ရန်ကုန်မြို့တွင် အလုပ်သမား တိုင်းရင်း ဆေးရုံသစ် ဖွင့်လှစ်ရန် စီစဉ်


ရန်ကုန် ဒီဇင်ဘာ ၂၁

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ကြီးမှူးပြီး
လူမှုဖူလုံရေး အဖွဲ့ဝင် အလုပ်သမားများ အတွက် တိုင်းရင်းဆေးရုံသစ် တစ်ခုကို လာမည့် ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ ဖွင့်လှစ်နိုင်စေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ တိုင်းရင်း ဆေးခန်းများ၏ အကူအညီဖြင့် အလုပ်သမားများ အတွက် တိုင်းရင်း ဆေးရုံသစ်ကို လှိုင်သာယာတွင် စတင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် ထန်းတပင် မြို့နယ်တို့တွင် ဖွင့်လှစ်ထား သော အလုပ်သမား ဆေးရုံကြီးများ၌လည်း တိုင်းရင်း နည်းပညာဖြင့် ဆေး ကုသပေးခြင်းများကို ထည့်သွင်း ဆောင်ရွက်သွားမည့် အပြင် အလုပ်သမား များသော မြို့နယ်များရှိ လူမှုဖူလုံရေး ဆေးပေး ခန်းများ၌လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားရန် အစီအစဉ် ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်မည့် အဆိုပါ အလုပ်သမား တိုင်းရင်း ဆေးရုံသစ်တွင် လာရောက် ဆေးကုသမှု ခံယူသော လူမှုဖူလုံရေး အဖွဲ့ဝင် အလုပ်သမားများကို အလုံးစုံ အခမဲ့ ဆေးကုပေးသွားမည် ဖြစ်ပြီး အကယ်၍ အပြင်ဆေးဆိုင် များမှ ဆေးဝယ် သောက်ရပါကလည်း ကျသင့်သော ဆေးဖိုးများအတွက် ဆေးရုံမှ တာဝန်ယူသွားမည်ဟု သိရသည်။

ထို့အပြင် ယခုလက်ရှိ လူမှုဖူလုံရေး ဝန်ကြီးဌာနမှ လိုက်လံဆေး ကုသ ဆောင်ရွက် ပေးနေသော ရွေ့လျား ဆေးကုသ ယာဉ်သည် အလုပ်သမားများကို အနောက်တိုင်း ဆေးပညာဖြင့်သာ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက် ရှိရာ လိုအပ်လာပါက တိုင်းရင်း ဆေးပညာဖြင့် ဆေးကုသမှု ခံယူလိုသူများ အတွက်လည်း ရွေ့လျား ဆေးကုသ ယာဉ်များ ထပ်မံဝယ်ယူ ဖြည့်တင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ