပါးကို ကိုးကား ထားသည်။ သတင်းအဆိုအရ ၁၉၆၀ ပြည့်လွန် နှစ်များ တွင် ပြုလုပ် ခဲ့သော ဆေးပညာသုတေသန လုပ်ငန်းအချို့ကို ထုတ်ပြန်သည့် သတင်းအချက်အလက် အဖြေတွေဟာ မှားယွင်းနေပါ သတဲ့။ နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Heart Disease ) ကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို ဆန်းစစ်ကြတဲ့အခါ အစား အသောက်တွေမှာပါတဲ့ အဆီဓာတ် (Dietary Fat) တွေကိုသာ အပြစ်ပုံချခဲ့ပြီး သကြားကြောင့် ရောဂါဖြစ်ပွားရတယ်ဆိုတာကို ဖော့ပြီး အဖြေထုတ်ပြန် ခဲ့တယ်လို့ဆိုပါတယ်။

လော်ဘီဆိုသည်မှာ နိုင်ငံရေးတွင် စီးပွားရေးသမားများက အကျိုးအမြတ် အတွက် ငွေကြေးနှင့် ဝင်ပေါင်းပြီး အမြတ်ထုတ်သည်ကို ဆိုသည်။ လော်ဘီလုပ်သည်ဟု ပြောဆိုသုံးနှုန်းကြသည်။
သကြားလော်ဘီ ဆိုသဖြင့် ထိုဆောင်းပါးမှာ အထူးအဆန်းဖြစ်နေသဖြင့် ဖတ်ကြည့်သောအခါ . . . တစ်ချိန်က နှလုံးသွေးကြောကျဉ်း ရောဂါကို ကမ္ဘာ့လူသတ်သမားရောဂါအဖြစ် သုတေသနပြုသည့် ဆရာဝန်ကြီးများပါဝင်သည့် အဖွဲ့ကြီးပေါ်ပေါက်ခဲ့သည်။ နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်စေနိုင်သည့် အချက်များကို လူထုကိုထုတ်ပြန်ဖို့ နှစ်ချီအချိန်ယူ၍ သုတေသနပြုခဲ့သည်။

သုတေသနမှထွက်လာသော အဖြေမှာ အဓိက အဆီကြောင့်၊ အဆီများသော အသားနှင့် ဆီစားသုံးမှု လွန်ကဲခြင်းကြောင့်၊ မသန့်သောဆီများကြောင့် ဆီကြော် မုန့်၊ အာလူးကြော်များ၊ နှစ်ပြန်ကြော်များ သည် နှလုံးရောဂါ အတွက် ကြောက်စရာအစာများဖြစ်သည်ကို တင်ပြလာသောအခါ တစ်ကမ္ဘာလုံးရှိ ဆရာဝန်ကြီး များက လူနာများအား အဆီလျှော့စားကြဖို့ ညွှန်ကြားကြသည်။ အချို့မှာ အဆီကိုရှောင်ပြီး ဟင်းသီး ဟင်းရွက်ကိုပင် ပြုတ်စားကြသည့် အခြေအနေအထိ ကြောက်လန့်ကုန်ကြသည်။
ယခုနှစ်ပိုင်းတွင်မှ တိုးတက်သော အမြင်ရှိသည့် ဆရာဝန်ငယ်များမှ သတိပေးသံထွက်ပေါ်လာသည်။ သကြားစားသုံးမှုများခြင်းကြောင့် နှလုံးရောဂါ ပို၍ပင်ဖြစ်နိုင်သည်။ အဆီကဲ့သို့ပင် သကြားကို ရှောင်ကြဉ်မှ သာ နှလုံးရောဂါအမျိုးမျိုးမှ ကင်းဝေးနိုင်မည်ဟုဆိုသည်။
ဤသို့ဆိုလျှင် သုတေသနပြုသူများသည် အဆီကိုသာ လက်ညှိုးထိုးပြီး သကြား ကို ခပ်ဖော့ဖော့သာ ပြောဆိုခဲ့ကြပါသည်။ သကြားေ ကြာင့် နှလုံးရော ဂါဖြစ်နိုင်ခြေ များကို အထင်အရှား မဖော်ထုတ်ခဲ့ကြပါသနည်း။ ဤတွင် သကြားလော်ဘီ ပြဿနာ ပေါ်ပေါ်လာတော့သည်။
သုတေသနလုပ်ငန်း ဆိုသည်မှာ အလွန်ငွေကြေးကုန်ကျများသော လုပ်ငန်းဖြစ်သည်။ နှလုံးသွေး ကြောကျဉ်းရောဂါ သုတေသနပြုလုပ်ခြင်းအတွက် အလွန်များပြားသော ကုန်ကျစရိတ်များကို ထိုစဉ်က အပြည်ပြည်ဆိုင်ရာ သကြားထုတ်လုပ်သူများနှင့် သကြားလုံး ကုမ္ပဏီတွေက ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။ အကြောင်းမဲ့ထောက်ပံ့ခြင်းတော့ မဟုတ်တန်ရာ။ နှလုံးရောဂါအတွက် သကြားကို လျှော့စားကြဖို့ သုတေသန Result ထွက်မလာဖို့၊ ဖာဖာထေးထေးပြောပေး ဖို့ဖြစ်သည်။ ထိုအခါ သကြားကို လက်ညှိုး မထိုးတော့ပဲ နေ့စဉ်စားသုံးနေသည့် ဆီများကို လက်ညှိုးထိုးလိုက်ခြင်းဖြင့် အဆင်ပြေသွားတော့သည်။

သို့သော် အဆီ အမျိုးမျိုး ကို လျှော့စား ရှောင်စားနေ ကြပါလျက် နှလုံးသွေးေ ကြာကျဉ်းရောဂါများ လျှော့ပါးသွားပါသလား မေးလျှင် မလျော့ သွားပါ။ နှလုံးကြောင့် Heart Attack ကြောင့် ဆုံးပါးသွားကြသူများစွာ ရှိနေဆဲဖြစ်ပါသည်။ သကြား မကယ်နိုင်ပါ။ သကြားကယ်စေလိုလျှင် သကြားကို လျှော့စားကြဖို့လိုပြီဟု ဆိုချင်ပါသည်။
လွန်ခဲ့သောနှစ်က မိတ်ဆွေနှစ်ဦး နှလုံးရောဂါဖြင့် ညအိပ်နေ ရင်း သေဆုံး သွားကြသည်။ တစ်ဦးမှာ တောင်တက်စက်ဘီးစီးသမားဖြစ်သဖြင့် ကျန်းမာရေး အလွန်ကောင်းသည်ဟုထင်ရသူဖြစ်ပြီး ရုတ်တရက် နှလုံးရပ်ပြီး ဆုံးသွားသည်ဆိုသောအခါ လူတိုင်းမယုံကြည်နိုင်ဖြစ်ရသည်။ မနေ့ကမှ မိတ်ဆွေ အပေါင်း အသင်းများနှင့်ရယ်မောပျော်ရွှင်နေသေး သည်။ လေ့ကျင့်ခန်းမှန်မှန်လုပ်နေလျှင် နှလုံးရောဂါ မဖြစ်နိုင်ဟု ယူဆနေခြင်းမှာ မမှန်ကန်သလိုဖြစ်နေသည်။

အခြားတစ်ဦးမှာ မိမိသွားနေကျ ဘုရားတစ်ဆူတွင် စားပွဲခုံတစ်ခု၊ ကြေးစည် တစ်လုံးဖြင့် အလှူခံ ဖြတ်ပိုင်းရေးပေးသူ အသက် ၇၀ ကျော် အရွယ် အဖိုး တစ်ဦးဖြစ်သည်။ သူသည် ဘုရားရိပ်တရားရိပ်တွင် အေးချမ်းစွာနေပြီး ဝါတွင်းရော၊ ဝါပ ပါ ဥပုသ်ရက်ရှည်စောင့်သူဖြစ်သည်။ သက်သတ်လွတ် အမြဲစားသူ ဖြစ်သဖြင့် နှလုံးအဆီတိုးပြီး သွေးကြောပိတ်စရာအကြောင်းလည်းမရှိပေ။ သူ၏တစ်ခုတည်းသော ပြစ်ချက်မှာ အားလျှင် ဖက်ဆေးပေါ့လိပ်ကြီးကို မီးညှိပြီးဖွာနေတတ်သည်။ ညနေစာ၊ ညစာမစား။ ဆေးလိပ်သာလျှင် သူ၏အဖော်ဖြစ်သည်။
ဖြစ်ပုံက ထိုနေ့ညနေက မိုးသည်းထန်စွာရွာသဖြင့် ဘုရားအပြင်ဖက် လမ်းမပေါ်တွင် ရေများလျှံနေ သည်။ သူက အိမ်မပြန်တော့ပဲ ဘုရားတွင်ပင် အိပ်လိုက်သည်။ သူ၏အလှူခံစားပွဲအောက်ရှိ တမံ တလင်း တွင်ပင် နှီးကြောဖျာ ကြမ်းတစ်ချပ်ခင်းပြီး ကပ်ထူစာအုပ်သုံးအုပ်ကို ခေါင်းအုံးပြီး အိပ်လိုက်သည်။ လူကြီးဖြစ်၍ ကောင်းစွာအိပ်ပျော်ပုံမရ၊ ဆေးပေါ့လိပ် ဖက်ဆေးလိပ်အကြီး တစ်လိပ် နီးပါးကုန်အောင် အိပ်ရင်းဖွာနေ ပုံရသည်။ နံနက် လင်းပိုင်းရောက်မှ အိပ်ပျော်သွားပုံရပါသည်။ သို့သော် သူ၏အိပ်ပျော်ခြင်းမှာ မနိုးသော အိပ်ခြင်းဖြစ် သည်။ နံနက်လင်း၍ ဘုရားလူကြီးအချို့ရောက်လာတော့ပင် သူ့ကို ကောင်းစွာ အိပ်ပျော် နေသည်ထင်၍ မနိုးကြ။ အာရုံဆွမ်းကပ်သူများပြန်သွားကြပြီး နံနက် ၆ နာရီခွဲကျော်မှ သူ့ကို လှုပ်နိုးကြသည်။ တောင့်ပင် တောင့်နေပြီ။ မလှုပ်တော့။ ယနေ့မှစ၍ အလှုခံဖြတ်ပိုင်းရေး သည့်နေရာတွင် အလှုရှင်တွက် သာဓုခေါ်ပြီး ကြေးစည်လေးတီးနေသည့် ထိုအဘကို မတွေ့ရတော့ ပြီ။ သောက်၍ မကုန် သေးသော ဖက်ဆေးလိပ်အတိုလေး မှာကား ပြာခွက် အတွင်းတွင် ကျန်ခဲ့သည်။

နှလုံးရောဂါသည် အဆီအအိမ့်စားပြီး အငြိမ်းစားနေသူများ၏ ရောဂါဖြစ်သည်ဟု ဆိုသော်လည်း ပြင်းထန်သောလေ့ကျင့်ခန်းလုပ်ခြင်းကိုလည်း မကြိုက်ပေ။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ မီးခိုး၊ ဓါတ်ဆီ၊ ဒီဇယ်ဆီလောင်ကျွမ်းပြီး ထွက်လာသည့်ကားအိပ်ဇောမှ အငွေ့များကြောင့် လည်း နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်နိုင်သည်။ ဆေးလိပ်၊ ဆေးပေါ့လိပ်သောက်သူများလည်း နှလုံးသွေး ကြောကျဉ်း ရောဂါဖြစ်နိုင်သည်။ ဆေးလိပ်၊ ဆေးပေါ့လိပ်သောက်သူများလည်း နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်နိုင် သည်။ အထူးသဖြင့် အစာမရှိချိန်နှင့် ညအိပ်ယာဝင်ချိန်တွင် ဆေးလိပ်သောက် သူများသည် နှလုံး အမောဖောက်ေ ရာဂါဖြင့် သေဆုံးလေ့ရှိသည်ဟုဆိုသည်။ ဆေးလိပ်အငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိသူ များတွင်ပင် နှစ်ကြာလျှင် နှလုံးရောဂါရနိုင်သည် ဟုဆိုသည်။


ဈေးချိုတော်တွင် ဆိုင်ထွက်သော မိတ်ဆွေတစ်ဦးမှာ ရင်ကြပ်နှင့်နှလုံးရောဂါ စတင်ဝင်ရောက်လာ သဖြင့် အထူးကုဆရာဝန်ကြီးနှင့်ပြပြီး ကုသနေရသည်။ သူသည် အသက် ၅၀ ကျော်သာရှိသေးသည်။ သူ၏ပြစ်ချက် ကို လေ့လာ ဆန်းစစ်ကြည့်သောအခါ သူ၏ဆိုင်ခန်းမှာ ထောင့်ကျပြီး အလင်းရောင်အဝင် နည်းကာ ခြင်ကိုက်သဖြင့် ခြင်ဆေးခွေနှစ်ခွေကို အမြဲထွန်းထားသည်။ ထိုခြင်ဆေးအငွေ့များကို တစ်နှစ်လုံး ရှုရှိုက်ပြီးနောက် သူ့တွင် ရင်ကြပ် အမောရောဂါရလာခြင်းဖြစ်သည်။ ယခုအခါ သူသည် နှလုံးဆရာဝန် ၏အကြံပေးချက်အရ နံနက်တိုင်း ကျုံးနံဘေးတွင် လမ်းလျှောက် ပြီး လေ့ကျင့်ခန်း လုပ်နေသည်ကိုတွေ့ရသည်။ သူ၏ဖြစ်ရပ်ကို ကြည့်ပြီး ခြင်ဆေးခွေ ထွန်းသူများကို အသိပညာပေးဖို့ လိုအပ်ကြောင်းတွေ့ရပေသည်။

တရုတ်ပြည်မှဝင်လာသော ခြင်ဆေးခွေတစ်မျိုးတွင် ပိုးသတ်ဆေးအဆိပ်များ လိုအပ် သည်ထက်ပို၍ ပါဝင်နေသဖြင့် အငွေ့ရှူရှိုက်မိသူလူအများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ထိုနှစ်က ကြေငြာခဲ့သည်။ သို့သော် အရပ်ထဲရှိ အိမ်ဆိုင်များတွင် တိုးတိုးတိတ်တိတ် ဆက်လက်ရောင်းချနေဆဲဖြစ်ကြောင်း တွေ့ရ သည်။ ဒီမှာရှိတဲ့ခြင်ဆေးတွေက ရိုးသွားပြီ။ ခြင်တွေကမကြောက်တော့ဘူး။ ဒီတရုတ်ခြင်ဆေးကမှ ခြင်သေတာ။ ဖြတ်ပြေးတာနဲ့သေတာပဲ။ ဈေးကလည်း သက်သာတယ်၊ ဒါကြောင့် ရောင်းရတယ်။ ဝယ်သူတွေက ဒါပဲမေးကြတယ်ဟု ပြောသံကြားရပါသည်။ တတ်ကျွမ်းနားလည်သူ ပညာရှင်များက ကျန်းမာ ရေးကို ထိခိုက်နိုင်သဖြင့် သတိပေးသည်ကို သတိမမူကြ။ ခြင်ပြေးသည့်အကျိုးကိုသာ ကြည့်ဝယ်ကြသည် ကိုတွေ့ရသည်။ လူထုကို အသိပညာပေးရသောအလုပ်သည် လက်တွေ့အကျိုးနှင့်ယှဉ်လာလျှင် အလွန် ခက်ခဲမှုများရှိကြောင်း တွေ့ရပါသည်။ လူ့ခန္ဓာကိုယ်တွင်ရှိသော အင်္ဂါအစိတ်အပိုင်းများသည် အိပ်စက် ချိန်တွင်အနားရကြသော်လည်း လုံးဝအနားမရပဲ သေသည်အထိ အလုပ်လုပ်သွားရသော အင်္ဂါမှာ နှလုံးကြွက်သားများပင်ဖြစ်သည်။ ကြွက်သားများဖြင့် ညှစ်ခြင်း၊ ကျုံ့ခြင်း၊ ပွခြင်းအလုပ်များကို စက္ကန့် မလပ်လုပ်ဆောင်ရင်း ခန္ဓာကိုယ်အနှံ့ အပြားသို့ သွေးများရောက်အောင်ပို့ဆောင်ပေးနေသည်။ ခန္ဓာကိုယ် အစွန် အဖျားမှ ဟောင်းညစ်သွားသောသွေးများကို သွေးပြန်ကြောများမှတဆင့် ပြန်လည်သိမ်းဆည်းရသည်။ အမှတ်မထင်ပြုမူမိသော အမှားတစ်ခုကြောင့် နှလုံးေ ရာဂါဖြစ်ပြီး မမျှော်လင့်ပဲ နှလုံးတိုက်ခိုက်မှုခံရကာ သေဆုံးနိုင်သည်ကို သတိပြုကြဖို့လိုသည်။ သင့်တင့်သောလေ့ကျင့်ခန်းမလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်မှု လွန်ကဲခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဓါတုဗေဒပစ္စည်း အငွေ့ အသက်များရှုရှိုက်မိခြင်းတို့ကို အထူးသတိပြုကြစေလိုသည်။

ဆေးလိပ်သောက်သုံးသူများသည် အသက်လေးဆယ်ကျော် လာလျှင် နှလုံး အင်အားကျဆင်း လာချိန်ဖြစ်သဖြင့် ဆေးလိပ်ဖြတ် သင့်သည်။ ဆေးလိပ်ေ သာက်ခြင်းကြောင့် နှလုံးသွေးကြောများ ကျဉ်းရုံသာမက တစ်ကိုယ်လုံး ရှိသွေးကြောများပါ မာဆတ်တောင့်တင်းသွားသည်ဟုဆိုသည်။ အထူးသဖြင့် ခြေဖျားလက်ဖျား အစွန်အဖျားရှိ သွေးကြော ကလေးများ သွေးမရောက်ဖြစ်ကာ ဖြတ်ပစ်ရသူများပင်ရှိသည်။ heart attack (နှလုံးတိုက်ခိုက်မှု) ခံရသူအတော်များများမှာ ငယ်စဉ်က ပင် ဆေးလိပ်သောက် ခဲ့သူများ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ ဆေးလိပ်ဖြတ်ခြင်းသည် နောက်ကျသည်ဟူ၍ မရှိပေ။ ဆေးလိပ် မသောက်ပဲ ဖြတ် ထားပြီး လေးနာရီကြာလျှင် ပင် သွေးကြောများပြန်လည်ပျော့ပြောင်းလာသည်ဟုဆိုသည်။ ဆေးလိပ်ဖြတ်ပြီး တစ်နှစ်ခန့်ကြာသောအခါ နှလုံးသွေးကြောမကြီးများပင် ပြန်လည်ပျော့ပြောင်း၍ အင်အား ကောင်းလာသည်ဟုဆိုသည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း၊ ရုတ်တရက် သေဆုံးခြင်း၊ အိပ်ပျော်နေရင်းသေဆုံးခြင်း စသောနှလုံးရပ်၍သေဆုံးရခြင်း ဘေးအန္တရာယ်မှ လွတ်ကင်း နိုင်ပေသည်။

နှလုံးရောဂါ ဘာကြောင့်ဖြစ်သနည်းဟုမေးလျှင် ဆေးပညာ ရှုထောင့်မှ အကြောင်းများစွာရှိသည်။ နှလုံးကြွက်သားများ၊ သွေးလှည့်အဖွဲ့၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ နှလုံးအခင်များ မာတောင့်ခြင်း၊ နှလုံးဦးခန်း မပိတ်သည့်ရောဂါ၊ နှလုံးမွေးရာပါအပေါက်မပါခြင်း၊ နှလုံးခုန်ကြိမ် မမှန်ကန်ခြင်း၊ ခုန်သော အလုပ်ကို စည်းဝါးညီအောင် မလုပ်ခြင်း၊ လေးဘက်နာ ပိုးကြောင့် နှလုံးရှိ အခင်များပျက် စီးခြင်း၊ နှလုံး ရောင်ခြင်း၊ နှလုံး ကြီးခြင်း၊ နှလုံးပွခြင်း စသည့်ရောဂါများစွာရှိသည်။

နှလုံးရောဂါမဖြစ်စေရန် ဆင်ခြင်သင့်သည်များမှာ
(၁) ဆေးလိပ်မသောက်ပါနှင့်။ သောက်သုံးနေသူများ၏ အငွေ့ကိုပင်ရှောင်ပါ။
(၂) အလွန်ပင်ပန်းသောလေ့ကျင့်ခန်းများ မလုပ်သင့်ပါ။
(၃) အချိုနှင့်အဆီအအိမ့် အလွန်အကဲ မစားပါနှင့်။ သကြားလျှော့စားပါ။
(၄) စိတ်ပင်ပန်းမှုနှင့် အိပ်ရေးပျက်သောအလုပ်များကို ရှောင်ရှားပါ။
(၅) သန့်ရှင်းမှုမရှိ၊ လေကောင်းလေသန့်မရသော နေရာများ တွင် နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်းမှ တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။

ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် အကြောင်းများစွာရှိသည်မှာ မှန်သော်လည်း မိမိနှင့်အနီးစပ်ဆုံး၊ အနေအထိုင် အစားအသောက်ဆင်ခြင်စရာအချို့ကို ဆင်ခြင်နေထိုင်လျှင် မဖြစ်သင့်သောနှလုံးရောဂါကို မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ရာရောက်ပေသည်။ ခက်ခက်ခဲခဲမဟုတ်ပဲ လွယ်ကူစွာ သတိပြု ဆင်ခြင်နိုင်မည့် အကြောင်းအရာများကို ဆင်ခြင်စားသောက်နေ ထိုင်ပြုမူ သဖြင့် နှလုံးရောဂါဒဏ်ခံစားရခြင်း၊ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း၊ heart attack ဖြင့် အသက်ဆုံးရှုံးရခြင်းများ မဖြစ်ရလေအောင် ဆင်ခြင် နိုင်ကြောင်း တင်ပြရေးသားလိုက်ရပေသည်။

ကြည်လွင်မြင့်(မုဒြာ)
MOI Webportal Myanmar
https://www.facebook.com/pg/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ