Hemangioma ဟီမင်ဂျီယိုးမား



ဆရာရှင့် ကျွန်မသမီးလေးက ၃၀-၁၂-၂၀၁၆ နေ့က မွေးထားတာပါ ။ မွေးပြီးပြီးချင်း အောက်ဆီဂျင်သွင်း ထားရတာ ၁ လပိုင်း ၃၀ ရက်နေ့မှ ဆေးရုံကဆင်းခဲ့ရတယ် ။ အဲ့ဒါ ကလေးရဲ့ဂျိုင်းမှာ ဒီလိုအနာဖြစ်နေတယ် ဆရာ ။ မွေးရာပါမဟုတ်ဘူး။ ဆေးရုံရောက်ပြီး ၆ ရက်လောက်မှတွေ့တယ်လို့ ဆရာဝန်ကပြောတယ်။ လိမ်းဆေးပဲပေးလိုက်တယ်ဆရာ။ ခုထိ မသက်သာသေးလို့ ဘာဆေးလိမ်းပေးရမလဲ သိချင်လို့ ကျေးဇူးပြု ပြီး ဖြေပေးစေချင်ပါတယ်ဆရာ ။ သမီးလေးအနာ ဆေးလိမ်းထားတာပါ။ အစက အမှတ်လိုမျိုးအကွက်ကြီးပါ နောက်မှ အနာဖြစ်သွားတာ။

ဆောရီး။ ဆေးလိမ်းမထားတဲ့ အနာပုံရချင်ပါတယ်။
ရေချိုးပြီးခါစ ဆေးမလိမ်းခင် ရိုက်ထားတဲ့အနာပုံပါဆရာ။
ဆရာ့အထင် Hemangioma ဟီမင်ဂျီယိုးမား ခေါ် မွေးရာပါ အမှတ်တမျိုးဖြစ်မယ်။ ကိုင်ကြည့်ရင် ရာဘာလိုနေတယ်။ ချောမွေ့နေတယ်။ ကြည့်ရင် နီရဲနေတယ်။ စထောဘယ်ရီ အမှတ်လို့လည်းခေါ်တယ်။
ခန္ဓာကိုယ် နေရာအမျိုးမျိုးမှာဖြစ်နိုင်တယ်။ မျက်နှာ၊ ဦးခေါင်းခွံအရေပြား၊ ရင်ပတ်၊ နောက်ကျောတွေမှာ အဖြစ်များတယ်။

အရေပြားမှာ သွေးကြောသေးသေးလေးတွေ အပိုဖြစ်တာ။ ကင်ဆာ မဟုတ်ပါ။ စိုးရိမ်စရာ မဟုတ်ပါ။ အဲတာမျိုးက မွေးမွေးချင်း မမြင်ရတာလည်းရှိတယ်။ မွေးစတနှစ်မှာ ဖြစ်တယ်။ ကြာလေ သက်သာလေ ။ နောက် ပျောက်သွားမယ် ။ သုတေသနတွေအရ အသက် ၂ နှစ်ကနေ ၁ဝ နှစ်၊ ပျမ်းမျှ ၅ နှစ်မှာ ပျောက်တယ် ။ ပျောက်တဲ့နေရာမှာ မဆိုးတဲ့ အမှတ်အသား ကျန်ရစ်သူလည်းရှိတယ်။
မွေးမွေးချင်းမပေါ်တာလည်းရှိတယ် ။ ရက်-လ အနည်းငယ်မှာပေါ်လာတယ် ။ ပေါ်စမှာ ပြားလိုက်နေသေး တယ် ။ နောက် တချို့မှာ အပေါ်ကိုခုံးတင်လာတယ် ။ ပျေားစိစိ၊ ပွစိစိနေတယ်။
ဘာလို့ဖြစ် သလဲ သေချာမသိပါ ။ မိန်းကလေးတွေက ပိုဖြစ်တာတွေ့ရတယ် ။ လမစေ့ပဲမွေးသူတွေမှာပိုဖြစ်တယ်။

နောက်ဆက်တွဲဖြစ်နိုင်တာတွေက အနာဖြစ်တတ်တယ် ။ နာမယ် ။ သွေးထွက်မယ် ။ ပိုးဝင်မယ် ။ သွေးထွက်ရင် တခြား အနာဒဏ်ရာတွေနဲ့မတူပါ ။ ကြာကြာဖိပေးထားရတယ်။ ရေခဲကပ်နိုင်တယ်။ မရသေးရင်တော့ ဆရာဝန်ပြပါ။ ပို့ပေးတဲ့ပုံထဲမှာ အမည်းရောင်ဖြစ်နေ တာက သွေးထွက် ထားတာလို့ ထင်ပါတယ် ။ ဒဏ်ရာရလို့ အနာဖြစ်ရင် ရှေးဦးသူနာပြု ပိုးသေဆေးနဲ့ ဆေးထည့်ပါ။ ပိုးဝင်ရင် တချို့မှာ ပိုးသေဆေးလိုမယ်။

ဆေးကုသဘို့ မလိုအပ်ပါ။ မျက်စိအနာမှာလို ကြည့်ရတာအခက်အခဲရှိတာမျိုးသာ ကုသဘို့လိုတယ်။
Beta blocker drug ဘီတာဘလော့ကာဆေးပေးနိုင်တယ်။ Propranolol ဆေးသုံးတာများတယ်။ ဘေးထွက်သက်ရောက်မှု သတိထားရမယ်။ သကြားဝါတ်များနိုင်တယ်။ သွေးတိုးနိုင်တယ်။ ပန်းနာလိုရင်ကျပ်နိုင်တယ်။
Timolol gel လိမ်းနိုင်တယ်။
Corticosteroid ကော်တီကိုစတီရွိုက်ဆေးလည်းသုံးကြတယ်။ ဖြစ်တဲ့နေရာမှာ ထိုးဆေးသုံးနိုင်တယ်။ စားဆေးနဲ့ လိမ်းဆေးလည်းရှိတယ်။ ဘေးထွက်သက်ရောက်မှု သတိထားရမယ်။ ဖွံ့ဖြိုးမှုကို နှေးစေမယ်။
Laser surgery လေဆာနည်းလည်းလုပ်နိုင်တယ်။
Interferon alfa ဆေးနဲ့ topical immune suppressants ခုခံအားနှိမ်ဆေးတွေက စမ်းသပ်သုံးနေတာသာဖြစ်တယ်။
ဆရာ့အမြင် သည်အတိုင်းသာထားသင့်တယ်။ အရပ်ဆေးနည်းတွေ ရှောင်သင့်တယ်။ တချို့က သွေးစုပ်တဲ့အကောင်တွေ ကပ်ကြတယ်။ မသင့်ပါ။ အနာဖြစ်မယ်။ ရောဂါပိုးဝင်နိုင်တယ်။ သွေးထွက်မယ်။ အမာရွတ်ဖြစ်စဉ်ဝင်လာပြီး ရုပ်ဆိုးစေမယ်။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ