သရုပ်ဆောင် ကောင်းခြင်းနဲ့ ကျော်ကြားသူ တောင်ကိုရီးယား မင်းသမီး Park Shin Hye


You're Beautiful (အိန်ဂျယ်ချစ်သူ) ဇာတ်ကားထဲမှာ ယောက်ျားလေး တစ်ယောက်လို ဟန်ဆောင်ပြီး သရုပ်ဆောင် ခဲ့တဲ့ ချစ်စရာ ကောင်မလေး Park Shin Hye ကို မှတ်မိကြဦး မှာပါ။ Park Shin Hye ဟာ တောင် ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင် ကောင်းသူတွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ ကလေး သရုပ်ဆောင် အဖြစ် အနုပညာ လောကထဲကို စတင် ရောက်ရှိလာခဲ့ပြီး အနုပညာ အရည်အသွေး ပြည့်ဝတဲ့ အနုပညာရှင် တစ်ယောက် အဖြစ် ပရိသတ် အသိအမှတ်ပြု ခံရသူလည်း ဖြစ်ပါတယ်။

Shin Hye ဟာ ၁၉၉ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူမမှာ မွေးချင်း အစ်ကိုတစ်ယောက် ရှိပါတယ်။ သူမရဲ့ အနုပညာခရီး အစကတော့ အဆိုတော် Lee Seung Hwan ရဲ့ ''Ggot-Flower'' MTV မှာ ပါဝင် သရုပ်ဆောင် ပေးရင်း ကုမ္ပဏီနဲ့ ဆက်သွယ်မိပြီး အဆိုတော် အနေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရာက အနုပညာ ခရီးကို စတင် ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲ အနေနဲ့ ၂ဝဝ၃ ခုနှစ်မှာ Stairway To Heaven ကို ရိုက်ကူး ခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ Best Child Actress ကို ရရှိခဲ့ပါတယ်။ သူမ အသက် ၁၆ နှစ် အရွယ် ၂ဝဝ၆ ခုနှစ်မှာ မင်းသား Lee Wan နဲ့အတူ Tree of Heaven ကို ရိုက်ကူး ထားပါတယ်။ မိထွေး၊ ပထွေးက ပါလာပြီး သွေးသား မတော်စပ်တဲ့ မောင်နှမ နှစ်ဦးရဲ့ ဆက်ဆံရေးကို ဖော်ပြထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ သွေးသား မတော်စပ်တဲ့ အစ်ကို ဖြစ်သူကို တစ်ဖက်သတ် ကြိုက်နေတဲ့ ကောင်မလေး တစ်ယောက် ပုံစံကို ပီပီပြင်ပြင် သရုပ်ဆောင် ထားပါတယ်။ အသက်နဲ့ မလိုက်အောင် သရုပ်ဆောင် ကောင်းသူ အဖြစ်လည်း သတ်မှတ်ခြင်း ခံရပါတယ်။ SBS Drama Awards မှာ Best Child Actress ကို ရရှိခဲ့ ပါတယ်။

၂ဝဝ၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ You're Beautiful (အိန်ဂျယ်ချစ်သူ) ဇာတ်ကားကတော့ Shin Hye ရဲ့ အောင်မြင်ပြီးသား အနုပညာ ခရီးကို ပိုပြီး အောင်မြင်အောင် ထပ်ဆင့် ပံ့ပိုးပေးလိုက်တဲ့ ဇာတ်ကားကောင်း လေးတစ်ကား ဖြစ်ပါတယ်။ ရုပ်ရည်တူတဲ့ အစ်ကိုဖြစ်သူရဲ့ ကိုယ်စား ယောက်ျားလေး ဟန်ဆောင်ပြီး A.N.Jell အဖွဲ့ထဲကို ဝင်ရောက် လာခဲ့တယ်။ Hwang Tae Kyung အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Jang Keun Suk က သူမကို မိန်းကလေးအဖြစ် သိသွားပြီး ပြဿနာတွေ ဖြစ်ရာက နောက်ဆုံး ချစ်သူတွေ ဖြစ်သွားကြတဲ့ လူငယ်ကြိုက် ဇာတ်လမ်းလေးပါ။ ကြည့်နှုန်းများပြီး အာရှတစ်ခွင်မှာ ကျော်ကြားတဲ့ ဇာတ်ကား ကောင်းလေး တစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုနဲ့ ပရိသတ်ကို တွေ့ဆုံတဲ့ ပွဲလေး အဖြစ် A.N.Jell mini concert ကိုလည်း ကျင်းပခဲ့ကြ ပါတယ်။ CN Blue အဖွဲ့မှ Jung Young Hwa နဲ့ FT Island အဖွဲ့က Lee Hongki တို့ ပါဝင် သရုပ်ဆောင် ထားပါတယ်။ Shin Hye ဟာ ဒီဇာတ်ကားနဲ့ New Star Award ကို ရရှိခဲ့ပါတယ်။

MBC မှ ထုတ်လွှင့်ပြသတဲ့ Heartstrings (နှလုံးသားထဲက ချစ်သံစဉ်) ဇာတ်လမ်းကို ၂ဝ၁၁ ခုနှစ်မှာ ရိုက်ကူး ခဲ့ပါတယ်။ ရိုးရာ တေးဂီတကို တန်ဖိုးထားတဲ့ အဖိုးဖြစ်သူနဲ့ နေထိုင်ပြီး အနုပညာတက္ကသိုလ် တက်တဲ့ ခေတ်ပေါ် တေးဂီတကို စိတ်ဝင်စားသူ ကောင်မလေး အဖြစ် သရုပ်ဆောင် ထားပါတယ်။ ခေါင်းဆောင် မင်းသားကတော့ You're Beautiful (အိန်ဂျယ်ချစ်သူ)မှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့တဲ့ Jung Yong Hwa ပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယား နိုင်ငံတွင်သာ မက အာရှတစ်ခွင်မှာပါ လူကြိုက်များတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ 48th Baeksang Arts Awards မှာ Most Popular Actress ကို ရရှိခဲ့ ပါတယ်။

၂ဝ၁၃ ခုနှစ်မှာ Flower Boys Next Door (ဘေးအိမ်က ကိုလူချော) ဇာတ်လမ်းတွဲကို ရိုက်ကူးထားပြီး အဲဒီဇာတ်ကားမှာ ပါဝင်တဲ့ Pitch Black ဇာတ်ဝင်တေးကို သူမကိုယ်တိုင် သီဆို ထားပါတယ်။ ခေါင်းဆောင် မင်းသားကတော့ Yoon Shi Yoon ပါ။ ဒီနှစ်မှာပဲ The Heirs ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မယ်လို့ သိရ ပါတယ်။ ခေါင်းဆောင် မင်းသားကတော့ Lee Minho ပဲ ဖြစ်ပါတယ်။ MTV အနေနဲ့ အဆိုတော်၊ မင်းသား So Ji Sub ရဲ့ ''Eraser'' သီချင်းမှာ မင်းသား Yoo Seung Ho နဲ့ အတူ ပါဝင် သရုပ်ဆောင် ပေးထားပါတယ်။ အဆိုတော် မင်းသား Lee Seung Gi ရဲ့ ''Alone In Love'' MTV မှာလည်း သရုပ်ဆောင် ပေးထားပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ Miracle in Cell No.7 ရုပ်ရှင်ကားကို ရိုက်ကူး ခဲ့ပါတယ်။ ရုံတင်ပြီး ၅၂ ရက် အကြာ မှာပဲ လက်မှတ် အရေအတွက် ၁၂ ဒသမ ၃၂ သန်း ရောင်းရတဲ့ အထိ အောင်မြင်မှု ရခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားနဲ့ ၂ဝ၁၃ Baeksang Arts Awards မှာ Most Popular Actress ကို ရရှိခဲ့ပါတယ်။ Shin Hye ဟာ SBS က ကျင်းပတဲ့ Running Man အစီအစဉ် မှာလည်း ပါဝင်ခဲ့ပါ သေးတယ်။

မြနေရိပ်သွင် (မြ၀တီ)


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ