တစ်နေ့ ကို ငါးနာရီကြာ တီဗီ ထိုင်ကြည့်ခြင်းက အဆုတ်သွေးကြောပိတ်ရောဂါဖြစ်နိုင်ခြေ များပြား




တစ်နေ့ ကို ပျှမ်းမျှ ငါးနာရီနဲ့ ငါးနာရီအထက် တီဗီထိုင်ကြည့်ခြင်းက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အဆုတ်သွေးကြောပိတ်ရောဂါဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံ၊ အိုဆာကာတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လူပေါင်း ၈၆၀၀၀ ကို ၁၈ နှစ်ကြာ လေ့လာခဲ့ပြီးနောက် တီဗီကြည့်သူတွေဟာ မကြာခဏ မတ်တပ်ထရပ်ပေးသင့်ပြီး သွေးခဲမှုမဖြစ် နိုင်အောင်လို့ ရေသောက်ပေးဖို့ လိုအပ်ကြောင်း တွေ့ ရှိခဲ့ပါတယ်။

အဆုတ်သွေးကြောပိတ်ခြင်းဆိုတာ နှလုံးကနေ အဆုတ်ဆီကို သွေးသယ်ပို့ ပေးတဲ့ အဆုတ် သွေးလွှတ်ကြောအတွင်းမှာ သွေးခဲပိတ်ဆို့ မှုဖြစ်တာဖြစ်ပြီး ဗြိတိန်တစ်နိုင်ငံတည်းမှာတင် နှစ်စဉ် လူပေါင်း ၆၀၀၀၀ အထိ ဒီရောဂါကြောင့် သေဆုံးနေရပါတယ်။

တစ်နေ့ ကို ငါးနာရီနဲ့ အထက် တီဗီကြည့်သူတွေဟာ အဆုတ်သွေးကြောပိတ်နိုင်ခြေ နှစ်ဆကျော် ပိုများပြီး အသက် ၄၀ နဲ့ ၅၉ နှစ်အကြား လူကြီးတွေမှာဆိုရင် ရောဂါဖြစ်နိုင်ခြေပိုမို များပြားကြောင်း သိရှိရပါတယ်။

တီဗီကြည့်ချိန်မှာ ခဏနားပေးခြင်း၊ မတ်တပ်ထရပ်ပေးခြင်း၊ တီဗီကြည့်နေရင်းနဲ့ လမ်းလျှောက်ပေးခြင်း အပြင် ရေဓာတ်ခန်းခြောက်မှု ကာကွယ်ဖို့ အတွက် ရေသောက်ပေးခြင်းစတဲ့ အပြူအမူတွေအတိုင်း လိုက်နာသင့်တယ်လို့ သုတေသန ပညာရှင်တွေက သတိပေးထုတ်ပြန်ခဲ့ပါတယ်။

အဆုတ်သွေးကြောပိတ်ရောဂါဖြစ်ပွားရခြင်းရဲ့ လူသိများတဲ့အကြောင်းရင်းဟာ လေယာဉ်နဲ့ ခရီးဝေးပျံသန်းမှုကြောင့် ဖြစ်ပေမယ့်  လူတွေဟာ လေယာဉ်စီးတာထက် တီဗီကြည့်တာကို ပုံမှန်ပြုလုပ်လေ့ ပိုမိုရှိတာမို့ သတိထားသင့်ကြောင်း အိုဆာကာတက္ကသိုလ် လူထုဆေးပညာဌာနက ယခုလေ့လာမှုကို ဦးဆောင်ခဲ့သူ ဒေါက်တာ Toru Shirakawa က ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Dailymail

ရေ သောက်ခြင်းဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံး နည်းလမ်းဖြစ်




သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက်တွေပဲ စားနေရတာ ၊ အားကစား လေ့ကျင့်ရေးနည်းပြ အကူအညီ နဲ့ ၀ိတ်ချနေရတာတွေကို မေ့ပစ်လိုက်ပါ။ ပိန်သေး သွယ်လျ တဲ့ ခန္ဓာကိုယ် ကို ရရှိဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ရေ သောက်ပေးပါ။

ထမင်းမစားခင်မှာ တစ်ပိုင့်ခန့် ရှိတဲ့ ရေ ပမာဏ ၅၀၀ မီလီလီတာ ခန့်ကို သောက်သုံးပေးခြင်းဖြင့် အ၀လွန်တဲ့ အရွယ်ရောက်ပြီးသူတွေကို ကိုယ်အလေးချိန် လျော့ကျသွား အောင် ကူညီပေးနိုင်တယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဗြိတိန် မှာရှိတဲ့ သုတေသီတွေရဲ့ ပြောကြားချက်အရ ရိုးရှင်းတဲ့ ကြားဝင်စေ့စပ်မှုလေးဟာ ကြီးမားတဲ့ ကောင်းကျိုးသက်ရောက်မှု ဖြစ်လာနိုင်တယ်လို့ သိရပြီး ဆရာဝန်တွေနဲ့ အခြား ကျန်းမာရေး ပညာရှင်တွေက လည်း အလွယ်တကူ ထို နည်းပညာကို ဖြန့်ဝေပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။

လေ့လာမှု ကတော့ သုတေသီတွေဟာ အ၀လွန်နေတဲ့ အရွယ်ရောက်ပြီးသူ ၈၄ ယောက်ကို သာမန် လေ့ကျင့်ခန်းတွေလုပ်စေပြီး ၁၂ ပတ် တိတိ စောင့်ကြည့်ခဲ့ကြပါတယ်။ ထို ၈၄ ယောက်လုံးကို ကိုယ်အလေးချိန် စီမံခန့်ခွဲတဲ့ နည်းလမ်းတွေ ပေးထားခဲ့ပါတယ်။ ထိုနည်းလမ်းတွေထဲမှာတော့ လူနေမှုဘ၀ ပုံစံကို ဘယ်လို နေထုင်ရမယ် ၊ ဘယ်လိုစားရမယ် ဆိုတာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု အဆင့်ကို ဘယ်လို မြှင့်တင်ရမယ် စသဖြင့် လမ်းညွှန်ပေးထားပါတယ်။

သူတို့ ဟာ အဖွဲ့ ၂ ဖွဲ့ကွဲသွား ခဲ့ပါတယ်။ ၄၁ ယောက်က အစားမစားခင် နာရီဝက်အလိုမှာ ရေသောက်ဖို့ လက်ခံခဲ့ကြပြီး ကျန် ၄၃ ယောက် ကတော့ အစာမစားခင်ကတည်းက ဗိုက်ပြည့်နေတဲ့ စိတ်မျိုးမွေးခဲ့ရပါတယ်။ ထို လေ့လာမှုမှာတော့ သောက်ရေ ပဲ ခွင့်ပြုထားပါတယ်။ စပါကလင် ၊ ဖျော်ရည် ၊ အချိုရည် အားလုံးကို တားမြစ် ထားပါတယ်။

အဲဒီနောက်မှာတော့ ၁၂ ပတ် ကြာတဲ့အခါမှာ အစာမစားခင် ရေသောက်ခဲ့ရတဲ့ အဖွဲ့ဟာ အစာမစားခင် ဗိုက်ပြည့်နေတဲ့ စိတ်မျိုး မွေးထားရသူတွေထက် ပျမ်းမျှအားဖြင့် ၂.၈၇ ပေါင် ( ၁.၃ ကီလိုဂရမ် ) ကိုယ်အလေးချိန် လျော့ကျသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

ထို လေ့လာမှုကိုတော့ ဘာမင်ဂမ် တက္ကသိုလ်မှာရှိတဲ့ ဒေါက်တာ Helen Parretti ဦးဆောင်တဲ့ သုတေသီ အဖွဲ့ က ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ထို လေ့လာမှုကိုတော့ Obesity ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ကင်ဆာ ရောဂါကို အနံ့ ခံရှာဖွေနိုင်တဲ့ခွေးတွေက ဗြိတိန်ဆရာဝန်တွေကို ကူညီပေးသွားမည်




ဆီးနမူနာတွေကနေ ဆီးကျိတ်ကင်ဆာကို အနံ့ ခံစစ်ဆေးပေးနိုင်တဲ့ ခွေးတွေကို လက်တွေ့ စမ်းသပ်ဖို့ အတွက် ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၁၁ နှစ်အရွယ် Daisy လို့ အမည်ရတဲ့ Labrador ခွေးလေးရဲ့ တစ်နေ့ လုပ်ငန်းတာဝန်က ကြီးမားပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့ ရှေ့ ပြေးလက္ခဏာတွေကို အဖြေရှာပေးပြီး ခွေးလေးဟာ လူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Daisy အပါအ၀င် ခွေးလေးတစ်သိုက်ကို ဗြိတိန် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက ဆီးကျိတ် ကင်ဆာရောဂါကနေ ရနိုင်တဲ့ အနံ့ အသက်ကို ခံနိုင်စွမ်းရှိမှုကို စမ်းသပ်ဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဆေးဖက်ဆိုင်ရာစူးစမ်းရှာဖွေရေးခွေးလေးများ လို့ အမည်ရတဲ့ အသင်းအဖွဲ့ ကို Dr Claire Guest က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး လူသားတွေရဲ့ရောဂါကို အနံ့ ခံနိုင်ဖို့ အတွက် အထူးလေ့ကျင့်သင်ကြားပေးထား ပါတယ်။

ခွေးတွေရဲ့နှာခေါင်းတွင်းမှာ အနံ့ ခံအာရုံဖု သန်းသုံးရာလောက် ပါရှိပြီး လူသားတွေမှာတော့ ငါးသန်းပဲ ပါရှိတယ်လို့ သူမက ဆိုပါတယ်။

ကင်ဆာဆဲလ်တွေမှာ မတူညီတဲ့ အငွေ့ ပျံလွယ်ဒြပ်ပေါင်းတွေ ပါဝင်ပြီး ဒီ အနံ့ ထွက်တဲ့ဒြပ်ပေါင်းတွေဟာ ဆဲလ်တွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ခွေးတွေရဲ့ မယုံကြည်နိုင်လောက်စရာ အနံ့ ခံစွမ်းရည်က ဒီဒြပ်ပေါင်းတွေကို အသက်ရှုထုတ်တာ ဒါမှမဟုတ် ဆီးထဲကနေ တစ်ဆင့် ရှာဖွေပေးနိုင် ပါတယ်။

လေ့ကျင့်မှုအတွင်းမှာ ခွေးတွေကို ဆီးနမူနာရှစ်ခု ချပေးခဲ့ပြီး ကင်ဆာဆဲလ်ပါဝင်တဲ့ဆီးနမူနာကို အနံ့ ခံမိရင် ခွေးတွေဟာ အဆိုပါနမူနာရှေ့ မှာ ရပ်တန့် ထိုင်ချကာ ဟောင်ပြီး အသိပေးသလို သူတို့ ကင်ဆာဆဲလ်ကို အနံ့ ခိကြောင်း ပြသဖို့ အတွက် ပုလင်းကို လျှာနဲ့ ရက်ပြတာကို တွေ့ ရပါတယ်။

အစပိုင်းလေ့လာစမ်းသပ်မှုပြုလုပ်ခဲ့ရာမှာ ဆီးကျိတ်ကင်ဆာစမ်းသပ်မှုပေါင်းအားလုံးရဲ့ ၉၃ ရာခိုင်နှုန်းကို ခွေးလေးတွေက မှန်ကန်စွာ အနံ့ ခံရှာဖွေနိုင်ကြောင်းတွေ့ ရှိခဲ့ရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Reuters

ဦးနှောက်ထဲမှာ ပုံမှန်ထက် အဆီပိုများခြင်းဟာ အယ်လ်ဇိုင်းမား ရောဂါကို ပိုမိုဖြစ်ပွား စေနိုင်




ဦးနှောက်အတွင်း အဆီတွေစုပုံခြင်းဟာ အယ်လ်ဇိုင်းမား သတိမေ့ရောဂါ ဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာနိုင်ကြောင်း သုတေသနပြုသုတွေက လတ်တလောတွေ့ရှိထားပါတယ်။

လေ့လာတွေ့ရှိချက်အရ အယ်လ်ဇိုင်းမားရောဂါဟာ အ၀လွန်ရောဂါနဲ့ ဆီးချိုရောဂါတွေလိုပဲ ဦးနှောက်အတွင်း ဇီဝကမ္မဖြစ်ပျက်မှု ရောဂါဖြစ်ပါတယ်။ ပညာရှင်တွေက အ၀လွန်ရောဂါကို ကုသခြင်းဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကာကွယ်တဲ့နေရာမှာ အသုံးဝင်ကြောင်း အကြံပေးထားပါတယ်။

“ပုံမှန်အတိုင်း အသက်အရွယ်အလိုက် ဦးနှောက်က ဖြည်းဖြည်းခြင်း ထုတ်လွှတ်တဲ့ အဆီတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမျိုးဆက်သစ်တွေမှာ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်တဲ့ ဒီလုပ်ငန်း စဉ်ဟာ ပိုပြီးမြန်ဆန် လာတယ်။ ကြွက်တွေမှာ စမ်းသပ်ချက်အရ ၂လအတွင်း အဆီတွေဟာ လျင်လျင်မြန်မြန် ထွက်ရှိလာတာကို တွေ့ရပါတယ်။ ဒါဟာ လူတွေမှာဆိုရင် အသက် ၂၀နဲ့ အစောပိုင်း ပတ်ဝန်းကျင် အသက်အရွယ်နဲ့ ညီမျှပါတယ်။ ဒါကြောင့် အဆီ ထုတ်လုပ်မှုဟာ နောက်ဆက်တွဲအကျိုးဆက် မဟုတ်ပေမယ့် ရောဂါဖြစ်ပွားဖို့ အားပေးနေတဲ့ တွန်းအားတစ်ခုဖြစ်တယ်လို့ တွေးလို့ရပါတယ်။" လို့ University of Montreal မှ ပါမောက္ခ Karl Fernandes က ထုတ်ဖော်ပြောကြား ထားပါတယ်။

အဆီတွေစုပုံလာခြင်းဟာ ဦးနှောက်အတွင်း ထိခိုက်မှုတွေကို ပြုပြင်ထိန်းသိမ်းပေးတဲ့ Stem Cell တွေကို အနှောက်အယှက် ဖြစ်စေပါတယ်။

ရောဂါပေါ်မှာ ဒီမော်လီကျူးတွေဟာ အကျိုးသက်ရောက်မှုအပြည့်အ၀ကို သုတေသနပြုသူတွေ မသိပေမယ့် Stem Cell လုပ်ဆောင်မှုတွေမျာ တိုးတက်မှုတွေရှိတာကို တွေ့ရှိခဲ့ရပါသတဲ့။ Stem Cell တွေဟာ မှတ်ဥာဏ်၊ သင်ယူမှုနဲ့ ဦးနှောက် ဆင့်ကဲတိုးတက်မှုတွေမှာ အရေးပါတဲ့ကဏ္ဍမှာရှိတာမို့ ဒါဟာအရေးကြီးလှပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းတစ်မျိုး ချို့တဲ့ခဲ့တဲ့ မိခင် ရဲ့ ကလေး ဟာ သချာင်္ဘာသာရပ်မှာ ညံ့ဖျင်းတတ်တာကို တွေ့ရှိ




သင်ဟာ အမြဲတမ်း အပေါင်း ၊ အနှုတ် ၊ အမြှောက် ၊ အစား လုပ်ငန်း တွေမှာ ပြသနာ ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့ မိခင် ကို အပြစ်တင်ရတော့မှာပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တွေ့ရတဲ့ ဟော်မုန်းတစ်မျိုး ဟာ သူတို့ရဲ့ ကလေးငယ်တွေကို သချာင်္ ပညာရပ်နဲ့ ပတ်သက်ပြီး ညံ့ဖျင်းဖို့ အခွင့်အရေးများစေနိုင်တယ်ဆိုတာ ကို သုတေသီ တွေက ပြသခဲ့ကြပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ Thyroid လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ပိုင်ဆိုင်မှု ပမာဏ နည်းနေတဲ့အခါမှာ သူတို့ရဲ့ ကလေး ငယ်တွေ သချာင်္ပညာရပ်မှာ အားနည်းဖို့ ၆၀ ရာခိုင်နှုန်း ဖြစ်နိုင်ချေ ရှိစေတယ်လို့ သုတေသီတွေက ဖော်ပြခဲ့ပါတယ်။ သုတေသီတွေဟာ Thyroid ဟော်မုန်း ပမာဏ နည်းပါးတဲ့ မိခင်တွေရဲ့ ကလေးတွေ ကျောင်းတက်တဲ့ အရွယ် မှာ စောင့်ကြည့် လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

အရင်တစ်ခေါက် လေ့လာခဲ့မှု မှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေဟာ Thyroxine လို့ခေါ်တဲ့ ဟော်မုန်း ချို့တဲ့မှုကြောင့် သူတို့ မွေးဖွားတဲ့ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးတာမျိုးဖြစ်စေနိုင်တယ်လို့ ဖော်ပြဖူးပါတယ်။ အခုတစ်ကြိမ် လေ့လာမှုမှာတော့ ထို ဟော်မုန်း ချို့တဲ့မှု ဟာ ကလေးငယ်ရဲ့ ကျောင်း သင်ခန်းစာ စွမ်းဆောင်ရည် အပေါ် သက်ရောက်မှု ရှိ/မရှိကို အဓိက ထားလေ့လာခဲ့ပါတယ်။

သုတေသီအဖွဲ့ဟာ ကျန်းမာရေး ကောင်းတဲ့ ကလေးငယ်တွေရဲ့ မိခင် ၁၁၉၆ ယောက်ကို သူတို့တွေ ၁၂ ပတ်ခန့် ကိုယ်ဝန် ရနေချိန်မှာ Thyroxine ပမာဏ တွေ စစ်ဆေးခဲ့ကြပါတယ်။ ကလေးတွေ မွေးဖွားပြီးတဲ့အခါ အသက် ၅ နှစ်အရွယ် မှာ ဘာသာစကား နဲ့ သချာင်္ ဘာသာရပ် တွေ စွမ်းဆောင်နိုင်ရည် ကို မှတ်တမ်း တင်ခဲ့ပါတယ်။ ထို အခါမှာ လေ့လာမှု ကတွေ့ရှိခဲ့တာကတော့ မမွေးဖွားခင် ကိုယ်ဝန် ၃ လ အရွယ်မှာ Thyroxine ဟော်မုန်း ချို့တဲ့နေတဲ့ မိခင်က မွေးဖွားလာတဲ့ ကလေးတွေဟာ သချာင်္ဘာသာ ရပ်မှာ အားနည်းနေတာကိုတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

အနာဂါတ်မှာတော့ ထိုကလေးငယ်တွေဟာ သချာင်္ဘာသာရပ်နဲ့ ပတ်သက်ရင် အခြားကျောင်းသားတွေ ထက် အကူအညီ ပိုလိုအပ်လာနိုင်တယ်လို့ သုတေသီတွေက သတိပေးခဲ့ပါသေးတယ်။

ထိုလေ့လာတွေ့ရှိမှုကိုတော့ European Journal of Endocrinology ဂျာနယ် မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

သဘာဝပတ်ဝန်းကျင်က အမျိုးသားများနဲ့ အသက် ၆၅နှစ်နဲ့အထက်ရှိသူများအား နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ရန် အကူအညီပေးဟုဆို




သသာဝပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ နေရာတွေမှာ နေထိုင်ချိန်၊ သွားရောက်လည်ပတ်ခြင်းတွေဟာ အမျိုးသားများနဲ့ ၆၅နှစ်နဲ့အထက်ရှိသူများရဲ့ အိပ်စက်ခြင်းပုံစံအပေါ် ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိကြောင်း လေ့လာတွေ့ရှိချက်အသစ်အရ သိရှိရပါတယ်။

လေ့လာသူတွေက သဘာဝပတ်ဝန်းကျင်ကြောင့် အမျိုးသားတွေအတွက် ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ ရှိတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပေမယ့် အမျိုးသမီးအများစုကတော့ သဘာဝနဲ့နီးစပ်တဲ့နေရာတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့အကျိုးရလာဒ်တွေ ရှိမရှိတော့ မသေချာဘူးလို့ဆိုပါတယ်။

University of Illinois မှ လူမှုအဖွဲ့အစည်းဆိုင်ရာ ကျန်းမာရေးပါမောက္ခ Diana  Grigsby-Toussaint က “ အရည်အသွေးမြင့်အိပ်စက်နိုင်ခြင်းရဲ့ အရေးပါမှုကို ခန့်မှန်းတိုင်းတာဖို့ဆိုတာ ခက်ခဲပါတယ်။ လေ့လာချက်တွေအရ အပြည့်အ၀မအိပ်စက်ရခြင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိပြီး လှုပ်ရှားမှုတွေကို လျော့ကျစေပြီး အဆီတက်တာတွေ ဖြစ်စေနိုင်ပါတယ်။ အခုလေ့လာတွေ့ရှိချက်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်တာဟာ လူတွေကို သူတို့လိုအပ်တဲ့ အိပ်စက်မှုပမာဏပြည့်ပြည့်၀၀ ရရှိစေနိုင်ဖို့ အထောက်အကူဖြစ်တယ်ဆိုတာပါပဲ” လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

၂၁ ရက်မှ ၂၉ရက်လောက် အိပ်ချိန်အပြည့်အ၀ မရရှိသူတွေဟာ ၇ ရက်နဲ့အောက် အိပ်ချိန်နည်းပါးသူတွေထက် သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်မှု သိပ်မရှိသူတွေ ဖြစ်ကြပါတယ်။ အိပ်စက်ခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုဟာ အမျိုးသားတွေနဲ့ အသက် ၆၅နှစ်အထက်ရှိသူများအတွက် အကျိုးသက်ရောက် ပိုမိုအားကောင်းတယ်လို့ Grigsby-Toussaint ကဆိုပါတယ်။

ဒါ့အပြင် လူမှုပတ်ဝန်းကျင်နဲ့ ပြုစုစောင့်ရှောက်ရေးဂေဟာတွေမှာ အလင်းရောင် ပိုမိုရရှိအောင် တည်ဆောက်ခြင်း၊ သဘာဝလျှောက်လမ်းများ ပြုလုပ်ထားရှိခြင်း၊ ဥယာဉ်ပန်းခြံစိုက်ပျိုးထားရှိခြင်း နဲ့ အမျိုးသားအမျိုးသမီးများအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်မယ့် ကျယ်ဝန်းတဲ့ကွင်းပြင်တွေ ဖန်တီးပေးထားဖို့ လိုအပ်ပါတယ်လို့လည်း အကြံပေးထားပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

သိပ္ပံပညာရှင်တွေဟာ ကင်ဆာဖြစ်ပွားစေနိုင်တဲ့ ဆဲလ်တွေကို မူလအတိုင်းဖြစ်အောင် ပြန်လည်ပြောင်းလဲနိုင်ခဲ့




Mayo ဆေးခန်းမှ သုတေသနပညာရှင်တွေဟာ လေ့လာတွေ့ရှိချက်အသစ်အရ ဆဲလ်တွေရဲ့ လုပ်ငန်းတာဝန်တွေကို ထိန်းချုပ်တဲ့ အဓိကမော်လီကျူးတွေကို ပြန်လည်ထိန်းညှိခြင်းဖြင့် ကင်ဆာဆဲလ်တွေကို နဂိုမူလဆဲလ်တွေအဖြစ် ပြန်လည်ပြောင်းလဲနိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

သုတေသနပြုသူတွေက လူသားတွေအတွက် ဘယ်လိုအောင်မြင်မှုနည်းလမ်းမျိုး ဖြစ်နိုင်တယ်ဆိုတာ မသိနိုင်ပေမယ့် ဓါတ်ခွဲခန်းစမ်းသပ်မှုအရ ကင်ဆာဖြစ်ပွားစေနိုင်တဲ့ ဆဲလ်တွေကြီးထွားမှုကို အောင်မြင်စွာထိန်းချုပ်နိုင်တဲ့ နည်းလမ်းကို သိရှိခဲ့ရတာဖြစ်ပါတယ်။

“ဒီလေ့လာမှုက ဆက်စပ်မှုမရှိတဲ့ နယ်ပယ်၂ခု - ဆဲလ်အချင်းချင်း ကပ်ငြိခြင်း နဲ့ miRNA ဇီဝဗေဒ တို့ကို အတူတူလေ့လာခဲ့တာဖြစ်ပြီး သိပ္ပံပညာရှင်တွေကို စိတ်ရှုပ်ထွေးစေတာကတော့ Cell Behavior ထဲက ပရိုတင်းတွေကပ်ငြိမှုပုံစံတွေဟာ အချိန်အတော်ကြာထိ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပါပဲ။ အသိသာဆုံးကတော့ ဒါဟာ ကင်ဆာရောဂါကုသမှုအတွက် နည်းလမ်းအသစ်ဖြစ်ဖို့တော့ မလုံလောက်သေးပါဘူး” လို့ Mayo Clinic မှ တွဲဖက်သုတေသနပညာရှင် Dr. Antonis Kourtidis က ထုတ်ဖော်ပြောကြားထားပါတယ်။

ဓါတ်ခွဲခန်းစမ်းသပ်ချက်အရ ကင်ဆာဆဲလ်များအတွင်းရှိ miRNA တိုးပွားလာမှုဟာ ပရိုတင်းဓါတ်တွေကို ကောင်းမွန်တဲ့ မူလအခြေအနေအတိုင်း ရောက်ရှိစေပြီး ကင်ဆာပြန့်နှံ့မှုနှုန်းကို ရပ်တန့်သွားစေနိုင်တယ်လို့ သုတေသနပြုသူများက ပြောကြားခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

စတီရွိုက်ထိုးဆေးတွေက ခါးအောက်ပိုင်းနာကျင်မှု ကို မသက်သာစေနိုင်




သုတေသနလေ့လာမှုအများအပြားက ခေတ်စားနေတဲ့ စတီရွိုက်ထိုးဆေးဟာ နာကျင်မှုကို ခဏတာ သက်သာစေရုံကလွဲပြီး ကြာရှည်မခံတဲ့အပြင် ဝေဒနာကို မပျောက်ကင်းစေနိုင်ဘူးဆိုတာ တွေ့ ရှိခဲ့ရပါတယ်။

ခါးအောက်ပိုင်းစတီရွိုက်ထိုးဆေးဟာ ခါးနာကျင်မှုကို ခေတ္တသာသက်သာစေနိုင်ပေမယ့် ကြာရှည်မှာတော့ ထိရောက်မှုမရှိတာများကြောင်း တွေ့ ရှိခဲ့ရပါတယ်။

Herinated disks ခေါ် ခါးရိုးအဆစ်ကြားက အရိုးနုပြားလေးတွေထိခိုက်မိတဲ့ အဖြစ်မျိုးမှာ စတီရွိုက် ထိုးဆေးအာနိသင်ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်သွားပြီး ခါးရိုးကျဉ်းတဲ့လူနာ (spinal stenosis patients) တွေကတော့ ထိုးဆေးလုံးဝထိရောက်မှုမရှိကြောင်း လေ့လာတွေ့ ရှိခဲ့ရပါတယ်။

ခါးနာကျင်ကိုက်ခဲမှုတော်တော်များများဟာ ကုသမှု၊ဆေးထိုးဆေးသောက်မလိုဘဲ အချိန်ကြာလာတာနဲ့ အမျှ အလိုအလို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ တစ်ချို့ အခြေအနေတွေမှာ ခွဲစိတ်ကုသမှုခံယူခြင်းက အကောင်းဆုံးဖြစ်ပြီး နာကျင်မှုကို ဖုံးအုပ်ပေးထားရုံသာ တတ်နိုင်တဲ့ ထိုးဆေးတွေထက်စာရင် ဒီနည်းလမ်းကပဲ ရောဂါကိုတကယ်သက်သာပျောက်ကင်း စေနိုင်တယ်လို့ ဆိုပါတယ်။

“ ဒီထိုးဆေးတွေဟာ ကျွန်တော်တို ထင်ထားသလောက် ထိရောက်မှုမရှိနိုင်ပါဘူး။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ၊အကျိုးရလဒ်တွေနဲ့  တခြားရွေးချယ်စရာနည်းလမ်းတွေကို ဆွေးနွေးပြီးမှ ဆေးထိုးဖို့ ဆုံးဖြတ်ချက်ချသင့်ပါတယ်။ ခွဲစိတ်ကုသမှု၊ သောက်ဆေးနဲ့ ဆေးထိုးဆေးသောက်ဖို့ မလိုတဲ့ လေ့ကျင့်ခန်းကုထုံးလိုမျိုး ရွေးချယ်စရာတွေရှိပါတယ်” လို့ Oregon ကျန်းမာရေးနှင့်သိပ္ပံတက္ကသိုလ်က ဆေးဖက်ဆိုင်ရာပါမောက္ခ Dr.Roger Chou က ပြောကြားခဲ့ပါတယ်။

လူနာအများအပြားဟာ ခွဲစိတ်ဖို့ ကြောက်ရွံ့ တာကြောင့် ထိုးဆေးကိုပဲ ပိုကြိုက်လေ့ရှိပေမယ့် ဆရာဝန် တွေဟာ ရွေးချယ်နိုင်တဲ့အကောင်းဆုံးကုသမှုနည်းလမ်းတွေကို သေချာရှင်းပြဖို့ လိုပြီး လူနာတွေ အချိန်နဲ့ ပိုက်ဆံ အလဟသမဖြစ်ရာရောက်အောင် ကူညီသင့်တယ်လို့ ဆိုပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Upi

အိမ်မှု ကိစ္စဆောင်ရွက်နိုင်တဲ့ စက်ပစ္စည်းတွေဟာ အမျိုးသမီးတွေကို အ၀လွန်ရောဂါ ဖြစ်လာစေနိုင်




နောက်ဆုံးပေါ် အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ပန်းကန်ဆေးစက် ၊ မိုက်ခရိုဝေ့ဗ် ၊ အ၀တ်လျှော်စက် ၊ ဖုန်စုပ်စက် နဲ့ အခြား အိမ်အလုပ်ကူလုပ်ပေးနိုင်တဲ့ စက်ပစ္စည်းတွေဟာ အမျိုးသမီးတွေကို အချိန်ကုန် လူပင်ပန်း သက်သာစေတာတော့ မှန်ပါတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်ပြန်တော့လည်း ထို အိမ်သုံးပစ္စည်းတွေဟာ အမျိုးသမီးတွေကို ပိုဝလာစေနိုင်ပါတယ်။

သုတေသီတွေရှာဖွေတွေ့ရှိခဲ့ကြတာကတော့ အိမ်အလုပ်လုပ်ခြင်းအတွက် အချိန်များစွာ သက်သာသွားစေတာဟာ အိမ်ရှင်မတွေကို အ၀လွန်ရောဂါ ဆီကို တွန်းပို့ပေးသလို ဖြစ်နေပါတယ်တဲ့။ ဗြိတိန် လူမျိုးတွေရဲ့ ဘ၀တွေကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ဘ၀ တွေနဲ့ နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါမှာတာ့ အမျိုးသမီးတွေဟာ အလုပ်မှာ အချိန်ပို ကုန်ဆုံးလာကြပြီး အိမ်အလုပ်လုပ်ဖို့ အချိန် မရှိကြတော့တာကို တွေ့ရပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ ပျမ်းမျှအားဖြင့် အိမ်မှုကိစ္စ ဝေယျာဝစ္စ လုပ်ချိန်ဟာ ၁၉၈၀ ခုနှစ် အစောပိုင်းကာလတွေတုန်းက အမျိုးသမီးတွေထက် ၂၀ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ တစ်နည်းအာြး့ဖင့် နည်းပညာ တိုးတက်လာမှုဟာ ယနေ့ ခေတ် အမျိုးသမီးတွေကို အတိတ်ကာလမှာ ရှိခဲ့ဖူးတဲ့ အမျိုးသမီးတွေထက် ပိုပြီး ပေါ့ပါးသွားစေခဲ့တယ်လို့တော့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိမ်မှုကိစ္စတွေဆောင်ရွက်ခြင်းဟာ သန့်ရှင်းသပ်ရပ် တဲ့ ရုံးခန်းတစ်ခုမှာ အလုပ်လုပ်နေခြင်းထက်ပိုပြီး အမျိုးသမီးတွေအတွက် ကောင်းကျိုးရှိစေနိုင်ပါတယ်။ အိမ်ရဲ့ ကြမ်းပြင်တွေကို တိုက်ချွတ်ဆေးကြောခြင်းဟာ တစ်နာရီ ကယ်လိုရီ ၂၀၀ အထိ လောင်ကျွမ်းသွားစေနိုင်ပေမယ့် ကွန်ပျူတာ ရှေ့မှာ အလုပ်လုပ်ရင်း ချော့ကလက် တစ်တောင့်လောက်စားလိုက်ခြင်းဟာတော့ ကယ်လိုရီ ၇၀ လောက် တိုးလာစေနိုင်ပါတယ်။

ဗြိတိန်နိုင်ငံကတော့ ဥရောပ အနောက်ဘက် အခြမ်းမှာတော့ အ၀လွန်ခြင်း ရောဂါ တွေ အဖြစ်များတဲ့ နိုင်ငံ တစ်ခုပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ ၄ ယောက် မှာ ၁ ယောက်ခန့်ဟာ အ၀လွန်ခြင်း ရောဂါ ကိုခံစားနေရပြီး သူတို့ရဲ့ ကျန်းမာရေး ဟာလည်း အန္တရာယ်များပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အ၀လွန်ခြင်း နှုန်းထားဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကထက် ၃ ဆ ပိုများလာခဲ့ပြီး ဒီ ပုံစံအတိုင်းသာ ဆက်သွားရင် ၂၀၅၀ ခုနှစ်မှာ နိုင်ငံရဲ့ လူဦးရေ တစ်ဝက်ခန့်ဟာ အ၀လွန်ရောဂါ ကိုခံစားလာရနိုင်ပါတယ်။

အ၀လွန်ခြင်းရောဂါ ရဲ့ အဓိက အချက်တွေကတော့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု တွေနဲ့ ကယ်လိုရီပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကထက် ၂၀ ရာခိုင်နှုန်းခန့် ပိုများတဲ့ ကယ်လိုရီတွေကို Snack တွေစားသုံးခြင်း အပါအ၀င် အစားအသောက်ကြောင့် ရရှိနေကြပါတယ်။တစ်ဖက်မှာပြန်ကြည့်ရင်လည်း ကျွန်ုပ်တို့ဟာ လေ့ကျင့်ခန်း လုပ်မှု အားနည်းလာတဲ့အတွက် လည်း ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ တီဗွီ ကြည့်ခြင်းမှာသာ အချိန်ပိုကုန်နေကြပြီး အားကစားကတော့ အနည်းငယ်ပဲ ကစားကြတာကို တွေ့ရမှာပါ။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကတော့ ကျွန်ုပ်တို့ဟာ အလုပ်ကို လိုအပ်သလောက် လမ်းလျှောက် သွားရပေမယ့်လည်း ဒီကနေ့မှာတော့ ကျွန်ုပ်တို့ဟာ ဘယ်သွားသွား သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို အသုံးပြုတဲ့အတွက် အချိန်များစွာကို ငုတ်တုတ်ထိုင်ခြင်း နဲ့ ကုန်ဆုံးစေရပါတယ်။

ဒါကြောင့် ကယ်လိုရီ နဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ အ၀လွန်ခြင်းအတွက် အရေးကြီးပါတယ်။ အိမ်ရှင်မတွေအနေနဲ့လည်း တစ်နေကုန် အလုပ်အတွက် ထိုင်နေရတာများတဲ့အတွက် အိမ်အလုပ်တွေပါ နည်းပါးလာတာဟာ အ၀လွန်ခြင်းကို ဖြစ်ပေါ်စေဖို့ ဦးတည်နေပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

အတူတကွ ကလေးထိန်းကျောင်းကြတဲ့ စုံတွဲတွေဟာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး နဲ့ အိမ်ထောင်ရေးသုခကို ပိုင်ဆိုင်ကြ




လတ်တလောလေ့လာတွေ့ရှိချက်အရ အမျိုးသားအမျိုးသမီးတွေ လက်ထပ်ပြီးတဲ့အခါ မိဘတာဝန်တွေကို အတူတူဝေမျှ ဆောင်ရွက်ကြတဲ့ စုံတွဲတွေမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးအပြင် ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးသုခကိုလည်း ရရှိခံစားကြရကြောင်း တွေ့ရှိရပါသတဲ့။

ရိုးရာဓလေ့အတိုင်း အိမ်ထောင်စုတစ်ခုရှိ ဘ၀တစ်လျှောက် ဆက်ဆံရေးနဲ့ အိမ်ထောင်ရေးသုခတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အိမ်သားတွေရဲ့ လုပ်ငန်းတာဝန်တွေကို ပြီးခဲ့တဲ့ လေ့လာမှုတွေအပေါ်အခြေခံပြီး လေ့လာမှုအသစ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 “ ကလေးငယ် ပြုစုစောင့်မှုအတွက် အရေးအကြီးဆုံး ရှာဖွေတွေ့ရှိမှုတစ်ခုကတော့ စုံတွဲတွေရဲ့ ဆက်ဆံရေးနဲ့ အိမ်ထောင်ရေးသုခခံစားရမှုတွေဟာ မိခင်တစ်ဦးတည်းကသာ ကလေးရဲ့ဝေယျာဝိစ္စအားလုံး လုပ်ရခြင်းက တကယ့်အတားအဆီးတစ်ခု ဖြစ်နေတာပဲ ဖြစ်ပါတယ်” လို့ Georgia State University မှ လူမှုဗေဒဌာန လက်ထောက်ပါမောက္ခဖြစ်သူ Daniel Carlson က ထုတ်ဖော်ပြောကြား ထားပါတယ်။

လေ့လာမှုပြုလုပ်စဉ် ပါဝင်တဲ့ ကလေးသူငယ် ပြုစုစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ကလေးတွေအတွက် စည်းမျဉ်းစည်းကမ်းချမှတ်ပေးခြင်း၊ အောင်မြင်မှုအတွက် အားပေးချီးမြှောက်ခြင်းနဲ့ ကလေးငယ်များနဲ့အတူ ဆော့ကစားခြင်းတို့ ထည့်သွင်းထားပါတယ်။

လေ့လာမှုအရ ဖခင်တွေဟာ လင်မယားဆက်ဆံရေးကို ထိခိုက်မှုလုံးဝမရှိဘဲ ကလေးငယ်ထိန်းသိမ်းစောင့်ရှောက်မှုတွေကို အများကြီးလုပ်ဆောင်နိုင်ကြောင်း Carlson က သူ့ရဲ့စာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ကလေးငယ်အတွက် အတူတကွပြုစုစောင့်ရှောက်ကြတဲ့ စုံတွဲတွေဟာ မိခင်တစ်ဦးတည်း တာဝန်ယူထိန်းသိမ်းစောင့်ရှောင့်တဲ့ စုံတွဲတွေထက် အိမ်ထောင်ရေးသုခ ခံစားတဲ့အခါမှာလည်း ပိုမိုကျေနပ်မှုများရရှိကြပါသတဲ့။

 “ ကျွန်တော်တို့က ကလေးငယ်တွေနဲ့အတူ အားကစား၊ဂိမ်းစတဲ့ ပြေးလွှားဆော့ကစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတစ်ခုကိုပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ရေချိုးပေးတာ၊ အစားအသောက်ကျွေးတာတွေတော့ မပါပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီစုံတွဲတွေဟာ အကောင်းဘက်ကနေတွေးပြီး အတူတကွ ဝေမျှဆောင်ရွက်နေကြတဲ့ အကြောင်းကို နားလည်နိုင်ဖို့ ကြိုးစားနေကြပါတယ်” လို့ Carlson က ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

နှလုံးရောဂါအစ သောကပွားခြင်းက


 မိသားစုများ သင်္ဘောနစ်မြုပ်ရာတွင် ပါဝင်ပြီး အသက်ဆုံး ရှုံးသွားသည့် သတင်းကို ကြားရပြီးနောက် ရင်ဘတ်ပေါ်တွင် လက်ဖြင့် ဖိပြီး လဲကျကာ သေဆုံးသွားသူ လူကြီးတစ်ဦးကို ငယ်စဉ်က တွေ့ဖူး ပါသည်။ လေသင်ဓုန်းဖြတ်၊ နှလုံးရပ်ကာ သေဆုံးသည်ဟု ပြောကြပါသည်။

ပြင်ပမှကြည့်လျှင် ဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ နှလုံးရပ်လျှင် သေဆုံးသွားနိုင်သည်ကို ငယ်စဉ်က မြင်ဖူးခြင်း ဖြစ်ပါသည်။

ဟဒယဝတ္ထုဟုခေါ်သော နှလုံးတွင် တစ်လက်ဆွမ်း(လက်ခုပ်တစ်ခုပ်စာ)မျှရှိသောသွေးသည် တည်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ လေ၏တွန်းအားဖြင့် စီးဆင်းလှည့်လည်နေသည်။ ထိုစီးဆင်းမှုအဟုန်ကို ဓာတ်ကြီးလေးပါးတွင်ပါဝင်သော ဝါယောဓာတ်က သင့်တင့်မျှတသောအဟုန်ဖြင့် တွန်းပို့လျက်ရှိသည်။ စိတ်သောကတစ်ခုခုကြုံသောအခါ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်(စိတ္တဇဝါယော)သည် ရုတ်တရက် အရှိန်အဟုန်ပြင်းစွာဆောင့်တိုးသောကြောင့် သင်ဓုန်းဓားနှင့် တိကနဲဖြတ်သကဲ့သို့ဖြတ်သောလေကို လေသင်ဓုန်းဟုခေါ်ခြင်းဖြစ်သည်။

အနောက်တိုင်းဆေးပညာတွင်လည်း နှလုံးခုန်ကြိမ်ကို ဦးနှောက်မှထိန်းချုပ်လျက်ရှိသည်ဟု ဆိုသော်လည်း ဦးနှောက်အတွင်း သွေးကြောပေါက်၍ သတိလစ်မေ့မြောနေသူအချို့မှာ နှလုံးက ပုံမှန်အလုပ်လုပ်လျက်ရှိသည်ကို ထူးဆန်းစွာတွေ့ရသည်။ စိတ်သောကအပူလုံးရိုက်၍ နှလုံးရပ်သေဆုံးသွားသူမှာကား ဦးနှောက်ပါသေဆုံးသွားသည်ကို တွေ့ရသဖြင့် လူ့အသက်ရှင်ရေးအတွက် ဦးနှောက်ထက် နှလုံးကပို၍ အရေးကြီးသည်ဟု ဆိုရမလိုဖြစ်နေပေသည်။

အလုပ်တာဝန်များပြားသော အရာရှိကြီးတစ်ဦး၏ ဒူးနာရောဂါကိုကုပေးသည့်အခါ သူ့မှာအလုပ်ထဲမှ စိတ်သောကဖိစီးမှု Stress များကြောင့် ဒူးနာရောဂါကို မကုသနိုင်။ ဆေးခန်းသွားဖို့အချိန်မပေးနိုင်။ ဆေးကိုလည်း မှန်မှန်မလိမ်းနိုင်ရာမှ ပို၍ဆိုးသော ဒူးဆစ်ရောင်နာဖြစ်လာရသည်ကို တွေ့ရှိရပါသည်။

အလုပ်တာဝန်ဖိစီးသူ ဥပဒေပညာရှင်တစ်ဦးမှာလည်း ရှေ့ရင်လတ်နှင့်လက်ပြင်အောင့်ခြင်း၊ ခေါင်းငုံ့လျှင် မူးဝေခြင်းများကြောင့် နှလုံးရောဂါထင်ပြီး အထွေထွေရောဂါအထူးကုသမားတော်ကြီးနှင့် ပြသစစ်ဆေးသောအခါမှ နှလုံးရောဂါမဟုတ်ဘဲ ဇက်၊ လည်ပင်းရိုးဆစ်များ ကျီးပေါင်းတက်သည့် ရောဂါဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ နှလုံးရောဂါစစ်စစ်နှင့် နှလုံးရောဂါနှင့်ဆင်တူသော ရောဂါများကို ဆရာဝန်ကြီးများကိုယ်တိုင်စစ်ဆေးခြင်းအမျိုးမျိုးပြုလုပ်ပြီးမှသာ ရောဂါ ကောက်ချက်ချနိုင်သည်ကို တွေ့ရသည်။

နှလုံးရောဂါအစစ်များမှာ မွေးရာပါနှလုံးရောဂါနှင့် မွေးရာပါမဟုတ်သော အသက်ကြီးလာမှဖြစ်သည့် နှလုံးရောဂါဟူ၍ နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင် ဒုတိယအမျိုးအစားသည် မိမိ၏အနေအထိုင် အစားအသောက်၊ အပြုအမူ ချို့ယွင်းချက်တစ်ခုခုကြောင့် ရောဂါတစ်ခုဝင်လာပြီး နောက်ဆက်တွဲ အဖြစ် နှလုံးသို့ရောဂါရောက်ရှိကာ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်း၊ အလုပ်မလုပ်နိုင်ခြင်း၊ အပင်ပန်းမခံနိုင်ခြင်း၊ ညအိပ်မပျော်ခြင်း စသောရောဂါလက္ခဏာများ ပေါ်လာတော့သည်။ စိတ်ဖိစီးမှုသည်လည်း အနေအထိုင်နှင့်အပြုအမူ ချို့ယွင်းချက်ကဲ့သို့ပင် မိမိအပေါ်မူတည်သည်။ စိတ်ပင်ပန်းရမည့်အလုပ်၊ သောကပွားရမည့်အလုပ်များကို အစကပင် မရှောင်ရှားနိုင်ခဲ့သည်မှာ မိမိ၏အပြစ်ပင်ဖြစ်သည်။

အလုပ်တာဝန်များကြောင့် စားချိန်မမှန်၊ အိပ်ချိန်မမှန် သောကပွားရသူများသည် အသက်ငယ်စဉ်က ဒဏ်ခံနိုင်သော်လည်း အသက်လေးဆယ်ကျော်လာသောအခါ ဒဏ်မခံနိုင်ဖြစ်လာသည်ကိုတွေ့ရသည်။ လေးဆယ်ကျော်မှဘဝစသည်ဆိုခြင်းမှာ ဒုက္ခနှင့်သောကများကို မထမ်းပိုးနိုင်တော့သဖြင့် ရောဂါတစ်ခုခု ဝင်လာသော ဘဝ၏အစိတ်အပိုင်းကို ရောက်ရှိလာခြင်းဖြစ်မည်ထင်သည်။ အနောက်တိုင်းဆေးပညာတွင်လည်း ခန္ဓာကိုယ်မှ ဆဲလ်ကလာပ်စည်းများသည် အသက်လေးဆယ်ကျော်လာလျှင် ဖြစ်သည်ထက်ပျက်သည်က ပိုများလာသည်ဟုဆိုသည်။

စိတ်ပညာ၏အခြေခံသဘောတရားများတွင် သိစိတ်နှင့်မသိစိတ်ဟူ၍ အခြေခံစိတ်နှစ်မျိုးရှိသည်။ ဗုဒ္ဓဘာသာတွင်ကား စိတ်တစ်ခုယုတ်ကိုးဆယ်ဟုဆိုသဖြင့် စိတ်အမျိုးပေါင်း (၈၉)မျိုးရှိသည်ဟုဆိုသည်။
အခြေခံစိတ်နှစ်မျိုးမှ သိစိတ်သည် တာဝန်ထမ်းဆောင်လိုသော်လည်း အခြားတစ်ဖက်မှ မသိစိတ်သည် ထိုတာဝန်များကို မထမ်းဆောင်ချင်တော့။ ဝန်ထုပ်ဝန်ပိုးများကို ပစ်ချလိုစိတ်ဖြစ်ပေါ်နေသည်။ ထိုစိတ်နှစ်မျိုး၏လွန်ဆွဲဆန့်ကျင်မှုကို ခံစားနေရသောလူသားသည် နှလုံးရောဂါဖြစ်လာရသည်။

တိုင်းရင်းဆေးပညာတွင် စိတ္တဇဝါယောဟူ၍ရှိသည်။ ဝါယောဓာတ်သည် နှလုံးမှသွေးများကို ခန္ဓာကိုယ်အနှံ့အပြားသို့ရောက်ရှိအောင် တွန်းပေးနေသောဓါတ်ဖြစ်သည်။ စိတ်လှုပ်ရှားမှုကြောင့် ဝါယောဓါတ်လွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်းကြောင့် ဝါယောဓါတ်ယုတ်လျော့ ခြင်းတို့ဖြစ်သောအခါ နှလုံးခုန်ကြိမ်များမှာလည်း စည်းဝါးမမှန် မြန်သည့်အခါမြန်၊ နှေးသည့်အခါနှေးနှင့် နှလုံးရောဂါဖြစ်လာတော့သည်။ ထိုသူသည် နှလုံးရောဂါကိုကုမည်ဆိုလျှင် စိတ်ကို အလျဉ်တည်ငြိမ်အောင် ကုသရမည်ဖြစ်သည်။ စိုးရိမ်သောက၊ ဗျာပါဒများကို လျှော့ချနိုင်မှသာ နှလုံးရောဂါသက်သာမည် ဖြစ်သည်။

'ရောဂါမှန်သမျှ အစာမကြေခြင်းမှစသည် . . .' ဟုဆိုသော ဆေးပညာစကားရှိသလို 'ရောဂါမှန်သမျှကြောက်စိတ်မှစသည် ' ဟု လက်တွေ့ဆေးကုသနေသည့် ဆရာကြီးများကပြောသည့် စကားလည်းရှိသည်။ စိတ်ရောဂါမှန်သမျှတွင် ကြောက်စိတ်သည် နှလုံးကို ချက်ခြင်းဒုက္ခပေးနိုင်သော စိတ်ရောဂါဖြစ်သည်။

ဒေသနာနယဆေးပညာခေါ် ဗုဒ္ဓအဘိဓမ္မာကို အခြေခံသည့် မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာ စစ်စစ်တွင် ရောဂါရောက်ကြောင်း (ရောဂါဖြစ်ရခြင်း၏အခြေခံ)မှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ . . .ဟု ဆိုခြင်းကြောင့် စိတ်သည် ဒုတိယထိပ်ဆုံးနေရာမှပါဝင်နေသည်ကို တွေ့ရပေသည်။ ဥတုနှင့် အာဟာရမှာ နောက်ကလိုက်သည်ကိုတွေ့ရသည်။

နှလုံးရောဂါသည် လက်သီးပုန်းရောဂါဖြစ်သည်ဟု နှလုံးအထူးကုဆရာဝန်ကြီးတစ်ဦးကဆိုသည်။ ယနေ့နံနက်ပင်တွေ့လိုက်သေးသည် ညနေတွင် ဆုံးရှာပြီဟူသောရောဂါမှာ နှလုံးရောဂါပင်ဖြစ်သည်။

လောဘ၊ဒေါသ၊ မောဟ အခြေခံသည့်စိတ်များနှင့်တည်ဆောက်ထားသည့်လူများသည် ရာထူး၊ ဂုဏ်ရှိန်၊ ဥစ္စာများအတွက် နေ့စဉ်နှင့်အမျှနှလုံးကို ထိခိုက်လျက်ရှိသည်ကို သတိပြုဆင်ခြင်ကြဖို့လိုပေသည်။ စိတ်ဖိစီးမှုများသာ နှလုံးရောဂါ၏ အခြေခံအကြောင်းတရားဖြစ်သည်ကို သတိပြုဆင်ခြင်နိုင်ရန် အကြံပြုတင်ပြလိုက်ရပါသည်။ ။

ကြည်လွင်မြင့် (မုဒြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

အမွှေးတိုင်ရဲ့ အခိုးအငွေ့တွေဟာ ဆေးလိပ်ထက်ပိုပြီး ကင်ဆာဖြစ်နိုင်ချေ များစေနိုင်




အာရှတိုက်အတွင်းမှာ ရှိတဲ့ ဘုံကျောင်းတွေ ၊ ဘုရားရှိခိုးကျောင်းတွေ နဲ့ အနောက်တိုင်းမှာ ရှိတဲ့ လမ်းသရဲ တစ်ချို့ကြောင့် အမွှေးတိုင်တွေဟာ တစ်ကမ္ဘာလုံးမှာ မွှန်ထူနေအောင် လောင်ကျွမ်းနေပါပြီ။

ဒါပေမယ့်လည်း အဲဒီလို အမွှေးတိုင်တွေက ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ စီးကရက်သောက်တာထက် ပိုမိုပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို အဆိပ်ဖြစ်စေနိုင်တယ်လို့ သုတေသန အသစ် တစ်ခုက သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ထိုလေ့လာမှု ကတွေ့ရှိခဲ့တာတွေကတော့ အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာ စီးကရက် ကြောင့် ဖြစ်တဲ့ အခိုးအငွေ့တွေထက်ပိုပြီး အဆိပ်ဖြစ်မှု ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို အဆိပ်ဖြစ်မှု တွေဟာ မျိုးရိုးဗီဇ ဆိုင်ရာ သန္ဓေပြောင်းလဲ ခြင်းတွေနဲ့ DNA ဆဲလ်မှာ ပြောင်းလဲမှု တွေကို ဖြစ်ပေါ်စေပြီးတဲ့နောက် ကင်ဆာဆဲလ် တွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ လေ့လာမှု က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် အဆုတ်နဲ့ ပတ်သက်ပြီး ရောဂါ အခံ ရှိသူတွေအနေနဲ့ အမွှေးတိုင်ကြောင့်ဖြစ်တဲ့ အခိုးအငွေ့ကို ရှောင်ရှားတာဟာ အကောင်းဆုံး ဖြစ်မှာပါ။ အမွှေးတိုင်ဆိုတာဟာ လွှစာ ပါဝင်တဲ့ ၀ါးချောင်းကို လိုအပ်တဲ့ အဆီတွေ သုတ်လိမ်းထားတာဖြစ်တဲ့အတွက် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းတဲ့အခါ ထိုပါဝင်ပစ္စည်းတွေအားလုံးဟာ လေထဲကို လွင့်ထွက်သွားပါတယ်။

ထို အခိုးအငွေ့တွေကို ရှုရှိုက်လိုက်မိတဲ့အခါမှာတော့ ထို ပါဝင်ပစ္စည်းအားလုံးဟာ အဆုတ်ထဲကို ၀င်ရောက်သွားပါတယ်။ ထို ဖြစ်စဉ်ကိုတော့ နှိုးဆွခြင်း တုံ့ပြန်မှု လို့ ခေါ်ပါတယ်။

ဒါကြောင့် အခုကစပြီး အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာ လေထု ညစ်ညမ်းမှု တစ်ခုတည်းကို ဖြစ်စေနိုင်တာမဟုတ်ပဲ ၊ အဆုတ်ကင်ဆာ ၊ လူကေးမီးယား နဲ့ ဦးနှောက် အသားပိုတွေကို လည်း ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာကို ထိုလေ့လာမှု က ပြသ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။

ထို လေ့လာမှုကိုတော့ တရုတ်နိုင်ငံက China Tobacco Guangdong Industrial Company က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ထို လေ့လာမှုကိုတော့ Environmental Chemistry Letters ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

တစ်နေ့ အက်စပရင်ဆေးပြားတစ်ပြား သောက်ပေးပါက အူမ-စအိုကင်ဆာ ကို ဟန့် တားပေးနိုင်




တစ်နေ့ ကို အက်စပရင်ဆေးပြားတစ်ပြား အနည်းဆုံး ငါးနှစ်ကြာ ပုံမှန်သောက်ပေးပါက အူမ-စအို ကင်ဆာ ဖြစ်နိုင်ခြေနည်းပါးကြောင်း ဒိန်းမတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

အရင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတွေမှာ အက်စပရင် နဲ့ ibuprofen လို စတီရွိုက်မပါတဲ့အရောင်ကျဆေး(non-steroidal anti-inflammatory drugs) တွေဟာ အူမ-စအိုကင်ဆာကို ကာကွယ်တဲ့နေရာမှာ အသုံးဝင်နိုင်ကြောင်း တွေ့ ရှိခဲ့ရပေမယ့် ဘယ်လောက်ပမာဏသောက်သုံးသင့်ကြောင်းနဲ့ အချိန်ဘယ်လောက် ကြာ စွဲသောက်သင့်ကြောင်းကိုတော့ မသိရှိခဲ့ရပါဘူး။

အခုအခါမှာတော့ လူပေါင်း ၁၁၃၀၀၀ ကျော်ဆီက လေ့လာခဲ့တဲ့ အချက်အလက်တွေကို အသုံးပြုပြီး၊ သုတေသနပညာရှင်တွေဟာ အက်စပရင်နဲ့ NSAIDs ခေါ်စတီရွိုက်မပါတဲ့အရောင်ကျဆေး၊ သောက်သုံးရမယ့်အချိန်ကာလနဲ့ အူမ-စအိုကင်ဆာရောဂါတို့ အကြား ဆက်စပ်မှုကို အဖြေရှာဖို့ လေ့လာ ကြိုးပမ်းခဲ့ကြပါတယ်။

ယေဘုယျအားဖြင့်၊ အူမ-စအိုကင်ဆာဖြစ်ပွားမှုဟာ အသက်အရွယ်၊ မျိုးရိုးနဲ့ လူနေမှုပုံစံတို့ အပေါ် မူတည်ပြီး ကွာခြားမှုရှိကာ ကင်ဆာရောဂါဖြစ်ပွားမှု ၉၀ ရာခိုင်နှုန်းဟာ အသက် ၅၀ အထက် လူကြီးတွေ ဖြစ်ကြောင်း အမျိုးသားကင်ဆာသုတေသနအသင်းရဲ့ စာရင်းဇယားအရ သိရှိရပါတယ်။

ဒိန်းမတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့လေ့လာမှုအရ၊ အက်စပရင်ဆေးပြားကို တစ်နေ့ နည်းနည်း ငါးနှစ်ဆက်တိုက် ပုံမှန် သောက်ပေးရင် အူမ-စအိုကင်ဆာဖြစ်နိုင်ခြေကို ၂၇ ရာခိုင်နှုန်းလျော့ချပေးပြီး အက်စပရင်မဟုတ်တဲ့ NSAIDs ဆေးတွေကို ငါးနှစ်ဆက်တိုက် စွဲသောက်ပေးရင် ကင်ဆာဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ကိုပေဟေဂင်မြို့ ၊ ဒိန်းမတ်ကင်ဆာသုတေသနအသင်းက ဆရာဝန် Dr.Soren Friss ကတော့ “ အက်စပရင် ဒါမှမဟုတ် NSAID ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဘာသာ သောက်သုံးခြင်းကိုတော့ လုံးဝအားမပေးပါဘူး။ ပြင်းထန်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ခြေများလို့ ပါ။

ကျွမ်းကျင်သူဆေးဝါးပညာရှင်တစ်ယောက်ယောက်နဲ့ မတိုင်ပင်ဘဲ ဘယ်ဆေးကိုမဆို ပုံမှန်စွဲမသောက်သင့်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Reuters

ကြက်သွန်ဖြူ အသုံးဝင်ပုံ


 ရှေးအခါက ရသေ့၊ ရဟန်းအပေါင်းတို့သည် ကြက်သွန်ဖြူကို အမြတ်ဆုံးသောရသာရနဆေးအဖြစ် နည်းအမျိုးမျိုးဖြင့် သုံးစွဲခဲ့ကြ၏။ အာယုဗ္ဗေဒဆေးအဖြစ် နည်းမျိုးမျိုးနှင့် ရှေးဆရာကြီးတို့သည် ကြက်သွန်ဖြူ၏ ဂုဏ်သတ္တိကို အမျိုးမျိုးရေးသားခဲ့ကြပါသည်။ အချို့ဆရာတို့သည် ကြက်သွန်နီထက် ကြက်သွန်ဖြူက ဂုဏ်သတ္တိသာလွန်သည်ဟု ဆိုကြသည်။

ကြက်သွန်ဖြူသည် သွေးကိုသန့်စေ၏၊ ပိုးသေ၏၊ လေသက်၏၊ ဖျားနာ၊ အရေပြားရောဂါကို ပျောက်စေ၏၊ ချွေးထွက်ခြင်း၊ သုတ်ပွားခြင်း ဖြစ်စေ၏၊ ဆီးဝမ်းကိုရွှင်စေ၏၊ ကာမကိုအားပေး၏၊ မျက်စိကိုအကျိုးပြု၏၊ အသက်ရှည်၏။

သွေးတိုးရောဂါကို အိန္ဒိယနိုင်ငံ၏ သူရဲကောင်းကြီး မဟတ္တမဂန္ဒီကြီးက မိမိ၏သွေးတိုးရောဂါသည် ကြက်သွန်ဖြူကို နေ့စဉ်စားခြင်းဖြင့် ပျောက်ကင်းရသည်ဟု ဆိုထား၏။ ချောင်းဆိုးရောဂါသည် ကြက်သွန်ဖြူကို နာတာရှည်ရောဂါ၊ ချောင်းဆိုးရောဂါအတွက် အရည်ပြု၍တိုက်ပါ၊ ကျွေးပါ၊ အလွန်ထင်ရှားသော အိမ်သုံးဆေးဖြစ်သည်။ လေရောဂါသည် ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါ။ နာတာရှည်ရောဂါပျောက်၏။

ကလေးလေဆန်နာရောဂါကို ကလေးများ၏ လေဆန်ရောဂါအတွက် ကြက်သွန်ဖြူတစ်လုံးကို မီးဖုတ်၍ကျွေးရ၏။ ကြက်ညှာချောင်းဆိုးကို ကြက်သွန်ဖြူကိုထုထောင်း၍ နှမ်းဆီနှင့် ကျေအောင်နယ်ပြီး ရင်ဘက်နှင့် ကျောကိုလိမ်း
ကျံပေးပါ။ ခြေဖဝါးကို ¤င်းအတိုင်း ကြက်သွန်ဖြူထောင်း၍ နှမ်းဆီနှင့်နယ်ပြီး ပတ်တီးစည်းပေးထားပါ။ နံနက်မှခွာပါ၊ သို့မဟုတ် ကြက်သွန်ဖြူကို အရည်ညှစ်ပြီး ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တိုက်ပေးပါ။ လည်ပင်းကြီးရောဂါသည် ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တစ်နေ့သုံးကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင်လိမ်းပေးပါ။

ခေါင်းကိုက်ရောဂါသည် ကြက်သွန်ဖြူကို ဆားနှင့်ရောပြီးသောက်ပါ။ ကြက်သွန်ဖြူကို ကြိတ်ပြီး နားထင်တွင် လိမ်းပေးပါ။ ကလေးချောင်းဆိုးရောဂါသည် ကြက်သွန်ဖြူကို အပ်နှင့်ထိုး၍ ပြာကျအောင် မီးဖုတ်၊ ပြာကိုအမှုန့်ပြု၍ကလေးများ ချောင်းဆိုးရောဂါဖြစ်သောအခါ တိုက်ကြရသည်။ ပွေ၊ ဝဲ၊ ယားနာတို့သည် ကြက်သွန်ဖြူတစ်လုံးကိုဖင်မှလှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏ
ပွတ်ပေးပါ။ မုချပျောက်ကင်းပါ၏။

အဆုတ်ရောဂါကို ကြက်သွန်ဖြူတစ်လုံး တစ်နေ့ တစ်ကြိမ် အရည်ညှစ်တိုက်ပါ၊ စားပါ။ ကြက်သွန်ဖြူကို ကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘက်ကိုလိမ်းပေးပြီး အဝတ်နှင့် ရင်ဘက်ကို ပတ်ထားပါ။ အရေပြားကွာခြင်းမရှိ
တော့ပါ ၎င်းအဆီ (အရည်)သည် အရေပြားမှ အတွင်းသို့ စိမ့်ဝင်ပြီး ပိုးများကိုသတ်နိုင်သော အစွမ်းသတ္တိရှိကြောင်း ရှေးဆရာကြီးမှ အဆိုရှိထားပါသည်။ အနာများသည် အရိုးထိအောင်စားတတ်သော အနာများပင်ဖြစ်ပါသည်။ အနာ
ကို ရေနွေး (ဖန်ရည်)ဖြင့် ဆေးကြောပြီး ကြက်သွန်ဖြူကို ထုထောင်းအုံ၍ပတ်တီး စည်းပေးထားပါ။ ၂၄ နာရီကြာသောအခါ ပတ်တီးကိုဖြေ၍ အသစ်ထပ်မံ လိမ်းပေးပါ။ အနာတွင်ရှိသော ပိုးများကိုသတ်နိုင်သော သတ္တိရှိပါ
သည်။

အကြောအခြင်ကိုက်ခဲပါက ကြက်သွန်ဖြူကို အရည် ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း၏။ နား ပြည်ယိုခြင်းကို နှမ်းဆီငါးကျပ်သားတွင် ကြက်သွန် ဖြူအနည်းအငယ်၊ လေးညှင်းနှစ်ပွင့်ခန့် ထည့်ပြုတ်၍ နားအတွင်း ပူနွေးနွေးထည့်ပေးပါ။ နားပြည်ယို၊ နား ကိုက်၊ နားထိုင်း ပျောက်ကင်း၏။

ရာသီမြုံ၍ ဒုက္ခရောက်သော် ကြက်သွန်ဖြူ စမုံနက်၊ ဆား၊
မန်ကျည်းသီးမှည့်၊ ထန်းလျက်ငါးကျပ်သားစီ၊မိဿလင် သုံးကျပ်သား ပေါင်းစပ်၍ကြိတ် (ရာသီဆိတ်သော်၊ ကြောက်ထိတ်မလန့်၊ ဆီးသီးခန့်လောက်စားသုံးမြောက် က ပျောက်ရဧကန် မလွဲမှန်၏။) အနာဝင်သော် ကြက် သွန်ဖြူဥတစ်လုံးနှင့်ငရုတ်ကောင်းခုနစ်စေ့ကို ကြိတ်၍အုံ ပါ။ ဒူလာ၊ မီးယပ်ပျောက်ဆေးကြက်သွန်ဖြူဥတစ်လုံးကို ဓားနှင့် အဖျားဘက်ကလှီးပြီး အခေါင်းလုပ်၊ဘိန်းခြောက် ရွေးသားထည့်၊ မီးကင်၊ မြေသင်းခဲကို အရည်ဖျော်အရည် ကြည်ရအောင်ခေတ္တထား၊ ¤င်းရေကြည်ဖြင့်ကြက်သွန် ဖြူမီးကင်ကို ကြိတ်၍ပဲနောက်စေ့ခန့်လုံး၍ထား ရောဂါရှင်ကို ချင့်ချိန်တိုက်ပါ။ တိုက်သည့်အခါတွင် မြေသင်းခဲ (မြေကြီးကိုမီးရဲ အောင်ဖုတ်ထားသောမြေ) အရည်နှင့်ပင်တိုက်ရမည်။ဝဲရောဂါ ပျောက်ကင်းချင်ပါက ကြက်သွန်ဖြူကိုထောင်းပြီး အုန်းဆီနှင့်လိမ်းပေးပါ။ ။

 ကိုကျော်(မင်းဘူး)တိုင်းရင်းဆေး
The Mirror Daily
https://www.facebook.com/TheMirrorDaily

ငါးမျက်စိနာအတွက် မရိုးပင်


ငါးမျက်စိနာကို အင်္ဂလိပ်လို Corn လို့ ခေါ်ကြပါတယ်။ ခြေထောက်မှာ ပေါက်တာ များပါတယ်။ အသားမာတက်လာပြီး အလိုလိုဖြစ်လာတဲ့ သဘောပါ။ ကြွက်နို့နှင့် အနည်းငယ် ဆင်တူပါတယ်။ ရောဂါကြီးကြီးမားမားတော့ မဟုတ်ပါ။ ဒါပေမယ့် ကူးစက်လွယ်ကူပါတယ်။

ငါးမျက်စိဖြစ်ပြီး ကြာလာလျှင် နာလာပါတယ်။ ထိမိတိုင်း၊ ဖိမိတိုင်း နာကျင်စွာ ခံစားရပါတယ်။ ဒါကြောင့် ပျောက်အောင်ကုသလျှင် အကောင်းဆုံးပါ။

ငါးမျက်စိနာပျောက်စေတဲ့ အနောက်တိုင်းထုတ် သောက်ဆေး၊ ထိုးဆေးအချို့ကို ဘေးထွက်ဆိုးကျိုးများကြောင့် ကျန်းမာရေးအဖွဲ့များမှ တားမြစ်ထားပါတယ်။

ငါးမျက်စိနာအတွက် သဘာဝနည်းဖြင့် အလွယ်တကူ ကုသလိုပါက မိမိအနားမှာ အလွယ်တကူ ရရှိနိုင်သည့် မုရိုးပင် (မရိုးပင်၊ ငဖြူကြီးပင် - ပုံထဲမှာ ပြပေးထားသည့်အပင်) ဖြင့် ကုသနိုင်ပါတယ်။

ကုသနည်း

မရိုးပင်ကို၏ အရွက်နှင့် အကိုင်းတို့ကို ချိုးလိုက်ပါက အစေးဖြူဖြူလေးတွေ ထွက်လာပါမယ်။ ၄င်းအစေးဖြင့် ငါးမျက်စိပေါ်ကို တို့လိမ်းပေးပါ။

တစ်နေ့ကို (၃) ကြိမ်ခန့် တို့ပေးပါ။ (၅) ရက်၊ တစ်ပတ်ဆိုလျှင် ငါးမျက်စိနာ တဖြေးဖြေး ခြောက်သွေ့သွားပြီး ပျောက်ကင်းသွားပါလိမ့်မည်။

လူသားတိုင်း ကိုယ်စိတ်နှစ်ကျန်းမာချမ်းသာကြပါစေ။

ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ

ဝမ်းဗိုက်ချပ်ရပ်စေမည့် နည်းလမ်းကောင်းများ


ပိုနေသော အဆီများကို လျှော့ချပြီး ၀မ်းဗိုက်ကို ချပ်ရပ်လာစေမည့် နည်းလမ်းကောင်းများကို မျှဝေပေးလိုက်ပါသည်။

(၁) တစ်နေ့ကို အနည်းဆံး ခြေလှမ်း ၁၀၀၀ လှမ်းလျှောက်ပေးပါ။

(၂) တစ်နေ့ကို ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း မိနစ်(၂၀)ခန့်လုပ်ပါ။ တစ်ပတ်ကို (၅) ရက်သာလုပ်၍ (၂)ရက် အနားယူပါ။

(၃) တစ်နေ့ကို ထိုင်ထလေ့ကျင့်ခန်း အကြိမ် ၁၀၀ လုပ်ပါ။

(၄) ယောဂကျင့်စဉ်ကဲ့သို့သော လေ့ကျင့်ခန်းကို ကိုယ်နေဟန် မှန်အောင်ထား၍ ခါးမတ်မတ်ထိုင်၍ (၁၅) မိနစ်ခန့် အသက်ပြင်းပြင်းရှုထုတ်ပါ။

(၅) တစ်နေ့ကို အစာ(၃)ကြိမ် အ၀စားမည့်အစား နည်းနည်းစီသာ (၅)ကြိမ်ခန့် ခွဲ၍ စားပါ။

(၆) အစာမစားခင် ရေတစ်ဖန်ခွက်ကို အရင်သောက်ပေးပါ။

(၇) အစာကို ကျေညက်အောင် ဖြေးဖြေးစားပါ။

(၈) အချိုပါသော အစားအစာများ၊ သရေစာများကို ရှောင်ပါ။

(၉) ဆားပမာဏကို လျှော့စားပါ။ အငံဓါတ်ကို လျှော့စားပါ။ အဆီအဆိမ့်ပါသော အစားအစာများကို ရှောင်ပါ။

(၁၀) အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာစသည့် မူးယစ်များကို ရှောင်ပါ။

ဗိုက်သားချပ်ချပ်ဖြင့် လှပသောကိုယ်ခန္ဓာများကို ပိုင်ဆိုင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Beauty and Healthy Tips.

ကျန်းမာရေးသတင်းများ

မိန်းကလေး တစ်ယောက်အနေဖြင့် တစ်ပတ်ကို ခေါင်းဘယ်နှကြိမ် လျှော်သင့်သလဲ


 တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စတွေထဲမှာ ခေါင်းလျှော်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲဆိုတဲ့မေးခွန်းကို မဖြေခင် အအေးမပတ်အောင် ခေါင်းလျှော်နည်းကို ဦးစွာဖြေပေးပါ့မယ်။ မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ ခေါင်းလျှော်ခြင်းက လူကို အအေးပတ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆံပင်အုံကောင်းသူတွေ၊ ဆံပင်ထူသူတွေက နောက်စေ့ (ဦးခေါင်းအောက်ခြေ၏ အနောက်ဘက်)တစ်ဝိုက်မှာ အုံပြီးကိုက်ခဲနေတတ်တာမျိုးပါ။ အဲဒီလိုမဖြစ်ရအောင် ကျွန်မရဲ့ခေါင်းလျှော်နည်းကို အောက်ပါအတိုင်း မျှဝေပေးပါ့မယ်။

ကျွန်မက ခေါင်းကို ရက်သတ္တတစ်ပတ်ကို တစ်ကြိမ် (တနင်္ဂနွေနေ့) ပဲ လျှော်ပါတယ်။ (နွေခေါင်ခေါင် ပူပြင်းတဲ့ရာသီတွေမှာတော့ ချွေးထွက်တဲ့အခြေအနေပေါ်မူတည်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုအရ တစ်ပတ်ကို နှစ်ကြိမ်လျှော်ဖြစ်ပါတယ်။)

ဦးစွာ တစ်ခေါင်းလုံးအနှံ့က ဆံပင်တွေ စိုသွားအောင် ရေလောင်းချပါတယ်။ ပြီးရင် မိမိလျှော်နေကျ ခေါင်းလျှော်ရည် Shampoo နဲ့ ဦးရေပြားရော ဆံသားတွေအနှံ့ ကုတ်၍-ပွတ်၍-နှိပ်နယ်၍သော်လည်းကောင်း လျှော်ပါတယ်။

အားရပါးရ ပွတ်နယ်ပြီးတဲ့အခါမှာ လက်ခုပ်ထဲကို ရေနည်းနည်းစီထည့်၍ ငယ်ထိပ်၏အနောက်ဘက်ပေါ်သို့  လက်ခုပ်ထဲကထိုရေကို လောင်းပါတယ်။ ခေါင်းလျှော်ရည်နဲ့  ချေး(ဂျီး)ရည်တွေကို လက်နဲ့ဆုပ်၍ ညှစ်ချပါတယ်။ (မျက်စိထဲကို ခေါင်းလျှော်ရည်မဝင်အောင်လို့ ယခုလို ငယ်ထိပ်အနောက်ဘက်ပေါ်ကနေ ရေနဲ့ညှစ်ချခြင်းဖြစ်ပါတယ်။)

အထက်ပါနည်းအတိုင်း နှစ်ခါ သုံးခါ လောက်လုပ်ပြီးတဲ့အခါ နောက်ထပ် Shampoo ဖြင့် တစ်ခေါင်းလုံးအနှံ့ ဒုတိယအကြိမ် ပွတ်ပါတယ်။ (ကျွန်မက တစ်ပတ်မှာ တစ်ကြိမ်သာလျှင် ခေါင်းလျှော်တာကြောင့် ဦးရေပြားနဲ့ ဆံသားပေါ်က ချေးညှော်တွေ လုံးဝသန့်စင်စေဖို့အတွက် Shampoo ဖြင့် နှစ်ခါလျှော်ပေးခြင်းဖြစ်ပါတယ်။) ဒါပေမယ့် ဒီဒုတိယအကြိမ်မှာတော့ Shampoo ကို နည်းနည်းသာသုံးပါတယ်။

အဲဒီလိုလုပ်ပြီးတဲ့အခါမှာ Shampoo ကို နှပ် (နှူး)ထားတဲ့အနေဖြင့် ရေချက်ချင်းလောင်းမချသေးဘဲ မိမိတစ်ပတ်စာသုံးခဲ့တဲ့ ဘီး၊ ဘီးကုပ်၊ ဆံညှပ်တို့ကို သွားတိုက်တံ (သွားပွတ်တံ) အဟောင်းဖြင့် ပွတ်တိုက်၍ ဆေးကြောသန့် စင်ပါတယ်။ ပြီးရင် ခေါင်းလျှော်ရည်ကို ညှစ်ချကာ၊ ရေများများဖြင့် စင်အောင်လျှော်ချပစ်ပါတယ်။ (ကျွန်မက Shampoo အမွှေးနံ့တွေ ပျောက်တဲ့အထိ ရေများများနဲ့  ဆေးကြောပါတယ်။ အကယ်၍ ဆံပင်မှာ Shampoo တွေ ကျန်နေတဲ့အခါ ဦးရေပြားနဲ့ ဆံသားကို ထိခိုက်စေပါတယ်။ ဒါ့ပြင် နောက်တစ်ပတ် တနင်္ဂနွေထိမခံတော့ဘဲ ၎င်း Shampoo အနံ့နှင့် ဦးခေါင်းကထွက်လာတဲ့ ချွေး-အဆီနံ့တွေ ဓာတ်ပြုပြီး ခေါင်းကို အနံ့ဆိုးထွက်စေတတ်ပါတယ်။)

စိတ်ကြိုက်သန့်စင်ပြီးတဲ့အခါမှာတော့ ဆံပင်သုတ်တဲ့ မျက်နှာသုတ်ပဝါကြီးနဲ့ တစ်ခေါင်းလုံးကရေတွေကို ပွတ်ပါတယ်။ အထူးသဖြင့် နောက်စေ့ကို မျက်နှာသုတ်ပဝါကြီးနဲ့ ခပ်ကြာကြာပွတ်ပါတယ် (က) ခေါင်းလျှော်တဲ့ မျက်နှာသုတ်ပုဝါနဲ့  (ခ) မျက်နှာနှင့် ခန္ဓာကိုယ်အတွက် ပုံမှန်ရေသုပ်တဲ့ မျက်နှာသုတ်ပုဝါဆိုပြီး နှစ်မျိုးခွဲခြားသုံးစွဲပါတယ်။ အဲဒီလို ခွဲခြားသုံးစွဲခြင်းက ဝက်ခြံမပေါက်စေအောင် ကြိုတင်ကာကွယ်လိုက်တာပေါ့နော်။

ပြီးရင် မျက်နှာသုတ်ပဝါကြီးနဲ့ တစ်ခေါင်းလုံးကို ပေါင်းထားပြီး သနပ်ခါးလိမ်းပါတယ်။ ပြီးရင် မျက်နှာသုတ်ပဝါကြီးကို ဖယ်လိုက်ပြီးတော့ ဆံပင်သွေ့ခြောက်စေတဲ့ Hair Dryer (လေမှုတ်စက်) ဖြင့် နောက်စေ့ကို လေမှုတ်ပါတယ်။ (က) ငယ်ထိပ်နဲ့ ချိုစောင်းကဆံသားတွေက သိပ်မကြာခင်မှာ သူ့အလိုလို ရေခြောက်သွားလေ့ရှိတာမို့  အဲဒီနေရာတွေကိုတော့ Dryer မမှုတ်ပါဘူး (ခ) နောက်စေ့ဘက်က ဆံသားတွေက တော်တော်နဲ့မခြောက်တတ်တာကြောင့် အအေးပတ်၊ ခေါင်းမကိုက်စေဖို့အတွက် အဲဒီ နောက်စေ့နေရာကို Dryer မှုတ်ပါတယ်။ (ဂ) Dryer ပူလွန်းရင် ဆံသားတွေကို ထိခိုက်စေတဲ့အပြင် ရေလျှော်ထားလို့ အေးနေတဲ့နေရာကို အပူပြင်းပြင်းတိုက်မိတဲ့အခါ အပူအအေး ရုတ်ချည်းထိတွေ့သွားကာ ဓာတ်ဖောက်ပြန်ပြီး ကျန်းမာရေးနဲ့မညီညွတ်စေတော့ပါဘူး။ ဒါကြောင့် Dryer အပူကို medium ခလုတ်သာထား၍ သုံးပါတယ်။ (ဃ) ကျွန်မက ဆံသားတွေ လုံးဝခြောက်သွေ့သွားတဲ့အထိ Dryer မှုတ်လေ့ မရှိပါဘူး။ သို့သော် ဦးရေပြားနဲ့ နောက်စေ့က ဆံသားတွေကို လက်နဲ့စမ်းကြည့်တဲ့အခါ တော်တော်လေးနွေးလာတဲ့အထိ Dryer မှုတ်ပါတယ်။

ပြီးရင် Hair Coat အနည်းငယ်ကို လက်ဖဝါးပေါ်ပွတ်ပြီးတော့ ဆံသားတွေကို လူးနယ်လိုက်ပါတယ်။ ဘီးသန့်သန့်နဲ့ ဆံနွယ်တွေကို ခပ်ဖြည်းဖြည်းချင်း ရှင်းထုတ်ပါတယ်။ ကျွန်မရဲ့ခေါင်းလျှော်နည်းကတော့ ဒီနေရာမှာ နိတ္တိတန်ပါပြီ။ တစ်ကိုယ်ရေသန့်ရှင်းမှုအနေနဲ့  ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ကြိမ် အသစ်လဲပါတယ်။ စောစောက သုံးထားတဲ့ ဆံပင်သုတ်တဲ့ မျက်နှာသုတ်ပဝါကြီးကိုလည်း လျှော်ပါတယ်။ ကိုယ်တိုက်မျက်နှာသုတ်ပဝါကိုလည်း တစ်ပတ်တစ်ကြိမ် လျှော်ပါတယ်။

မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲဆိုရင် လူတိုင်းမှာ မွေးရာပါ အသားအရေအမျိုးအစား မတူညီကြသကဲ့သို့ ဆံသားအမျိုး အစားလည်း ကွဲပြားခြားနားကြပါတယ်။

(က) ကျန်းမာသန်စွမ်းတဲ့ ဆံသား
(ခ) ပုံမှန်(အလယ်အလတ်) ဆံသား
(ဂ) ဆံသားအုံကောင်း (ဆံပင်ထူ)
(ဃ) ခြောက်သွေ့  (မွဲခြောက်ခြောက်) ဆံသားဆိုပြီးတော့ အခြေခံအားဖြင့် ဆံသားလေးမျိုးရှိပါတယ်။ အဲဒီလိုမတူညီတဲ့ ဆံသားအမျိုးအစားပေါ်မူတည်၍၊ ခေါင်းလျှော်တဲ့ အကြိမ်နှုန်းဟာလည်း အနည်းအများ ကွာဟမှုရှိပါတယ်။

၁။ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ရှင်များအတွက်။

ကျန်းမာတဲ့ဆံသားတွေက အခြားဆံပင်အမျိုးအစားတွေထက် ပို၍အဆီစုပ်ယူမှု အားကောင်းကြတာကြောင့် daily use shampoo(ခေါ်)နေ့ စဉ်သုံးရှမ်ပူအမျိုးအစားကို သုံးသင့်ပါတယ်။ တစ်ရက်ခြား(သို့)တစ်နေ့တစ်ကြိမ်
ခေါင်းလျှော်ပေးနိုင်ပါတယ်။ (အဆီပြန်တဲ့ဆံပင်ကလည်း ကျန်းမာသန်စွမ်းတဲ့ ဆံသားအမျိုးအစားထဲမှာပါရှိနေပါ
တယ်။ အဆီအလွန်ပြန်တဲ့ ဆံသားပိုင်ရှင်များကတော့ dry shampoo ကိုသုံး၍ နေ့စဉ်ခေါင်းလျှော်ပေးရမှာပါ။)

၂။ ပုံမှန်ဆံသားပိုင်ရှင်များအတွက်။

သဘာဝဆံသားလို့ ခေါ်နိုင်ပါတယ်။ ဒီဆံသားတွေမှာ အပေါ်မှာဖော်ပြထားတဲ့ ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေလောက် အဆီသိပ်မရှိတာကြောင့် ရက်သတ္တတစ်ပတ်မှာ နှစ်ကြိမ်(သို့)အများဆုံး သုံးကြိမ်လျှော်ရုံနှင့် လုံလောက်ပါတယ်။ အကယ်၍ အလယ်အလတ်ဆံသားတွေကို နေ့စဉ်ခေါင်းလျှော်မိတဲ့အခါမှာ ဦးရေပြားနှင့် ဆံသားများအဆီခန်းခြောက်စေတတ်လို့ ဆင်ခြင်သင့်ပါတယ်။ (ဗောက်ရှိသူတွေက Anti Dandruff Itchy Scalp ရှမ်ပူကို သုံးသင့်သလို ဆံသားကြမ်းသူများနှင့် ဆံပင်နှစ်ခွရှိသူများက Conditioner Shampoo ကို သုံးပေးဖို့လိုပါတယ်။)

၃။ ဆံသားအုံကောင်း (ဆံပင်ထူ)သူများအတွက်။

အမျိုးသမီးအများစုပိုင်ဆိုင်တဲ့ ဆံပင်အမျိုးအစားလေးပါပဲ။ ဆံသားထူပြီး ဆံပင်သဘာဝအကောက် လှိုင်းသား ပါရှိနေလို့ ဦးရေပြားထံမှ အဆီတွေကို ဆံသားတွေဆီသို့ အလွယ်တကူ မပျံ့နှံ့စေတဲ့အတွက်ကြောင့် ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်သာ ခေါင်းလျှော်ပေးရုံမျှဖြင့် လုံလောက်ပါတယ်။ (အခုလို ဆံသားပိုင်ရှင်တွေကလည်း အမှတ်စဉ် (၂) ကလို အလယ်အလတ် ဆံသားပိုင်ရှင်တွေ သုံးတဲ့ ရှမ်ပူအမျိုးအစားတွေကိုပဲ သုံးနိုင်ပါတယ်။)

၎။ ခြောက်သွေ့(မွဲခြောက်ခြောက်)ဆံသားများအတွက်။

ဒီဆံသား အမျိုးအစားက အမှတ်စဉ်(၁)ဆံသားနှင့် ပြောင်းပြန်ဖြစ်ပါတယ်။ ဦးရေပြားမှာ အဆီခန်း၍ ဆံပင်မွဲခြောက်ကာ ဆံသားများ နှစ်ခွ သုံးခွဖြစ်ပြီး ဆံပင်တွေ ပြတ်ထွက်လေ့ရှိပါတယ်။ ဒါကြောင့် နေ့စဉ် ခေါင်းမလျှော်သင့်ပါဘူး။ Oily Shampoo တစ်မျိုးတည်းကိုသာသုံးပါ(သို့)ဓာတုပစ္စည်းတွေပါဝင်မှုနည်းတဲ့ ရှမ်ပူကိုရွေးသုံးပါ။ conditioner ပေါင်းဆေးပါတဲ့ ရှမ်ပူကိုသုံးပေးပါ။ (အခုလို ဆံသားပိုင်ရှင်များဟာ ခေါင်းလျှော်ပြီးတဲ့အခါ လေပူစက်ဖြင့်မှုတ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဆံသားခြောက် သွေ့ကြမ်းထော်စေလို့ပါပဲ။ ဒါကြောင့် ပုံမှန်သဘာဝလေဖြင့်သာ အခြောက်ခံခြင်း(သို့) လေအေးပေးပေးစက်ဖြင့် မှုတ်ခြင်းကိုသာ သုံးစွဲပေးပါ။)

- မှတ်ချက် -

(၁) မျက်စိကျန်းမာရေးအတွက်သာမက ဘက်ပေါင်းစုံကျန်းမာဖို့အတွက်ဆိုရင် မွန်းလွဲပိုင်းမှစ၍ ခေါင်းမလျှော်သင့်တော့ပါဘူး။

(၂) ရာသီဥတု မည်မျှပင်အေးပါစေ ရေနွေးနဲ့ ခေါင်းမလျှော်သင့်ပါဘူး။ မိမိခန္ဓာကိုယ်အပူရှိန်ထက် ပို၍ပူသောရေနွေးဖြင့် ခေါင်းလျှော်ခြင်းက ဆံသားကိုကာကွယ်ပေးသည့် သဘာဝအဆီဓာတ်ကို ဆုံးရှုံးသွားကာ ဆံသားများခြောက်သွေ့၍ မာဆတ်ဆတ်ဖြစ်စေနိုင်ပါတယ်။

(၃) ခေါင်းလျှော်ပြီးစမှာ နားကို အလွယ်တကူသန့် စင်နိုင်ပါတယ်။ တစ်ခါသုံး နားကြပ်ဂွမ်းလုံးလေးတွေသုံး၍ နားထဲရှိ နဖာချေးကို သန့်စင်ပေးနိုင်ပါတယ်။(၄) ဆံပင်အရှုပ်အထွေးကို ရှင်းလင်းရန်အတွက် ဦးစွာဆံပင်ထိပ်ဖျားပိုင်းမှဖြီးပါ။ ထို့နောက် ဆံသားများကို အသာအယာဆုပ်ကိုင်ပြီး ဆံပင်အရင်းပိုင်း (အမြစ်) မှ အောက်ခြေသို့ ဆွဲချဖြီးပါ။

(၅) ဖြစ်နိုင်ရင် ဆံပင်ကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ် သုံးကြိမ်သာ လျှော်ပေးသင့်ပါတယ်။ ထို့ထက် အကြိမ်ရေပိုလျှော်ခြင်းက ဆံပင်ကျွတ်ထွက်စေပြီး ဦးရေပြားအဆီကိုလည်း ခန်းခြောက်စေပါလိမ့်မယ်။

(၆) ဗောက်ထ၍ ဦးရေပြားယားယံခြင်းကလည်း ဆံပင်ကျွတ်ခြင်း၏ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဦးခေါင်းသန့်စင် တစ်ကိုယ်ရေကျန်းမာရေးအတွက် အချိန်ပေး၍ ဆောင်ရွက်ပေးလိုက်ပါ။

(၇) ဗောက်ထ၍ယားယံသော ဦးရေပြားများအတွက်ကတော့ itchy due to dandruff (သို့) itchy scalp anti dandruff စာတန်းပါတဲ့ ရှမ်ပူအမျိုးအစားကို ရွေးသုံးပါ။ ဗောက်ကိုသတ်ပေးတဲ့ ရှမ်ပူတွေမှာပါရှိတဲ့ ပစ္စည်းများဟာ ဆံသားကို အတန်ငယ်ကြမ်းစေတာကြောင့် ဆံသားကိုနူးညံ့ပျော့ပျောင်းစေရန် ပေါင်းဆေးပါသော ရှမ်ပူ (သို့) smooth & silky စာတန်းပါသော ရှမ်ပူကိုပါ တွဲ၍သုံးပေးသင့်ပါတယ်။

(၈) ပလတ်စတစ်ဘီးဖြင့် ခေါင်းဖြီးခြင်းက ဦးရေပြားပူ၍ ဗောက်ထစေနိုင်၍ သစ်သားဘီးကိုသာ သုံးစွဲသင့်ပါတယ်။ ။

ပေါက်ပေါက်
The Mirror Daily
https://www.facebook.com/TheMirrorDaily

ဦးနှောက်မှတ်ဥာဏ်အပေါ်မှာ အကျိုးသက်ရောက်မှုရှိတဲ့ နီကိုတင်းနဲ့ ဆေးခြောက်




လူတစ်ဦးရဲ့ သင်ယူမှုနဲ့ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်း “Hippocampus” သေးငယ်လေ မှတ်ဥာဏ်စွမ်းရည် နည်းပါးလေဖြစ်တယ်လို့ ယေဘုယျ ဆိုနိုင်ပါတယ်။

သုတေသနပြုသူတွေကို အံအားသင့်စေတဲ့ ပြောင်းပြန်ဆက်နွယ်ချက်ကတော့ နီကိုတင်းနဲ့ ဆေးခြောက်တို့ တွဲဖက်သုံးစွဲမှုဟာ ဦးနှောက်ပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာပါပဲ။

 “ ဆေးခြောက် သုံးစွဲသူ တစ်ဦးချင်းရဲ့ ခန့်မှန်းချေ ၇၀ရာခိုင်နှုန်း ခန့်ဟာ ဆေးရွက်ကြီးကိုလည်း သုံးစွဲတာတွေ့ရပါတယ်။ ဆေးခြောက်သုံးစွဲသူ လူဦးရေများပြားတာကြောင့် ဦးနှောက်အပေါ် ဆေးခြောက်သုံးစွဲမှုရဲ့ အကျိုးသက်ရောက်မှုက ဘာကြောင့်ရှိနေတာလည်းဆိုတာ ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လေ့လာမှုတော်တော်များများမှာ ဆေးရွက်ကြီးသုံးတာကို ထည့်သွင်းစဉ်းစားတာမျိုး မရှိလို့ပါ။ “ ဟု BrainHealth စင်တာမှ Cognitive Neuroscience of Addictive Behaviors ညွှန်ကြားရေးမှူး ဒေါက်တာ Francesca Filbey က ထုတ်ဖော်ပြောကြားထားပါတယ်။

လေ့လာသူတွေဟာ Hippocampus အရွယ်အစားသေးပြီး မှတ်ဥာဏ်အားနည်းနိုင်တဲ့ စမ်းသပ်ခံသူတွေမှာ ဆေးခြောက်နဲ့ဆေးရွက်ကြီး နှစ်မျိုးစလုံးသုံးစွဲသူတွေက Hippocampus သေးငယ်သော်လည်း မှတ်ဥာဏ်ပိုကောင်းတယ်ဆိုတဲ့ အချက်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါသတဲ့။

 ဒီအချက်ဟာ လူတစ်ယောက် တစ်နေ့စီးကရက် ဘယ်လောက်သောက်လဲဆိုတဲ့အပေါ်မှာလည်း သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဆေးခြောက် သို့ ဆေးရွက်ကြီး တစ်မျိုးတည်းသာ သုံးစွဲတဲ့အုပ်စုမှာတော့ Hippocampus အရွယ်အစား၊ မှတ်ဥာဏ်တို့နဲ့ ဆက်နွယ်ချက် တစ်ခုမှ မရှိခဲ့ပါဘူးတဲ့။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

နျူကလီးယား ဓါတ်ငွေ့ ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ကာကွယ်နိုင်မယ့် ဆေးဝါး တစ်မျိုး တွေ့ရှိ




တက္ကဆက် တက္ကသိုလ်မှာရှိတဲ့ ဆေးပညာ ဌာနခွဲက သုတေသီတွေဟာ နျူကလီးယား ဓါတ်ငွေ့ကြောင့် အဆိပ်မိ နေမှု ကို ကာကွယ်ပေးနိုင်မယ့် ဆေးပညာ တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။

လေ့လာမှု အရ ဆေးတစ်ခါတည်းသာ ထိုးရတဲ့ ကုထုံး တစ်ခုဟာ  Gastrointestinal အပါအ၀င် ဓါတ်ငွေ့ပျံ့နှံ့မှု ကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှု များစွာကို ပေါက်ကွဲမှု ဖြစ်အပြီး ၂၄ နာရီအတွင်း အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းမခံရတော့အောင် တန်ပြန်ကာကွယ် ပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။ ထို လေ့လာမှု ကိုလည်း Laboratory Investigation ဆိုတဲ့ ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ထို ဆေးဝါးကတော့ အရင်တစ်ကြိမ်ကတည်းက တီထွင်ထားတဲ့ TP508 ဆိုတဲ့ ဆေးဖြစ်ပြီး ထိုဆေးကိုတော့ အရေပြား ၊ အရိုး နဲ့ ကြွက်သား တစ်သျှူးတွေကို ပြန်လည်ပြုပြင်ဖို့ အသုံးပြုခဲ့ကြပါတယ်။ ထိုဆေးဝါးဟာ သွေးလည်ပတ်မှုအားကောင်းစေခြင်း ၊ အသားအရေ ဖူးယောင်ခြင်း တွေကို လျှော့ချပေးခြင်း ၊ ဆဲလ်တွေ သေဆုံးခြင်းမှ ကာကွယ်ခြင်း စတာတွေ ဖြစ်ပေါ်လာစေရန် ဆဲလ်တွေကို လှုံ့ဆော်ပေးခြင်းဖြင့် တစ်သျှူးတွေကို ပြန်လည် ပြုပြင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

သုတေသီတွေဟာ ကြွက်တစ်ကောက်ကို နျူကလီးယား ဓါတ်ငွေ့ထုတ်လွှင့် ခံစေကာ ၂၄ နာရီအတွင်း TP508 ဆေးကို ထိုးပေးလိုက်တဲ့အခါမှာ ထိုကြွက်ဟာ အသက်ရှင်သန်နှုန်းမြင့်မားလာပြီး သေဆုံးမှု နှုန်းထားကိုလည်း ရပ်တန့်သွားစေနိုင်တာကို တွေ့ခဲ့ရပါတယ်။

နျူကလီးယား ဓါတ်ငွေ့ပျံ့နှံ့မှုဟာ GI လို့ခေါ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင့်အတွင်း အဆိပ်မိသွားစေပြီး ရေဓါတ်စုပ်ယူနိုင်မှု  လျော့နည်းသွားစေတဲ့ ထိခိုက်မှု မျိုးကို ဖြစ်ပေါ်စေနိုင်ပြီး ၂၄ နာရီ အတွင်း သေဆုံးသည်အထိ ပြင်းထန်တဲ့ရောဂါ တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ထို လေ့လာမှုကိုတော့ အမျိုးသားကျန်းမာရေးဌာနနဲ့ UTMB Jeane B. Kempner Schlorship တို့က ငွေကြေးပိုင်း ပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ


နောက်ဆုံးလေ့လာမှုတွေအရ တချို့အစားအစာတွေဟာ ဆာလောင်မှုကို ပျောက်ကင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ကာ အဆီတွေမြန်မြန် လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ အောက်ပါအစားအစာတွေကို ကြည့်ပြီး သင့်ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင်၊ ပေါင် ၂၀၊ ပေါင် ၃၀ ဒါမှမဟုတ် ဒီပေါင်ချိန်တွေထက် ပိုလျော့အောင် ပြုလုပ်ပါ။

၁။ အစာစားချင်စိတ် လွန်ကဲမှုပျောက်ကင်းအောင် ငရုတ်သီးစားပါ

လေ့လာမှုတစ်ခုအရ ဇွန်းတစ်ဝက်စာ ငရုတ်သီးမှုန့်ပါဝင်တဲ့ စွပ်ပြုတ် ရည်သောက်သူတွေဟာ အချိုစာ၊ အဆီစာနဲ့ အငန်စားချင်စိတ် လွန်ကဲမှု ထက်ဝက်ခန့် လျော့သွားတာကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လေးနာရီအတွင်း ၁၀ ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်တာမို့ တစ်နှစ်အတွင်း နှစ်ပေါင်လျော့ကျသွားနိုင်ပါတယ်။

အဆီလောင်ကျွမ်းမှု လျှို့ဝှက်ချက်

ငရုတ်သီးမှာပါတဲ့ Capsaican တွေဟာ (ပူတဲ့ အရသာပေးတဲ့ ဒြပ်ပေါင်းပါ) ဦးနှောက်နဲ့ လည်ပင်းကို ပေးပို့တဲ့ အာရုံကြော (Trigeminal Nerve) ကို လှုံဆော်ပေးမှုကြောင့် ခံတွင်းလိုက်အား ပြောင်းလဲကာ ဇီဝရုပ်ဖြစ်ပျက်နှုန်း တိုးတက်လာတာကြောင့်လို့ သုတေသီတွေက ဆိုပါတယ်။

Tips!

ရှလကာရည် အသုံးပြုနိုင်ပါတယ်။

လေ့လာမှုပြုလုပ်ရာမှာ ပါဝင်သူတွေဟာ ရှလကာရည် နှစ်ဇွန်းမှ သုံးဇွန်း ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစာစားသူတွေရဲ့ အင်ဆူလင် မြင့်တက်လာနှုန်းဟာ ရှလကာရည်မပါဝင်ဘဲ သူတို့နဲ့ တူညီတဲ့ အစားအစာတွေ စားသုံးသူတွေထက် ၂၅ ရာခိုင်နှုန်း လျော့ကျတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အင်ဆူလင် အဆင့်နည်းတာဟာ စားချင်စိတ်နဲ့ ဆာလောင်မှုကို လျော့ကျစေတာကြောင့်ပါ။

၂။ ဗိုက်ပြည့်တာမြန်အောင် ချယ်ရီသီးစားပါ။

အစာစားပြီးလို့မှ မကြာခင်မှာ ဗိုက်ဆာသလို ဖြစ်နေသလား၊ အိပ်ရေးမဝတဲ့ အတွက် ခန္ဓာကိုယ်တွင်းမှာ Leptin အဆင့်တွေ ကျဆင်းနေတာကြောင့်ပါ။ Leptin ဆိုတာဟာ သင့်ဗိုက်ပြည့်တင်းတာကို သိရှိနိုင်တဲ့ဟော်မုန်းပါ။ ချယ်ရီသီးဖျော်ရည် သောက်ပေးရင် ဆာလောင်တာ လျော့သွားနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အစာစားချင်စိတ် လျော့နည်းရခြင်း၏ လျှို့ဝှက်ချက်

ချယ်ရီသီးမှာ မယ်လတိုနင်တွေ များစွာပါဝင်ပါတယ်။ မယ်လတိုနင်ဆိုတာဟာ သင်မြန်မြန်အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်းပါ။ ဒါ့အပြင် ချယ်ရီသီးမှာ ရောင်ရမ်းမှု ပျောက်စေတဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်တာမို့ နာကျင်ညောင်းညာ တဲ့ဝေဒနာတွေ ပျောက်ကင်းစေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် ပါတယ်။

Tips!

စိုးရိမ်စိတ်ကြောင့် အိပ်မပျော်ဖြစ်နေသလား။

စိုးရိမ်စိတ်ပျောက်ကင်းအောင် Passion Flower (ပင်မှည့်သီးပွင့်) လက်ဖက် ရည်သောက်ပေးပါ။ အိပ်မပျော်သူတွေဟာ နေ့စဉ် ပင်မှည့်သီးဖျော်ရည်ကို တစ်ပတ်သောက်တာကြောင့် မြန်မြန်အိပ်ပျော်နိုင်ပြီး ညဘက်တစ်ရေးနိုးတဲ့ အကြိမ်လျော့သွားတယ်လို့ သိရပါတယ်။ အဲ့ဒီဖျော်ရည်ဟာ စိတ်ချမ်းသာစေတဲ့ ဟော်မုန်း(dopamine) အဆင့်ကို မြင့်တက်စေနိုင်လို့ပါ။

မြ၀တီ
https://www.facebook.com/mwdmedia

ဆေးစွမ်းအလွန်ထက်သော ကမ်းဇော်ဆီ


ကမ်းဇော်ဆီဟာ အလွန်ဆေးစွမ်းထက်သော အဖိုးတန် သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။

ကမ်းဇော်ပင်ကို ကြမ်းပိုးအနံ့နှင့်ဆင်သောကြောင့် သစ်ကြမ်းပိုးပင် ဟူ၍၄င်း၊ တောင်မင်းဂွတ် ဟူ၍၄င်း ခေါ်ဝေါ်ကြပါတယ်။ အင်္ဂလိပ်လို Mahua Tree လို့ခေါ်ပါတယ်။

ကမ်းဇော်ပင်၏ ပင်စည်ကို ဘုရားဆင်းထုတော် ထုလုပ်သည့်နေရာမှာ အသုံးများကြတယ်။ အိန္ဒိယမှာတော့ ဘာသာရေးပွဲတွေမှာ ကမ်းဇော်သီးကို လေထဲမြှောက်၍ ပူဇော်ပသလေ့ရှိကြပါတယ်။

ကမ်းဇော်ပင်ဟာ အရှေ့တောင်အာရှနိုင်ငံဒေသမှာ အများဆုံး ပေါက်ကြပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ နီပေါလ်နှင့် ဘင်္ဂလာဒေ့ရှ်တို့မှာ ပိုမိုပေါက်ရောက်နေကြပါတယ်။

မြန်မာနိုင်ငံမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နှင့် ထားဝယ်တို့မှာ သဘာဝအလျှောက် ပေါက်ရောက်ကြပါတယ်။ ကုန်းကမ်းဇော်နှင့်ရေကမ်းဇော်ဆိုပြီး ၂ မျိုးရှိပါတယ်။ အရောင်နှင့် အသီးပုံစံ အနည်းငယ် ကွာနိုင်ပေမယ့် အကျိုးအာနိသင်ခြင်း အတူတူဖြစ်ပါတယ်။

ဆေးအဖြစ် အသုံးဝင်ပုံများ

(၁) အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် မီးယပ်ရောဂါများအတွက် ကမ်းဇော်ဆီစစ်စစ်ကို ထမင်းပူပူနှင့် နယ်စားပါ။ ဆေးအဖြစ် လက်ဖက်ရည်ဇွန်းနှင့် မနက်၊ ည သောက်သုံးလျှင် ရောဂါပျောက်ကင်းပါသည်။

(၂) ထိခိုက်၊ ရှနာ၊ ပွန်းပဲ့ စသည့် ဒဏ်ရာအမျိုးမျိုး၊ အပူလောင်ခြင်း၊ ခွဲစိပ်ခြင်း၊ အနာစိမ်းပေါက်ခြင်း၊ ပြည်တည်ခြင်း၊ အကျိတ်၊ အဖု စသည့် အနာများကို ကမ်းဇော်ဆီဖြင့် တစ်နေ့ ၃ ကြိမ် လိမ်းပေးပြီး အ၀တ်ပါးပါးဖြင့် စည်းထားပါ။ ၂ ရက်အတွင်း အနာချောက်၍ တစ်ပတ်အတွင်း အမာရွတ်ပါမကျန်အောင် ပျောက်ကင်းပါသည်။

(၃) မြွေ၊ ကင်း၊ ပျား၊ ပုရွက်ဆိတ်၊ ပိုးကောင်အမျိုးမျိုး စသည့် အဆိပ်ရှိသည့် အကောင်များကိုက်လျှင် ကမ်းဇော်ဆီကိုသာ လိမ်းပေးလိုက်ပါ။ ချက်ချင်း အဆိပ်ပြေသွားပြီး သက်သာပျောက်ကင်းပါသည်။ ( ပျားကိုက်၍ ကမ်းဇော်ဆီဖြင့် လိမ်းပေးလိုက်သဖြင့် ၁၀ မိနစ်အတွင်း ပျားအဆိပ်ပြေပြီး နာကျင်ခြင်းလုံးဝမရှိပဲ ပျောက်ကင်းခဲ့သည်မှာ ကိုယ်တွေ့ဖြစ်ပါသည်)

(၄) ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်အမြစ်များ ကိုက်ခြင်း၊ အကြောတက်ခြင်း၊ ညောင်းညာခြင်းများအတွက် ကမ်းဇော်ဆီကို ပါးပါးလိမ်း၍ အနည်းငယ် နှိပ်နှယ်ပေးလျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေပါသည်။

(၅) ဗိုက်အောင့်ဗိုက်နာ၊ လေထိုးလေအောင့်၊ နှလုံးအားနည်း၊ ပန်းနာရင်ကျပ်နှင့် အစာမကြေခြင်းများအတွက် ပျားရည်အနည်းငယ်နှင့် ရောစပ်၍ လက်ဖက်ရည်ဇွန်းဖြင့် တစ်နေ့ ၂ ကြိမ် သောက်သုံးပါက ရောဂါ သက်သာပျောက်ကင်းစေပါသည်။

အတုအပများ သတိပြုစေလို

ကမ်းဇ်ာဆီဟာ ဆေးဖက်ဝင်သည့် အလွန်တန်ဖိုးရှိသည့် အဆီတစ်မျိုးဖြစ်သည့်အတွက် ယခုအခါတွင် လူကြိုက်များလာကာ အချို့စီးပွါးရေးသမားများမှာ အမြတ်များများကျန်ဖို့အတွက် ဆီအမျိုးမျိုးဖြင့် ရောစပ်ခြင်း၊ ကြိတ်ဖတ်ကို ပြန်ပေါင်း၍ အဆီထုတ်ခြင်း၊ အတုများပြုလုပ်၍ ရောင်းချခြင်းများကို ဈေးကွက်အတွင်း မြင်တွေ့နေရခြင်းကြောင့် အတုအပများကို သတိထားပြီးမှ ၀ယ်ယူသင့်ပါကြောင်း မြိတ်ခရိုင်တိုင်းရင်းဆေးဝါးဌာနမှ သတိပေးထားပါတယ်။

အနာရောဂါများ ကင်းရှင်း၍ လူတိုင်းကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ အစွမ်းထက်သောဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ

www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ


တလောက အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး လူပြောများနေတဲ့ သတင်းတစ်ပုဒ်က စင်္ကာပူရောက် မြန်မာအချို့ ပါရာစီတမောဆေးသောက်ပြီး ရင်ပူလာလို့ဆိုပြီး ရေခဲသေတ္တာထဲက ကိုကာကိုလာ အေးအေးလေးကို မော့သောက်လိုက်ရာမှ ပါးစပ်မှာ အမြုပ်တစီစီထွက်လာပြီး ဆေးရုံအပို့ ကားပေါ်မှာတင် အသက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပါ။

အဲဒီသတင်းနှင့်ပတ်သက်ပြီး ပြောဆိုဝေဖန်နေကြတာလည်း လူပေါင်းများစွာက ထင်မြင်ချက်မျိုးစုံပါပဲ။ ဆရာဝန်တွေကအစ ကလေးငယ်တွေအဆုံး မတူညီတဲ့ ထင်မြင်ချက်တွေ အသီးသီးပေးကြပါတယ်။

တစ်ချို့က ဆေးကြောင့်၊ တစ်ချို့က ကိုကာကိုလာကြောင့်၊ လူကြောင့်၊ ရာသီဥတုကြောင့်၊ မတည့်သည့်အစားအစာကြောင့် စသဖြင့် စုံနေအောင် ပြောဆိုထားကြပါတယ်။

ဘယ်အရာကြောင့်ဆိုတာ အတိအကျ မသိရပေမယ့် လူတစ်ယောက်ရဲ့ အသက်ကတော့ ဆုံးရှုံးသွားခဲ့ရတာ အမှန်ပါ။ ကိုယ်တွေ့ ဖြစ်ရပ်ကို လူအများ လိုက်နာရှောင်ရှားနိုင်အောင် ပြန်လည်မျှဝေပေးတဲ့သူကိုလည်း
ကျေးဇူးတင်ပါတယ်။

မြန်မာပြည်ထဲမှာလည်း ပါရာစီတမောလ်နဲ့ ကိုကာကိုလာ အတူတွဲသောက်မိလို့ ဆေးခန်းရောက်ကြတာ မနည်းဘူးလို့ ဆရာဝန်တစ်ယောက်မှ ကိုယ်တွေ့ဖြစ်ရပ်တွေကို ဖွင့်ဟထားပါတယ်။

ဒါ့ကြောင့် ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါသော အစားအစာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊ ဘီယာ စတဲ့ မူးယစ်ဆေးဝါးတို့နဲ့လည်း မတည့်ပါဘူး။

၎။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။ (၂၄) နာရီအတွင်း 500 mg (၈) လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၆။ ပါရာစီတမောကို (အခြား အချိုရေ၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြခဲ့တာတွေနဲ့ ရောမသောက်သော်လည်းပဲ) အလွန်အကျွံ သောက်မိလျှင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေးတော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောလ်ဆေးဟာ မြန်မာပြည်သူပြည်သားများ အများဆုံးသောက်သုံးနေသည့် ဆေးတစ်မျိုးဖြစ်သည့်အတွက် မသိသေးသူများအတွက် အသိပေးခြင်းဖြစ်သလို သိပြီးသူများအတွက်လည်း သတိပေးရင်း မျှဝေလိုက်ရပါတယ်။ ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။

အသက်ကို ဉာဏ်စောင့်ဆိုသလို ကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Panadol extra (paracetamol and caffeine)

Credit to ကျန်းမာရေးသတင်းများ

အတွင်းရော အပြင်ပါ လှပစေမည့် နည်းလမ်းများ


ပိုင်ဆိုင်နိုင်ဖို့ဆိုတာ တန်ဖိုးကြီး အဝတ်အစားတွေ၊ မိတ်ကပ် အလှကုန် ပစ္စည်းတွေပေါ်မှာသာ မူတည်နေတာ မဟုတ်ပါဘူး။ အတွင်းစိတ်ပေါ်မှာလည်း များစွာ မူတည်နေပါတယ်။ အတွင်းစိတ်လေး ကြည်နေမှ ရုပ်ရည်လည်း ကြည်လင်ပြီး လှပနေမှာပါ။ ဒါကြောင့် အတွင်းရော အပြင်ပါ လှပကြည် လင်စေနိုင်တဲ့၊ ငွေမကုန်တဲ့ အလွယ်နည်း၊ အမြန်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

ပြုံးပါ

ကြားဖူးကြမှာပါ။ ပြုံးခြင်းက မဲ့ခြင်းထက် ကြွက်သားအနည်းငယ်ကိုသာ အသုံးပြုကြောင်းကိုပေါ့။ ပြုံးနေတာဟာ မဲ့ရတာထက် ပိုလွယ်ကူပါတယ်။ ဒါ့အပြင် လေ့လာချက်အသစ်အရ ပြုံးခြင်းက ရုပ်ရည်ကို ပိုပြီး လှပစေပါတယ်။ ဘယ်လိုရုပ်ရည်မျိုးကို ပိုင်ဆိုင်နိုင်ပါစေ၊ ပြုံးနေသူဟာ ခပ်တည်တည်နေ သူထက် ပိုပြီး ဆွဲဆောင်မှုရှိကာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒါ့အပြင် အမေရိကနိုင်ငံမှာ လူပေါင်း ၅၀၀ ကို ဓာတ်ပုံတွေပြပြီး ရွေးချယ် ခိုင်းရာမှာ အရယ်ဆုံး၊ အပြုံးဆုံး ဓာတ်ပုံတွေဟာ တခြားပုံတွေထက် နှစ်ဆကျော်ကျော် ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ အရွေးခံခဲ့ရပါတယ်။ ဒါ့အပြင် ပြုံးနေသူတွေဟာ ပိုပြီး ပေါ်ပြူလာဖြစ်တယ်၊ ပိုပြီးထက်မြက်တယ်၊ ပိုပြီးအောင်မြင်တယ်၊ ပိုပြီးချမ်းသာတယ်လို့လည်း အထင်ခံရပါတယ်။ ကျွန်မတို့ဟာ မသိစိတ်က အလိုလို ပြုံးပျော်ရွှင်နေသူတွေကို သဘော ကျတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အပျော်တွေဟာ ကူးစက်တတ် တာကြောင့် ပျော်ရွှင်နေသူတွေနား နေပါက ကျွန်မတို့ကိုပါ စိတ်ချမ်းသာရ တာကြောင့်ပါ။ ဒါ့အပြင် ပြုံးခြင်းက မျက်နှာကြွက်သားတွေကို ပင့်တင်ပေး တာကြောင့် အရေပြား တွဲကျခြင်းကနေ ကာကွယ်ပေးကာ ငယ်ရွယ်နုပျိုစေနိုင် ပါတယ်။ ဒါကြောင့် များများသာ ပြုံးပါ။ စိတ်ချမ်းသာအောင် နေပါ။

သဘောကောင်းပါ

ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဟာ သင့်စိတ်ကို ကြည်နူးစေရုံမျှမက သင့်ကို လည်း ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ သဘောကောင်းပြီး ကြင်နာ တတ် သူတွေဟာ ရိုင်းစိုင်းစိတ်ပုပ်သူတွေထက် အများကြီး ပိုကြည့်ကောင်းပါတယ်။ နဂိုရုပ် ဘယ်လောက်ပဲ ချောမောနေပါစေ၊ အတွင်းစိတ်ပုပ်ရင် ရုပ်က အလိုလို မှိုင်းနေတတ်ပါတယ်။ အများအကျိုး ဆောင်ရွက်တတ်ခြင်းဟာ မိတ်ဆွေ အပေါင်း အသင်း ရွေးရာမှာ အရေးကြီးတဲ့ အရည်အချင်းတစ် ရပ်ဖြစ် တာကြောင့် ကူညီတတ်သူ၊ သဘောကောင်းသူတွေမှာ ခင်မင်လိုသူတွေ ပေါများလှပါတယ်။ သင်ရဲ့ သဘောကောင်းတဲ့စိတ်ကို သိတဲ့ သင့်သူ ငယ်ချင်းတွေဟာ သင့်အကြောင်း သိပ်မသိသေးတဲ့ သူစိမ်းတွေထက်စာရင် သင့်ကို ၂၀ ရာခိုင်နှုန်း ပိုပြီး ကြည့်ကောင်းတယ်လို့ အလိုလို မြင်တတ်ကြ ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သင်ရဲ့ နွေးထွေးကြင်နာမှုတွေကိုပါ သင့်အလှထဲ ပေါင်းထည့်မြင်တတ်ကြတာကြောင့်ပါ။

ပန်းရောင်၊ မက်မွန်ရောင်ဝတ်ပါ

ပန်းနုရောင်၊ ပန်းဝါရောင်ဖြစ်တဲ့ မက်မွန်ရောင်တွေဟာ ဝတ်ဆင်သူတွေကို ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ ကျွန်မတို့ဟာ ပန်းရောင်လွှမ်းတဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ရုံမျှမက ပန်းရောင်ကို တန်ဖိုးထား နှစ်သက်တတ်ကြပါတယ်။ လေ့လာချက်အရ လူပေါင်း ၁၀၀၀၀ ကျော်ကို အရောင်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်တွေ လေ့လာရာမှာ ပန်းရောင် ဒါမှမဟုတ် မက်မွန်ရောင် ဝတ်ထား သူတွေကို နှစ်လိုဖွယ်ကောင်းတဲ့၊ နွေးထွေးကြင်နာတတ်တဲ့၊ ချစ်ခင်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတွေအဖြစ် မြင်ကြကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် ပန်းရောင်သန်းတဲ့ ကျွဲကောသီးနံ့ ရေမွှေးဆွတ်ထားပါက အသက်ခြောက်နှစ်မျှ ငယ်ရွယ်တယ်လို့ ထင်စေနိုင်ကြောင်းကိုလည်း လေ့လာတွေ့ရှိထားပါတယ်။

မျက်လုံးချင်းဆုံပါ

တခြားသူတစ်ယောက်ရဲ့ မျက်လုံးကြည့်ခြင်း၊ ဆုံခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ် ပြောဆိုရာမှာ အရေးပါပြီး သင်ဟာ သူပြောတာကို စိတ်ဝင်တစား နားထောင်နေကြောင်း ဖော်ပြရာ ရောက်ပါတယ်။ ဒါ့အပြင် မျက်လုံးချင်းဆုံခြင်းက သင့်ကို ရှစ်ဆ ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ထင်ရစေနိုင် ပါတယ်။ ကင်မရာကို တည့်တည့်ကြည့်နေတဲ့ ဓာတ်ပုံတွေနဲ့ ကင်မရာကို မကြည့်ဘဲ ငေးနေတဲ့ ဓာတ်ပုံတွေရဲ့ ဆွဲဆောင်မှု နှုန်းထားတွေကို နှိုင်းယှဉ်ကြည့်ရာမှာ နဂိုရုပ်ရည်က ဘယ်လိုပုံပဲဖြစ်နေပါစေ၊ ကင်မရာကို စိုက်ကြည့်နေတဲ့ ပုံတွေက ပိုပြီး ဆွဲဆောင်မှုရှိကြောင်း တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ မျက်လုံးကို စိုက်ကြည့်ခြင်းက သင်ဟာ သူ့အပေါ် စိတ်ဝင်စားကြောင်းပြရာရောက်တာကြောင့် သင်ကိုယ်တိုင်လည်း ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာတာ၊ ဆွဲဆောင်မှု ပိုလာတာပဲ ဖြစ်ပါတယ်။

မုန်လာဥနှင့် ကန်စွန်းဥစားပါ

ဒီဥနှစ်မျိုးစလုံးဟာ အရေပြားကို ချောမွေ့ကြည်လင်စေတဲ့ ဗီတာမင်အေ ကြွယ်ဝရုံမျှမက အရေပြားကိုပါ သဘာဝအတိုင်း နှင်းဆီသွေးရောင် တောက်ပတာကြောင့် ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ လေ့လာချက်အရ လူတွေရဲ့ အသားရောင်ကို နှိုင်းယှဉ်ကြည့်ကြရာမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ နေရောင်ကြောင့် အသားဝင်းဝါတာထက် ဟင်းသီး ဟင်းရွက် စားပြီး သဘာဝအတိုင်း ဝင်းဝါနေတဲ့ အသားအရေကို ပိုနှစ်သက်ကြကြောင်း တွေ့ရ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ စိုပြည်လှပတဲ့ အသားအရေကို ကြည့်ပြီး ထိုလူရဲ့ ကျန်းမာရေးနဲ့ ဘဝလူနေထိုင်မှုပုံစံကိုပါ မသိစိတ်က အလိုလို ဆုံးဖြတ်တတ်ကြတာကြောင့်ပါ။ စိုပြည်တဲ့ အသားအရေ ပိုင်ပါက လူချစ်လူခင်ပိုများတတ်ပါတယ်။

ဒေါက်တာနုမြတ်
Ref: Good Health
မြ၀တီ
https://www.facebook.com/mwdmedia

အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးစေမည့် အချက် ၁၀ ရပ်


  တစ်နေ့ပြီး တစ်နေ့ ကူးပြောင်းလာချိန်မှာ အိုမင်းလာနေတယ် ဆိုပေမယ့် ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက် ပိုငယ်တယ် ထင်ရအောင်၊ ဘဝမှာ နေထိုင်ရတာ ပိုမို သက်သောင့်သက်သာ ရှိအောင်နဲ့ စွမ်းအင်တွေ ပြန်ရအောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ တက်တက်ကြွကြွ နေထိုင်ခြင်း

သင်ရဲ့ နေ့စဉ် ဘဝထဲမှာ အားကစားတစ်မျိုးကို လုပ်ဆောင်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ ပါဝင်ပါစေ။ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းနိုင်တာ၊ ဦးနှောက် နျူထရွန်တွေကြား ဆက်သွယ်ရေးကို လှုံ့ဆော်နိုင်တာ၊ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၂။ ပုံမှန် ချစ်တင်းနှီးနှောခြင်း

အိမ်ထောင်ရှိသူတွေ အတွက် ပုံမှန် Sex ကိစ္စ ရှိတာဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးစေတဲ့ လျှို့ဝှက်ချက် တစ်ရပ်လို့ ကျွမ်းကျင်သူတွေက ထင်မြင် ယူဆထားကြပါတယ်။ Sex ကိစ္စကြောင့် ဘဝလက်တွဲဖော်နဲ့ ပိုရင်းနှီးလာတာ၊ ကြွက်သားတွေ ပိုသန်စွမ်းလာတာနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါ။ အမျိုးသမီးတွေမှာ Sex ကိစ္စကြောင့် အောက်ဆီတိုစင်ဟော်မုန်း ထွက်ရှိကာ စိတ်ခံစားမှုကို ကောင်းစေပြီး အမျိုးသားတွေမှာတော့ တက်စတိုစတီ ရုန်းထွက်အောင် လှုံ့ဆော်မှု ရှိတာကြောင့် အိုမင်းတာနဲ့ ဆက်စပ်နေတဲ့ အရာတွေကို နှေးကွေးစေပါတယ်။

၃။ မှတ်ဉာဏ်အတွက် လေ့ကျင့်ခန်း လုပ်ခြင်း

တစ်နေ့ကို မိနစ် ၃ဝ လောက် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ လတ်တလော လေ့လာမှုအရ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်အကြား ခိုင်မာတဲ့ ဆက်နွှယ်မှုကို တွေ့ရှိခဲ့ရာ အာရုံကြော ပညာရှင်တွေက များစွာ အံ့အားသင့်ခဲ့ရပါတယ်။ ဒါဟာ ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင် ရောက်ရှိကာ သွေးလှည့်ပတ်မှု ကောင်းတာကြောင့်ပါ။
 လေ့ကျင့်ခန်းလုပ်တာဟာ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းရှိ ဦးနှောက်ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေတာကြောင့်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

၎။ ဆေးလိပ်မသောက်ဘဲ နေခြင်း

ဆေးလိပ်၊ ဆေးရွက်ကြီး စတာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ဆဲလ်တွေကို လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ ဆေးလိပ်သောက်တာဟာ ဦးနှောက်ရဲ့ သတင်း အချက်အလက်တွေကို မှတ်သားနိုင်စွမ်းနဲ့ သိုလှောင်နိုင်စွမ်းကို ဟန့်တားပစ်တတ်တာကြောင့် မှတ်ဉာဏ် မကောင်းတာနဲ့ စူးစိုက်အား နည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေပြားရဲ့ အပြင်လွှာကို အာဟာရ ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းသွားကာ အရေပြား ခြောက်သွေ့နွမ်းနယ်လာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်သူရဲ့ အရေပြားဟာ ဆေးလိပ်မသောက်သူနဲ့ ယှဉ်ရင် ၁၀ နှစ်လောက် ပို ရင့်ရော်နေတတ်ပါတယ်။

၅။ အိပ်ချိန် အပြည့်အဝ ပေးခြင်း

တစ်ညမှာ အချိန်ရှစ်နာရီအောက် လျော့နည်းပြီး အိပ်တာဟာ ပင်ပန်း နွမ်းနယ်စေပြီး ကိုယ်အလေးချိန် မြင့်တက်ကာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ စတာနဲ့ လေဖြတ်ရောဂါတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အိပ်ရေးပျက်တာကြောင့် Ghrelin ဟော်မုန်းပမာဏ မြင့်တက်ကာ အစာစားချင်တဲ့ဆန္ဒ မြင့်တက်လာပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ပါက ဗိုက်ပြည့်စေတဲ့ Leptin ဟော်မုန်းကို ဖိနှိပ်ထားတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။

၆။ အသားအရေ ထိန်းသိမ်းခြင်း

အသက်ကြီးလာတဲ့ အခါမှာ အရေပြားက သူ့အလိုလို ပြန်ပြီး ငယ်နုအောင် မလုပ်နိုင်တော့ပါဘူး။ အရေးကြောင်းတွေနဲ့ သက်ကြီး အစက်အပြောက်တွေလည်း ထင်ရှား လာတတ်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ အသစ်ဖြစ်အောင် လှုံ့ဆော်နိုင်ဖို့ ရက်တီနော (Retinol) ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာနိုင်စွမ်း SPE ၃၀ ဆနဲ့အထက် ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။

၇။ ငါးကြီးဆီ မှီဝဲခြင်း

အိုမီဂါသရီး ဖက်တီးအက်စစ် ပါတဲ့ ငါးကြီးဆီကို မှီဝဲတာက အသက်ကြီးတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ ဆဲလ်အဆင့်မှာ အိုမင်းမှု မဖြစ်အောင် ကာကွယ်နိုင်လို့ပါပဲ။

၈။ သိုင်းရွိုက်ကို စစ်ဆေးခြင်း

သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် စနစ်တစ်ခုလုံးကို ထိန်းညှိပေးတာကြောင့် သိုင်းရွိုက်မကောင်းတာနဲ့ ကိုယ်အလေးချိန် တက်တာ၊ စွမ်းအင်နည်းတာ၊ လိင်စိတ် ကုန်ခန်းတာနဲ့ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကျဆင်းနေတယ်လို့ ထင်ရင် သိုင်းရွိုက် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၉။ အရက် မသောက်ခြင်း

အရက် အလွန်အမင်း သောက်သူတွေကို ကြည့်လိုက်ရင် သူတို့ဟာ ရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်နေတာကို တွေ့ရမှာပါ။ အရက်ဟာ ဆဲလ်တွေကို ထိခိုက်စေပြီး အရက်သောက်တာ ကြာလာတဲ့အခါ ကိုယ်အလေးချိန် မြင့်တက်တာ၊ မှတ်ဉာဏ် ဆုံးရှုံးတာ၊ ဆီးချိုသွေးချို ရောဂါဖြစ်နှုန်း မြင့်တက်တာ၊ အရေပြားပေါ်က ဆံခြည်မျှင် သွေးကြောတွေ ပေါက်ပြီး မျက်နှာနီမြန်းတာ စတာတွေကို ဖြစ်စေနိုင်ကာ ကြည့်ရတာ ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အရက်ကို မသောက်ရ မနေနိုင်ရင် အမျိုးသားတွေမှာ အရက်နှစ်ပက်အောက်၊ အမျိုးသမီးတွေမှာ အရက်တစ်ပက် အောက်ကိုသာ သောက်သင့်ပါတယ်။

၁ဝ။ အိပ်စက်မှု စွမ်းရည် ကောင်းမွန်ခြင်း

စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု လျော့နည်းနေတယ်လို့ ထင်ရင် ဒါဟာ အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ချိန် အပြည့်အဝ ပေးပေမယ့် အိပ်နေစဉ် ဟောက်တာ၊ ခြေထောက်တွေ လှုပ်နေတာ၊ သွားကြိတ်တာ၊ တခြား အသက်ရှူလမ်းကြောင်းနဲ့ မျိုချမှုဆိုင်ရာ ပြဿနာတွေ ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရတဲ့ အခြေခံ အကြောင်းရင်းကို ရှာပြီး ကုသမှု ခံယူကာ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။

ကြယ်စင်
Ref: Good Health

မြ၀တီ
https://www.facebook.com/mwdmedia

အန္တရာယ်ရှိသော နှုတ်ခမ်းနီတံဆိပ်များ


ဒီပုံကို နိုင်ငံတကာ ကျန်းမာရေးသတင်းစာမျက်နှာများနှင့် ပြည်တွင်းကျန်းမာရေး စာမျက်နှာတွေပေါ်မှာ မကြာခဏ မြင်တွေ့ဖူးကြမှာပါ။ ဒီသတင်းကိုလည်း မကြာခဏ မေးမြန်းလာကြသည့်အတွက် မသိသေးသူများ သူရှိလိုက်နာနိုင်ရန် ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။

လက်ရှိတွင် လူအများသုံးစွဲနေကြသည့် နှုတ်ခမ်းနီများမှ အချို့အမှတ်တံဆိပ်များဟာ ခဲဓါတ်ပါဝင်မှု များပြားနေပြီး ကင်ဆာကို ဖြစ်စေနိုင်တဲ့တဲ့အန္တရာယ်ရှိကြောင်း
အမေရိကန်မှ ဆေးဝါးကျွမ်းကျင်သူ ဇီဝအနုစိပ်ပညာရှင် Dr. Elizabeth Ayoub ဆိုသူက သတိပေးပြောကြားထားပါတယ်။

ခဲသတ္တုဓါတ်ပါဝင်မှုလန်ကဲနေသော နှုတ်ခမ်းနီအမှတ်တံဆိပ်(၉)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ CLINIQUE
၂။ ESTÉE LAUDER
၃။ SHISEIDO
၎။ RED EARTH (Lip Gloss)
၅။ CHANEL (Lip Conditioner)
၆။ MARK AMERICA
၇။ MOTIVES
၈။ LIPSTICK
၉။ AVON

နှုတ်ခမ်းနီကုမ္ပဏီတစ်ခုဖြစ်တဲ့ 'Red Earth' ဟာ သူ့ထဲမှာ ခဲပါဝင်နေမှုကြောင့် R $ 67.00 မှ R $ 9.90 ထိ ဈေးကျ ဆင်းသွားခဲ့ပါတယ်။ အကြောင်းကတော့ ကင်ဆာအန္တရာယ်ကို ဖြစ်စေနိုင်လို့ပါပဲ။

အခြားအမှတ်တံဆိပ်များကိုလည်း စိတ်မချဘူးဆိုရင် ဒီလို စမ်းသပ်ပြီးမှ ၀ယ်နိုင်ပါတယ်။

၁။ နှုတ်ခမ်းနီကို မသုံးစွဲခင် လက်ပေါ်တင်ကြည့်ပါ။
၂။ နှုတ်ခမ်းနီကို မသုံးစွဲခင် ရွှေလက်စွပ်ပေါ် တင်ကြည့်လိုက်ပါ။

ဒီလိုစမ်းသပ်ပြီး အကယ်၍ အသားရောင်ဟာ အမည်းရောင်ပြောင်းသွားလျှင် အဲဒီနှုတ်ခမ်းနီမှာ ခဲပါဝင်နေပြီဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။ မသုံးသင့်ပါ။

(သင့်မိတ်ဆွေများနှင့် ချစ်ခင်ရသော ဇနီး၊ သားသမီး၊ ညီမလေးများကို Share ပေးခြင်းဖြင့် သတိပေးနိုင်ကြပါသည်)

နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Healthy Cravings.info

Credit to ကျန်းမာရေးသတင်းများ

လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး

ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။

လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို
ပြုလုပ်ပေးနိုင်ကြပါတယ်။

၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည်။

၂။ လက်ဖက်ရည်(ရေနွေးကြမ်း)ခွက်ထဲကို ဂျင်း လက်မ၀က်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။

၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးပါ။

၎။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်ပါ။ ပလုတ်ကိုလည်း ကျင်းပေးပါ။

၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။ ကြက်စွပ်ပြုတ်သည် အာဟာရဓါတ်ပြည့်ဝသည့်အတွက်လည်ချောင်းနာခြင်းကို ပျောက်ကင်းစေရုံ
မက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါသည်။

စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Sore Throat: Medline Plus
ကျန်းမာရေးသတင်းများ

နံနက်ခင်း အသားအရေ ထိန်းသိမ်းမှုဖြင့် အရေပြားကို ကောင်းမွန်စေ


1. မနက်အိပ်ရာက နိုးချိန်မှာ မျက်နှာပေါ်မှာ ချွေးနဲ့ အဆီတွေ ရှိနေတတ်တာကြောင့် အရင်ဆုံး သန့်စင်ပေးဖို့ လိုပါတယ်။ လက်ဖဝါးထဲမှာ မျက်နှာသစ်ဆေးကို အမြှုပ်ထအောင်ပြုလုပ်ပြီး မျက်နှာပြင်ပေါ်မှာ စက်ဝိုင်းပုံစံ ပွတ်တိုက် နှိပ်နယ်ပေးပြီးမှ ရေဆေးကာ သန့်စင်လိုက်ပါ။ မနက်ခင်းမှာ သင့်မျက်နှာနဲ့ လည်ပင်းနေရာအနှံ့ကို ရေအေးအေးနဲ့ သန့်စင်လိုက်ပါ။

2. မျက်နှာပေါ်က ရေဓာတ်နဲ့ PH ကို ထိန်းသိမ်း

ပေးနိုင်ဖို့ မျက်နှာသစ်ပြီးချိန် Toner တစ်မျိုး သုံးပေးပါ။ အသားအရေ ခြောက်သွေ့သူနဲ့ အထိအခိုက်မခံတဲ့ အရေပြားပိုင်ရှင်တွေအတွက် အရက်ပြန် မပါဝင်တာမျိုးကို ရွေးချယ်ပေးပါ။ မျက်နှာနဲ့ လည်ပင်းအနှံ့ ဂွမ်းဖတ်လေးနဲ့ လိမ်းပေးပါ။
3. ရေဓာတ်ပါဝင်တဲ့ ခရင်မ်တွေကို သင့်မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်နဲ့ နှုတ်ခမ်း ဘေးတစ်ဝိုက်နေရာတွေကို လိမ်းပေးပါ။ မှန်ကန်တဲ့ မိတ်ကပ် အမျိုးအစားကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ သင့်မျက်နှာက အဆီပြန်တတ်သူဆိုရင် အရည်အမျိုးအစား ဖောင်ဒေးရှင်းထက် ပေါင်ဒါ ပုံစံမျိုးကို ရွေးသင့်ပါတယ်။ ပေါင်ဒါ အမျိုးအစားက အဆီဓာတ် ပါဝင်မှု နည်းပြီး ခြောက်သွေ့စေတာကြောင့်ပါ။ သင့်အရေပြားက ခြောက်သွေ့ရင်တော့ အရည်အမျိုးအစားနဲ့ ခရင်မ်ပုံစံကို ရွေးပါ။ မိတ်ကပ်နဲ့ ဓာတ်မတည့်မှု မဖြစ်စေဖို့ သင့်လက်မောင်း အတွင်းပိုင်း နေရာမှာ အရင်ဆုံး ဓာတ်မတည့်မှု ဖြစ်၊ မဖြစ် စမ်းသပ်ပြီးမှ ဝယ်ပါ။နံနက်ခင်းမှာ သစ်သီး အမျိုးမျိုး၊ ဂျုံနဲ့ ဒိန်ချဉ်တွေကို ပါဝင်အောင် စားပေးပါ။ ဒါတွေက ဗီတာမင်စီနဲ့ အီး ပါဝင်တာကြောင့် အရေပြားကို ကောင်းမွန်စေပါတယ်။ အနည်းဆုံး တစ်နေ့ ရေခြောက်ခွက် သောက်ပေးပါ။

လမင်းမောင်
မြ၀တီ
https://www.facebook.com/mwdmedia

ဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ဆောင်သင့်၊ ရှောင်သင့်သော အစားအသောက်များ


 လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစားအသောက်တွေကို ကျွမ်းကျင်သူတွေက အောက်ပါအတိုင်း အကြံပြု ရေးသားထားပါတယ်။

အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကျွန်မတို့ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက်ချပ်ရပ်စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ်နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် – ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်းလက်ဖက်ရည်) ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်။

အကောင်းဆုံး အစားအသောက် – ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် – အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင်အဆင့်မြင့်တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် – အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေးစေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် – ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွလာတတ်ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် – မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် – ရှလကာရည်

ရှလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက်ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

လမင်းမောင်
မြ၀တီ
https://www.facebook.com/mwdmedia

ဖုန်းအသုံးပြုမှု ဒေတာတွေကို သုံးပြီး ကူးစက်ရောဂါများ ပြန့်ပွားမှု နှုန်းကို ခြေရာခံနိုင်




သုတေသီတွေဟာ ဆဲလ်ဖုန်း ဒေတာ ကို အသုံးပြုပြီး လူတွေရဲ့ ခရီးသွားခဲ့တဲ့ စာရင်းတွေကို ကြည့်ကာ ရာသီပေါ် ကူးစက်ရောဂါများ ပျံ့နှံ့မှု ကို တိကျစွာ ခြေရာခံနိုင်ခဲ့တယ်လို့ လေ့လာမှု အသစ် တစ်ခုအရ သိရပါတယ်။

ထို သုတေသန ကိုတော့ ကင်ညာ နိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သုတေသီတွေဟာ နေ့စဉ် ဆဲလ်ဖုန်း အသုံးပြုမှု တွေရဲ့ တည်နေရာတွေကို အသုံးပြုကာ ကူးစက်ရောဂါ တစ်ခုဖြစ်တဲ့  ဂျိုက်သိုးရောဂါ ( Rubella ) ပျံ့နှံ့ နှုန်းနဲ့ သမိုင်းကြောင်းမှာရှိခဲ့တဲ့ နိုင်ငံ အနှံ့ ဂျိုက်သိုးရောဂါ ပျံ့နှံ့ ခဲ့မှု အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်နိုင်ခဲ့ပါတယ်။

"မိုဘိုင်းလ်ဖုန်းဒေတာ ရဲ့ တိကျတဲ့ အခွင့်အရေး တစ်ခုဟာ ခရီးသွားခဲ့တဲ့ အချက်လက်တွေ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို သိရှိနိုင်တာပဲ ဖြစ်ပါတယ်။" လို့ အပြည်ပြည်ဆိုင်ရာ နှင့် ပြည်သူ့ ဆက်ဆံရေး ကျောင်းမှာ ရှိတဲ့ လက်ထောက် ပရော်ဖက်ဆာ C.Jessica Metcalf က သတင်းထုတ်ပြန်ချက် ထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

"ဂျိုက်သိုးရောဂါဟာ လူသိများတဲ့ ရာသီပေါ် ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး အဲဒီရောဂါဟာ လူဦးရေ ထူထပ်မှု က တစ်ဆင့် ပျံ့နှံ့သွားနိုင်တဲ့ ရောဂါ ဖြစ်တဲ့အတွက် ကျွန်ုပ်တို့အတွက် စစ်ဆေးကြည့်ဖို့ အကောင်းဆုံး စနစ် တစ်ခုဖြစ်ခဲ့ပါတယ်။" လို့ အထက်ပါပုဂ္ဂိုလ် ဆက်လက် ရေးသားထားပါသေးတယ်။

သုတေသီတွေဟာ ဆဲလ် တာဝါ တိုင်တွေရဲ့ တည်နေရာ ၊ ဖုန်းခေါ်ဆိုမှု နဲ့ မက်ဆေ့ဂ်ျတွေရဲ့ အချိန်ကိုက်ဖြစ်ပေါ်မှုတွေကို နေ့စဉ် ဖုန်းသုံးစွဲသူတွေ ရဲ့ သွားလာခဲ့တဲ့ လမ်းကြောင်းတွေကို ခြေရာခံဖို့ အသုံးပြုခဲ့ပါတယ်။ အဲဒီလို ခြေရာခံကြည့်ခဲ့တဲ့အခါမှာ ၁၂ ဘီလီယံ အရေအတွက် ရှိတဲ့ ဆယ်လူလာ တုံ့ပြန်မှု တွေဟာ နိုင်ငံ အတွင်းမှာ ရာသီပေါ် ဂျိုက်သိုး ရောဂါ ရဲ့ ပျံ့နှံ့ မှု တွေကို ဖော်ပြနိုင်ခဲ့ပါတယ်။ 

ရလဒ်တွေအရတော့ ဂျိုက်သိုးရောဂါ ရဲ့ ကူစက် ပြန့်ပွားမှု ဟာ ကျောင်းအားလပ်ရက်တွေအတွင်းမှာ စတင် မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ ကျောင်းပြန်တက်ရတဲ့ကာလ တုန်းက ဂျိုက်သိုးရောဂါ ပျံ့နှံ့ခဲ့မှုဟာ ဒီဇင်ဘာ ကျောင်းပိတ်ရက်တွေမှာ ရခဲ့တဲ့ ဂျိုက်သိုးရောဂါ ပျံ့နှံ့ မှု ဒေတာ တွေနဲ့ ယှဉ်လိုက်ရင် အရမ်းနည်းနေပါတယ်။

ထို ဆယ်လူလာ ဒေတာ ကို ခြေရာခံတဲ့ နည်းလမ်းကို အသုံးပြုပြီး သုတေသီတွေဟာ ငှက်ဖျားရောဂါ ၊ သွေးလွန်တုပ်ကွေး ရောဂါ နဲ့ အခြား ကူးစက်ရောဂါ တွေရဲ့ ပျံ့ပွားနှုန်းကိုလည်း ခြေရာခံ သွားဖို့ စီစဉ်ထားတယ်လို့ သုတေသီ တွေက ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်းဟာ လေဖြတ်ရန် ဖြစ်နိုင်ချေပိုများ




တစ်ပတ်မှာ အလုပ်ချိန် ၅၅ နာရီထက်ပိုခြင်းဟာ လေဖြတ်ဖို့ သုံးပုံပုံ တစ်ပုံပိုဖြစ်နိုင်ချေရှိပြီး နှလုံးရောဂါ နဲ့ အခြားသောရောဂါများ ဖြစ်ပွားဖို့ ပိုမိုအခွင့်အရေးရှိကြောင်း သုတေသနပြုလုပ်သူတွေက လေ့လာတွေ့ရှိခဲ့ပါသတဲ့။

တစ်ပတ်မှာ နာရီ ၄၀ နဲ့အထက် အလုပ်လုပ်တဲ့သူတစ်ယောက်ဟာ လေဖြတ်နိုင်ချေများပါသတဲ့။ လေဖြတ်နိုင်ခြင်းသာမက နှလုံးရောဂါအပြင် အသက်အရွယ်၊ ကျန်းမာရေအခြေအနေနဲ့ နေထိုင်စားသေက်မှုပုံစံတွေပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။

University College London မှ ပရော်ဖက်ဆာ Mika Kivimäki က “ ဒီကိစ္စနဲ့ပတ်သက်ပြီး လေ့လာမှုတွေအားလုံးမှာ အလုပ်လုပ်ချိန်နဲ့ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေအကြား ဘယ်လိုဆက်ဆံနေလဲဆိုတာကို လေ့လာတဲ့အခါ ရောဂါဖြစ်နိုင်ချေပိုများတာကို တွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အလုပ်ချိန်ကြာမြင့်ခြင်းဟာ လေဖြတ်ခြင်းနဲ့ အခြားနှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ချေပိုမို မြင့်မားကြောင့် သတိပြုမိခဲ့ကြတာပါ” လို့ ဆိုပါတယ်။

တစ်ပတ်မှာ ၅၅ နာရီနဲ့အထက် အလုပ်လုပ်သူတွေဟာ ၃၅ နာရီမှ နာရီ ၄၀အတွင်း အလုပ်လုပ်သူများထက် နှလုံးရောဂါနဲ့ ဆက်စပ်သော ရောဂါခံစားရခြင်း၊ ဆေးရုံးတက်ရခြင်း၊ သေဆုံးခြင်း ၁၃ ရာခိုင်နှုန်း ပိုမိုမြင့်မားပါတယ်။ အလုပ်ချိန် ၄၁နာရီမှ ၄၈နာရီကြား အလုပ်လုပ်သူများတွင် ၁၀ရာခိုင်နှုန်း၊ ၄၉နာရီမှ ၅၄နာရီ အလုပ်လုပ်သူတွေမှာ ၂၇ ရာခိုင်နှုန်းအထိ ပိုမို လေဖြတ်နိုင်ချေများကြောင်း လူပေါင်း ၅၂၈,၉၀၈ ကို ပျမ်းမျှ ၇နှစ်ကြာလေ့လာပြီး  စစ်တမ်းကောက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေမှာ အသက်အရွယ်၊ ကျား/မ ကွဲပြားမှု၊ စီးပွားရေးအခြေအနေ တို့အပြင် ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နဲ့ သွေးပေါင်ချိန်တို့အပေါ်မှာလည်း မူတည်နေပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

အ၀လွန်ခြင်း ရောဂါ ကို ကုသနိုင်မယ့် နည်းလမ်းတစ်ခုကို တွေ့ရှိထား




သိပ္ပံပညာရှင်တွေဟာ ခန္ဓာကိုယ် ကြီးထွားမှု မျိုးရိုးဗီဇကို အလုပ်မလုပ် နိုင်အောင်ထားခြင်းဆိုတဲ့ "Switch" ကိုတွေ့ရှိပြီးတဲ့နောက်မှာတော့ အ၀လွန်ခြင်း ရောဂါ ကို ကုသနိုင်ဖို့ ဆေးဝါး နဲ့ နီးစပ်လာတယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

လေ့လာမှု ပေါင်း မြောက်များစွာက FTO မျိုးရိုးဗီဇ နဲ့ အ၀လွန်ခြင်းကြားက ချိတ်ဆက်နေမှု ပုံစံတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သုတေသီတွေအနေနဲ့ အ၀လွန်သူတွေဟာ ဘယ်လိုကြောင့် ကိုယ်အလေးချိန် အလွန်အကျွံ ဖြစ်နေရတယ်ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။

ဒါပေမယ့်လည်း သုတေသီတွေဟာ ခန္ဓာကိုယ်မှာ အဆီတွေကို လောင်ကျွမ်းပစ်ရမယ့် အစား အဆီတွေကို ထိန်းသိမ်း နေတဲ့ မျိုးရိုးဗီဇ အမှား တစ်ခုကို ဘယ်လို အလုပ်မလုပ်အောင်ထားရမယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ မျိုးရိုးဗီဇ ကို ခွဲခြားစိတ်ဖြာ လေ့လာခဲ့သူတွေဟာ ကြွက်တွေကို အသုံးပြုပြီး ထို မျိုးရိုးဗီဇ ကို ရပ်တန့်အောင်လုပ်နိုင်တဲ့ လှုပ်ရှားမှု ကိုတွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဲဒီကတစ်ဆင့် လူတွေမှာ လည်း တူညီတဲ့ သက်ရောက်မှု ရှိလာအောင် စွမ်းဆောင်ပေးနိုင်မယ့် ဆေးဝါး (သို့) ကုသနည်း တစ်ခုခု ကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဟားဗတ်ဒ် နဲ့ အမ်အိုင်တီ သုတေသီတွေဟာ ကြွက်တွေပေါ်မှာ မှားယွင်းနေတဲ့ မျိုရိုးဗီဇ ကို အလုပ်မလုပ်နိုင်အောင် တားဆီးကြည့်လိုက်တဲ့အခါမှာ ထိုကြွက်တွေဟာ အခြားကြွက်တွေထက် ၅၀ ရာခိုင်နှုန်းလောက် ပိုပိန်သွားပါတယ်။ ဒါ့အပြင် အဲဒီလို မှားယွင်းတဲ့ မျိုးရိုးဗီဇ တွေဟာ ညဘက်အိပ်စက်တဲ့အခါမှာလည်း စွမ်းအင်တွေကို လောင်ကျွမ်းစေတဲ့အတွက် ထို မျိုးရိုးဗီဇ ကို အလုပ်မလုပ်အောင် တားဆီးထားမှပဲ ခန္ဓာကိုယ်တွင်းမှာ စွမ်းအင်တွေကို သိုလှောင်ထားနိုင်မှာ ဖြစ်ပါတယ်။

တစ်ကယ်တမ်းတော့ ထို မျိုးရိုးဗီဇ တစ်ခုတည်းကပဲ အ၀လွန်ခြင်းကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ အစားအသောက် လျှော့ဖို့နဲ့ လေ့ကျင့်ခန်း လုပ်ဖို့လည်း လိုအပ်ပါသေးတယ်။ ထို မျိုးရိုးဗီဇဟာ အ၀လွန်ခြင်းရဲ့ အဓိက တရားခံ အဖြစ် အရင်တုန်းက သတ်မှတ်ခံရခြင်းမရှိခဲ့ပါဘူး။ တတိယ မြောက် ပြသနာ တစ်ခုအနေနဲ့သာ တည်ရှိခဲ့တာဖြစ်ပါတယ်။

ထို FTO မျိုးရိုးဗီဇ ကို ၄၄ ရာခိုင်နှုန်းသော ဥရောပ တိုက်သား တွေဆီမှာ တွေ့ရပေမယ့် လူမည်းတွေဆီမှာတော့ ၅ ရာခိုင်နှုန်းခန့်သာတွေ့ရပါတယ်။ ဒါကြောင့် အ၀လွန်သူတိုင်းအတွက်တော့ ထို မျိုးရိုးဗီဇ တားမြစ်ခြင်းက အသုံးဝင်မှာ မဟုတ်ပါဘူး။ အခြားနည်းလမ်းတွေဖြစ်တဲ့ ပုံမှန်ထက် အစားအသောက်လျှော့ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ကလည်း အရေးကြီးနေပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာ အ၀လွန်ခြင်း ရောဂါ ကို ခံစားနေရသူပေါင်း လူဦးရေ သန်း ၅၀၀ အထိ ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

အသက်အရွယ် အလယ်အလတ် အမျိုးသမီးများ ကိုယ်ဝန် ရလိုလျှင် အမှောင်ထဲမှာ အိပ်စက်ပါ




အလင်းရောင်တောက်ပ တဲ့ အိပ်ခန်းတွေဟာ အမျိုးသမီး တွေကို ကိုယ်ဝန်မရအောင် တားဆီးနိုင်စွမ်းရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။

အဓိက သက်ရောက်မှု ရှိခဲ့တာကတော့ အသက် အလယ်အလတ် ပိုင်းအမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ သုတေသီတွေဟာ ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အတွက် ကြိုးစားနေရသူတွေကို ရိုးရှင်းတဲ့ နည်းလမ်းလေးတွေပြောပြခဲ့ပါတယ်။ အဲဒါကတော့ မီးရောင် မှိန်ပြပြ သာ ထားဖို့နဲ့ ပုံမှန်အတိုင်းပဲ အစာ စားဖို့ စတာတွေပဲ ဖြစ်ပါတယ်။

အခုလို သုတေသီ တွေက အကြံပေးထားတာဟာ အကြောင်းအရင်းတော့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇနီးမောင်နှံ ၇ တွဲမှာ ၁ တွဲ လောက်ဟာ ကလေးမရနိုင်ပါဘူး။ ဘာကြောင့်မရသလည်း ဆိုတာကိုလည်း အဖြေမရှာနိုင်ခဲ့ကြပါဘူး။

ဖြစ်နိုင်ချေရှိတာကတော့ အတုအယောင် အလင်းရောင်(Artificial Light) ကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ် အချိန်စက်ဝိုင်းရဲ့ ပြောင်းလဲသွားမှုဟာ ကျန်းမာရေး အပေါ်မှာ သက်ရောက်မှု ရှိလာတာကြောင့်ပါ။ ကင်ဆာ ၊ ဆီးချို သွေးချို ၊ စိတ်ဖိစီးမှု နဲ့ အ၀လွန်ခြင်းတွေဟာ ညဘက်မှာ လျှပ်စစ်မီး အလင်းရောင်တောက်ပစွာ ထားခြင်းကြောင့် လည်း ဖြစ်ပေါ်စေတတ်ပါတယ်။

ဗြိတိန် နိုင်ငံက ဆေးပညာကျွမ်းကျင်သုတွေက သန္ဓေအောင်ခြင်း နဲ့ ယေဘူယျ ကျန်းမာရေး ကြားမှာ ဆက်စပ်မှု တစ်ခုရှိတယ်လို့ ဆိုလိုက်ပါတယ်။ အမေရိက နဲ့ ဂျပန်မှာ ရှိတဲ့ သုတေသီတွေကလည်း ကြွက်တစ်ကောင်ရဲ့ ခန္ဓာကိုယ် အချိန်စက်ဝိုင်း မှာ ပြောင်းလဲသွားခြင်းဟာ သူတို့ရဲ့ သန္ဓေအောင်မှု ကို သက်ရောက်မှု ရှိစေလားဆိုတာကို လေ့လာကြည့်ခဲ့ကြပါတယ်။

ငယ်ရွယ်တဲ့ ကြွက်လေးတွေမှာတော့ ဘာသက်ရောင်မှု မှမရှိခဲ့ပါဘူး။ ဒါပေမယ့် အသတ်အရွယ် အလယ်အလတ် တိရိစ္ဆာန်တွေအတွက်တော့ ကိုယ်ဝန်ဆောင်တဲ့အပိုင်းမှာ ပြသနာ ရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။ ၇၁ ရာခိုင်နငန်းသော အသက်ကြီးပိုင်း ကြွက်တွေဟာ ပုံမှန် ခန္ဓာကိုယ် အချိန်စက်ဝိုင်း လည်ပတ်မှု ရှိကြတဲ့ အတွက် ကိုယ်ဝန်ဆောင်ဖို့ လွယ်ကူကြပြီး ခန္ဓာကိုယ် အချိန်စက်ဝိုင်း လည်ပတ်မှု  မှားယွင်းနေတဲ့ ၁၀ ရာခိုင်နှုန်းသော ကြွက်တွေကတော့ သန္ဓေအောင်နိုင်စွမ်းမရှိပါဘူး။

ဒါကြောင့် လူတစ်ယောက်ရဲ့ အချိန်စက်ဝိုင်း ပုံမှန် မလည်ပတ်တာဟာ ကောင်းမွန်စွာ အိပ်စက်ခြင်းမရှိတာတွေကြောင့်ပါ။ ကောင်းမွန်စွာ အိပ်စက်ခြင်းမရှိတာဟာလည်း ညဘက် လျှပ်စစ်မီးအလင်းရောင်ကြောင့်ပါ။ ဒီ ပတ်သက်ဆက်နွယ်နေမှုတွေကို ကြည့်ခြင်းအားဖြင့်လည်း လျှပ်စစ်မီး တောက်ပစွာ ဖွင့်ပြီး အိပ်တတ်သူတွေဟာ ကိုယ်ဝန် ရ ဖို့ ခဲယဉ်းနေတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Daily

ကျန်းမာရေး၊ ပညာရေးနဲ့ အိမ်ထောင်ရေးအခြေအနေတွေဟာ မွေးဖွားတဲ့ကလေးငယ်ရဲ့ ကိုယ်အလေးချိန်ပေါ် သက်ရောက်မှုရှိ




မိခင်တစ်ဦးရဲ့ လူမှုရေးအကြောင်းအရာတွေဖြစ်တဲ့ ပညာရေးနဲ့ အိမ်ထောင်ရေးအခြေအနေတွေဟာ သူမွေးဖွားမယ့် သမီးငယ်လေးရဲ့ကိုယ်အလေးချိန်ပေါ်မှာ ဇီဝဗေဒအချက်အလက်တွေအဖြစ် အများကြီးသက်ရောက်မှုကြောင်း အမေနဲ့သမီးတွေအကြောင်း ကြာမြင့်စွာလေ့လာမှု နှစ်ခုစမ်းသပ်ပြုလုပ်ပြီး သိရှိခဲ့ရပါတယ်။

သုတေသနပြုသူတွေဟာ အမျိုးသမီးတစ်ဦးရဲ့ မျိုးရိုးဗီဇဆင်းသက်လာမှုမှတစ်ဆင့် မွေးဖွားချိန်ကိုယ်အလေးချိန်လျော့ကျတာကို သတိပြုမိခဲ့ကြပါတယ်။ မွေးဖွားစဉ်က အလေးချိန်နည်းတဲ့ အမျိုးသမီးတစ်ဦးဟာ သမီးငယ်လေးတစ်ဦး မွေးဖွားတဲ့အခါမှာလည်း အလေးချိန်နည်းနည်းနဲ့ မွေးဖွားလေ့ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် လူမှုရေးအခြေအနေ အကြောင်းအချက်တွေကလည်း ဒီအပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာကို အသစ်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါသတဲ့။

University of California Irvine မှ လူမှုရေးရာ လက်ထောက်ပရော်ဖက်ဆာ Jennifer B. kane က အမေနဲ့သမီးအတွဲပေါင်း ၁၅၈၀ ရဲ့ မွေးကင်းစကလေးငယ် ကိုယ်အလေးချိန်၊ ပညာအရည်အချင်းနဲ့ အိမ်ထောင်ရေးအခြေအနေတွေပေါ်မှာ အထူးစူးစိုက်ပြီး လေ့လာခဲ့တာဖြစ်ပြီး ပုံမှန်အလေးချိန်ရှိတဲ့ ကလေးငယ်မွေးဖွားတဲ့ အမျိုးသမီးထက် ကိုယ်အလေးချိန်နည်းနည်းနဲ့မွေးဖွားခဲ့တဲ့ အမျိုးသမီးတွေဟာ ၁.၅ သို့ ၂ ဆနီးပါး ပေါင်ချိန်နည်းတဲ့ကလေးငယ်မွေးဖွားနိုင်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူက “ ကိုယ်ဝန်မဆောင်ခင် အမျိုးသမီးတစ်ဦးရဲ့ ပညာအရှည်အချင်းဟာလည်း နောက်မျိုးဆက်တွေပေါ်မှာ သက်ရောက်မှုရှိကြောင်း အထောက်အထားတွေ တွေ့ရှိရပြီး ဒါဟာ မွေးဖွားတဲ့အခါ ကလေးငယ်ရဲ့ကိုယ်အလေးချိန်ပေါ်မှာလည်း သက်ရောက်မှုရှိပုံရတယ်” လို့ ဆိုပါတယ်။

 “ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပျက်မှုတွေကသာ ကလေးငယ်အပေါ် သက်ရောက်မှုရှိတယ်လို့ သိထားကြတာပါ။ ထပ်မံလေ့လာတွေ့ရှိမှုကတော့ မျိုးရိုးဗီဇသမိုင်းဟာလည်း ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေပေါ်မှာ အများကြီးသက်ရောက်မှုရှိကြောင်း ပြသသွားတာဖြစ်ပါတယ်” လို့ သူကရှင်းလင်းပြောပြထားပါတယ်။

 “ ပေါင်ချိန်မပြည့်ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာအရ အခက်အခဲတွေ ရှိတတ်တာကို ကျွန်မတို့သိပြီးသား ဖြစ်သလို U.S မှာဆိုရင် ဒီအခက်အခဲတွေကြောင့် လူမှုရေးရာခွဲခြားမှုတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပေါင်ချိန်မပြည့်ဘဲမွေးဖွားမှုရဲ့ အကြောင်းအချက်တွေကို သိရှိရတာဟာ ကျန်းမာရေးချူချာတဲ့ မွေးကင်းစကလေးငယ်တွေအပေါ် သက်ရောက်မှုရှိနေတဲ့ မျိုးရိုးစဉ်ဆက် နှောက်ယှက်မှုဖြစ်နေတဲ့ လူမှုရေးရာ မညီမျှမှုတွေကို သက်သာလျှော့ပါးစေမှာ ဖြစ်ပါတယ်” လို့လည်း ထပ်မံပြောကြားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

e-cigarettes သောက်တတ်တဲ့ ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်တတ်သွားတာများ




အီလက်ထရောနစ် စီးကရက်တွေ သောက်သုံးလေ့ရှိတဲ့ ဆယ်ကျော်သက်တွေဟာ တစ်ကယ့် ဆေးလိပ်အစစ် ကို သောက်ဖြစ်သွားတာများတယ်လို့ သုတေသန အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

လော့အိန်ဂျလိစ် မြို့မှာ ရှိတဲ့ အီလက်ထရောနစ် စီးကရက်သောက်သုံးသူ အထက်တန်းကျောင်းသား တွေဟာ နောက်ပိုင်းမှာ ၁၂ လ အတွင်း ဆေးရွက်ကြီးကို အခြေခံထားတဲ့ စီးကရက် ၊ စီဂါ ၊ ဟူးကာ ပိုက်ပ် စတဲ့ တစ်ကယ့် ဆေးလိပ်အစစ်တွေကို သောက်ဖြစ်သွားကြတတ်တယ်လို့  သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အီလက်ထရောနစ် စီးကရက် မသောက်သုံးခဲ့သူ တွေကတော့ ဆေးလိပ်သောက်သုံး တတ်လာခြင်းလည်း မရှိခဲ့ပါဘူး။

အီး-စီးကရက်တွေဟာ ဆးရွက်ကြီး ပါတဲ့ ဆေးလိပ်တွေကို သောက်လေ့မရှိသူတွေအပါအ၀င် ဆယ်ကျော်သက်လူငယ်တွေကြားမှာ တစ်ဖြည်းဖြည်း နဲ့ ရေပန်းစားလာခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အီး-စီးကရက်တွေကို အချို့က ဆေးလိပ်ဖြတ်ဖို့ အသုံးပြုလေ့ရှိကြပေမယ့် ဆေးရွက်ကြီးနဲ့ ဆိုင်တဲ့ အခြား အန္တရာယ်တွေကိုတော့ ကြုံတွေ့နိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဥပမာ အနေနဲ့ လွန်ခဲ့တဲ့ ၂ ရက်ခန့်ကပဲ ဗြိတိန် ကျန်းမာရေး ၀န်ဆောင်မှု ဌာန တစ်ခုကနေ အီး-စီးကရက်တွေဟာ လူငယ်တွေ မသောက်သုံးသင့်တဲ့ အရာအဖြစ် သတ်မှတ်ခဲ့ပြီးပါပြီ။

Action on Smoking and Health ဆိုတဲ့ ASH အဖွဲ့ကနေ ပြုလုပ်ခဲ့တဲ့ သုတေသန အရတော့ ငယ်ရွယ်သူ လူငယ်တွေဟာ အီး-စီးကရက် သောက်သုံးခြင်းက တစ်ဆင့် ဆေးလိပ်သောက်တတ်သွားဖို့ စည်းရုံးခံလိုက်ရသလိုပဲ အသက် ၁၁ နှစ်ကနေ အသက် ၁၈ နှစ်ကြားရှိတဲ့ လူငယ်တွေဟာလည်း Vape (သို့) အီး-စီးကရက် သောက်သုံးနှုန်း မြင့်တက်လာတယ်လို့လည်း သိရပါတယ်။

၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်း ကောက်ယူမှု တစ်ခုအရ အသက် ၁၁ နှစ်ကနေ အသက် ၁၈ နှစ်ကြားရှိတဲ့ လူငယ် ၄ ရာခိုင်နှုန်းဟာ အီလက်ထရောနစ် စီးကရက် သောက်သုံးမှု ရှိခဲ့တယ်လို့ ၀န်ခံခဲ့ပေမယ့် ၂၀၁၅ မှာတော့ အီလက်ထရောနစ် စီးကရက် သောက်သုံးဖူးသူ အသက် ၁၁ နှစ်ကနေ အသက် ၁၈ နှစ်ကြားရှိတဲ့ လူငယ် ၁၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်း တက္ကသိုလ်က ဒေါက်တာ Adam Leventhal နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေဟာ အီး-စီးကရက် သောက်သုံးဖို့ ကြိုးစားခဲ့ဖူးတဲ့ ဆယ်ကျော်သက်တွေဟာ နောက် ၁ နှစ်အတွင်းမှာ တစ်ကယ့် ဆေးလိပ် အစစ် သောက်တတ်သွားကြတယ်ဆိုတဲ့ လေ့လာမှု ကို ပြုလုပ်ခဲ့ပါတယ်။

ထိုလေ့လာမှု မှာတော့ လော့အိန်ဂျလိစ် မှာရှိတဲ့ အထက်တန်းကျောင်း ၁၀  ခု က ဆေးလိပ် မသောက်တတ်တဲ့ အထက်တန်း ကျောင်းသား ၂၅၃၀ ယောက်ကို လေ့လာခဲ့တာပဲဖြစ်ပါတယ်။ အဲဒီ ကျောင်းသားတွေရဲ့ ပျမ်းမျှ အသက် ဟာ ၁၄ နှစ် ဖြစ်ပါတယ်။

၆ လ နဲ့ ၁၂ လ ကြာတဲ့အခါမှာ ကျောင်းသားတွေဟာ ဆေးလိပ် အစစ်သောက်သုံးတတ်လာလားဆိုတဲ့ စစ်တမ်းကောက်ယူမှု ပြီးဆုံးခဲ့ပါတယ်။ ထခို လေ့လာမှု အရတော့ ၃၁ ရာခိုင်နှုန်းသော အီး-စီးကရက် သောက်သုံးသူတွေဟာ အီး-စီးကရက် မသောက်တတ်သူတွေထက် ၆ လ အတွင်း ဆေးလိပ် သောက်တတ်သွားဖို့ ၄ ဆ ပိုသေချာနေတယ်လို့ သိခဲ့ရပါတယ်။ ထို ရှာဖွေတွေ့ရှိမှုတွေကိုတော့ JAMA ဂျာနယ် မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ကော်ဖီသောက်သုံးခြင်းဟာ အူမကြီးကင်ဆာအား သက်သာပျောက်ကင်းစေနိုင်ဟုဆို





ကော်ဖီသောက်သုံးခဲ့တဲ့ အဆင့် ၃ အူမကြီးကင်ဆာအဆင့်ရှိ လူနာများဟာ သူတို့ရဲ့ကင်ဆာရောဂါ တစ်ဝက်နီးပါးသက်သာပျောက်ကင်းကြပြီး သေဆုံးနိုင်တဲ့အခွင့်အလမ်း သုံးပုံပုံတစ်ပုံခန့် နည်းပါးသွားကြောင်း လေ့လာမှုအသစ်အရ သိရှိပါတယ်။

လေ့လာသူတွေက ကော်ဖီအတွင်းမှာပါဝင်တဲ့ ကဖင်းဓါတ်ဟာ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားနိုင်မှုကို လျော့ကျစေတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။

ကော်ဖီသောက်သုံးခြင်းဖြင့် ကောင်းမွန်တဲ့ကာကွယ်မှုတွေ သို့ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပြီး ဆီးချိုရောဂါကိုလည်း လျော့နည်းသွားစေကြောင်း လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။

 “ ခင်ဗျားသာ ကော်ဖီသောက်သုံးသူတစ်ယောက်ဆိုရင် အူမကြီးကင်ဆာအတွက် ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဆက်ပြီးတော့သာ သောက်ပါ” လို့ Dana Farber ကင်ဆာဌာနရဲ့ ဒါရိုက်တာဖြစ်သူ Dr. Charles Fuchs ကဆိုပါတယ်။

“ ဒါပေမယ့် ခင်ဗျားက ကော်ဖီသောက်တတ်သူတစ်ဦးမဟုတ်ဘူး စတင်သောက်သုံးဖို့ စဉ်းစားနေရင်တာ့ ကိုယ့်ရဲ့ဆရာဝန်နဲ့အရင် တိုင်ပင်သင့်ပါတယ်” လို့လည်း ဆိုပါတယ်။

လေ့လာသူတွေဟာ အူမကြီးကင်ဆာ အဆင့်၃ရှိ လူနာ ၁၀၀၀ ကို လေ့လာခဲ့ရာ တစ်နေ့ကို ကော်ဖီတစ်ခွက် သို့ တစ်ခွက်နဲ့အထက် - ကဖင်းဓါတ် ၄၆၀ မီလီဂရမ်ခန့်သောက်သုံးသူတွေဟာ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားဖို့ ၄၂ရာခိုင်းနှုန်းခန့် ပိုပြီးသက်သာစေတယ်လို့ တွေ့ရှိခဲ့ပါသတဲ့။ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေ ၃၄ ရာခိုင်နှုန်းခန့်လည်း လျော့နည်းသွားစေတယ်လို့ ဆိုပါတယ်။

Fuchs က ကဖင်းဓါတ်ဟာ ကင်ဆာရောဂါကိုသာမက ဆီးချိုရောဂါအတွက်လည်း အကျိုးသက်ရောက်မှုရှိစေတယ်လို့ ဆိုပါတယ်။ ကော်ဖီဟာ ခန္ဓာကိုယ်တွင်း အင်ဆူလင် သိရှိခံစားနိုင်မှုကို မြင့်တက်စေပြီး ယောင်ရမ်းနာကျင်မှုတွေကို သက်သာစေပါတယ်။ ဆီးချိုရောဂါကို သက်သာစေရုံသာမက ကင်ဆာရောဂါပိုမို ဆိုးရွားလာစေမှုကိုလည်း လျော့ကျစေပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ကျန်းမာရေးအတွက် ခွေးလှေးယားသီး (အနက်စေ့)လှော်စားပါ


 ခွေးလှေးယား သီးဆိုတာနဲ့ လူတိုင်း သိကြမှာပါ။ ခွေးလှေးယား သီးပေါ်မှ အမွေးများသည် လူကို မခံ မရပ်နိုင်အောင် ယားသည်ဟု ကျွန်တော် တို့ငယ်စဉ်က ကြားသိခဲ့ရသည်။

ခွေးလှေးယားသီး နှစ်မျိုးရှိသည်။ အယဉ်နှင့် အရိုင်းဟုခေါ်ဆိုသည်။ အရိုင်းအသီး၏ အမွေးသည် ယားပြီး အယဉ်ပင်သည် ဆေးဖက်ဝင်ကြောင်း သိရသည်။ အယဉ်သည် ပဲမျိုးနွယ်ဖြစ်၍ လူများစားသုံးလျှင် အန္တရာယ်မဖြစ်နိုင်ပါ။ အချို့ကျေးရွာများတွင် ချက်၊ ပြုတ်၊ သုပ်၍ပင် စားကြပါသည်။

ယခုဆေးဖက်ဝင်သော ခွေးလှေးယားအယဉ်သီး (အနက်စေ့)သည် ဆေးဖက်ဝင်အပင်ဖြင့် အသုံးပြုလာသည်။ ခွေးလှေးယား (အနက်စေ့) ကိုစားလျှင် လေဖြတ်၊ သွေးတိုး၊ ဆီးချို စသည့် အထွေထွေရောဂါပျောက်သကဲ့သို့ ခွေးလှေးယားသီးအမြစ်သည်လည်း ဆေးဖက်ဝင်ပြီး
 ရောဂါပျောက်ကင်းကြောင်း သိရသည်။

ခွေးလှေးယားသီး (အနက်စေ့)ကို စားသုံးပေးခြင်းဖြင့် လေမဖြတ်၊ လေဖြတ်နေလျှင်ပင် ပြန်ကောင်း လာသည်။ သွေးတိုး၊ ဆီးချိုကျပြီး အနာ များ အသားနုတက်တာ မြန်စေသည်။ အဆစ်အမြစ်နာတာ သက်သာပျောက်ကင်းပြီး အာရုံကြောများ ပြန်ကောင်းလာစေသည်။

ခြေ၊ လက် မအေးတော့ဘဲ ကိုယ်ငွေ့ကောင်းပြီး အအေးခံနိုင်လာသည်။ အိပ်ပျော်စားဝင်ပြီး ဆီးကို ရွှင် လန်းစေသည်။ အိပ်ရာထလျှင် ခေါင်း အမြဲကြည်လင်နေပြီး အညောင်းလည်း ပြေစေသည်။ အစာအိမ်ရောဂါ
ရှိသူများလည်း သက်သာပျောက်ကင်း စေသည်။ ခွေးလှေးယားသီးကို ပုံမှန်စားပါက ကျန်းမာရွှင်လန်းပြီး ခန္ဓာကိုယ်ပေါ့ပါး သွက်လက်ကာ စိတ်ကြည်လင်ရွှင်လန်းကြောင်း သိရသည်။

ခွေးလှေးယားစေ့ (အနက်)ကို အမှုန့်ပြုလုပ်ပြီး ပျားရည်၊ ထောပတ်နှင့်ရော၍ လျက်သော် ပန်းနာပျောက်ကင်းသည်။ မြွေ၊ ကင်းကိုက်ခံရပါက အစေ့အစိမ်း ခုနစ်စေ့ခန့်ကို ဝါးစားပြုတ်သောက်ပြီး ဒဏ်ရာနေရာတွင် ခွေးလှေးယား ဝါးဖတ်အုံပေးပါက အဆိပ်ပြေကြောင်း သိရသည်။

၎င်းအပင်၏ အမြစ်သည်လည်း ရေဖျဉ်း၊ လေရောဂါ၊ ဆင်ခြေထောက်၊ ငန်းဖျား၊ သွေးဝမ်း၊ လက်မောင်းသိမ်ခြင်းနှင့် မိခင်များ နို့ရည်မထွက်ပါက အရွက်ကိုတို့စားလျှင် မိခင်နို့ရည် ပြည့်ဝစွာထွက်ကြောင်း မြစ်ကြီးနား မြို့ ဈေးအနီး ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ သစ်သီးဆိုင်ပိုင်ရှင် ဒေါ်မြ ဝင်းက ပြောသည်။

လက်တွေ့ပျောက်ကင်းတဲ့ ရောဂါရှင်တွေလည်း အများကြီးပါ။ လက်တွေ့စားကြည့်ပါ၊ ခွေးလှေးယားသီး (အနက်စေ့)တစ်ထုပ်လျှင် အလုံးကြီးအစေ့ ၁ဝဝ ပါရှိပြီး တစ်ထုပ်လျှင် ငွေကျပ် ၂၅ဝဝ ဖြင့် ရောင်းချကြောင်း
သိရသည်။

မြစ်ကြီးနားမြို့ ဧရာရပ်ကွက် ၁၂၃ မှ အသက် ၄ဝ အရွယ်ဒေါ်နွေးနွေးက ''ကျွန်မ ဒီခွေးလှေးယားသီး (အနက်စေ့)ကို စားတာ ၂ဝ၁၅ ခုနှစ် မေလပိုင်းမှစစားတာပါ။ အခုလက်ရှိအထိ ဆက်စားနေတုန်းပါ။ အစေ့ကို ဝါးစားတာ စားလို့လည်းကောင်းတယ်။ ဘေးဥပဒ်လည်း မရှိဘူးလေ'' ဟု သူမ၏အတွေ့အကြုံကို ပြောသည်။

''ကျွန်မ အမြဲတမ်းသွားရည်ကျတယ်။ စကားပြောနေရင်းလည်း ကျတယ်။ အမြဲသတိထားနေရတယ်။ အိပ်ရင်ပိုဆိုးတယ်။ တဇောင်းအိပ်တော့လေ ခေါင်းအုံးမှာ သွားရည်တွေ စိုရွှဲနေတာပဲ။ အခု မကျတော့ဘူး။ သွေးတိုးလည်း မရှိတော့ဘူး။ ခါတိုင်းဆို သွေးက ၁၄ဝ/၉ဝ အထိ ရောက်တယ်။ အခုဆိုရင် နေရထိုင်ရတာ ပေါ့ပါးပြီးအိပ်ပျော်တယ်။ ဆီးရွှင် လာတယ်''ဟု ဒေါ်နွေးနွေးက ဆက်ပြောသည်။

ယခုချိန်ခါတွင် ဈေးကွက်၌ ခွေးလှေးယားသီး(အနက်စေ့) လှော်ကိုကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်အဖြစ် မြင်နေရပြီဖြစ်သည်။ ကျန်းမာရေးကို အကျိုးပြုစေရုံသာ မက စီးပွားရေးအတွက်လည်း အလွန်အသုံးဝင်သော ခွေးလှေးယားသီး (အနက်စေ့)ဖြစ်သည်။

မင်းမင်း(မြစ်ကြီးနား)
The Mirror Daily
https://www.facebook.com/TheMirrorDaily
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ