မျက်ကွင်းညိုခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ


မျက်ကွင်း ညိုခြင်းဟာ ရောဂါတစ်ခု မဟုတ်ပါဘူး။ မျက်လုံး ပတ်ပတ်လည်မှာ အာဟာရပြု ထောက်ပံ့နေသည့် ဆံချည်မျှင် သွေးကြောလေး များထဲတွင် ရှိသော ဟေမိုဂလိုဘင် များ ပျက်စီး ဆုံးရှုံးခြင်းမှ ထွက်ပေါ် လာသော ရလဒ်တစ်ခုပဲဖြစ်ပါတယ်။ မျက်ကွင်း ညိုနေခြင်းဟာ တစ်ခြားသူတွေအတွက်လည်း ကြည့်လို့မကေင်းသလို ကိုယ်တိုင်အတွက်လည်း ယုံကြည်မှုကင်းမဲ့စေတဲ့ ပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။

ဒါ့ကြောင့် မျက်ကွင်းညိုခြင်းကို ဖြစ်စေ တတ်သော အခြေအနေ များနှင့် မျက်ကွင်းညိုခြင်း ကို မည်သို့ ကာကွယ်သင့် သည်ကို ဖော်ပြပေး လိုက်ပါသည်။ မျက်ကွင်းညိုခြင်း သည် အောက်ပါ အကြောင်းအရင်း များကြောင့် ဖြစ်စေပါ သည်။ မျိုးရိုးလိုက်ခြင်း၊ အိုမင်းရင့်ရော် လာခြင်း၊ နေရောင်ခြည်နှင့် မကြာခဏ ထိတွေ့ခြင်း၊ နေ့စဉ်ရက်ဆက် ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်း၊ ကွန်ပျူတာ၊ တီဗွီ မှန်သားပြင် ရှေ့တွင် အချိန် ကြာမြင့်စွာ အာရုံစိုက် ကြည့်ရှုတတ်ခြင်း၊ နှင်းခူ ကဲ့သို့သော ဓာတ်မတည့်သည့် ရောဂါများ ရှိနေခြင်း၊ ထိပ်ကပ်နာ ကဲ့သို့သော နှာခေါင်းနှင့် ပတ်သက်သည့် ရောဂါများ ရှိနေခြင်း တို့ကြောင့် ဖြစ်စေ နိုင်သည်။

မျက်ကွင်းညိုခြင်း မဖြစ်အောင် ဘယ်လို နည်းတွေနှင့် ကာကွယ်ကြ မလဲ။ မျက်ကွင်း ညိုခြင်း ကို သက်သာစေရန် နည်းလမ်းများ မှာ ရေများများ သောက်ခြင်း၊ မျက်စိကို လက်ဖြင့် ကြမ်းကြမ်း တမ်းတမ်း မပွတ်မိအောင် သတိပြုခြင်း၊ သခွားသီး သို့မဟုတ် အာလူးတို့ကို အခွံနွှာကာ အကွင်းလိုက် ပါးပါးလှီး၍ မှိတ်ထားသော မျက်လုံးပေါ်၌ တင်ပေး ထားနိုင်ပါသည်။

သံလွင်ဆီ သို့မဟုတ် ဗီတာမင်အီး ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံး၏ ပတ်လည်တွင် လိမ်းပေး နိုင်ပါသည်။ ထို့အပြင် အိပ်ရေးဝဝ အိပ်ပေးရန်လည်း လိုအပ်သည်။ အိပ်ရေးပျက် ခြင်းကြောင့် မျက်တွင်း ချိုင့်လာပြီး မျက်ကွင်းညို သကဲ့သို့ ဖြစ်ပေါ် စေတတ်သည်။ စိတ်ဖိစီးမှု ကင်းဝေးအောင် ကိုယ့်ကိုယ်ကိုယ် သတိပြု နေထိုင်ရန် လိုပြီး ကွန်ပျူတာ ရှေ့နှင့် တီဗွီရှေ့တွင် တစ်ထိုင်တည်း အချိန် ကြာမြင့်စွာ ကြည့်ရှု အသုံးပြုခြင်းကို ရှောင်ကြဉ် ရပါမည်။ ဤသည်ကို သတိမထား ပါက မျက်ကွင်းညိုခြင်း အတွက် သာမက ခန္ဓာကိုယ်၏ အဆစ်အမျက် များနှင့် ဦးနှောက် အလုပ်လုပ် နိုင်စွမ်းများ ကိုပါ ထိခိုက် စေနိုင်ပါသည်။

မျက်လုံးကို မကြာခဏ အနားပေးပါ။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြား၌ မယ်လနင် ( Melanin ) များ ပိုမိုထွက်ရှိ နိုင်ပြီး မျက်ကွင်းညိုခြင်း ကို ပိုမိုဆိုးရွား စေနိုင်ပါသည်။ အရည်ရွှမ်းသော အသီးများ၊ လတ်ဆတ်သော အသီးများ နှင့် ဟင်းသီးဟင်းရွက် များ စားခြင်း ကလည်း မျက်ကွင်းညို ခြင်းကို လျော့ကျသက်သာ စေနိုင်ပါသည်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref : Remedies


အီလက်ထရောနစ်စီးကရက်တွေမှာ ကင်ဆာပိုမိုဖြစ်စေတဲ့ဓာတ်တွေ တွေ့ရ


ကျွန်တော်တို့အပါအဝင် လူအများစုဟာ e-cigarettes လို့ခေါ်တဲ့ အီလက်ထရောနစ် ဆေးလိပ်တွေအနေနဲ့ သာမန်ဆေးလိပ်တွေထက်ပိုပြီး ရောဂါဖြစ်ပွားမှုနည်းစေနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို e-cigarette တွေကလည်း သင့်အတွက် အတိအကျကောင်းမွန်စေတော့မှာ မဟုတ်ပါဘူး။

လေ့လာချက်များစွာအရ e-cigarette vapor မှာ အဆိပ်သင့်စေတဲ့ ဓာတုဓာတ်များစွာ ပါဝင်ပါတယ်။ သုတေသီတွေရဲ့ ပြောကြားချက်အရ e-cigarette ရဲ့လောင်စာအရည်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းနှစ်မျိုး ပါဝင်တာကို တွေ့ရှိခဲ့ရတာပါ။

ဒီလေ့လာမှုကို Lawrence Berkeley National Laboratory က သုတေသနပညာရှင်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး Glycol နဲ့ Glycerin တွေမှာတွေ့ရတတ်တဲ့ အဆိပ်ဓာတ်နှစ်မျိုးကို Vapor Smoke တွေမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် သုတေသနပညာရှင်တွေက e-cigarette သောက်တာဟာလည်း လုံခြုံမှုမရှိကြောင်း ကင်ဆာရောဂါတွေကို ဖြစ်ပွားစေနိုင်ကြောင်း ဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: Engadget

အားပြည့်ကျန်းမာရေး အစားအစာတစ်ချို့ဟာ လူကို ပိုပြီး ပင်ပမ်းနွမ်းလျစေနိုင်


အဆီမပါတဲ့ အနံ့အရသာဖြည့် ဒိန်ချဉ်

ဒိန်ချဉ်အားလုံးကို တစ်ပုံစံတည်း ပြုလုပ်ထားကြတာ မဟုတ်ပါဘူး။ ၆အောင်စခန့်ရှိ အဆီမပါဘူးဆိုတဲ့ ချောကလက်ဒိန်ချဉ်ဗူးတစ်ဗူးမှာ အောဂင်းနစ်သကြား ၃၅ ဂရမ်ထိ ပါဝင်နေတတ်ပါတယ်။
ဘယ်ရီသီးနဲ့ သစ်စေ့ထည့်ထားတဲ့ ဒိန်ချဉ်စစ်စစ်ကို စားသုံးခြင်းဖြင့် ကိုယ်တွင်းသကြားဓါတ်နဲ့ ပရိုတင်းဓါတ်တွေကို ညီညွတ်မျှတအောင် ထိန်းညှိပေးပါတယ်။

သားသတ်လွတ် မုန့်ကြွပ်ကြော်များ

သားသတ်လွတ် အသီးအရွက်ထုတ် အကြော်လို့ နာမည်မြင်တာကြောင့် ၀ယ်စားလိုက်ပေမယ့် တကယ့်နေ့စဉ်ဘ၀မှာ အသီးအရွက်တွေ စားနေတာမဟုတ်ပါဘူး။
ဒီအကြော်တွေဟာ ကြွပ်ရွပြီး ငံတူးတူးအရသာရှိကာ များသောအားဖြင့်တော့ အားလူးလို ကစီဓါတ်များတဲ့ အသီးအနှံမျိုးက ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ရယ်ဒီမိတ် အကြော်မျိုးတွေ စားမယ့်အစား အိမ်မှာ ကိုယ်တိုင်ကြော်စားလို့ရတဲ့ ကန်စွန်းဥ နဲ့ အားလူးမျိုးကိုသာ စားသုံးသင့်ပါတယ်။

ကော်ဖီ

အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိသူတွေဟာ ကော်ဖီကို မနက်ပိုင်းမှာ သောက်သုံးပေးသင့်ပါတယ်။ မနက်စောစော အိပ်ယာထမှာ ပိုပြီးများနေတတ်တဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ နေ့လည် ၃ နာရီ နောက်ပိုင်း မသောက်သင့်တာကတော့ ကဖိန်းဓါတ်ဟာ သောက်သုံးပြီး ၆နာရီကြာ အာနိသင်ရှိတာမို့ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးလို့ ဖြစ်ပါတယ်။

သစ်သီးဖျော်ရည်များ

အင်အားပြည့် လန်းဆန်းချင်လို့ ဆိုင်က ၀ယ်သောက်တဲ့ သစ်သီးဖျော်ရည်စစ်စစ်ဆိုတာတွေမှာ သကြား ၂၅ ဂရမ်လောက်ဟာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေတာဖြစ်ပြီး လိုအပ်တဲ့ အဆီ၊ ပရိုတင်းနဲ့ အမျှင်ဓါတ် အပြည့်အ၀မပါတာကြောင့် အင်အားပြန်လည် ပြည့်တင်းစေမှာ မဟုတ်ပါဘူး။
အိမ်မှာ ကိုယ်တိုင်ဖျော်သောက်တဲ့ ပဲနို့ရည် ၊ ထောပတ်သီး ဖျော်ရည်မျိုးမှာသာ ပရိုတင်းနဲ့ လိုအပ်တဲ့ အဆီဓါတ်တွေ ပါဝင်တာ ဖြစ်ပါတယ်။


( Michelle )



#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Mens Health


လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်ပေးခြင်းက အမျိုးသမီးငယ်တွေရဲ့ နှလုံးကျန်းမာရေးကိုအထောက်အကူပြု


အမျိုးသမီးငယ်တွေအနေနဲ့ တစ်ပတ်မှာ လေ့ကျင့်ခန်းကို ၂.၅နာရီ ခန့်သာပြုလုပ်ပေးတာတောင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားမှုနှုန်းကို ၂၅ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်က အကြံပြုခဲ့ပါတယ်။

“အပြုအမူနဲ့ ရွေးချယ်မှုတွေဟာ ကျွန်တော်တို့ကို ပထမနာရီဝက်မှာ နေထိုင်လို့ကောင်းအောင်ပြုလုပ်ပေးပြီး ဒုတိယနာရီဝက်မှာတော့ နာတာရှည်ရောဂါတွေကနေ ကင်းလွတ်အောင်ပြုလုပ်ပေးစေနိုင်ပါတယ်” လို့ ဘယ်လ်တီမိုးမှာရှိတဲ့ ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ Erin Minchos ကဆိုပါတယ်။

“လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးရင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါနဲ့ တခြားနာတာရှည်ကျန်းမာရေး အခြေအနေတွေကနေ လျှော့ချပေးနိုင်ပါတယ်” လို့ Minchos ကဆက်ပြောခဲ့ပါတယ်။

သုတေသနကိုဦးဆောင်တဲ့ Andrea Chomistek က အမျိုးသမီးတွေအနေနဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ မိနစ် ၁၅၀လောက်ပြုလုပ်ပေးတာတောင် ကောင်းမွန်တဲ့ လက္ခဏာတွေဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ GYM ဆော့တာ၊ စက်ဘီးစီးတာ ဒါမှမဟုတ် တခြား လှုပ်ရှားမှုတွေပြုလုပ်တာဟာ ပျော်ရွှင်ကျန်းမာစေတဲ့အပြင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်းရှောင်လွဲနိုင်တယ်လို့ သူမက ဆိုခဲ့တာဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

အစာမကြေရင်ပြည့်ရင်ကယ်ချိန်တွင် စားသင့်တဲ့ အစားအစာများ


သင်္ဘောသီး
 
သင်္ဘောသီးဟာ အစာချေဖျက်ရာမှာ အကူအညီပေးတဲ့ Papain ခေါ် အင်ဇိုင်းမ်တစ်မျိုး ပါဝင်တာကြောင့် အစာမကြေတဲ့အခါမျိုးမှာ စားပေးနိုင်ပါတယ်။
ပူစီနံ
 
ပူစီနံရွက်က အစာအိမ်နဲ့ အူတွင်းကြွက်သားတွေကို သန်မာစေပြီး အစာချေဖျက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အစာမကြေရင်ပြည့်နေချိန်မှာ ပူစီနံရွက်ပါတဲ့ ဖျော်ရည်မျိုးကို သောက်သုံးနိုင်ပါတယ်။

ကရဝေးစေ့
 
အိန္ဒိယစတိုင် စားသောက်ဆိုင်တွေမှာ ဖန်ပုလင်းနဲ့ ထည့်ပြီး စားပွဲတိုင်းမှာ ထားလေ့ရှိတာကတော့ ကရဝေးစေ့ပဲ ဖြစ်ပါတယ်။ ကရဝေးစေ့မှာ ပါဝင်တဲ့ အဆီဓါတ်တွေဟာ အစာချေစနစ်နဲ့ အစာချေလမ်းကြောင်းကို သက်တောင့်သက်သာရှိစေပါတယ်။

ဂျင်း

ဂျင်းဖျော်ရည်ဟာလည်း အစာအိမ်နာတာတွေကို သက်သာစေပါတယ်။ အစာချေလမ်းကြောင်းကို ရှင်းလင်းပေးတာကြောင့် ချောမွေ့စေပြီး အော့အန်ခြင်းတွေ သက်သာစေပါတယ်။

ငှက်ပျောသီး

 
ငှက်ပျောသီးဟာ အနံ့အရသာလည်းရှိပြီး အစာချေစနစ်ကိုလည်း အထောက်အကူဖြစ်စေတာကြောင့် ကလေးငယ်တွေ အစာမကြေတဲ့အခါ ကျွေးနိုင်ပါတယ်။ အမျှင်ဓါတ်နဲ့ သကြားဓါတ်တွေ ပါဝင်တာကြောင့် ရေဓါတ်ဖြည့်တင်းပေးရာမှာလည်း အကူအညီပေးတာကြောင့် ဗိုက်အောင့်အော့အန်တာတွေကို သက်သာစေပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Health


ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေဖို့ နေ့စဉ်လုပ်ဆောင်နိုင်တဲ့ အရိုးရှင်းဆုံး အရာ ၃မျိုး


နေ့စဉ် ကြိုးကြိုးစားစား ကာယလေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ရုံနဲ့ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တာမဟုတ်သလို တစ်ခါတစ်ရံမှာတော့ မောပမ်းနွမ်းလျတာတွေသာ အဖတ်တင်တာပါတယ်။

တကယ်တော့ ဘယ်အချိန် ဘယ်နေရာမှာမဆို လွယ်ကူရိုးရှင်းစွာနဲ့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဘာပစ္စည်းကိရိယာမှ မလိုဘဲ ပုံမှန်ထက် ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်မှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ


လှုပ်ရှားမှုက အဓိကအကျဆုံးပါပဲ။ နေ့စဉ် လှုပ်လှုပ်ရှားရှားနဲ့ သွားလာလုပ်ကိုင်ခြင်းအားဖြင့် ကျောရိုး၊ အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ တောင့်တင်းတာတွေကို သက်သာစေပြီး ကယ်လိုရီတွေကို တစ်နေ့လုံးစာ ပိုမိုလောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

အိမ်သာဝင်ဖို့ နေ့လည်စာစားဖို့ စတဲ့အချိန်တွေမှာ ကိုယ်လက်လှုပ်ရှားရုံသာမက ဖုန်းမှာ သတိပေးချက် လုပ်ထားပြိး လှုပ်ရှားသွားလာဖို့ သတိရအောင် လုပ်ဆောင်ထားနိုင်ပါတယ်။

မကြာခဏ ရေဓါတ်ဖြည့်တင်းပါ

ရေဓါတ်ဖြည့်တင်းခြင်းဖြင့် ဇီဝရုပ်ဖြစ်ပျက်မှု လုပ်ငန်းစဉ်တွေကို မှန်ကန်ကောင်းမွန်စေပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုမှာ ကယ်လိုရီတွေကို လောင်ကျွမ်းပြီး ကိုယ်အလေးချိန် မှန်ကန်အောင်ထားနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အလုပ်စားပွဲမှာ ရေဗူးထားရှိပြီး ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

လက်လွှဲ လမ်းလျှောက်ပါ

လမ်းလျှောက်တဲ့အခါမှာလည်း လူတွေဟာ လက်တွေကို ဘေးကပ်ချထားတတ်တာကြောင့် လက်လွှဲလှုပ်ရှားပြီး လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်ရင်း လက်လွှဲလှုပ်ရှားတာဟာ ကြွက်သားတွေကို အသုံးပြုတာကြောင့် ကယ်လိုရီအနည်းငယ်ကို ပိုပြီးလောင်ကျွမ်းစေနိုင်ပါတယ်။


 ( Michelle )

 #health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

 Ref :

ပိုးဟပ်နို့ရည်ဟာ အနာဂါတ်ရဲ့ စူပါအစားအစာဖြစ်လာမလား?


ကော်ဖီဆိုင်တွေကို သွားတဲ့အခါ နွားနို့အစား သစ်အယ်စေ့နို့ရည်၊ အုန်းနို့ရည် စတာတွေကို ကော်ဖီထဲမှာ အစားထိုးထည့်နေကြတာကို တွေ့နေရပါပြီ။ ဒါထက်ပိုပြီး ထူးခြားသွားအောင် ပိုးဟပ်နို့ရည်နဲ့ မြည်းစမ်းကြည့်ဖို့ ကမ္ဘာကြီးက အဆင်သင့်ဖြစ်နေပြီလား ဆိုတာပါပဲ။

သိပ္ပံပညာရဲ့ တိုးတက်တီထွင်မှုအသစ်ကတော့ အံ့ဘနန်းပါပဲ။ သုတေသီတွေရဲ့ လေ့လာချက်အရ ပိုးဟပ်ရဲ့ပါးဟက်ကြားက ထွေးထုတ်လိုက်တဲ့ ခရစ်စတယ်တွေမှာ နို့ပရိုတင်းဓါတ်အပြည့်အ၀ ပါတဲ့ ခရစ်စတယ်တွေ အများကြီးပါဝင်နေပြီး ဒါဟာ အလွန်ကောင်းမွန်တဲ့ တွေ့ရှိချက်ဖြစ်ပါသတဲ့။

 “ ဒီခရစ်စတယ်မှုန်တွေဟာ စားစရာတစ်ခုလိုဖြစ်နေပြီး ပရိုတင်း၊ အဆီနဲ့ သကြားဓါတ်တွေ ပါဝင်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေလည်း အပြည့်အ၀ပါဝင်ပါတယ် “ လို့ သုတေသီတစ်ဦးက ဆိုပါတယ်။

ပညာရှင်တွေဟာ အခုဆိုရင်တော့ ဒီခရစ်စတယ်ခဲလေးတွေကို အမြောက်အမြားရရှိနိုင်မယ့် နည်းလမ်းကို ရှာဖွေနေကြပါသတဲ့။ မကြာခင်အချိန်အတွင်းမှာပဲ ပိုးဟပ်နို့ရည်ဟာ အရောင်းရဆုံးစားစရာ ဖြစ်လာနိုင်ဖို့ ရှိနေပါပြီ!


 ( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

 Ref : MSN

စားသုံးသင့်ပေမယ့် မစားဖြစ်တဲ့ အစားအစာများ



အချိုတွေနဲ့ အနီရောင်အသားတွေကို လျှော့စားပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးစားသင့်တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့် ကျန်းမာရေးအတွက် ပိုမိုအထောက်အကူပြုပြီး ဘယ်တုန်းကမှ မတွေးမိဘူးတဲ့ အစားအစာတစ်ချို့ရှိနေပါသေးတယ်။

ခန္ဓာကိုယ်အတွက် အထောက်အကူပြုပေမယ့် စားလို့ရတယ်ဆိုတာကို မေ့နေတတ်ကြတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောသီးခွံ

ငှက်ပျောသီးကို အခိုင်လိုက် စားရမလား အေးဆေးပဲဆိုပေမယ့် ငှက်ပျောသီးခွံတော့ မစားဖြစ်ကြတာ အသေအချာပါပဲ။ အံ့သြစရာကောင်းတာကတော့ အဲဒီငှက်ပျောသီးခွံတွေက ပိုပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာပါပဲ။ ငှက်ပျောခွံမှာ အမျှင်ဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင် B6 နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေ များစွာပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။ ဖျော်ရည်ထဲ ထည့်ဖျော်တာဖြစ်စေ၊ ကြော်စားတာဖြစ်စေ၊ မုန့်ဖုတ်ခြင်း သို့ နှုးညံ့သွားအောင် ပြုတ်စားတာဖြစ်စေ ပြုလုပ်စားသုံးနိုင်ပါတယ်။

ခရစ်ကက်မုန့်နဲ့ အင်းဆက်များ

Exo အမည်ရှိ ကုမ္ပဏီကထုတ်လုပ်တဲ့ အသားဓါတ်များပါဝင် သွားရည်စာ ခရစ်ကက်မုန့်ဟာလည်း စားသုံးသင့်တယ်လို့ ဆိုပါတယ်။

United Nations Food and Agriculture Organization ရဲ့ အစီရင်ခံစာအရ အင်းဆက်စားသုံးခြင်းဖြင့် ကမ္ဘာ့အငတ်ဘေးကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ အင်းဆက်တွေဟာ မွေးမြူရလွယ်ကူပြီး ပေါများတာကြောင့် စားလို့ရပါသတဲ့။

ကိုးလ်ရာဘီ ဂေါ်ဖီထုပ်

ကြားဖူးနားဝကိုမရှိတဲ့ ကိုးလ်ရာဘီအမည်ရှိ ဂေါ်ဖီထုပ်တစ်မျိုးဟာ အမျှင်ဓါတ်အပြည့်အ၀ပါတဲ့အပြင် ဗီတာမင် စီနဲ့ B6၊ ပိုတက်ဆီယမ်ဓါတ်တွေ အများကြီးပါဝင်တာကြောင့် စားလို့ရပါတယ်။

ပန်းပွင့်စိမ်းပြုတ်ရည်

နောက်တစ်ခါ ပန်းပွင့်စိမ်းပြုတ်ပြီးရင် ပြုတ်ရည်တွေကို သွန်မပစ်ပါနဲ့! အာဟာရများစွာပါဝင်တဲ့ ဒီပြုန်ရည်ကို စွပ်ပြုတ်ရည်၊ ဆော့စ်တွေမှာ ထည့်သွင်းချက်ပြုတ်သင့်ပါတယ်။

 ( Michelle )





#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref :MSN


သစ်ကြမ်းပိုးခေါက်က ဦးနှောက်ရဲ့သင်ကြားမှုစွမ်းရည်တွေကို တိုးတက်စေနိုင်


သစ်ကြမ်းပိုးခေါက်ကို နေ့စဉ်မှီဝဲစားသုံးခြင်းဟာ သင်ကြားမှုစွမ်းရည်နဲ့ မှတ်ဥာဏ်အားတိုးချင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် သတင်းကောင်းဖြစ်ကြောင်း မကြာသေးခင်ကပဲ ကြွက်တွေနဲ့ လေ့လာစမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။

သစ်ကြမ်းပိုးခေါက် ကုထုံးဟာ ကြွက်တွေကို ၀င်္ကဘာထဲမှာ ပိုပြီးမြန်မြန်ဆန်ဆန် သွားလာစေနိုင်တဲ့ စမ်းသပ်လေ့လာမှုကို U.S. Department of Veterans Affairs မှ သုတေသီတွေက ပြုလုပ်ခဲ့ကြပြီး ဦးနှောက်စွမ်းဆောင်ရည်တွေကို မြှင့်တင်ရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

သင်ယူမှုနှေးကွေးတဲ့ ကြွက်တွေကို သစ်ကြမ်းပိုးခေါက်ကိုက်ဖြတ်စေပြီးတဲ့အခါ ၀င်္ကဘာအတွင်းဖြတ်သန်းစေရာတွင် ထွက်ပေါက်ကို ပုံမှန်ထက် အချိန်တစ်ဝက်ခန့် စောစီးစွာ တွေ့ရှိခဲ့ကြပါတယ်။

သစ်ကြမ်းပိုးခေါက်ကို အစာချေဖျက်ပြီးချိန်မှာ ခန္ဓာကိုယ်အတွင်း Sodium Benzoate ဓါတ်ပေါင်းတွေ ထွက်ရှိလာပြီး ဦးနှောက်အတွင်း ၀င်ရောက်ခါ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို တိုးမြှင့်ဆောင်ရွက်စေတယ်လို့ သိရပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI 


ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ

ဆံပင်ဖြူတွေမထွက်စေဖို့အတွက်တော့ ကိုယ်နဲ့မတည့်တဲ့ အစားအစာတွေ မစားခင်မှာ စဉ်းစားရမှာပါ။ ဆီကြော်၊ ရေကြို၊ အချဉ်၊ အစပ်၊ အခါးစသည်ဖြင့် စားသုံးကြရာတွင် မိမိ၏ဆံပင်မွေးညှင်းပေါက်များကို အားဖြည့်နိုင်စေရန် အစိုဓာတ်၊အာဟာရပါသည့် အစားအစာများကို စားသင့်ပါသည်။

ဆေးလိပ်သောက်သူများတွင် များသောအားဖြင့် ဆံပင်ဖြူပို၍ထွက်တတ်သည်။ မိမိ၏နေ့စဉ်စားသုံးသည့် အစာအာဟာရအား သစ်သီးများ၊ ဟင်းရွက်စိမ်းများ၊ အာလူး၊ နို့၊ ငါး၊ ဒိန်ချဉ်၊ အသည်း၊ ဂျုံနှင့် လုပ်ထားသော အစားအစာများ၊ ဥများကို စားသုံးပေးပြီး ဆေးလိပ်ကို ဖြတ်လိုက်လျှင် ဆံပင်ဖြူပေါက်ခြင်းကို လျော့ပါးစေသည်။

ဖြည့်စွက်အာဟာရအနေနှင့် ဗီတာမင်ကို သောက်သုံးပါ။ ဗီတာမင် A က အရေပြားအောက်ရှိ အဆီဓာတ်(၁)မျိုးဖြစ်သော Sebumကို ထုတ်လုပ်ပေးပြီး ဆံပင်မွေးညှင်းပေါက်များဆီသို့ အစိုဓာတ်ကို စီးဆင်းစေသည်။
ဗီတာမင် B5 ,B6 နှင့် B12 တို့သည်လည်း အထောက်ကူ ဖြစ်စေပြီး ယင်းတို့အနက် B6 သည် မမာမကျန်းမှုကိုဖြစ်စေ၊ ဆံပင်၏
အရောင်ချို့တဲ့မှုကိုဖြစ်စေ ထိန်းသိမ်းအားဖြည့်ပေးသည်။ ဗီတာမင် C က “အင်တီအောက်ဆီးဒင့်”ကို မြင့်မား၍ ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်၏ ဖျက်ဆီးမှု ခန္ဓာကိုယ်အတွင်းကျရောက်မှုသိသာစွာ ကာကွယ်ပေးသည်။ အခြားအမိုင်နိုအက်စစ်များဖြစ်သည့် “ပါရာအမိုင်နိုဘင်ဇိုးအစ်” သို့မဟုတ် PABA နှင့် “ပင်တိုသနစ် အက်ဆစ်”တို့သည်လည်း အာဟာရကို အကျိုးရှိရှိမြှင့်တင်မှုပေးသည်။

ဆံပင်အခြောက်ခံစက်သုံးခြင်းသည် ဆံကေသာကို ဖျက်ဆီး၍ ဆံပင်ဖြူပေါက်စေသည်။ ထို့အပြင် ပြင်းထန်သော ဆံကေသာပြုပြင်ဆေးများ၊ ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်ဒ် ပါဝင်သည့် ဆံပင်ချွတ်ဆေးများ သုံးခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ပါ။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Good Health


သစ်ကြံပိုးခေါက်က ဦးနှောက်ရဲ့စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်


သစ်ကြံပိုးဟာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူငယ်တွေအတွက် အဖြေတစ်ခုဖြစ်လာနိုင်စရာ ရှိပါတယ်။

ဘာလို့လိုဆိုတော့ ကြွက်တွေနဲ့ လေ့လာနေတဲ့ လေ့လာချက်တစ်ရပ်အရ သစ်ကြံပိုးခေါက်ဟာ ဦးနှောက်ရဲ့ သင်ယူနိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။

သစ်ကြံပိုးကိုစားသုံးထားတဲ့ ကြွက်တွေဟာ ဝင်္ကပါတွေကို ပိုမိုမြန်မြန်ဆန်ဆန်မှတ်သားနိုင်တယ်လို့ သုတေသီတွေက ဆိုခဲ့ပါတယ်။ ဒါဟာဆိုရင်သူတို့ရဲ့ ဦးနှောက်စွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသုတေသနကို အမေရိကန် ကျန်းမာရေးနဲ့ အယ်လ်ဇိုင်းမား အဖွဲ့အစည်းက မတည်ပြုလုပ်ခဲ့တာဖြစ်ပြီး သစ်ကြံပိုးခေါက်ရဲ့စွမ်းရည်ကြောင့် ဒိုင်နိုဆောတွေရဲ့ ဦးနှောက်အရည်အသွေးပိုမိုမြှင့်မားခဲ့ပြီး စွမ်းဆောင်ရည်တွေ တိုးမြှင့်ခဲ့တယ်ဆိုတဲ့ သီအိုရီအပေါ်အခြေခံပြုလုပ်ခဲ့တာပါ။

Neuroimmune Pharmacology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ဖော်ပြချက်အရ သုတေသီတွေဟာ သင်ယူမှုစွမ်းရည် နှေးကွေးတဲ့ ကြွက်တွေကို သစ်ကြံပိုးနဲ့ ကုသခဲ့ပြီး တစ်လအကြားမှာ ကြွက်တွေဟာ ဝင်္ကပါပေါက်ထဲကို ကုသမှုမခံယူခင်က သွားခဲ့တဲ့အချိန်ရဲ့တစ်ဝက်နဲ့ ရောက်အောင်သွားနိုင်ခဲ့တာကို တွေ့ရှိခဲ့ရတာပါ။




( Beauty Syh )



#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref :UPI


အရက်သောက်ခြင်းက အနည်းဆုံးကင်ဆာအမျိုးအစား ၇မျိုးကို တိုက်ရိုက်ဖြစ်ပေါ်စေ


ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ အရက်အပေါ်ကို သတိပေးတဲ့ ထုတ်ပြန်ချက်တစ်ခုကိုထပ်မံ ထုတ်ပြန်လိုက်ပြန်ပါပြီ။ လေ့လာချက်အသစ်တစ်ရပ်အရ အယ်လ်ကိုဟောဟာ ပမာဏအနည်းငယ် သောက်သုံးရုံနဲ့တင် ကင်ဆာအမျိုးအစား ၇မျိုးကို တိုက်ရိုက်ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ကင်ဆာအဖွဲ့ကြီးတို့ရဲ့ ဆယ်နှစ်ကြာလေ့လာတဲ့ သုတေသနတစ်ရပ်အရ အရက်သောက်သုံးတာဟာ အသည်းကင်ဆာအပြင်၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ ရင်သားကင်ဆာ၊ အာခေါင်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အစာပြွန်ကင်ဆာတွေကို တိုက်ရိုက်ဖြစ်ပွားစေနိုင်တာဖြစ်တယ်လို့ The Guardian ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“အရက်သောက်တာဟာ နည်းနည်းလေးတောင် မလုံခြံစေပါဘူး” လို့ ဒီသုတေသနကို ရေးသားသူ Jennie Connor ကဆိုခဲ့တာပါ။ အရက်ကို တစ်ရက် ၅၀ဂရမ် (ဘီယာ ၂.၆ခွက် သို့မဟုတ် ဝိုင်၆အောင်စခွက် သုံးခွက်) သောက်သုံးတာဟာ အာခေါင်၊ လည်ချောင်းနဲ့ အစာပြွန်တွေမှာ ကင်ဆာဖြစ်ပွားဖို့အတွက် လေးဆကနေ ခုနှစ်ဆအထိ များပြားစေပြီး တခြားနေရာတွေအတွက် ၁.၅ဆ များပြားစေပါတယ်။

 အဲ့ဒီအပြင် အရေပြား၊ သုတ်ရည်ဂလင်းနဲ့ ပန်ကရိယတို့မှာလည်း ကင်ဆာဖြစ်ပွားနိုင်ခြေရှိပါတယ်။
ဒါပေမယ့် သောက်တာကိုလျှော့ချလိုက်မယ်ဆိုရင်တော့ လည်ချောင်းနဲ့ အသည်းတွေမှာ ကင်ဆာဖြစ်ပွားနိုင်ခြေကနေ လျော့ကျသွားတယ်လို့ သိရပါတယ်။


( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : USA Today

ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ ဦးနှောက်သွေးယိုစီးမှုပိုမိုဖြစ်ပွားနိုင်


ဆေးလိပ်သောက်သူတွေမှာ ဖြစ်လေ့ရှိတဲ့ ဦးနှောက်ထဲသွေးယိုစီးမှုကြောင့် လေဖြတ်နိုင်တဲ့ လက္ခဏာတွေဟာ အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားနိုင်တယ်လို့ သုတေသီတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီလိုလေဖြတ်တဲ့ဖြစ်ပွားမှုကို Subarachnoid Hemorrhages လို့ခေါ်ပြီး ဒီလက္ခဧာကို ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ သာမန်ဆေးလိပ်မသောက်တဲ့ သူတွေထက်စာရင် ၈ဆအထိ များပြားတာကို တွေ့ခဲ့ရတာပါ။

 အဲ့ဒီအပြင်သုတေသီတွေဟာ ဒီရောဂါလက္ခဏာကို ဆေးလိပ်သောက်တဲ့ အမျိုးသားတွေမှာ ၃ဆအထိများပြားတာကိုလည်း တွေ့ခဲ့ရတာပါ။

ဆေးလိပ်အပျော့စားသောက်ရင်လဲ ဒီလိုလက္ခဏာဖြစ်ပွားနိုင်ကြောင်းဆိုခဲ့ပါတယ်။

“ဆေးလိပ်သောက်သုံးတာမှာ လုံခြုံတဲ့အဆင့်ဆိုတာ မရှိပါဘူး။ အကောင်းဆုံးကတော့ မစတင်မိဖို့ပါပဲ” လို့ Helskinki တက္ကသိုလ်က ဒေါက်တာ Joni Lindbohm က ဆိုခဲ့ပါတယ်။ ဒီလိုလေဖြတ်မှုဟာ လူငယ်တွေမှာလည်း ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

သုတေသီတွေဟာ သာမန်ဆေးလိပ်သောက်သုံးတဲ့သူတွေဖြစ်တဲ့ တစ်ရက် စီးကရက်ဆယ်လိပ်သောက်တဲ့ အမျိုးသမီးတွေဟာ သာမန်ဆေးလိပ်မသောက်တဲ့သူတွေနဲ့စာရင် Subarachnoid Hemorrhages ဖြစ်ပွားမှု သုံးဆပိုမိုများပြားပြီး အမျိုးသားတွေကတော့ နှစ်ဆပိုမိုများပြားတယ်လို့ သိရပါတယ်။

( Beauty Syh )

သစ်ထူးလွင် (ကျန်းမာရေး)
Health.thithtoolwin.com

Ref: UPI

ဖခင်တွေက ကလေးငယ်ကို ပုံပြင်ဖတ်ပြတာဟာ ကလေးတွေကို ဘာသာစကား ထူးချွန်စေ



ဖခင်တွေအနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ညဘက်မှာ အိပ်ယာဝင်ပုံပြင်တွေပြောပြခြင်းဟာ ကလေးငယ်တွေကို ဘာသာစကားပိုင်းမှာ ထူးချွန်လာစေနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Harvard တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ ကလေးငယ်တွေရဲ့ ဘာသာစကားထူးချွန်မှုဟာ မိဘတွေရဲ့ ပုံပြင်ပြောပြမှု အပေါ်မှာ မူတည်နေသလို ကလေးငယ်တွေဟာ အမျိုးသမီးတွေ ပုံပြင်ပြောပြတာထက် အမျိုးသားတွေ ပုံပြင်ပြောပြတဲ့ အခါမှာ ပိုပြီး ကောင်းကျိုးတွေရှိနေတာကို ထိုသုတေသန က တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် မိခင်တွေထက် ဖခင်တွေဟာ ကလေးငယ်တွေကို ပုံပြင်ပြောပြဖို့ ပိုမိုသင့်တော်နေတာပါ။ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ Elisabeth Duursma ဆိုသူက "သက်ရောက်မှုက ကြီးမားပါတယ်။ ဖခင်တွေအနေနဲ့ အသက်၂နှစ် အောက်ကလေးငယ်တွေကို စာဖတ်ပြသင့်ပါတယ်။ စာဖတ်ပြတာဟာ အမျိုးသမီးတွေ အလုပ်လို့ထင်မှတ်ရပေမယ့်လည်း ကလေးတွေကိတော့ သူတို့ရဲ့ဖခင်တွေစာဖတ်ပြတဲ့အခါမှာ ပိုပြီး သဘောကျကြပါတယ်" လို့ဆိုပါတယ်။

သူမရဲ့ ပြောကြားချက်အရတော့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ ကလေးငယ်တွေကို ချဉ်းကပ်ပုံခြင်း မတူကြပါဘူး။ မိခင်တွေဟာ ဆရာမတွေနဲ့တူပါတယ်။ မိခင်တွေဘက်က ကလေးငယ်တွေကို မေးခွန်းထုတ်တဲ့အခါမှာ "ပန်းသီးဘယ်နှစ်လုံးမြင်ရသလဲ" ဆိုတဲ့ ရိုးရှင်းသော မေးခွန်းတွေကိုသာ ကလေးငယ်တွေကို ပြောနိုင်စွမ်းရှိကြပါတယ်။ ဖခင်တွေကတော့ ပိုပြီး အနုပညာဆန်တဲ့ မေးခွန်းတွေကို မေးနိုင်စွမ်းရှိတာကိုတွေ့ရတယ်လို့ သူမက ဆိုထားပါတယ်။

ထို ကောင်းကျိုးတွေရှိနေပါလျက်နဲ့ ဗြိတိန်နိုင်ငံက သုတေသန တစ်ခုက ဖော်ပြခဲ့တာက မိဘ ၄ ယောက်မှာ ၁ ယောက်ခန့်ကပဲ ကလေးတွေကို စာဖတ်ပြလေ့ရှိပြီးထို မိဘတွေဟာလည်း ၆ လမှာ တစ်ကြိမ်ခန့်သာ ဖတ်ပြကြတယ်လို့လည်း သိရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ မိဘ အရေအတွက် ရဲ့ ထက်ဝက်ခန့်သာ မိမိရဲ့ ကလေးငယ်တွေကို ပုံပြင်ဖတ်ပြကြတယ်လို့လည်း သိရပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ရှောက်သီးရဲ့ အသုံးဝင်ပုံများ



ရှောက်သီးကို အလှအပနှင့် သဘာဝ အိမ်သုံးပစ္စည်းများအဖြစ် အသုံးပြုနိုင်တာကို သင်သိပါသလား။ ရှောက်သီး ဟာ သင့်အတွက် အသုံးဝင်စေတယ် ဆိုတာကို သိစေနိုင်မယ့် အချက်တချို့ကို ဖော်ပြပေးထားပါတယ်။

(၁) ဆံသားတောက်ပြောင်စေခြင်း

ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့ကို ရှောက်ရည်တစ်ဆနဲ့ ရေတစ်ဆရောထားတဲ့ အရည်ကို လိမ်းပါ။ မိနစ် အနည်းငယ် ထားပြီးနောက် ရေနဲ့ သန့်စင်ပေးပါက ဆံသားတွေ တောက်ပြောင်လှပစေပါတယ်။

(၂) မျက်နှာလိမ်း တိုနာအဖြစ် အသုံးပြုနိုင်ခြင်း

ရှောက်ရည်က ချွေးပေါက်တွေကို ကျုံ့စေတဲ့ အာနိသင်ရှိပါတယ်။ ရှောက်ရည် အနည်းငယ်ကို ဂွမ်းစအနည်းငယ်နဲ့ တို့ယူပြီး တိုနာအဖြစ် သင့်မျက်နှာပေါ်မှာ လိမ်းပေးပါက မျက်နှာအဆီပြန်တာကို သက်သာစေပါတယ်။

(၃) လက်သည်းဖြူစေခြင်း

လက်သည်းအရောင်က ဝါကြန့်ကြန့်ဖြစ်လို့ အရောင်မလှ ဖြစ်နေရင် ရှောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ ရှောက်သီးကို အရည်ညှစ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပါ။ အဲဒီပန်းကန်ထဲကို လက်ချောင်းလေးတွေ ထည့်စိမ်ထားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါ လက်မှာ စွန်းထင်းနေတာတွေ ပျောက်ပြီး လက်သည်းတွေ ဖြူဖွေးလာပါလိမ့်မယ်။

(၄) ချွေးနံ့ပျောက်စေခြင်း

ရှောက်ရည်ထဲမှာပါဝင်တဲ့ စစ်ထရစ် အက်စစ်က အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချိုင်းချွေးနံ့ ပျောက်လိုပါက ချိုင်းအောက်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။

(၅) တင်းတိပ်များကို ဖယ်ရှားပေးခြင်း

ရှောက်ရည်က တင်းတိပ်နဲ့ သက်ကြီး အစက်အပြောက်တွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်မှု အစွဲအလမ်းတွေ ရှိတတ်ကြပါတယ်။ ရှောက်ရည်ကို ဂွမ်းစနဲ့တို့ပြီး အစက်အပြောက်ရှိတဲ့ နေရာကို တစ်နေ့တစ်ကြိမ် လိမ်းပေးပါ။

(၆) အစွန်းအထင်းတွေကို ဖယ်ရှားပေးခြင်း

အဝတ်အစားတွေမှာ အစွန်းအထင်းတွေ ရှိခဲ့ရင် ရှောက်ရည်နဲ့ အစွန်း ချွတ်ပေးနိုင်ပါတယ်။ မပျက်ဘဲ စွဲထင်နေမယ်ဆိုရင်တော့ ရှောက်ရည်ကို ဆားနဲ့ရောပြီး အစွန်း ချွတ်ပေးနိုင်ပါတယ်။ အဝတ်စက နူးညံ့လွန်းတဲ့အစ ဖြစ်နေရင်တော့ ရှောက်ရည်တစ်မျိုးတည်းကိုသာ အစွန်းချွတ်ဆေးအဖြစ် အသုံးပြုပါ။

(၇) ဗောက်ပျောက်စေခြင်း

ရှောက်ရည်ကို ဗောက်မထအောင် ကာကွယ်တဲ့ အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။ ဗောက်ထနေခဲ့ရင်တော့ ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။ ရှောက်ရည်ကို ဆံသားအနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။ ၁၀ မိနစ်လောက် ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

(၈) ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ရှောက်ရည်၊ ဆားနဲ့ သံလွင်ဆီတို့ကို ဆတူရောပြီး သဘာဝ ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Beliefnet

ခပ်သုတ်သုတ်လမ်းလျှောက်ခြင်းဟာ ဆီးချိုရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်


ခပ်သွက်သွက်လမ်းလျှောက်တာဟာ အနှေးပြေးတာထက်စာရင် သွေးထဲမှာရှိတဲ့ သကြားပမာဏကို ပိုမိုထိန်းချုပ်ပေးနိုင်ပြီး ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့ကျစေတယ်လို့ လေ့လာချက်အသစ်တစ်ရပ် အရသိရပါတယ်။

လူတွေရဲ့ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်းအတွက် အကြိုလက္ခဏာတွေအနေနဲ့ သွေးထဲမှာ သကြားဓာတ်ပမာဏ များပြားလာတာနဲ့ လူတွေရဲ့ ခန္ဓာကိုယ်အလေးချိန်ကျဆင်းမှုကို ကာကွယ်တာ အစားရှောင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို ပြုလုပ်ပြီး ထိန်းညှိထားနိုင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ လူနေထိုင်မှုပုံစံ ပြောင်းလဲလာတာကို သိပါတယ်။ ဒါပေမယ့် ဖော်ပြဖို့အတွက် ခက်ခဲပါတယ်” လို့ ဒေါက်တာ William Kraus ကဆိုပါတယ်။

ဒီလေ့လာမှုမှာ ဆီးချိုရောဂါဖြစ်ပွားစပြုနေတဲ့ လူ ၁၅၀ကို အုပ်စုလေးစုခွဲပြီး တစ်စုကို အဆီလျော့၊ ကယ်လိုရီလျော့တဲ့ အစားရှေင်တဲ့နည်းအပြင် လေ့ကျင့်ခန်းအနေနဲ့ တစ်ပတ်ကို ၇.၅မိုင် လမ်းခပ်သွက်သွက်လျှောက်စေခဲ့တာပါ။

နောက်အုပ်စုတွေထဲက တစ်ခုကို သာမန်ထက်လျှော့တဲ့ပုံစံနဲ့ တစ်ပတ်ကို ၇.၅မိုင်လမ်းခပ်သွက်သွက် လျှောက်ခိုင်းခဲ့ပါတယ်။ နောက်တစ်စုကိုတော့ မြင့်မားတဲ့ပမာဏနဲ့ တစ်ပတ်ကို ၁၁.၅မိုင်အထိ လမ်းလျှောက်ခိုင်းပြီး နောက်ဆုံးတစ်စုကိုတော့ မြင့်မားတဲ့ပမာဏနဲ့ တစ်ပတ်ကို ၁၁.၅မိုင်အထိ ခပ်နှေးနှေးလျှောက်စေခဲ့တာပါ။

ခြောက်လလောက်အကြာမှာတော့ လူနာတွေထဲက အစားရှောင်တဲ့အပြင် တစ်ပတ်ကို ၇.၅မိုင်အထိ လမ်းလျှောက်ခဲ့တဲ့ ပထမအုပ်စုဟာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ၉ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး၊ ဒုတိယအုပ်စုကတော့ ၇ရာခိုင်နှုန်း၊ တတိယအုပ်စုကတော့ ၅ရာခိုင်နှုန်းနဲ့ နောက်ဆုံးအုပ်စုကတော့ ၂ရာခိုင်နှုန်းသာလျော့ကျသွားခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

မြင့်မားတဲ့ပုံစံနဲ့လေ့ကျင့်ခန်းလုပ်တာဟာ အဆီထက်စာရင် ဂလူးကို့စ်ကို ပိုမိုလောင်ကျွမ်းသွားစေပြီး သာမန်အတိုင်းလှုပ်ရှားတဲ့ ပုံစံကတော့ ဂလူးကို့စ်ထက်စာလို့ရှိရင် အဆီကိုသာပိုမိုလောင်ကျွမ်းစေတာ ဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ