မင်းကွတ်သီးခွံရဲ့ ဆေးဖက်ဝင်အာနိသင်

မင်းကွတ်ပင်ကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နဲ့မွန်ပြည်နယ်တွေမှာ စိုက်ပျိုးပင်အဖြစ်အများဆုံးတွေ့ရှိရပါတယ်။ မင်းကွတ် တစ်ပင်လုံး ဆေးဖက်ဝင်ပေမယ့် မြန်မာ့တိုင်းရင်းဆေးဝါးများ ဖော်စပ်အသုံးပြုရာမှာတော့ မင်းကွတ်သီးရဲ့အခွံတစ်မျိုးတည်းကိုသာ ဆေးဝါးဖော်စပ်ရာမှာ အများဆုံးအသုံးပြုကြပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာအရမင်းကွတ် သီးခွံရဲ့ အရသာဟာ ''အေးဖန်''အရသာ ရှိတဲ့အတွက်ကြောင့် ဆီး၊ဝမ်း၊သွေး၊ လေ ကိုချုပ်စေတဲ့အာနိသင်များရှိပြီး အထူး သဖြင့် ဝမ်းနဲ့သွေးကိုချုပ်စေပါတယ်။ မင်းကွတ်သီးခွံကိုဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါနဲ့ သွေးဝမ်းရောဂါတွေကို သက်သာပျောက် ကင်းစေပါတယ်။ အမျိုးသမီး မီးယပ် ရောဂါနဲ့ပတ်သက်ပြီး မီးယပ်သွေး လွန်ရောဂါ နဲ့မီးယပ်ဖြူဆင်းရောဂါတွေကိုလည်း ထိ ရောက်စွာ သက်သာပျောက်ကင်းစေပါတယ်။မင်းကွတ်သီးခွံဟာ ဝမ်းနဲ့ပတ်သက် တဲ့ရောဂါ၊ အမျိုးသမီး မီးယပ်နဲ့ပတ်သက် တဲ့ရောဂါတွေအပြင်ဆီးနဲ့ပတ်သက် တဲ့ရောဂါ တွေဖြစ်တဲ့ ဆီးလွန်ရောဂါ၊ ဆီးလွန်ဆီးချို ရောဂါ၊ အသက်အရွယ် ကြီးရင့် တဲ့အမျိုးသား များမှာအဖြစ်များတဲ့ ဆီးသွားရင်းဆီးကျန် တာတို့၊ ညစဉ်ညတိုင်းဆီးမကြာခဏသွား နေရတော့တို့ စတဲ့ရောဂါတွေကို လည်း ပျောက်ကင်းစေပါတယ်။ သွားဖုံးရောင်တာ၊ သွားနဲ့တာ၊ သွား နာတာ၊ ရေစီးကမ်းပြို ဒန္တစိုနာရောဂါ စတဲ့ သွားနှင့်ခံတွင်းရောဂါတွေတင်မက အရေ ပြားနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တဲ့ ပွေး၊ ဝဲ၊ဝက်ခြံ၊နေလောင်ကွက်၊ အင်ပျဉ်ထခြင်း တွေကိုပါ ထိရောက်စွာသက်သာပျောက် ကင်းစေပါတယ်။ မင်းကွတ်သီးခွံနဲ့ပတ်သက်ပြီးသက်သာ ပျောက်ကင်းစေနိုင်တဲ့ရောဂါလက္ခဏာတွေ အကြောင်းကိုသိရှိပြီးရင်တော့ရောဂါတစ်မျိုး ချင်းစီအလိုက်အသုံးပြုရမယ့် အသုံးပြုပုံ နည်းစနစ်များအကြောင်းကိုလည်းကျွန်တော် ဆက်လက်ပြီး တင်ပြပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ သွေး ဝမ်းရောဂါတွေအတွက်ဆိုရင် မင်းကွတ် သီးခွံပြုတ်ရည်ကိုတစ်ခါသောက် လက်ဖက် ရည်အကြမ်းပန်းကန်တစ်ဝက်လောက်ကို ၁ဝမိနစ်ခြား ငါးကြိမ်ဆက်တိုက်သောက် ပေးရပါမယ်။ ဝမ်းပိတ်သွားရင်တော့ မင်းကွတ်သီးခွံပြုတ်ရည်ကို သောက်စရာ မလိုတော့ပါဘူး။ ခန္ဓာကိုယ်မှာဝမ်းတွေ သွားထားတဲ့အတွက်ဝမ်းနဲ့အတူခန္ဓာကိုယ် မှာဆုံးရှုံး ထားတဲ့ အရည်ဓာတ်များကို ပြန် လည်ဖြည့်တင်းပေးတဲ့အနေနဲ့ ဓာတ်ဆား ရည်ကိုသာ ဆက်လက်ပြီးသောက်သုံးသင့် ပါတယ်။ ဝမ်းနဲ့ပတ်သက်ပြီး အသုံးပြုပုံ နည်း စနစ်များကိုသိရှိပြီးရင်တော့ နောက်ထပ် အမျိုးသမီးရောဂါတွေဖြစ် တဲ့ မီးယပ်သွေး လွန်ရောဂါ၊ မီးယပ်ဖြူဆင်းတဲ့ရောဂါ၊ ဆီးနဲ့ရောဂါပတ်သက်တဲ့ ဆီးလွန်ရောဂါ၊ ဆီးလွန်ဆီးချိုရောဂါ၊ ဆီးသွားပြီးဆီးကျန် တာစတဲ့ရောဂါတွေအတွက်ဆိုရင်တော့မင်း ကွတ်သီးခွံပြုတ်ရည်ကို တစ်ခါသောက် လက်ဖက်ရည်အကြမ်းပန်းကန် တစ်ဝက်ကို နံနက် ၈နာရီမှာတစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီမှာတစ်ကြိမ်၊ညနေ ၄နာရီတစ်ကြိမ်၊ ည ၈နာရီတစ်ကြိမ် စုစုပေါင်းတစ်နေ့ကို လေးကြိမ် ခုနစ်ရက်တိတိသောက်သုံးပေး ရပါမယ်။ ခုနစ်ရက်မတိုင်ခင်ရောဂါပျောက် ကင်းသွားရင်တော့ မင်းကွတ်သီးခွံပြုတ် ရည်ကိုဆက်ပြီးသောက်စရာ မလိုတော့ပါဘူး။မင်းကွတ်သီးခွံ ငါးကျပ်သား၊ တမာ ခေါက်ငါးကျပ်သား၊ မာလကာခေါက် ငါး ကျပ်သား၊လေးညှင်းပွင့် ၁ဝပွင့် စတဲ့ဆေး ပစ္စည်းတွေကိုရေတစ်ပိဿာရောပြီးတစ်ဝက် ကျအောင်ကျိုပေးရပါမယ်။ ရရှိလာ တဲ့ဆေး ပြုတ်ရည်ကိုမကြခဏငုံထွေးပေးခြင်းဖြင့် ကျွန်တော်စောစောက တင်ပြပေးသွားတဲ့သွား နဲ့ခံတွင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ သွားဖုံး ရောင်တာ၊ သွားနာတာ၊ရေစီးကမ်းပြိုဒန္တစိုနာ ရောဂါတွေ သက်သာပျောက်ကင်းရုံမျှမက ခံတွင်းအနံ့မကောင်းသူတွေပါ ခံတွင်းအနံ့ ကောင်းမွန်စေပါတယ်။ အနာပေါက်ရောဂါများမှာတော့ မင်း ကွတ်သီးခွံပြုတ်ရည်ကို ဖန်ဆေးရည်အဖြစ် အသုံးပြုရပါမယ်။ အနာအို၊ အနာဟောင်း၊ အနာဆေးတွေကိုမင်းကွတ်သီး ခွံပြုတ် ရည် နဲ့ဖန်ရည်ဆေးပေးခြင်းအားဖြင့် အနာမှ မကောင်းတဲ့အညစ် အကြေးတွေ သန့်စင်ရုံ တင်သာမက အနာအသားနုတက်စေပြီး မြန်မြန် အနာကျက်စေပါတယ်။ အနာလည်း ကျုံ့စေပါတယ်။ သွေးယိုနေတဲ့ အပြင်လိပ် ခေါင်းရောဂါရှင်တွေလည်း မင်းကွတ်သီးခွံ ပြုတ်ရည်ထဲကျောက်ချဉ် အနည်းငယ်ထည့် ပြီး ဖန်ထိုင်ပေးခြင်းဖြစ်လည်း သက်သာ စေပါတယ်။

ပွေး၊ဝဲ၊ဝက်ခြံ၊နေလောင်ကွက်၊အင်ပျဉ် ထတာတို့ဆိုရင်တော့ မင်းကွတ်သီးခွံကို သနပ်ခါးနဲ့ရောသွေးပြီး လိမ်းပေးရမှာဖြစ် ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန တိုင်း ရင်းဆေးပညာဦးစီးဌာန၏အောက်မှာရှိတဲ့ အစိုးရတိုင်းရင်းဆေးရုံ၊ ဆေးခန်းတွေမှာ အသုံးပြုနေတဲ့ တိုင်းရင်းဆေးအမှတ် (၂၂) အေးပိတ်ဆေးဟာဆိုရင် မင်းကွတ်သီးခွံနဲ့ အတူအခြားဆေးဖတ်ဝင် ပစ္စည်းတွေဖြစ်တဲ့ တလည်းသီးခွံ၊ မန်ကျည်းစေ့ခွံ၊ ဆီးဖြူ သီးခြောက် ၊ကြဇုသီး ၊ဆေးခြောက်၊ ဆား မီးဖုတ်တို့နဲ့ဖော်စပ်ထားတာဖြစ်ပါတယ်။မင်းကွတ်သီးခွံကို ကျွန်တော်တို့မြန်မာ့ တိုင်းရင်းဆေးတွင်သာမက ကမ္ဘာမှာပါ မင်းကွတ်သီး ခွံကိုဆေးဝါးအနေနဲ့ အသုံးပြု ကြပါတယ်။ နိုင်ငံတကာကျန်းမာရေး ဂျာနယ်၊ မဂ္ဂဇင်း၊အင်တာနက်သတင်းတွေ မှာလည်း မင်းကွတ်သီးခွံနဲ့ ပတ်သက် ပြီး ဆေးဝါး အဖြစ်အသုံးပြုပုံများကိုသုတေ သနစာတမ်းများ၊ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်း သပ်မှုအဖြေများဖြင့် စုံလင်စွာဖော်ပြထား တာကိုလေ့လာတွေ့ရှိ ရပါတယ်။ ကနေဒါ၊ အမေရိကစတဲ့ အနောက်နိုင်ငံတွေ အိန္ဒိယ၊ တရုတ်၊ထိုင်း၊စင်ကာပူ၊ဗီယက်နမ်၊ဖိလစ်ပိုင် စတဲ့အာရှနိုင်ငံတွေ မှာလည်းမင်းကွတ်သီးခွံ ကို ရိုးရာတိုင်းရင်းဆေးဝါးအနေဖြင့် တွင် တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ မင်းကွတ်သီးခွံကို သိပ္ပံနည်းကျဓာတ် ခွဲစမ်းသပ်မှုအဖြေတွေအရဆိုရင် ''Antioxidant'' လို့ခေါ်တဲ့ဓာတ်တိုးပယ်ဖျက် မှုစွမ်းရည်ရှိတဲ့ဓာတုဒြပ်ပေါင်းအမျိုးအစား ၂ဝဝကျော်နဲ့ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ကဆီဓာတ်၊ သတ္တုဓာတ်၊ဗီတာမင်မျိုးစုံနဲ့ အခြားအမည်မဖော်နိုင် တဲ့ဒြပ်ပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားတဲ့အတွက် အစာကြေ ဆေး၊ အာရုံကြော အားဆေး ၊ ဝမ်းပိတ်ဆေး၊ နှလုံးရောဂါကုဆေး၊ အကိုက်အခဲပျောက် ဆေး၊ သန်ချဆေး၊ ကင်ဆာရောဂါကုဆေး၊ အဆီကျဆေး၊စိတ်ငြိမ်ဆေး၊ ဆီးချိုသွေးချို ရောဂါကုဆေးဝါးများဖော်စပ်ရာမှာအသုံး ပြုကြပါတယ်။ မင်းကွတ်သီးခွံနဲ့ပတ်သက်ပြီးသုတေသန စာတမ်းများမှာတော့ မင်းကွတ်သီးခွံပြုတ် ရည်ဟာ- - ပင်ပန်းနွမ်းနယ်မှုကိုခုခံကာကွယ်ပေး ခြင်း။ - အဖုအကျိတ်ကင်ဆာရောဂါတွေကိုလည်း ခုခံကာကွယ်နိုင်ပေးခြင်း။ - အိုမင်းရင့်ရော်မှုကို ကာကွယ်စေခြင်း။ - သွေးတိုးကိုလည်းကျစေခြင်း။ - ဓာတ်တိုးမှုကိုလည်းတိုက်ဖျက်ပေးခြင်း။ - သွေးတွင်းသကြားဓာတ်များကိုလည်းလျော့ကျစေခြင်း။ - အဝလွန်ခြင်းကိုကာကွယ်စေပြီး ကိုယ်အလေးချိန်ကိုကျစေခြင်း။ - သွေးလွှတ်ကြောအတွင်း ချိုး(ဂျိုး)မကပ်အောင်ကာကွယ်ပေးခြင်း။ - နှလုံးနှင့်ဆက်စပ်သည့်ရောဂါများမဖြစ်အောင်ကာကွယ်ပေးခြင်း။ အရိုးအဆစ်ရောင်ရမ်းနာကျင်မှုပျောက် ကင်းစေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေး ခြင်း၊ သွားဖုံးနှင့်ခံတွင်းဆိုင်ရာရောဂါ များ ပျောက်ကင်းစေခြင်း၊ စိတ်မတည့်ရောဂါ ဖြစ်ခြင်း မှကာ ကွယ်ပေးခြင်း အစရှိတဲ့ရောဂါ အမျိုးပေါင်း ၁၃၈မျိုးပျောက်ကင်းစေတယ် လို့သုတေသနစာတမ်းများ တွင်အတိ အလင်း ဖော်ပြထားတာကိုလေ့လာတွေ့ရှိရပါတယ်။မင်းကွတ်သီးခွံကို သဘာဝ ဓာတ်ဆား အနေနဲ့ပုံမှန်သောက်သုံးမယ်ဆိုရင်တော့မင်း ကွတ်သီးခွံ ရဲ့ အလေးချိန် တစ်ဆကိုရေလေးဆ ရောပြီးတစ်ဝက်ကျအောင်ကျိုရပါမယ်။ တစ်ခါသောက်လက်ဖက်ရည်အကြမ်း ပန်းကန်တစ်ဝက်ပမာဏ အားဖြင့်တော့ ၃ဝ စီစီကနေ ၆ဝ စီစီ တစ်နေ့နှစ်ကြိမ် အစာ မစား ခင်ပုံမှန် သောက်သုံး လို့ရပါ တယ်။အခုညွှန်ကြားထား တဲ့သောက် သုံးရမယ့် ပမဏထက်ပိုပြီး မင်းကွတ်သီးခွံပြုတ် ရည်ကိုသောက်ခဲ့မယ် ဆို ရင်တော့ ဆီး၊ ဝမ်း အနည်းငယ် ချုပ်စေတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါ တယ်။မင်းကွတ်သီးခွံ ကိုစားပြီး တဲ့အခါမင်းကွတ်သီးခွံကိုရေစင်အောင်ဆေးပြီး နေပူ မှာ ခြောက်သွေ့အောင် လှန်းပါ။ မင်းကွတ်သီး ခွံခြောက်သွေ့သွားပြီဆိုမှ သင့်တော်ရာပလတ်စတစ်ဘူး (သို့မဟုတ်)ဖန်ဘူးမှာထည့် ပြီး အေး ၍ခြောက်သွေ့တဲ့နေရာမှာ သိမ်း ဆည်းထားသင့် ပါတယ်။ ဆေးဝါး အဖြစ် အသုံးပြုမယ့်မင်းကွတ် သီးခွံမှာ မှိုစွဲနေတာ၊ အောက်စော်နံနေတာ၊ ပိုး ထိုးနေတာ၊သိမ်းဆည်းတားတာ တစ်နှစ် ထက်ပိုကြားနေတာ တို့ဆိုရင်တော့ မင်းကွတ်သီးကိုဆေး ဝါးအနေနဲ့ မသုံးစွဲသင့်ဘူးဆိုတာကိုသတိပြုသင့်ကြောင်း ရေး သားတင်ပြ လိုက်ပါတယ်။

မိုးဟိန်းဇော်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄)

သမီးတစ်ခုလောက်သိချင်လို့ပါ။ ကန်တော့ဆရာ၊ သမီး ဓမ္မတာအကြောင်းလေးပြောချင်လို့ပါ သမီးအသက်က ၁၉ နှစ်ပါ သမီး ရာသီလာတာ နှစ်လမှ တစ်ကြိမ်ပဲလာပါတယ်။ လာလဲ ၄ ရက်ကအများဆုံးပါပဲ။ အရင်ကဆို ၆ လလောက် မလာလို့ ဆေးခန်းမှာ ရာသီလာဆေးသွားထိုးရပါတယ်။ နောက်တစ်ခါ ရာသီနည်းလို့ ဆေးခန်း ထပ်ပြရပါသေးတယ်။ ဆေးသောက်လဲခဏပါပဲဆရာ။ ပြီးရင် ရာသီအလာနည်းသွားရော။ အခုနှစ်လတစ်ခါမှလာတော့ အရမ်း စိတ်ညစ်နေပါတယ်။ အဲ့ဒါကြောင့် ဘယ်ဆေးကို သောက်ရမလဲ လု့်ညွှန်ပြပေးပါဦးဆရာ။ ပြီးတော့ ဘာဖြစ်လို့အဲ့လို ဓမ္မတာလာတာ နည်းရသလဲသိချင်လို့လာပါ။ လာနေချိန်မှာရော လာပြီးအချိန်မှာရော ကိုက်ခဲတာတွေ လုံးဝ မဖြစ်ဖူးပါဘူးဆရာ။

ရာသီဆိုတာ မမှန်ဖြစ်တာ များပါတယ်။ သိပ်မစိုးရိမ်ပါနဲ့။ ၁၉ နှစ်မှာ မှန်နေသင့်တာတော့ မှန်ပါတယ်။ ရောဂါရယ်လို့ မဟုတ်လောက်ပါ။ အလွယ်ဆုံးနည်းကတော့ ကိုယ်ဝန်တားဆေး (ဆောရီး) သောက်ရတယ်။ တနေ့ ၁ လုံး၊ တလ ၂၈ လုံးပါတာကိုပြောတာပါ။ အပျိုတွေလဲ ပေးပါတယ်။ သံသယအထင်မခံရအောင် သူများမမြင်အောင် ပေးရ-သောက်ရပါတယ်။ ရာသီလာရက်ကို မများစေသင့်ပါ။ များရင် သွေးအားနည်းမယ်။ ဆင်းသင့်တာသာ ဆင်းပါမယ်။ ကျန်နေတာမျိုးမဖြစ်ပါ။ တားဆေးသောက်ရင် (၁) လမှန်မယ်။ (၂) ဆင်းတာနည်းမယ်။ (၃) နာတာကိုက်တာ သက်သာမယ်။ ရာသီဆိုတာ အသက်အရလဲပြောင်းတယ်။ စိတ်ဖိအားအရလဲပြောင်းမယ်။ အဓိကအားဖြင့် ဟော်မုန်း အပေါ်မူတည်တယ်။ ဟော်မုန်းက တယောက်နဲ့တယောက်မတူပါ။ ရောဂါရှိမနေရင် ဘာမှ ကြောင့်ကျဘို့မလိုပါ။

သမီးက အသက် ၂၃ နှစ်ပါ။ ရာသီလာတာ မမှန်ပါဘူး။ တခါတလေ ၂ လမှ တခါ လာပါတယ်။ အရင်ကတော့ အမေက သွေးဆေး အမြဲတိုက်ပါတယ်။ မြန်မာဆေးတွေ။ ခုက ဒီမှာ ဝယ်လို့လည်း မရပါဘူး။ ခု ဝက်ခြံတွေလည်း မျက်နှာမှာရော ကျောမှာပါ ပိုပေါက်လာပါတယ်။ သူငယ်ချင်းကပြောလို့ ချင်းပြုတ်ရည်လည်း သောက်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ဖြေကြားပေးပါရှင်။

ရာသီမမှန်တာ မိန်းကလေး အတော်များများမှာ ဖြစ်ကြလေ့ရှိတယ်။ ၂ လမှ တခါ လာယုံနဲ့ ဘာမှ စိုးရိမ်စရာ မလိုပါ။ ဝက်ခြံလဲ ပေါက်တယ်ဆိုရင် အပျိုဖြစ်မှာပေါ့။ သိပ်ရင်းနှီးလွန်းတဲ့ သမီးရည်းစားတောင် ထားပုံမရဘူး။ ဆေးပညာအရ ဖြစ်ဘို့ များတာကို ပြောတာပါ။ ကိုယ်ရေးကိုယ်တာ စပ်စုတာ မဟုတ်ပါ။ ဗေဒင်ဟောတာလဲ မဟုတ်ဘူး။ မမှန်ရင်လဲ “မှားသော ဆေးသမား ရှိ၏” လို့ မှတ်ပါ။

ဗမာသွေးဆေးတွေကလည်း အသုံးတည့်သူတွေမှာ တည့်တယ်။ ချင်းပြုတ်ရည်ကလည်း တချို့အတွက် အလုပ် ဖြစ်တတ်ပါတယ်။ မိန်းကလေးရဲ့ ကျန်းမာရေးကို ပိုပြီးသိရရင် ပိုကောင်းမယ်။ “ပိန်သလား၊ ဝသလား၊ ပိန်လာနေသလား။ ကျန်းမာရေး နောက်ကြောင်းမှာ ထူးခြားတာ ရှိသလား။ ဆေးရုံတက်ရဘူးတာ၊ ဓါတ်မှန်ရိုက်တာ”။ မသိတာ အသာထားပြီး ယေဘုယျ ဖြေပါ့မယ်။

ရာသီမမှန်တာမှာ ပတ်ဝန်းကျင်လို့ ခေါ်လေ့ရှိတဲ့ အကြောင်းခံရှိတတ်တယ်။ နေမကောင်းတာ ဥပမာ တီဘီ၊ စိတ်ဖိစီးမှု များတာ၊ အာဟာရ မပြည့်တာ၊ သွေးအားနည်းတာ၊ လေ့ကျင်ခန်း အလုပ် များလွန်းတာ၊ ခရီးထွက်ရဖန် များတာတွေ ပါတယ်။ ဒါ့ကြောင့် ဒါတွေကို ပြင်ပါ-ကုပါ။

နောက် အကြောင်းခံ တမျိုးကတော့ ဇီဝကမ္မ အပြောင်းအလဲ ရှိလို့ပါ။ ရာသီဆင်းတာကို ထိန်းပေးနေတာ သုံးခုဟာ အထာမကျရင် ရာသီလာ မမှန်ဘူး။ နောက်ဆုံး အကြောင်းခံတခုကတော့ Polycystic ovarian syndrome (PCOS) ရောဂါပါ။ (ရေးထားပါတယ်။) လိုမယ် ထင်ရင် OG ပြပါ။ Oligomenorrhea ခေါ်တဲ့ ရာသီနည်းလွန်းရင် သားသမီး မရနိုင်တာ ဖြစ်စေတတ်တယ်။ ဒါတွေ ထည့်ရေးတာက ဆရာဝန်တယောက်အနေနဲ့ မပြည့်မစုံရေးလို့ မကောင်းတဲ့ အတွက်ပါ။ လူ ၁ဝဝ-၁ဝဝဝ မှာ ၁ ယောက် ဖြစ်တာလဲ ပါရတယ်။

ဝက်ခြံဆိုတာ ရာသီဆင်းတာလိုဘဲ ဟော်မုန်းဓါတ် အပြောင်းအလွဲကြောင့် ဖြစ်စေတာပါ။ လူတိုင်းမှာ ကျား-မ ဟော်မုန်း ၂ မျိုးလုံး ရှိကြတယ်။ Androgens ကျားဟော်မုန်းက ပိုကဲနေရင် ရာသီနည်းတာ ဖြစ်စေတယ်။ အရေပြား မသန့်ရှင်းတာ၊ လေထု မသန့်တာကြောင့်လဲ ဖြစ်စေနိုင်သေးတယ်။

သနပ်ခါးအစစ် သဘာဝဖြစ် အလှအပ အသုံးအဆောင်သာ သုံးပါ။ ကြော်ညာကောင်း (ကော့စ်မက်တစ်) တွေ မသုံးသင့်ပါ။ အဆီ-အငန်များ အစားအစာ ရှောင်ပါ။ တကယ်လို့ အနာရင်းသလို ဖြစ်လာရင်၊ ပြည်တည်ရင် Tetracycline, Erythromycin ၂၅ဝ မီလီဂရမ် ၆ နာရီခြား၊ ဒါမှမဟုတ် Doxycycline ၁ဝဝ မီလီဂရမ် ၁၂ နာရီခြား၊ ၄-၅ ရက် သောက်ပါ။

ဝက်ခြံကို လက်နဲ့ ခဏခဏ မကိုင်ပါနဲ့။ မျက်မှာမှာ ပေါက်တဲ့ ဘာအနာဖြစ်ဖြစ် မမှည့်သေးခင် ညှစ်မထုတ်ရပါ။ သွေးအားအတွက် Ferrous ဆေး၊ Folic acid ဆေးတွေသောက်ပါ။ ဝက်ခြံအတွက် ဗီတာမင် B အပြင် A သောက်ဘို့ လိုတယ်။ Zinc ဓါတ်များတဲ့ အစားအစာ (ပင်လယ်စာ၊ အစေ့အဆံ၊ အသဲ၊ ငါး၊ ဥ၊ ဂျုံ၊) နဲ့ Chromium ဓါတ်များ အစားအစာ (သစ်သီးဖျော်ရည်၊ ငှက်ပျောသီး၊ စပျစ်သီး၊ အာလူး၊ အမဲသား၊ မုံလာဥစိမ်း၊ ကြက်သွန်ဖြူ၊) စားပါ။ တကိုယ်ရေ သန့်ရှင်းရေး လုပ်ပါ။ ခေါင်းအုံးစွပ် ၂ ရက်တခါ လဲပါ။ မျက်နှာကို ဆံပင်က လာလာမထိစေသင့်ပါ။

လစဉ် ရာသီလာနေသူများလဲ ဝက်ခြံပေါက်တတ်တယ်။ တရားခံက Androgens ပါဘဲ။ ဝက်ခြံမှာ ခေါင်းဖြူ-ခေါင်းမဲ ၂ မျိုး ရှိတယ်။ အဖြူက အရေပြားထဲ မြုတ်နေပြီး၊ အမဲက အပေါ်မှာ။ ပြည်ဖြစ်လာရင် ဝါလာမယ်။ သန့်ရှင်းရေး လုပ်တာက အပြင်းစားမဟုတ်တဲ့ ဆပ်ပြာ၊ ဗက်တီးရီးယားသေစေနိုင်တဲ့ Neem soap တမာဆပ်ပြာလဲကောင်းတယ်။ မျက်နှာ အဆီမပြန်စေနဲ့။ မိတ်ကပ်သုံးစရာရှိရင် နဲနဲ-ပါးပါးသာသုံးပါ။ အရေပြားက (ဆဲလ်)တွေ လေဝအောင်လို့။ သေသွားတဲ့ (ဆဲလ်) ခပ်ညိုညိုတွေကို အသာအယာ ဖယ်ထုတ်ပေးပါ။ ရေနွေးလေးနဲ့ မျက်နှာသစ်ပါ။ ရေများများသောက်ပါ။ နံ့သာဖြူလိမ်းတာလဲ ကောင်းပါတယ်။

ရာသီမှန်လာမယ်ဆိုရင် ဝက်ခြံပါ သက်သာလာမယ်။ အိမ်ထောင်ရက်သား ကျသွားသူများ ပျောက်သွားတယ်။ အိမ်ထောင် မရှိသေးသူကို ရှိအောင် အားပေးတာ မဟုတ်ပါ။ အိမ်ထောင်ပြုတယ်ဆိုတာ “နောင်ပြင်ရန် ခက်သည့်အမျိုး သုံးပါး” ထဲမှာပါလို့ ဝက်ခြံ ပျောက်ချင်တာလေးနဲ့ မမြန်ဆန်လေနဲ့။

အပျိုလေး-အပျိုကြီးများလည်း ကိုယ်ဝန်ဆောင် တားဆေး (အများဆုံးသုံးကြတဲ့ ဟော်မုန်း ၂ မျိုးတွဲ စားဆေး) ကို သောက်ရင် ရာသီလာရက် မှန်စေတယ်။ ၂၈ ပြားပါတဲ့ ဆေးကပ်မှာ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး လာလေ့ရှိတယ်။ အဖြူရောင် ၂၁ လုံး သောက်နေတုံး ရာသီမလာဘဲ၊ ဒီဆေးလုံးတွေ ကုန်တာနဲ့ ရာသီလာမယ်။ ဒီဆေးကပ်ကို အနည်းဆုံး ၃-၄ လ ဆက်သောက်လိုက်ရင် သူ့ဖါသာသူ ရာသီလာရက် မှန်စေနိုင်တယ်။

ပုံမှန်ရာသီက ၂၈ ရက် ၁ ခါ လာပါတယ်။ ဒါပေမယ့် ရာသီလာပြီး ၁ဝ ရက် ၂ ပတ်လောက်နေရင် နဲနဲ ပြန်လာနေတတ်တယ်။ ပုံမှန်လိုတော့ မဟုတ်ဘူး။ အပေါ့သွားရင် ထွက်လာတာမျိုး အဖြူနဲ့ ရောပြီး ထွက်လာတာမျိုး။ Daily pad အသေးလေးတွေ သုံးရတာပေါ့။ အဲဒါဘာလို့ ဖြစ်တာလဲ။ တခုခုများ အထဲမှာ ဖြစ်နေလို့လား။ အရင်က မဖြစ်ဖူးပါဘူး ဒီလိုဖြစ်တာ ၃-၄ လ လောက်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၁ ပတ်က အိမ်ထောင်ကျပါတယ်။ မင်္ဂလာဦးည ပြီးတော့ နောက် ၃-၄ ရက် လောက်မှာ အဲလိုမျိုး ဆီးသွားတဲ့ အချိန် လေလည်တဲ့အချိန်မျိုးမှာ အနီထွက်လာတယ်။ အဲဒါက ပုံမှန်ပဲလား။ အဲလိုဖြစ်တဲ့ ဒီအပတ်မှာ ပြန်နေဖြစ်တော့ စ စခြင်းတော့ ဘာမှ မဖြစ်ပေမယ့် နောက်တော့ အနီနဲနဲ ဆင်းလာတယ်။ သမီးတို့ အသက် ၂၈ ကိုယ်စီပါ။ ယောက်ျားကတော့ ဘာမှ မဖြစ်ပါဘူး။ ကျန်းမာပါတယ်။ နောက်ပိုင်းမှာ နာကျင်မှုတော့ မရှိပါဘူး။ ကိုယ်ဝန်တားဆေး မသုံးပါဘူး။ ယားတာတော့ မဖြစ်ပါဘူး။ အရင်ထဲက အဖြူကတော့ တခါတလေ ဆင်းတယ်။ အိမ်ထောင်ကျတာ ပြီးခဲ့တဲ့ အပတ်ကမှပါ။ အိမ်ထောင်မကျခင် ၄-၅ လ လောက်မှာ အဲလို ဖြစ်တာကို သတိထားမိတာပါ။ အနီသက်သက် ဆင်းလာတာမျိုး အဖြူနဲ့ ရောပါလာတာမျိုးပါ။ သူလဲ လန့်နေသလို သမီးလဲ လန့်နေတယ်။

အိမ်တောင်ကျတာနဲ့ မဆိုင်ဘဲ မကျခင်ကတည်းက ဖြစ်တာမို့ အိမ်ထောင်ဘက်က ပြဿနာ မဟုတ်နိုင်တော့ပါ။ လိင်ကတဆင့် ကူးစက်ရောဂါ STD တွေကိုပါ လက်ညှိုးထိုးစရာ မလိုတော့ဘူးပေါ့။

ဖြစ်တတ်တဲ့ အခြေအနေတခုသာ ဖြစ်တယ်။ မစိုးရိမ်ပါနဲ့။ ရာသီများလာတဲ့သဘော ဖြစ်ဘို့ များတယ်။ ဒီအသက်မျိုးမှာ ရောဂါကြီး မဖြစ်သလောက်ပါ။ ဆီးစပ်နေရာကို ဖိကြည့်လို့လဲ နာပုံမပေါ်ပါ။ နာရင် မျိုးပွါးလမ်းကြောင်း ပိုးဝင်တာမျိုး စဉ်းစားရတယ်။ အခု ဟုတ်ပုံမရပါ။ တခြားနေရာ (နှာခေါင်း၊ သွားဖုံး) ကနေ သွေးမယိုတာ မဖြစ်ဘူးလို့ ယူဆပါတယ်။ ဒီတော့ ရာသီမှန်အောင်လုပ်ဘို့ဘဲ လိုမယ်။ ဘာမှ မလုပ်ဘဲနေရင်တောင် မှန်လာတတ်သေးတယ်။ အိမ်ထောင်ကျ လိုက်တော့ ဟော်မုန်း အချိုးအစားလဲ ပြောင်းလာနိုင်လို့ပါ။

အိမ်ထောင်ကျပြီး ဆက်ဖြစ်နေသေးပြန်တာမို့ OG မပြခင် ဆေးစားကြည့်ပါ။ မွေးလမ်းကြောင်းစမ်းတာ လုပ်ရင် ပိုပြီး ခန့်မှန်းနိုင်တယ်။ အလွယ်ဆိုးနည်းကတော့ ကိုယ်ဝန်တားဆေး သောက်ပါ။ အများဆုံး သုံးနေကြတဲ့ ဟော်မုန်း ၂ မျိုးတွဲဆေးပြား သောက်ပါ။ တနေ့ ၁လုံး ၂၈ ရက် သောက်ရတာမျိုး ပြောတာပါ။ ရှာရတာလဲ အလွယ်ဆုံးဖြစ်တဲ့ဆေးပါ။ ရာသီ တခါဆင်းအောင် စောင့်ပါ။ ဆင်းတာရပ်တာနဲ့ ဆေး တနေ့ ၁ ပြားသောက်ပါ။ ဆေးမကုန်ခင် ရာသီ ပြန်မဆင်းပါ။ အဲလို လမှန်-ရက်မှန်ဖြစ်တာ ၃-၄ လ နောက်မှာ ရပ်လိုက်ပါ။ ဆေးကို မနက်ခင်း သောက်တဲ့အကျင့်လုပ်တာ ကောင်းတယ်။ မေ့သွားရင် နေ့ခင်းသောက်လိုက်လို့ ရတာမို့ ရက်မကျော်တော့ပါ။ အထောက်အကူအဖြစ် သံဓါတ်အားဆေးနဲ့ ဗီတာမင် စီ သောက်ပါ။ ကျန်းမာ-ချမ်းသာကြပါစေ။

မိန်းကလေးများ အများအားဖြင် Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လိုလုပ်ပေးရမှာလဲ။ နောက်ဆက်တွဲ ပြဿနာ ရှိလာနိုင်သလား။ သိရင်ဝေမျှပေးပါ။

ရာသီလာရင်နာတာ Dysmenorrhea မှာ နောက်ဆက်တွဲ ပြဿနာ မရှိပါ။ NSAIDs ခေါ်တဲ့ Aspirin, Ibuprofen, Ketoprofen, Naproxen, Meferannic acid စတဲ့ အနာ-အကိုက်-အဖျား သက်သာဆေး တခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ရပါတယ်။ ကုမ္ပဏီတွေက ဆေးကို နာမယ် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစ ကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။ ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။ နာတဲ့နေရာကို ရေနွေးအိပ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။

သမီး အသက် ၂၇နှစ်ပါ။ သမီးက အပျိုပါ။ ရာသီလာတာ တလ တခါမဟုတ်ဘဲ ၂ လ တခါ၊ ၃ လ ၂ခါ ဖြစ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ ခု ဒီတခါကျတော့ ရာသီမလာတာ ၃ လ ရှိပါပြီဆရာ။ ဒီရက်ပိုင်း ဆီးစပ်တွေကိုက်ပြီး ရာသီလာရင် ဗိုက်နာသလို နာနေပါတယ်။ ရာသီက မလာသေးပါဘူး။ ဒါနဲ့ ဂျင်းနဲ့ ထန်းလျက်ကြိုသောက်တော့ ဗိုက်က မနာတော့ပါဘူး။ ဒါပေမယ့် ဗိုက်ထဲက နေလို့မကောင်းဘူးဆရာ။ သမီး ရာသီလာတာ ၂ လတခါ လာတာ အန္တရာယ်ရှိလား သိချင်ပါတယ်။ ခုတလော ဗိုက်နာနေတာကိုလည်း သက်သာချင်ပါတယ်ဆရာ။

ကြားရက် သွေးဆင်းနေရင် ဘာမဟုတ်တာလေးတွေလဲ အရင်စဉ်းစား ပြုပြင်ရမယ်။ တားဆေးသောက်ဘို့ မေ့သွားတာ၊ မွေးလမ်းမှာ အနာ ဖြစ်နေတာ။ သိပ်ဆိုးဝါးတာတွေလဲ ရှိတယ်။ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊ ကင်ဆာ။

ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ ရာသီလာချိန်မှာနာတာကို Dysmenorrheal ခေါ်တယ်။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ (သပ်သပ်ရေးထားပါတယ်။) ရာသီလာချိန်နာတာကို NSAIDs (စတီရွိုက်) မပါတဲ့ အများသုံး အကိုက်-အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။ သတိထားရမှာတွေကတော့ Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့ Fibroids (ဖိုက်ဘရွိုက်) သားအိမ် အကျိတ်ရောဂါတွေ ပါတယ်။ ဆေးစစ် ကုသရလိမ့်မယ်။

ကြားရက် သွေးဆင်းတာကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေ အများကြီးရှိတယ်။
- မျိုးဥထွက်ချိန်၊
- ကိုယ်ဝန်တား-စားဆေး၊
- IUCD ကိုယ်ဝန်တား-ပစ္စည်း၊
- လည်ပင်းကြီး-ဟော်မုန်းနဲတာ၊
- သန္ဓေတည်ခါစ၊
- ကိုယ်ဝန်ပျက်တာ၊
- (အီစထိုဂျင်) ဟော်မုန်းဆေးပေးနေသူ အစပိုင်းနဲ့ အဆုံးရက်တွေ၊
- Endometriosis သားအိမ်ရောဂါ၊
- Uterine fibroids သားအိမ်အလုံး၊
- လိင်ကတဆင့် ကူးစက်ရောဂါတွေ၊
- စိတ်ဖိအားများတာ၊
- သွေးဆုံးခါနီး၊
- Cervical polyps သားအိမ်ဝမှာ အညှာပါ-အလုံးရှိတာ၊
- Cervical erosion သားအိမ်ဝရောဂါ၊
- ဗဂျိုင်းနာ၊ သားအိမ်၊ မျိုးဥအိမ်မှာ Cysts အလုံးရှိတာ၊
- မွေးလမ်း ထိခိုက်မိတာ၊
- ဗဂျိုင်းနားထဲ ပစ္စည်းတခုခု ကျန်ရစ်တာ၊
- ကင်ဆာ။

အများဆုံး ဖြစ်တာက Ovulation bleeding မျိုးဥထွက်ချိန်မှာ သူဖြစ်လာရာအိတ် Follicle ကနေ မျိုးဥ ပေါက်ထွက်ချိန်မှာ ဖြစ်တယ်။ ၂-၃ နာရီလောက်ကနေ ၁-၂ ရက်အထိ ကြာတတ်တယ်။ တချို့မှာ နာတာနဲ့ တွဲနေတယ်။ မျိုးဥထွက်ခါနီး (အီစထိုဂျင်) ဟော်မုန်း များ-နည်းရာကနေ သားအိမ် အတွင်းနံရံပါးလို့ ဆင်းတာပါ။ ဒါ့ကြောင့်ဆိုရင် Estrogen ပေးလို့ ပျောက်တယ်။ တခြား အကြောင်းတွေလဲ ရှိနိုင်တယ်။ Progesterone ဟော်မုန်း နဲနေရင် ရက်ကြာကြာ ဆင်းနိုင်တယ်။ အဲလို အမျိုးသမီးတွေဟာ ကလေးရဘို့ အခွင့်အလမ်းနဲပြီး ကိုယ်ဝန်လဲ ပျက်တတ်တယ်။ ကိုယ်ဝန်တားစားဆေးကြောင့် ဆိုရင် အစနဲ့အဆုံးမှာ ဆင်းတတ်တယ်။ များသောအားဖြင့် ဒီဆေးမျိုးကို သောက်ဘူးခါစ ပဌမလတွေမှာ ဖြစ်တယ်။ ဆေးသောက်ချိန် လွဲသွားရင်လဲ ဖြစ်တတ်တယ်။

အရေးပေါ်ဆေးကုရာတာ ရှားတော့ရှားတယ်။ လိုအပ်ရင်တော့ ဆေးကုရမယ်။
- သွေးဆင်းများသူ တချို့ကို Estrogen (Conjugated) 25 mg IV ထိုးပေးရတယ်။ ဒါမှမဟုတ် စားဆေး 2.5 mg တနေ့ ၄ ကြိမ်ပေးမယ်။ သွေးရပ်သွားရင် Medroxy-progesterone 10 mg/d ကို ၇-၁ဝ ရက် ဆက်ပေးမယ်။
- တချို့ကို အများဆုံးသုံးတဲ့ Combination Oral Contraceptive ဟော်မုန်းနှစ်မျိုးတွဲ ကိုယ်ဝန်တား စားဆေး ပေးတယ်။ ဆေးထဲမှာ 1-0.75 mg Norethindrone နဲ့ 0.035 mg Ethinylestradiol ပါတယ်။ တရက်မှာ ဆေး ၄ ပြား၊ ၇ ရက် ပေးတယ်။ ဒါမှမဟုတ် ၄ ပြား ၂ ရက်၊ ၃ ပြား ၂ ရက်၊ ၂ ပြား ၂ ရက်၊ ၁ ပြား ၂ ရက်နည်းနဲ့ ပေးတယ်။
- Medroxyprogesterone (Provera) ခေါ်တဲ့ Progestin (Progesterone) ဟော်မုန်းဆေးပေနိုင်တယ်။ ဒီဆေးက မျိုးဥ ပုံမှန်ထွက်စေတဲ့ဆေး ဖြစ်တယ်။ 10 mg/day ကို ၁ဝ ရက်ပေးမယ်။ ဒါပေမဲ့ OG ကပေးမှသာ သောက်ပါ။ ဆေးရပ်လိုက်တော့ သွေးဆင်းတတ်လို့။ ကင်ဆာ မရှိတာ သေခြာမှလဲ ပေးရတယ်။
- တချို့ကို D and C သားအိမ်ခြစ်ပေးရတယ်။

အရွယ်ရောက်စ မိန်းကလေးတွေနဲ့ သွေးဆုံးခါနီး အမျိုးသမီးတွေမှာ မျိုးဥအိမ်ကနေ မျိုးဥအထွက်ဘဲ သွေးဆင်တာ Anovulatory dysfunctional uterine bleeding ဖြစ်တတ်ကြတယ်။ ကုသနည်းတွေကတော့ -
(၁) Estrogen (Conjugated) 2.5 mg တနေ့ ၄ ကြိမ်ပေးပြီ၊ သွေးဆင်းတာရပ်ရင် Medroxyprogestrone 10 mg နေ့စဉ်၊ ၇-၁ဝ ရက်ပေးတယ်။ ဒါမှမဟုတ်
(၂) ကိုယ်ဝန်တားဆေး (Ethyl Estradiol 35 µg + Noresthindrone 1 mg) တနေ့မှာ ၄ ပြား၊ ၇ ရက်ပေးတယ်။ ဒါမှမဟုတ်
(၃) ကိုယ်ဝန်တားဆေး (Ethyl Estradiol 35 µg + Noresthindrone 1 mg) တနေ့ ၃ ပြား၊ ၂ ရက်၊ ဒိနောက်မှာ တနေ့ ၂ ပြား၊ ၂ ရက်၊ ဒိနောက်မှာ တနေ့ ၁ ပြား၊ ၂ ရက်ပေးတယ်။ ဒါမှမဟုတ်
(၄) Medroxyprogesterone 10 mg/day ၁ဝ ရက်ပေးတယ်။

မေးတဲ့သူက အပျို၊ အသက်လဲ ၂၇ နှစ်သာရှိသေးလို့ ကိုယ်ဝန်နဲ့ဆိုင်တာ၊ လိင်ကတဆင့်ကူးစက်ရောဂါတွေနဲ့ အသက်ကြီးမှ ဖြစ်လေ့ရှိတဲ့ ကင်ဆာတွေကို ဖယ်ထုတ်နိုင်ပါတယ်။ အလွယ်ဆုံးနည်းကတော့ အပျိပေမဲ့ ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးပါ၊ အများသုံး၊ ဈေးချို၊ တနေ့ ၁ ပြား၊ တလ ၂၈ ပြားသောက်ရတဲ့ဆေးကို ၃-၄ လ ဆက်သောက်ပါ။ ရာသီလဲမှန်မယ်၊ နာတာလဲ သက်သာမယ်။ ဆင်းတာလဲနည်းမယ်။ အဆင်ပြေရင် OG ကိုပြပါ။ စိတ်ဖိအား များနေရင် လျှော့ချပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃)

“ဆရာ ကျမ ရာသီမမှန်ဘူး” ဆိုတာနဲ့ မပြီးသေးပါ။ ဒီမေးခွန်းတွေမေးပါတယ်။
၁။ Amenorrhea ရာသီမလာတာလား၊
၂။ Heavier Than Normal ရာသီလာတာများနေသလား၊
၃။ Bleeding In Between Periods ကြားရက် သွေးဆင်းသလား၊
၎။ Painful Period ရာသီလာလို့ တအားနာသလား၊

မိန်းကလေး-အမျိုးသမီးတိုင်းဟာ သီးသန့်သဘောဆောင်တယ်။ သူ့သဘာဝနဲ့သူရှိတယ်။ ရာသီ ရက်တိုမယ်၊ ရှည်မယ်၊ နည်းမယ်၊ များမယ်။ အပျိုဖြစ်ပြီး နှစ်တွေနဲနဲကြာရင် ကိုယ့်သဘာဝကိုယ် သိမှတ်ထားနိုင်ပြီ။ ငါ့ရာသီဟာ ဒီလိုဘဲလို့။ အများဆုံးက တလ ဆိုတာ ၂၈ ရက်၊ တလလာရင် ၃-၅ ရက်။ အဲလိုကနေ ထူခြားတာဖြစ်လာရင်တော့ သတိထားစရာတွေ ရှိလာမယ်။

၁။ Amenorrhea ရာသီမလာရင် -
• အသက် ၄၅-၅ဝ အရွယ်မှာ ရာသီမလာတော့တာက မတူးဆန်းပေမဲ့ အသက် အစိတ်မှာ ရာသီမလာတော့ရင် တခုခု ဖြစ်နေနိုင်တယ်။ အသက် ၂ဝ-၃ဝ ဆိုတာ မျိုးပွါးကိစ္စအတက်ကြွဆုံးအချိန်တွေဘဲ။ ဘယ်လိုဘဲ Protected sex အကာအကွယ် လုပ်ပါတယ် ဆိုနေနေ ကိုယ်ဝန်ကို ပဌစဉ်းစားတာ မမှားဘူး။
• ၄ဝ-၄၅ ဆိုရင် အရင် စဉ်းစားရမှာက Perimenopause သွေးဆုံးတော့မလို့လား။ မရပ်ခင်မှာ မ-မျိုးဥအိမ်ကနေ Estrogen (အီစထိုဂျင်) ထုတ်တာ နည်းနည်းလာလို့ ရာသီရက်တိုတိုလာမယ်။ နည်းနည်းလာမယ်။ ၁၂ လတာ မလာတော့ရင်တော့ ဆရာဝန်တွေကနေ Menopause ပါလို့သတ်မှတ်တယ်။
• Excessive exercise ကိုယ်လက်လေ့ကျင့်ခန်း သိပ်များသူတွေမှာလဲ ရာသီ မလာတာမျိုး ဖြစ်နိုင်တယ်။ အမျိုးသမီး အားကစားမယ်တွေ ၅-၂၅% မှာအဲလိုဖြစ်ကြတယ်။
• Eating disorders အစားအသောက်နဲ့ဆိုင်တာလဲ ရှိသေးတယ်။ Anorexia nervosa ဘာဆိုဘာမှ စားချင်စိတ် မရှိလို့ မစားမသောက်ရောဂါ ဖြစ်နေသူတွေ ရာသီမလာဘဲ နေတတ်တယ်။
• Other possible causes တခြားဖြစ်နိုင်ခြေတွေကတော့ -
- Thyroid or pituitary gland disorders (သိုင်းရွိုက်) လည်ပင်းကြီး နဲ့ ဦးနှောက်က (ပစ်ကျူထရီ-ဂလင်း) ရောဂါ၊
- Hypothalamus ဦးနှောက်က (ဟိုက်ပိုသဲလ်မတ်စ်) နေရာ ရောဂါ၊
- Breastfeeding ကလေးနို့တိုက်နေချိန်၊
- Obesity လူအဝလွန်ခြင်း၊
- Oral contraceptives ကိုယ်ဝန်တားဆေး၊ (တချို့မှာသာဖြစ်တယ်)၊
- Stress စိတ်-ရုပ် ဖိအားများခြင်း၊
- Polycystic ovarian syndrome and other hormone imbalances ဟော်မုန်းမညီမျှခြင်း၊ မ-မျိုးဥအိမ် အကျိတ်ရောဂါ၊
- Ovarian failure မ-မျိုးဥအိမ် အလုပ်မလုပ်တော့ခြင်း၊
- Disease of the uterus သားအိမ်ရောဂါ။

၂။ Heavier Than Normal ရာသီလာတာများနေရင် -
• အမျိုးသမီးအများစုဟာ တလမှာ ဟင်းခပ်ဇွန်း ၂-၃ ဇွန်းစာသွေးဆင်းကြတယ်။ ၅ ဇွန်းကျော်ရင် Menorrhagia များတယ်လို့ ပြောနိုင်တယ်။ များတာကြာရင် Anemia သွေးအားနည်းတာဆက်ဖြစ်လာနိုင်တယ်။ ဘာလို့များနေလဲ -
• Uterine fibroids or polyps သားအိမ်အလုံး-အကျိတ်၊
• Miscarriage ကိုယ်ဝန်ပျက်ခြင်း၊
• Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊
• Blood thinners သွေးကျဲဆေး၊ Steroids (စတီရွိုက်) ဆေးသောက်နေရခြင်း၊
• Birth control pills ကိုယ်ဝန်တားဆေး ပြောင်းသောက်ခြင်း၊
• Clotting disorders သွေးမခဲရောဂါ၊ ဥပမာ Willebrand's disease ရောဂါ၊
• Cancer of the uterus သားအိမ်-ကင်ဆာ၊
• အကြောင်းခံရောဂါမရှိသူတွေမှာ ရာသီဆင်းတာ သူများထက်များနေရင် Oral contraceptives ကိုယ်ဝန်တား စားဆေး သုံးနိုင်တယ်။
• IUD သားအိမ်ထဲပစ္စည်းထည့်သူဆိုရင် Mirena အမျိုးအစားသုံးရင် နည်းစေတယ်။
• Lysteda ဆေးလဲပေးနိုင်တယ်။ သူကနေ သွေးခဲတာအားပေးတယ်။ ဆရာဝန်ပေးမှသာသောက်ပါ။

၃။ Bleeding In Between Periods ကြားရက် သွေးဆင်းနေရင် -
• ဘာမဟုတ်တာလေးတွေလဲ အရင်စဉ်းစား ပြုပြင်ရမယ်။
- တားဆေးသောက်ဘို့ မေ့သွားတာ။
- မွေးလမ်းမှာ အနာ ဖြစ်နေတာ။
• သိပ်ဆိုးဝါးတာတွေလဲ ရှိတယ်။
- Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊
- Cancer ကင်ဆာ။

၎။ Painful Period ရာသီလာလို့ တအားနာနေရင် -
• ရာသီလာတာ အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ ရာသီလာချိန်မှာနာတာကို Dysmenorrheal ခေါ်တယ်။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ (သပ်သပ်ရေးထားပါတယ်။)
• ရာသီလာချိန်နာတာကို NSAIDs (စတီရွိုက်) မပါတဲ့ အများသုံး အကိုက်-အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။
• သတိထားရမှာတွေကတော့ -
- Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့
- Fibroids (ဖိုက်ဘရွိုက်) သားအိမ် အကျိတ်ရောဂါတွေ ပါတယ်။ ဆေးစစ် ကုသရလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

Q 1: ကျွန်မမှာလဲ ရာသီမမှန်တဲ့ ပြဿနာ ရှိပါတယ်။ ရာသီစလာတဲ့ အရွယ်ကတည်းက ခုထိမမှန်တာပါ။ အခုအသက်က ၂ဝ ပါ။ အရင်တုန်းက အတော်လေး ပိန်ပါတယ်။ ခုနောက်ပိုင်းတော့ ဝချင်လို့ အစားတွေစား လေ့ကျင့်ခန်းတွေလုပ်နဲ့ ဝလာတယ်။ သွေးအားကတော့ နည်းပါတယ်။ ပုံမှန် ၉ဝ-၆ဝ ပဲရှိပါတယ်။ Folic acid ပါတဲ့ Vifron အားဆေးလဲ သောက်ပါတယ်။ ရာသီ မမှန်တာကတော့ တခါတလေ ၃ လလောက်အထိ ကြာတတ်ပါတယ်။ အာရှတော်ဝင်မှာ တစ်ခါ သွားပြပါတယ်။ OG က ဓါတ်မှန်တွေ ရိုက်ခိုင်းပါတယ်။ သွေးလဲစစ်ရပါတယ်။ ဒါပေမဲ့ စစ်ဆေးတာ ဆွေးနွေးတာ အချိန် နည်းနည်းပဲ ပေးပါတယ်။ Polycystic Ovarian Syndrome အဲဒါနဲ့ပတ်သက်တာ စစ်ရဲ့လားလဲ မသိပါဘူး။

ကျား-ဟော်မုန်းနဲ့ ပတ်သက်တာလဲ စစ်ရဲ့လား မသိဘူး။ အဲဒါနဲ့ နောက်တခါ ဆေးခန်း မပြဖြစ်တော့ပါဘူး။ ကြားဖူးတာက လည်ပင်းက သိုင်းရွိုက် အကျိတ် ကြောင့်လဲ ဖြစ်တတ်တယ်ဆို ဟုတ်လားဆရာ။ သိုင်းရွိုက်-အကျိတ်နဲ့ မိန်းကလေး ရာသီလာတာ ဆက်စပ်မှု ရှိရင်လဲ ပိုစ့်တစ်ခု တင်ပေးရင် ဝမ်းသာမှာပါဆရာ။

Polycystic ovary syndrome (PCOS) ဆိုတာ အပျိုပေါက်ကနေ သွေးဆုံးအရွယ်အထိ အမျိုးသမီးများမှာ ၅-၁ဝ% ရှိနိုင်တယ်။ ကလေးမရနိုင်ခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ကဖြစ်တတ်။ အဝလွန်သူ၊ မျိုးဥမထွက်သူ၊ ရာသီ နည်းသူ- မမှန်သူ-မလာသူ။ နောက်ပြီး၊ ယောက်ျားနဲ့ ဆင်တူတဲ့ လက္ခဏာတွေဖြစ်တဲ့ ဝက်ခြံပေါက်၊ မျက်နှာ အဆီပြန်ဆိုတာတွေက Androgen ကျားဟော်မုန်း သတ္တိကဲတဲ့ သင်္ကေတတွေရှိသူ။

မကြာမကြာ တွေ့ရတတ်တဲ့ မျိုးဥအိမ်အလုံးခေါ်တဲ့ Ovarian cyst ဖြစ်တိုင်းလည်း PCOS မဟုတ်သလို PCOS ရှိတိုင်းလဲ မျိုးဥအိမ် ကြီးနေတာ ဖြစ်ချင်မှ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရာသီနည်းတိုင်း၊ မမှန်တိုင်း၊ အဝမလွန်-အလွန် မပိန်ရင်၊ ဒီရောဂါမျိုး မစိုးရိမ်ပါနဲ့။ ကလေးဖွါးဘူးရင်လဲ ဖြစ်ဘို့ နည်းတယ်။ မိန်းမပီသသူတွေ စိုးရိမ်စရာမလိုပါ။ မ-လိုလို၊ ကျား-လိုလိုဆိုရင် လိုတယ်။ စိတ်က “ယောက်ျားမိန်း” ဖြစ်နေတာထက် ရုပ်က ဖြစ်နေရင် စစ်ဘို့ လိုတယ်။ ဝက်ခြံထူ၊ ကိုယ်မွှေးကြမ်း၊ နှုတ်ခမ်းမွှေး ရေးရေး ဆိုတာမျိုး ပြောတာပါ။

Amenorrhea ရာသီမလာခြင်းရဲ့အကြောင်းရင်းဟာ (၁) Hypothalamic-pituitary-ovarian axis ဖိုခနောက်ဆိုင် အကြောင်းသုံးပါး၊ (၂) မွေးလမ်းကြောင်း ခန္ဓာဗေဒ ပုံမှန်မဟုတ်လို့နဲ့ (၃) ဇီဝအလုပ် မမှန်တာတွေကြောင့် ဖြစ်ရပါတယ်။

Hypothalamic အကြောင်းရင်းဆိုတဲ့ထဲမှာ ဦးနှောက်-ကင်ဆာလဲ ပါတယ်။ Pituitary causes ဆိုတာကတော့ နို့ထွက်စေတဲ့ ဟော်မုန်း Prolaction သိပ်များနေရင်၊ ဒါမှမဟုတ် Pituitary ကင်ဆာ၊ အမှန်က ဦးနှောက်ကင်ဆာပါဘဲ။ သူ့ကို ဓါတ်ကင်လို့လဲ ဖြစ်ပါတယ်။ Ovarian မျိုးဥအိမ် အကြောင်းခံထဲမှာ Hyperandrogenemia ခေါ်တဲ့ ကျားဟော်မုန်းတွေ သိပ်များနေရင်၊ ဓါတ်ကင်ရရင်၊ ကင်ဆာဆေး သောက်ရရင် ဖြစ်တယ်။

အမျိုးသမီး မွေးလမ်းကြောင်းမှာ ပြဿနာတခုခု ရှိတာရဲ့ ဥပမာကတော့ သားအိမ်အတွင်းမယ် တွယ်ကပ်မှုတွေ ဖြစ်နေတာ၊ Imperforate hyman အပျိုမြှေး လုံးဝပိတ်နေတာနဲ့ Vaginal septum မွေးလမ်းကြောင်းမှာ အကန့် ပါနေတာတွေ ပါတယ်။

အပျိုမြှေး လုံးဝပိတ်နေတာမျိုးက မိန်ကလေးတယောက် အရွယ်ရောက်ချိန် လွန်တာတောင် ရာသီပန်း မပွင့်သေးတာမျိုး။ အသက် ၁၄-၁၅ နှစ်အထိ ရာသီမလာရင် ဆရာဝန်ပြပါ။ မသိဘဲ ကြာသွားလို့ ဗိုက်ကလေးက ဖေါင်းဖေါင်းလာ၊ မအေက ရာသီအကြောင်းမေး၊ မလာသေးဘူး ပြောတော့ တမျိုးထင်။ ကံဆိုးရင် အရိုက်ခံရ။ နှိပ်စက်ပြီး ပုလိပ်စစ်စစ်ခံရမယ်။ နောက်ဆုံးမှ ကျန်းမာရေး အသိရှိသူတွေ စောင်မလို့ ဆရာဝန်လာပြတယ်။ အပျိုမြှေးမှာ ထုံဆေးလေးထိုး၊ ခွဲစိတ်ဒါးနဲ့ ဒေါင်လိုက်တချက် ကန့်လန့်တချက် ခွဲပေးလိုက်တာနဲ့၊ လားလာ့း့ အမဲ-အညို၊ နောက် နီညိုညို-အနီ ရာသီသွေး ဟောင်းတွေ ဒလဟော ဆင်းလာတာ၊ ဒီလိုဝေဒနာမျိုး နှစ်ခါမက လုပ်ပေးရဘူးတယ်။ မြို့သာမှာ တာဝန်ကျတုံးကပါ။

မွေးလမ်းကြောင်းမှာ မွေးရာပါ အကန့်ရှိနေတာကို ခပ်ရှားရှား ဆေးကျောင်း ဘဝမှာ တွေ့ဘူးတယ်။ ပါမောက္ခ-မမတွေက ဆေးကျောင်းသားများကို သင်ကြားဘို့ ရှားတာမှန်သမျှ စုထားကြရတယ် မဟုတ်လား။ “အာစရိရ-ကျေးဇူး”၊ “ဂီလာန-ကျေးဇူး” အထူး မမေ့ပါ။

တခြား အကြောင်းရင်းတွေလဲ ရှိသေးတယ်။ “မီးယပ်ပိန် မီးယပ်ခြောက်”လို့ အခေါ်ခံရသူမျိုး။ မော်ဒယ် (ငါးဖေါင်ရိုးခြောက်) သင်တန်းသူများ။ နာတာရှည် ရောဂါသည်၊ စိတ်ဖိစီးမှု ခံစားနေရသူ၊ မူးယစ်ဆေးစွဲသူ၊ လေ့ကျင့်ခန်းလုပ်တာ များလွန်းသူ၊ ပဋိသန္ဓေ တားဆေးနဲ့ အဆင်မပြေသူ ဆိုတာတွေ ဖြစ်တယ်။ အာဟာရချို့တဲ့သူတွေလဲ ပါတယ်။ (အီသီယိုးပီးယာ) နဲ့ မြန်မာဟာ အကြောင်းခံမှာ တမျိုးစီပေမဲ့ အကျိုးပေးတူကြတယ်။ ဂုဏ်မယူစရာပေါ့ဗျာ။

(သိုင်းရွိုက်) ရောဂါ
ရာသီမမှန်တာနဲ့ လည်ပင်းကြီးရောဂါ သိပ်တော့ မဆိုင်ပါလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လည်ပင်းကြီး ဟော်မုန်းဓါတ် လွန်ကဲနေသူမျိုးမှာ ပြဿနာ ရှိပါတယ်။ လည်ပင်းက မြင်သာအောင် ကြီးချင်မှ ကြီးနေလိမ့်မယ်။ ရင်တုံမယ်၊ နှလုံးခုန် မြန်မယ်။ အိမ်ထောင်သည်ဆိုရင် သူ့ခင်ပွန်းကအရင် ဇနီးသည် မူပြောင်းလာတာကို သတိကောင်းကောင်း ထားမိလာမယ်။ စိတ်တို-စိတ်ဆိုးတာ များပြီး၊ ဘာလုပ်လုပ် ဟောဟောဒိုင်းဒိုင်း။ တက်ကြွသလား မမေးနဲ့၊ သူကချည်း ရှေ့က။ “ကွိုင်”မှာက ညအိပ်ရင် သူကသာ ပန်ကာ-ပြူတင်း ဖွင့်အိပ်ချင်လိမ့်မယ်။ ပို အိုက်တတ်တာကိုး။

ဒီလိုဖြစ်လာရင် ဆရာဝန်ပြပါ။ Thyroid essay စစ်ဆေးလိမ့်မယ်။ များနေရင် ဆေးပေးမယ်။ အရင်က စားဆေးသာရှိပေမဲ့ ခုခေတ်မှာ အနုမြူဆေး ကြွေးတာ ထိရောက်ပါတယ်။ မပျောက်ခင် ရာသီရော ကိုယ်ဝန်ကိစ္စတွေပါ မမှန်တာဖြစ်စေတယ်။ တလောက မိတ်ဆွေတဦးရဲ့ ဇနီးကို မြင်တာနဲ့ သံသယရှိလို့ ဆေးစစ်ခိုင်းရတယ်။ ဒိအရင် ကိုယ်ဝန်က ဗိုက်ထဲမှာတင် ကလေးအသေ Intra-uterine death (IUD) ဖြစ်လို့ ကုပေးရသေးတယ်။ အခု အနုမြူဆေးပတ်လည်လို့ အကောင်းပကတိ ဖြစ်နေပြီ။ အသိစောလို့သာပေါ့။ မျက်လုံးပါ လက္ခဏာပြနေပြီ။ လည်ပင်းကြီး-ဟော်မုန်းများ ရောဂါဟာ ကြာရင် မျက်လုံးပြူးလာတယ်။

မှန်ကြည့်ရင် ကိုယ့်မျက်လုံးကိုယ် သတိထားကြည့်ပါ။ “သမင်မ မျက်လုံး” ထက် ထူးပြီး၊ “ဇီးကွက် မျက်ပြူး” ဖြစ်နေသလား။

Q 2: ကျွန်မအသက် သုံးဆယ့်တစ်ပါ။ အခု (့) မှာပါ။ ကျွန်မမှာ တစ်နှစ်တစ်လ အရွယ် သမီးတယောက် ရှိပါတယ်။ ကျွန်မ သမီးကို ဗိုက်ခွဲပြီး မွေးတာပါ။ ကလေးက အခုထိ မိခင်နို့စို့တုန်းဘဲ။ ရာသီက ကလေးမွေးပြီး လေးဆယ့်ငါးရက်ထဲက ပုံမှန်လာပါတယ်။ ဒီတခါ ရာသီလာတဲ့ အချိန်မှာ ပုံမှန် မဟုတ်ဘဲ၊ ၅ ရက် စောလာပြီး၊ သွေးက တစက်တစတ်ဘဲ ဆင်းတယ်။ အခုလို သွေးတစက်တစက် ဆင်းနေတာ တလနည်းပါး ရှိတော့မယ်။ ကျမ မည်သည့် ကိုယ်ဝန် တားဆေးကိုမှ မသုံးစွဲခဲ့ပါ။ စိတ်ပူလို့ Pregnancy test နဲ့ စမ်းကြည့်တယ်။ Negative ဘဲပြတယ်။ စိုးရိမ်လို့ သူငယ်ချင်းတွေ မေးကြည့်တော့ သူတို့က ရာသီထိန်၊ ရာသီ ငုတ်တယ်လို့ ပြောကြတယ်။ ဒီက ဆေးခန်းကို ပြဖို့ကလဲ နားလည်မှု လွဲတတ်လို့ ဆရာ့ဆီက အကူအညီ တောင်းတာပါ။ ဘဲလို ဆေးမျိုး သောက်သင့်လဲနှင့် ရောဂါအကြောင်းကို ဖြေကြားပေးပါရှင့်။

ဘာမှ မစိုးရိမ်ပါနဲ့။ ရက်စောလာတာလည်း ကိစ္စမရှိပါ။ နည်းတာလဲ အဲလိုဘဲ။ မှန်လာပါလိမ့်မယ်။ ကလေးနို့တိုက်နေချိန်မှာ နောက်ကိုယ်ဝန်ရှိဘို့ ပိုနှေးတတ်တယ်။ ကလေးကို ၁ နှစ်ဆို နို့ဖြတ်သင့်ပြီ။ ၆ လ အရွယ်ကတည်းက အစာကြွေးရမယ်။ ဖြေးဖြေး တိုးတိုး ကြွေးပေါ့။ နို့ဖြတ်မှလဲ ကလေးက တခြားအစာ စားလာမယ်။

ဆီးစစ်လိုက်တာ ကောင်းတယ်။ အခုလို မရပ်သေးတာ သားအိမ်ခြစ်စရာလဲ မလိုဘူး။ ခပ်လွယ်လွယ် ဆေးနည်းပေးပါမယ်။ ကိုယ်ဝန်တားဆေး Contraceptive pill ကို သောက်နိုင်တယ်။ လူအများစုသောက်တဲ့ ဆေးပြောတာပါ။ ဆေးကပ်တိုင်းမှာ အရောင် ၂ မျိုး ပါတယ်။ အဖြူရောင် ၂၁ လုံးကို တနေ့ ၁ လုံးသောက်နေသမျှ သွေးမဆင်းပါ။ ရာသီရက် မမှန်သူတွေကို ဒီနည်းက အလွယ်ဆုံးဘဲ။ တချို့ကို အဲလို ၃-၄ လ အသောက်ခိုင်းရင် ပြန်မှန်သွားနိုင်တယ်။

ကလေးငယ်ရှိသူတွေကိုတော့ နို့ထွက်နည်းစေတတ်လို့ နောက်နည်း လုပ်ရတတ်တယ်။ မေးတဲ့လူအတွက်တော့ ဒီအရေး ပူစရာ မလိုလောက်ဘူး ထင်ပါတယ်။ ဟော်မုန်းတမျိုးထဲပါ တားဆေးက နို့ထွက်တာကို မထိခိုက်ပါ။

အထောက်အကူ ရစေအောင် ဗီတာမင် စီ ၅ဝဝ မီလီဂရမ် တနေ့ ၁-၂ ပြားသောက်ပါ။ သံဓါတ်နဲ့ ဖေါလစ်အက်စစ်လည်း သောက်ပါ။ ဗီတာမင် ဘီအုပ်စုလည်း သောက်ပါ။

Q 3: နားနဲ့မနာ ဖဝါးနဲ့နာပါ။ ဒီတစ်လ ဓမ္မတာလာတာ နဲနဲဆန်းတယ်။ အရင်လတွေကနဲ့ ပုံမှန် မဟုတ်လို့ပါ။ အရင်လက ၁၄ ရက် နေ့မှာ စပြီးတော့ ၁၄-၁၅ ဆက်တိုက် ဆင်းပါတယ် ၁၆ ရက်နေ့မှာ တန့်သွားပါတယ်။ ပြီးမှ ၁၇ နဲ့ ၁၈ ရက်မှာ ပြန်ဆင်းပါတယ်။ ဆရာ ရေးခဲ့တဲ့ စာတွေအရ စိတ်ဖိစီးမှုကြောင့်လို့ မှတ်ယူထားပါတယ်။ ဒီလကျတော့ ၁ ရက် နေ့မှာ စဆင်းပြီး၊ ၁ ရက် ၂ ရက် ၃ ရက် ဆက်တိုက်က သာမန်မဟုတ်ပဲ အခဲတွေ ဆင်းတယ်။ အရောင်ကတော့ ညိုညစ်ညစ် အရောင်မျိုးဖြစ်ပြီး၊ အနံ့နဲ့ ခံစားမှုတော့ မရှိပါဘူး။ ခါးကိုက်တာတို့ ဗိုက်နာတာတို့လဲ မရှိပါဘူး။ ပြီးတော့ ၄ ရက်နေ့က နေစပြီး ပုံမှန်အတိုင်း ပြန်ဆင်းတာကိုက အရမ်းများတယ်။ ဒီနေ့ထိတော့ မရပ်သေးပါဘူး။ အခု ရက်ပိုင်းတော့ နဲတော့ နဲသွားတယ်။ ဓမ္မတာ လာခါနီးဆို အဖြူဆင်းတယ်။ ဒါပေမယ့် ဒီတစ်ခေါက် အဖြူလဲ မဆင်းပါဘူး။ အဲဒါ ဘာကြောင့်ပါလဲ။ စိုးရိမ်စရာ ရှိပါသလား။ အရင်ကတော့ ရှမ်းပျိုမယ် သွေးဆေး သောက်ပါတယ်။ နာကျင်မှု အတွက် Dofenal 500 mg တစ်နေ့ တစ်လုံး သောက်ပါတယ်။ ကောင်းကျိုး-ဆိုးကျိုး ပြောပြပေးစေလိုပါတယ်။ နောက်ပြီး တလွဲ ယူဆထားတာက ဓမ္မတာလာရင် ခေါင်းမလျှော်ရ ဆိုတာလဲ ရှိပါတယ်။ မတည့်တဲ့ အစာတွေအဖြစ် ပြောင်းဖူးတို့ မာလကာသီးတို့ မစားရဘူး ဆိုတာလဲ ရှိပါတယ်။ အဲလိုမျိုးတွေလဲ တကယ်ရှိလား။ ဒါတွေနဲ့ ဆိုင်-မဆိုင်လဲ သိချင်ပါတယ်။ အသက်က ၂၂ နှစ်ပါ။

မိန်းကလေးတွေ၊ အမျိုးသမီးတွေ ရာသီ မမှန်တတ်တာ အတော်များများ ဖြစ်ကြရတယ်။ များသောအားဖြင့် စိုးရိမ်စရာမလို၊ ဆေးကုစရာ မလိုတတ်ပါ။ အသက်ငယ်တုံး၊ အပျိုဘော်ဝင်စနဲ့ သွေးဆုံးခါနည်းရင် မမှန်ဘူး။ အခုလို ၂၂ နှစ် အရွယ် ကတော့ မှန်သင့်တဲ့ အရွယ်လို့ ပြောနိုင်တယ်။ ဒါလဲဘဲ သိပ်မစိုးရိမ်ပါနဲ့။

ရာသီဆင်းတယ်ဆိုတာ၊ မျိုးပွါးလမ်းကြောင်း ခန္ဓာဗေဒ ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝကမ္မ ဖြစ်စဉ်ခေါ်တဲ့ အလုပ်ပိုင်း ဆိုင်ရာတွေ ကောင်းမွန်၊ မှန်ကန်နေရမယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကလည်း သက်ရောက် လွှမ်းမိုးသေးတယ်။ ပယောဂ ပြောရမဲ့ သက်ရောက်လာမှုတွေလည်း ထည့်တွက်ရသေးတယ်။ ပယောဂ ဆိုတာ ဗိန္ဓော-ရမ်းကု ပြောတာ မဟုတ်ဘူးနော်။ ပြင်ပကနေ တခုခု ဖြစ်စေတာကို ဆိုချင်တာ။ ဆိုပါစို့ တခြား နေမကောင်းတာရှိလို့ ဆေးသောက်တာကနေ ရာသီဖြစ်စဉ်ကို လာထိခိုက်တာမျိုး။

ဆေးခန်းမှာ ဆရာဝန်လုပ်တဲ့လူက သူတို့စကား မတတ်လို့ ဆရာမတွေဆိုတာက စကားပြန်ရော သူနာပြုပါ လုပ်ကြရတယ်။ အမျိုးသမီး လူနာတွေကို ဘယ်လိုမေးပါ သင်ပေးထားတယ်။ “ရာသီမမှန်” လို့ ဘာသာပြန်ပေးရင်၊ “ဒါနဲ့ မရသေးဘူး။ မမှန်ဘူးဆိုတာ၊ မလာတာ၊ နည်းတာ၊ များတာ၊ အကုန်လုံး မမှန်တာချည်းဘဲ။”

ရာသီများရင် တမျိုး၊ များတာက ရက်လဲပိုနိုင် ဆင်းတာလဲ များနိုင်တယ်။ ထိန်ပြီးမှ များများဆင်းတာက အိပ်ထောင်သည် ဆိုရင် (သမီးရည်းစား လည်းပါတာပေါ့) သားပျက်တာလား။ ဆယ်ကျော်သက်လဲ မဟုတ်၊ ၄၅ နှစ်လည်း မရောက်သေး၊ အိမ်ထောင်လဲ မရှိရင် တခြားဟာတွေ စဉ်းစားရပြီ။

မေးတာတွေ ကုန်ရင် စစ်တာ လိုလာနိုင်တယ်။ ကိုယ်ဝန်ရှိ-မရှိစစ်တာ ခုခေတ်မှာ ဆရာဝန်ပါစရာ မလိုဘူး၊ သူတို့ဖါသာ စစ်လို့ ဘာမှန်းမသိမှ ဆရာဝန် လာပြသူတွေလည်းရှိတယ်။ ဒီလို ပုံမှန်မဖြစ်တာကို မွေးလမ်းကြောင်းစမ်းတာ လိုနိုင်တယ်။ သွေးစစ်၊ (အာလ်ထွာဆောင်း)၊ ဓါတ်မှန်၊ စတာတွေလိုချင် လိုအုံးမယ်။

Dofenal ဆေးက Mefenamic acid ဖြစ်တယ်။ အနာ-အကိုက်-အဖျား သက်သာဆေးဖြစ်တယ်။ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ် တို့မှာ ဒီနံမယ်နဲ့ ရောင်းတယ်။ ၂၅ဝ-၅ဝဝ မီလီဂရမ် ကို တနေ့ ၃ ကြိမ်အထိ သောက်နိုင်တယ်။ အစာနဲ့ နီးရမယ်။ ၇ ရက်ထက် ပိုမသောက်သင့်ဘူး။ အသဲ၊ ကျောက်ကပ် မကောင်းရင်၊ အစာအိမ်နာရှိရင်၊ ပန်းနာ၊ ရေခမ်းခြောက်တာ ရှိနေရင် မသောက်သင့်ဘူး။

သွေးဆေးအကြောင်းကို ဆေးပညာမှာ သုတေသနလုပ်ထားတာ မရှိသေးဘူး။ ဆရာဝန်တွေရဲ့ အမေ၊ အဒေါ်၊ အမတွေ ကတော့ လက်စွဲဘဲ။ ရာသီဖြစ်စဉ်နဲ့ ပြောင်းဖူး၊ မာလကာသီး၊ ခေါင်းလျှော်တာတွေရဲ့ ပတ်သက်မှုကို သင်ဘူး ဖတ်ဘူးတဲ့ ဆေးစာတွေမှာတော့ မတွေ့ရသေးဘူး။ စာဖတ် နည်းသေးလို့လားတော့ မသိဘူး။ ရှာပါအုံးမယ်။

ဒီအဖြစ်မျိုးက မေးတဲ့သူကို ဆေးနည်းလှမ်းပေးလို့ မကောင်း-မမှန်နိုင်ဘူး။ ရောဂါဆိုးလို့ ပြောတာတော့ မဟုတ်ဘူးနော်။ မေးမြန်း-စစ်ဆေးပြီးရင် တချို့အတွက် ကုရတာ လွယ်လွယ်လေးနဲ့ ပြီးတာတွေ ရှိတယ်။ OG ဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ် ပြသင့်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)

• I'm Not Pregnant သွေးဆင်းရင် ကိုယ်ဝန်မရှိဘူးပေါ့။
ကံသေကမ္မ ပြောမရသေးပါ။ ရာသီသွေး ဟုတ်ပါရဲ့လား။ Early pregnancy ကိုယ်ဝန်ရှိစမှာလဲ သွေးဆင်းတတ်တယ်။ Morning sickness ကိုယ်ဝန်ရှိစလက္ခဏာတွေ ရှိသလား သတိထားပါ။ Urine pregnancy test သေခြာအောင် ဆီးစစ်ပါ။ Miscarriage ကိုယ်ဝန်ပျက်လို့လဲ ဆင်းတယ် မဟုတ်လား။ Ovulation မျိုးဥ ထွက်တော့လဲ နဲနဲဆင်းတတ်တယ်။ ဒါဆိုရင် ကိုယ်ဝန် မဟုတ်ဘူး။ ရာသီသွေးလဲ မဟုတ်ဘူး။

• Skip a Period ရာသီမလာတာ ဘာလို့လဲရှင့်
မပူပါနဲ့။ ရာသီ မမှန်တာ မကြာခဏ ဖြစ်တတ်ပါတယ်။ အပျိုဖြစ်စ ၅-၇ နှစ်အတွင်းမှာ ပိုဖြစ်တတ်တယ်။ ကိုယ်ဝန်ကို အရင် စဉ်းစားရမှာတော့ သေခြာတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု၊ ကိုယ်အလေးချိန်များတာ၊ ပိန်လွန်းတာ၊ လေ့ကျင့်ခန်း-အားကစား လုပ်တာများရင်၊ ကျန်းမာရေး မကောင်းတာ စတဲ့အချက်တွေကနေလဲ ရာသီကို တမျိုးတမည် ဖြစ်စေနိုင်တယ်။ ရာသီတလ ဆိုတာ ၂၈ ကနေ ၃၅ ရက်အထိ ကြာတတ်တယ်။ ဒိထက်ကျော်နေရင် ဆရာဝန်ပြပါ။

• Tampons ရာသီလာတုံးသုံးတဲ့ (တင်မ်ပွန်) ကြောင့် ဘာဖြစ်နိုင်ပါသလဲ
ရာသီလာလို့ ဆင်းတာတွေကို စုပ်ယူစေဘို့ အရင်ကတော့ (ပက်) ခေါ်တဲ့ အခုအခံကို သုံးတယ်။ အခုလဲ အများစုက သုံးပါတယ်။ နောက်ပိုင်းမှာ ဗဂျိုင်းနားထဲကို ထည့်သွင်းထားရတဲ့ (ကော်တွန်) နဲ့လုပ်ထားတဲ့ (တင်မ်ပွန်) ခေါ်တဲ့ ပစ္စည်းလေးကို သုံးလာကြတယ်။ (တင်မ်ပွန်) ကြောင့် Toxic Shock Syndrome (TSS) ဆိုတာဖြစ်ရင်တော့ အရေးကြီးတယ်။ ဗက်တီးရီးယားဝင်လို့ အသက်ကိုပါ ရန်ရှာနိုင်တယ်။ ဖြစ်တာ အလွန်ကိုရှားပါးပါတယ်။ ကိုယ်ပူလာ၊ ချမ်းလာမယ်၊ ဗိုက်အောက်ပိုင်း နာလာမယ်ဆိုရင် ဆရာဝန်ပြပါ။ အနီပြင်လဲ ထွက်နိုင်တယ်။ ဗဂျိုင်းနားထဲ ကြာကြာမထားပါနဲ့ အသစ်လဲပေးပါ။

• Tampon Sizes (တင်မ်ပွန်) အရွယ်အစား
Junior အငယ်၊ Regular ပုံမှန်၊ Super အကြီး နဲ့ Super plus မဟာအကြီးစားတွေ ရှိပါတယ်။ ပျမ်းမျှအရွယ်တခုကနေ သွေး-အရည် လဘက်ရည်တဇွန်းစာ စုပ်ယူနိုင်တယ်။ တခုကို ၄-၆ နာရီတခါ လဲပေးသင့်တယ်။ ညအချိန်အိပ်ချိန်မှာ (ပက်) ကို ပိုသုံးတာကောင်းတယ်။ TSS မဖြစ်စေနိုင်ဘူး။

• Too Heavy ရာသီဆင်းတာများရင်
တလမှာ ဆင်းတာ လဘက်ရည်ဇွန်း ၄-၁၂ အထိရှိနိုင်တယ်။ တနေ့မှာ Pad, Minipad (ပက်) ဖြစ်ဖြစ် (တင်မ်ပွန်) ၁ဝ ခုမက သုံးရတယ် ဆိုရင်၊ တနာရီတခါ လဲပေးနေရရင်တော့ ဆရာဝန်ပြပါ။

• How Long တခါလာ ဘယ်လောက်ကြာသလဲ
အများစု အမျိုးသမီးတွေ ရာသီတခါလာရင် ၃-၅ ရက်ကြာတယ်။ ၂-၇ ရက်အထိလဲ မစိုးရိမ်ပါနဲ့။ ဒါထက်ကြာရင် ဆရာဝန်ပြပါ။ သွေးဆင်း များရင်တော့ Anemia သွေးအားနည်းစေတတ်လို့ သံဓါတ်ဆေး နဲ့ အစားအစာ အပိုလုပ်ပါ။

• Pregnant During Period ရာသီလာနေတုံး အတူနေရင် ကိုယ်ဝန်မရဘူး မဟုတ်လား။
ရာနှုန်းပြည့်တော့ မရဘူးမပြောနိုင်သေးပါ။ ကိုယ်ဝန်ဆိုတာ မျိုးဥထွက်တာနဲ့သာဆိုင်တယ်။ ရာသီလာတာနဲ့ မဆိုင်ဘူး။ မျိုးဥက ရာသီမလာခင်ကလေး ထွက်ထားရင် ကိုယ်ဝန်ရချင် ရနိုင်တယ်။ တနေ့ကဘဲ မိန်းကလေးတယောက်က မေးသေးတယ်။ ရာသီရက်ထဲမှာ အကာကွယ်မပါဘဲ အတူနေမိလို့ ဆီးစစ်တော့ အပေါင်းပြနေသတဲ့။

• Cramps ရာသီလာရင် ဗိုက်နာတာ ဘာလုပ်ရမလဲ
Acetaminophen (Paracetamol), Ibuprofen, or Naproxen ဆေးတမျိုးမျိုးသောက်ပါ။ ဟော်မုန်းပါ ကိုယ်ဝန်တားဆေး သောက်ရင်လဲ သက်သာတယ်။ ရေနွေးအိတ်ကပ်ပါ။ ရေနွေးနဲ့ ရေချိုးပါ။

• Bloating ဗိုက်ကယ်-လေပွရင်ကော
အောက်ပိုင်းက ဝတ်ရတာ နဲနဲကြပ်လာမယ်။ ဒီအချိန်မှာ ရေက ခါတိုင်းထက်ပိုအောင်းတတ်လို့ဖြစ်တယ်။ အစားအသောက် ဆင်ခြင်ပါ။ အသီးအနှံ၊ အသီးအရွက်ပိုစားပေးပါ။ အငန်လျှော့စာပါ။

• PMS Symptoms ရာသီမလာခင်ဖြစ်ချင်တာတွေ
အနည်းနဲ့ အများခံစားရတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အငန်လျှော့စား၊ ကော်ဖီလျှော့သောက်၊ စိတ်မူပြောင်းတတ်သူက သတိထားဆင်ခြင်နေထိုင်ပါ။ လိုအပ်ရင် ဆရာဝန်ပြပါ။ Vitamin E, Calcium နဲ့ Magnesium ဆေးတွေ ပေးတတ်တယ်။

• Junk Food ဆိုင်မှာ အလွယ်ဝယ်ရတဲ့အစားတွေ၊
ခေတ်ပေါ်အစားအစာတွေ ရှောင်ပါ။ အိုက်စခရင်မ်၊ ချောကလက်၊ အာလူးကျော် သကြား၊ အဆီ၊ ကျော်တာတွေ မသင့်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Amenorrhea ရာသီထိန်ခြင်း၊ ရာသီမလာခြင်း

1. ဆရာရှင့် သမီးဆီးလည်းစစ်တာ ၂ ခါရှိပါပြီ။ ရာသီမလာတာလည်း ၁ လပြည့်ပါတော့မယ်။ ဆီးစစ်တာလည်း မျဉ်းတကြောင်းဘဲ ပေါ်ပါတယ်ဆရာ။ အဲ့လိုမျိုး ဖြစ်တတ်ပါသလားရှင်။ မလာရင်ဘယ်လိုမျိုးဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲရှင်။ ရာသီလာအောင် ဘယ်လိုမျိုးလုပ်သင့်ပါသလဲဆရာ။ အရင်က တကြိမ်တခါမျှ အခုလိုမဖြစ်ဘူးပါဘူးရှင်။ ပြီးခဲ့တဲ့ ၉ လပိုင်းထဲက မလာတာပါ ခုဆိုရင် ၁ လပြည့်တော့မယ်ဆရာ။ သမီးကိုယ်တိုင်က ကလေးမလိုချင်စိတ်များနေရင်ကော ဖြစ်တတ်ပါသလားဆရာ။
2. ဆရာကျွန်မအသက်က ၃၅ ပါ။ အိမ်ထောင်ကျတာ ၈ နှစ်ရှိပါပြီဆရာ။ ကလေးမရှိပါ။ ၂ဝ၁ဝ ကနေ ၂ဝ၁၂ လောက်ထိ မာဘလွန်၂၈ သောက်ပါတယ်ဆရာ။ ၂ဝ၁၃ လောက်ကစပြီး မသောက်တော့ပါ။ မသောက်တော့သည့်လမှစပြီး ရာသီမလာတာခုထိပါဆရာ။ ကျန်ခဲ့တဲ့ ၆ လလောက်က မာဘလွန် ပြန်သောက်တော့ ပြန်လာပါတယ်ဆရာ။ အဲဒိနောက်ပိုင်း မသောက်တော့ မလာတော့ပါဘူးဆရာ။ ဆေးခန်းတခေါက်ပြဖူးပါတယ်ဆရာ scan လဲဖတ်ပါတယ်ဆရာ။ ဗိုက်ထဲမှာတော့ အလုံးတို့ဘာတို့မရှိဘူး ပြောပါတယ်။ ဆေးပေးပါတယ်ဆရာသောက်လို့ကုန်တဲ့အထိရာသီမလာပါဘူးဆရာ နောက်တခေါက် မသွားတော့ပါဆရာ။့ မှာက ဆေးခန်းတခေါက်သွားတာ ၂၅ဝ ကျော်ကျလို့ပါဆရာ။ ဘာဆေးများ ဝယ်သောက် ရမလဲဆရာ။ စိုးရိမ်စရာရှိပါသလားဆရာ။
3. ကျွန်မ တားဆေးကို နှစ်နှစ်ခန့်သောက်ခဲ့ပြီးနောက် ဆေးကို ရပ်လိုက်ပါတယ်။ သောက်လက်စ ဆေးကဒ်အကုန် ရာသီလာအပြီးမှာ နောက်တစ်ကဒ် မသောက်တော့ဘဲ ရပ်လိုက်တာပါ။ အခု တစ်လနေတော့ ရာသီလာရမယ့် အချိန်မှာ မလာဘဲဖြစ်နေပါတယ်။ ရက်ကျော်တာ (၇) ရက်ရှိပါပြီ။ Test နဲ့ စစ်ကြည့်တော့လည်း Negative ဖြစ်နေပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ။ ဆေးခန်း သွားဖို့လိုမလား။ လမမှန်ရင် ကလေးရောရနိုင်ပါ့မလား သိချင်ပါတယ်။
4. ကျမညီမလေး၊ အသက် ၃ဝ၊ အပျို၊ ရာသီမလာတာကြာနေလို့ (့) ကို သွားကုတာ၊ တားဆေး သောက်ခိုင်းတယ်။ သောက်နေတုံးမှာ လာတယ်။ မသောက်တော့ မလာတော့ပြန်ဘူး။
အရင်ဆုံး ဗိုက်နဲ့ တင်ပါးဆုံနေရာကို (အာလ်ထွာဆောင်း) ရိုက်ပါ။ စာတပုဒ်ရေးပါမယ်။ ညီမလေးဆီ ပို့လိုက်ပါ။

ရာသီထိန်တာ ရာသီမလာတာ ရောဂါ မဟုတ်ပါ။ ရောဂါလက္ခဏာတခုသာ ဖြစ်တယ်။ ရာသီမလာစေတဲ့ အခြေခံ တခုခုရှိမယ်။ ရာသီမလာခြင်း (၂) မျိုးရှိတယ်။
၁။ Primary Amenorrhea မွေးကတည်းက ရာသီမလာတာ နဲ့
၂။ Secondary amenorrhea အရင်ကလာဘူးပြီး နောက်မှာမလာတာ၊

၁။ မွေးကတည်းက ရာသီတခါမှ မလာသေးခြင်း
မိန်းကလေးတယောက် အရွယ်ရောက်ချိန် ဖြစ်ပါရက်နဲ့ ၁၆ နှစ်သမီးလောက်အထိ ရာသီတခါမှ မလာတာကို ခေါ်တယ်။ အပျိုဖြစ်နောက်ကျတာ ဖြစ်နိုင်တယ်။ လူကသိပ်ပိန်နေသူတွေ၊ အားကစား ပြင်းပြင်းထံထံ လုပ်သူတွေ၊ ငယ်ငယ်ကတည်းက (ဘဲလေး)၊ (မာရသွန်)၊ ဂျွမ်းဘားကစားတဲ့ မိန်းကလေးတွေမှာ ရာသီလာတာ နောက်ကျတတ်တယ်။

အဲဒါတွေ မဟုတ်ရင် ရောဂါတခုခုကို စဉ်းစားရမယ်။
• မွေးရာပါ မျိုးပွါးအင်္ဂါတွေ ချို့ယွင်းနေတာ၊ ဥပမာ သားအိမ် မပါတာ၊ ဗဂျိုင်းနား မပါတာ၊ Vaginal septum ဗဂျိုင်းနား အခန်း ၂ ကန့်ဖြစ်နေတာ နဲ့ Imperforate hymen အပျိုမှေး ပိတ်နေတာ။
• Hypothalamic Problems and Pituitary Disease ဦးနှောက်ထဲက (ပစ်ကျူထရီ) အကျိတ်ရောဂါ၊ (ဟိုက်ပိုသဲလ်မတ်စ်) ရောဂါ၊
• Ovulation Abnormality မျိုးဥထွက်စေမဲ့ (ခရိုမိုဇုမ်း) တွေက ပုံမှန်မဟုတ်တာ၊
• အဝလွန်တာ၊ လည်ပင်းကြီးနဲ့ဆိုင်တဲ့ (Hypothyroidism ဟော်မုန်းနည်းတာ၊ Hyperthyroidism ဟော်မုန်းများတာ)။
• Turner’s syndrome လိင် (ခရိုမိုဇုမ်း) ရောဂါဖြစ်နေတာ၊ (ခေါင်းကိုက်၊ နို့ရည်ထွက်၊ လူက ပိုဝလာ၊ ဝက်ခြံပေါက်၊ လိင်စိတ်ပြောင်းလဲ၊ စကားသံ နိမ့်လာ၊ မျက်နှာမှာ အမွှေး ပိုပေါက်၊ မျက်စိကြည့်ရ မကောင်း ဖြစ်လာတာတွေရှိမယ်။)

၂။ အရင်က လာပြီးနောက်မှ ရာသီမလာခြင်း
• ကိုယ်ဝန်ကို အရင်ဆုံးစဉ်းစားရမယ်။
• သွေးဆုံးချိန်စောတာလဲ ထည့်တွက်ရမယ်။
• တချို့ သန္ဓေတားဆေး-တားနည်းတွေက ရပ်လိုက်ပေမဲ့ ၃-၆ လ အထိ ရာသီ ပြန်မလာတာ ဖြစ်တတ်တယ်။
• Busulfan, Chemotherapy, Chlorambucil, Cyclophosphamide, Phenothiazines ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။

• ဘဝလူနေမှုပုံစံကြောင့် ဖြစ်နိုင်တာတွေလဲ ရှိတယ်။
- စိတ်ဖိအားများနေချိန်၊ စိတ်ဓါတ်ကျနေချိန်၊ ကလေးနို့တိုက်နေချိန်၊
- ကိုယ်လက် လှုတ်ရှားမှု သိပ်များနေသူ။ နာတာရှည် ရောဂါတခုခု ခံစားနေရသူ၊
- အစာအာဟာရ ချို့တဲ့သူ၊ အဆီ 15% - 17% body ထက်နည်းနေသူ၊
- ချက်ချင်း ပိန်ကျသွားသူတွေမှာ ပိုဖြစ်လာနိုင်တယ်။

အခြေခံရောဂါရှိသူတွေဆိုရင် -
1. Ovary မျိုးဥအိမ်ကြောင့် ၄ဝ%၊ Polycystic ovary syndrome (PCOS) မျိုးဥအိမ်မှာ အကျိတ်လေးတွေ ရှိနေတဲ့ရောဂါ၊ (လူဝမယ်၊ ကိုယ်မွှေးတွေပိုပေါက်မယ်၊ ဝက်ခြံထွက်မယ်၊)။
2. Hypothalamus (ဟိုက်ပိုသဲလမတ်စ်) ကြောင့် ၃၅%၊
3. Pituitary (ပစ်ကျူထရီ) ကြောင့် ၁၉%၊
4. Uterus သားအိမ်ကြောင့် ၅%၊ Uterine scarring (Asherman's syndrome) ကိုယ်ဝန်ပျက်-ဖျက်လို့ သားအိမ်ခြစ်ရာကနေ သားအိမ်ထဲ အမာရွတ်၊
5. တခြားအကြောင်းတွေကြောင့် ၁% ဖြစ်တာတွေ့ရတယ်။

ဆေးစစ်တဲ့အခါ ရောဂါရာဇဝင်မေးတယ်၊ အထွေထွေစစ်ဆေးတာ၊ လိင်အင်္ဂါနေရာတွေ စစ်ဆေးတာ လုပ်တယ်။
• Pregnancy test ကိုယ်ဝန်ရှိ-မရှိ စစ်သင့်တယ်။
• Blood tests သွေးထဲက ဟော်မုန်းအခြေအနေတွေကို စစ်မယ်။ Estradiol, Follicle stimulating hormone (FSH), Luteinizing hormone (LH), Prolactin, Testosterone နဲ့ Progesterone Challenge Test (Provera) စစ်နည်းနဲ့ (ပရိုဂျက်စတီရုမ်း) အခြေအနေကို စစ်မယ်။
• Thyroid function test လည်ပင်းကြီး-ဟော်မုန်း အခြေအနေတွေကိုလဲ စစ်မယ်။ (TSH) များနေရင် Hypothyroidism ဟော်မုန်းနည်းရောဂါ ဖြစ်နေမယ်၊
• Ovary function test မျိုးဥအိမ်အလုပ် စစ်ဆေးခြင်း၊
• Pelvic ultrasound တင်ပါးဆုံနေရာကို (အာလ်ထွာဆောင်း) ရိုက်မယ်။ CT scan of the head, MRI of the head ဦးခေါင်းကိုရိုက်တာတွေ၊ Endometrial biopsy သားအိမ်အတွင်းသားစ ထုတ်ပြီးစစ်ဆေးတာ၊ Hysteroscopy သားအိမ်ထဲကို ကရိယာနဲ့ကြည့်တာနဲ့ Genetic testing မျိုးဗီဇစစ်တာတွေလဲ လိုရင်စစ်မယ်။

ရာသီလာမမှန်တာ အမျိုးသမီး ၃ဝ% လောက်မှာ ဖြစ်တယ်။ ရာသီ မမှန်ဘူးဆိုယုံနဲ့မပြီးပါ။ ရာသီမလာတာ၊ စောတာ၊ နောက်ကျတာ၊ နည်းတာ၊ များတာတွေ အားလုံးကို မမှန်စာရင်း သွင်းတယ်။ ရာသီမှန်ဘို့ရာ Estrogen နဲ့ Progesterone ဟော်မုန်းတွေ မှန်ရမယ်။ ဦးနှောက်ထဲက (ဟိုက်ပိုသဲလ်မတ်စ်)၊ (ပစ်ကျူထရီ-ဂလင်း) နဲ့ မ-မျိုးဥအိမ်အင်္ဂါတွေ ကောင်းနေရမယ်။

ရေရှည်မှာ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ ကလေးမရနိုင်တာ နဲ့ Osteoporosis အရိုး အားနည်းတာတွေ ဖြစ်တယ်။ ဆေးကုနည်းတွေ အမျိုးမျိုးရှိတယ်။ ဘာလို့ရာသီမလာသလဲ သိရင် ကုသပေးနိုင်တယ်။

ရောဂါအဆန်းအပြားတွေ ထည့်ရေးရပေမဲ့ အများဆုံးဖြစ်တာတွေကို ရွေးထုတ်ပါမယ်။
1. ကိုယ်ဝန်ရှိခြင်း၊
2. စိတ်ဖိအား များခြင်း၊
3. အစားအသောက် နည်းလွန်းခြင်း၊
4. ကိုယ်လက်လေ့ကျင့်ခန်း များလွန်းခြင်း၊
5. အပျိုဖြစ်စကာလ၊
6. သွေးဆုံးစောခြင်း နဲ့
7. ဟော်မုန်းပါ တားဆေးတွေ ဖြစ်တယ်။

အလွယ်ကုသနည်းတွေကတော့ -
• လူနေမှု အကြောင်းခံတွေကို အရင်ပြင်ပါ။ ကိုယ်ဝန်ရှိ-မရှိစစ်ပါ။ အစာအာဟာရ မျှတ လုံလောက်အောင် စားသုံးပါ။ ကိုယ်လက်လှုတ်ရှားမှု အတင့်တင့်အောင်သာ လုပ်ပါ။ စိတ်ဖိအားတွေ စနစ်တကျ လျှော့ချပါ။
• တကယ်လို့ (တက်စတိုစတီရုန်း) ကျား-ဟော်မုန်း များနေသူဆိုရင် ဟော်မုန်း အစားထိုးကုသနည်း လုပ်ရမယ်။
• Polycystic Ovary Syndrome က မျိုးဥပိမ်မှာ အကျတ်ကလေးတွေရှိနေတာ အဖြစ်မနည်းလှပါ။ စာတပုဒ် ရေးထားပါတယ်။
• Inflammatory Bowel Disease အစာလမ်းရောဂါတခုနဲ့လဲ ရာသီမမှန်တာက ဆက်စပ်နေတတ်တယ်။ လူက ပိန်လာတယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်။
• ဟော်မုန်းပါ ကိုယ်ဝန်တားဆေးသုံးပါ။ Estrogen နဲ့ Progesterone ဟော်မုန်း ၂ မျိုးတွဲကို သုံးရမယ်။ အမေရိကားမှာ ၁့၅ သန်းသော အမျိုးသမီးတွေက တားဆေးကို ကိုယ်ဝန်တားဘို့ မဟုတ်တာအတွက် သုံးနေကြတယ်။ ရာသီလာချိန် နာတာသက်သာဘို့၊ ဝက်ခြံပေါက်တာ သက်သာဘို့၊ ရာသီလ-ရက် မှန်ဘို့အတွက် သုံးကြတာ ဖြစ်တယ်။ Hirsutism ဟော်မုန်းရောဂါ၊ ရာသီလာချိန်မှာ (မိုင်ဂရင်း) ခေါင်းမူးရောဂါ ဖြစ်တတ်တာ နဲ့ Fibroids သားအိမ်-အကျိတ် ရောဂါတွေအတွက်လဲ ပေးတယ်။
• တားဆေးကို အပျိုတွေသုံးပေမဲ့ အပျိုရည် မပျက်စေပါ။ ကိုယ်နံ့ကိုလဲ မပြောင်းစေပါ။ Pheromones (ဖီရိုမုန်း) ထုတ်မပေးလို့ လိင်ဆွဲဆောင်မှုကိုလဲ မကဲစေပါ။ လိင်စိတ်ပိုတာလဲ မဖြစ်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


ဓာတ်ဆီဆိုင်ပတ်ဝန်းကျင်တွင်နေထိုင်သည့်သူများ၌ ကျန်းမာရေးဆိုးကျိုးတွေ့ရနိုင်

လေ့လာမှုအသစ်တစ်ခုက ဆီဆိုင်များတွင် ဆီဖြည့်စဉ်အတွင်း    မတော်တဆဖိတ်စင်ကျသည့် ဆီများက တဖြည်းဖြည်းစု လာသည့် အခါ ရေရှည်၌ ပတ်ဝန်းကျင်နှင့် မြေအောက်ရေတို့အပေါ် ဆိုးဝါးသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေသည်ကို သတိပေးခဲ့သည်။ ပြီးခဲ့သည့် လေ့လာမှုအချို့က မတော်တဆ ဖိတ်စင်မှုများထက် အကြီးအကျယ် ယိုပေါက်များကို ပို၍ဂရုစိုက်သင့်သည်ဟု ဆိုခဲ့ပြီး John Hopkin  တက္ကသိုလ်မှ လေ့လာသူများက လေ့လာမှုများပြု လုပ်ခဲ့ပြီးသည့်နောက်တွင် မတော်တဆဖိတ်စင်မှုများကလည်း ယခင်ကမျှော်လင့်ထားသည်ထက် ကြီးမားသော အန္တရာယ်များကို ဖြစ်ပေါ်စေကြောင်း တွေ့ခဲ့ရသည်။

ဆီဆိုင်များတွင် သက်တမ်းလွန်နေသည့် မြေအောက်ဆီသိုလှောင်ကန်များကလည်း၊ ဆီများ ယိုစိမ့်ကျပြီး မြေကြီးနှင့် မြေအောက် ရေကို ညစ်ညမ်းမှုဖြစ်ပြီး ရေတွင်း၊ ရေကန်များအား အဓိကသုံးနေသော ဒေသများတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ တွက်ချက်မှုများအရ ဆီဆိုင်တစ်ဆိုင် က ဆယ်စုနှစ်တစ်ခုလွန်တိုင်း ဆီ ၁၅၀၀ လီတာခန့် ဖိတ်စင်ကြောင်း တွေ့ရသည်။ အနည်းငယ်ဖိတ်စင်လျင်ပင် ဓာတ်ဆီ၌အန္တရာယ်ရှိသော ကင်ဆာဖြစ်စေနိုင်သည်။ Benzene  များပါဝင်၍ အရေးကြီးပေသည်ဟု ပတ်ဝန်းကျင်ကျန်းမာရေး သုတေသနဌာနမှ ပါမောက္ခ Patrick N.Breysse, phD  နှင့် Hilpert  တို့က ပြောကြားခဲ့သည်။

လေ့လာမှုတွင် မြေအောက်သိုလှောင်ကန် ကွန်ကရိကိုဖောက်၍ စိမ့်သည့်နှုန်းနှင့် လေထဲသို့အငွေ့ပြန်သည့်နှုန်းနှင့် ဖိတ်ကျလာသည့်ဆီ စက်များ၏ဖြစ်စဉ်တို့ကို လေ့လာခဲ့ ကြသည်။ ဓာတ်ခွဲခန်းအတွင်း လေ့လာမှုများအရ ဖိတ်စင်ကျသည့် ဆီစက်အနည်းငယ်ကပင် မြေကြီး (သို့) ကွန်ကရိပေါ်၌ အချိန်ကာလကြာမြင့်စွာ ဆိုးကျိုးဖြစ်ပေါ်စေကြောင်း တွေ့ ခဲ့ရသည်။

ဓာတ်ဆီဆိုင်များအနီးတွင် နေ သော ပြည်သူများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို  မလေ့လာရသေးသော်လည်း ကာလကြာရှည်ဖိတ်စင် သည့်ဆီများတွင်ပါသည့် Benzene  နှင့် အခြားအန္တရာယ်ရှိသော ဓာတုပစ္စည်းများက မြေအောက်ရေများသို့ စိမ့်ဝင်ပြီး ယင်းမှတစ်ဆင့် အငွေ့ပြန်ကာ မိုးရေအဖြစ် ရွာချရာမှတဆင့် ပြည်သူများအား ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည်။

အပိန်လေး
Ref; Medindia
Health Updates Journal No. 140
http://www.healthupdatesjournal.com/


နွေမိုးဆောင်း ရာသီမရွေး မီးတောက်နေသည့် ကံမမြို့ အနီးမှ ထူးခြားသော နတ်မီးတောက်တောင်

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကံမမြို့နယ် နတ်မီးတောင် ကျေးရွာအုပ်စု နတ်မီးတောင် ကျေးရွာလေး တွင် တည်ရှိသော နတ်မီးတောက် တောင်တွင် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး မီးငြိမ်းခြင်း မရှိဘဲ ထူးခြားဆန်းပြားစွာ မြေကြီးကျောက်ပုံ များကြားမှ မီးတောက်နေလျက် ရှိကြောင်း သိရသည်။ အဆိုပါ နတ်မီးတောက် တောင်မှာ သရက်မြို့မှ ဆိုလျှင် ၁၄ မိုင်ခန့်ဝေးပြီး ပြည်မြို့မှ ဆိုလျှင် ၃၉ မိုင်ခန့် အကွာအဝေးတွင် ရှိကာ ကံမမြို့နှင့် သရက်မြို့သို့ ဆက်သွယ်ထားသော ကားလမ်းဘေးတွင် တည်ရှိသည်။

အဆိုပါ နတ်မီးတောက်တောင်မှာ ရှေးနှစ်ပေါင်း မည်မျှကတည်းက တည်ရှိခဲ့သည်ကို ယင်းဒေသတွင် နေထိုင်လျက် ရှိကြသော နှစ်ပေါင်း ၈ဝ ကျော် ဒေသခံများပင် မမီခဲ့ကြကြောင်း၊ ယင်းနတ်မီးတောက် တောင်ကို ဒေသခံများက မင်းမဟာဂီရိခေါ် ပန်းပဲ မောင်တင့်တယ်နတ် လာရောက် နေထိုင်သည်ဟု ယုံကြည်လျက် ရှိကြကြောင်း၊ ယခင်က ဝါတွင်းကာလတွင် မီးတောက်ခြင်း မရှိဘဲ သီတင်းကျွတ်လ ပြီးမှသာ အဆက်မပြတ် မီးတောက်လျက် ရှိကြောင်း၊ ယခုအခါ ပြီးခဲ့သည့် သုံးနှစ်တာ ကာလမှစ၍ ဝါတွင်း ကာလတွင်ပါ မီးတောက်လျက် ရှိကြောင်းနှင့် ယခင်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် လူသူ အသွားအလာ နည်းပြီး လူသိနည်းခြင်း ဖြစ်ပြီး ယခုလမ်းပန်း ဆက်သွယ်ရေး ပွင့်လင်းလာသည့် အခါတွင် လူသိများလာကာ လာရောက် လည်ပတ်သူ များလာကြကြောင်း ဒေသခံများ ထံမှ သိရသည်။

အဆိုပါတောင်၏ ထူးခြားချက်များမှာ တောင်၏အပေါ် မြေကြီးနှင့် ကျောက်တုံးများကြားမှ မီးတောက်များ ထွက်ရှိနေခြင်း၊ မိုးဘယ်လောက်ပင် စွေစွေ အဆိုပါ မီးမှာ မသေခြင်း၊ နွေရာသီတွင် ဘေးနားမှ အမှိုက်များ ရှိသော်လည်း မီးကူးစက် လောင်ကျွမ်းမှု မရှိခြင်း၊ အဆိုပါ မီးတောက်နေသော ကျောက်ပုံဘေးနားတွင် အပင်ငယ်၊ အပင်ကြီးများ ရှိသော်လည်း အဆိုပါ အပင်များ၏ အရွက်များမှာ ညှိုးနွမ်းမှု မရှိခြင်း၊ မီးတောက်ရာ နေရာတစ်နေရာ တည်းသာဖြစ်ပြီး ကျန်သည့် နေရာများမှာ မီးတောက်မှု မရှိခြင်းတို့ ဖြစ်သည်။

''ဘုန်းကြီး ဒီကိုရောက်တာ ၃၅ နှစ်ရှိပါပြီ။ ဒီရွာတွေရဲ့ထုံးစံအရ ရွာကို တောမီးဝင်မှာ စိုးလို့ မီးလှန်ရတယ်။ ဒီလိုမီးလှန်တယ် ဆိုတာ ဒီဘက်ရွာကနေ မီးတို့ပြီး လွှတ်ရတာပေါ့။

အဲဒီအချိန်က တောင်ပေါ်မှာ မြက်သက်ငယ်မိုး နတ်ကွန်းလေး တစ်ခုရှိတယ်။ မီးလောင်ပြီဆို ပါသွားပြီလို့ ထင်ထားတာ မီးငြိမ်းလို့ သွားကြည့်တော့ ဒီအတိုင်းပဲ ပြန်မြင်ရတယ်။

မီးအပူရှိန်နဲ့ လောင်ကျွမ်းမသွားဘူး။ ၁၉၆၉ ခုနှစ်လောက်အချိန်က ဒီနေရာကို ရေနံလာတူးတဲ့ အဖွဲ့က ဒီမှာရှိတဲ့ ကျောက်ပုံကြီးတွေကို စက်နဲ့ထိုးဖျက် ခဲ့ဖူးတယ်။ ရုတ်တရက် စက်တွေ ပျက်သွားပြီး ထိုးတဲ့သူတွေလည်း အန္တရာယ် ဖြစ်ခဲ့ကြတယ်။ အခုဒီနေရာမှာ ကျောက်ပုံကို တွေ့နေရတာက ဒီကိုလာကြတဲ့ လူတွေက လိုရာဆုတောင်းပြီး ကျောက်တုံးတွေကို ပုံခဲ့ကြလို့ အခုလို ကျောက်ပုံကြီး ဖြစ်နေတာပါ။ အရင်က ဒီကျောက်ပုံတွေက ဝါတွင်းဆို မီးသေတယ်။ အခု သုံးနှစ်ရှိပြီ ဝါတွင်းလည်း မီးက မသေတော့ဘူး'' ဟု နတ်မီးတောက် ကျောင်းတိုက် ဆရာတော် ဥူးဥက္ကသက မိန့်ကြားသည်။ ၎င်းကျောက်ကြားမှ မီးများကို ညနေပိုင်းနှင့် ညအချိန်များတွင် ကောင်းမွန်ထင်ရှားစွာ တွေ့ရပြီး အလင်းရောင်မှာ အဝေးမှပင် ထင်ထင်ရှားရှား မြင်ရကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


Cooking Oils စားသုံးဆီ

1. Tint Swe Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ

2. Tin Lay ရှေးက မြန်မာကုက္ကိုပင်စည်ကြီးတွေကို ဆီဆုံလုပ်ခဲ့ကြတာ။ သင်္ဘောကုက္ကိုမဟုတ်ဘူးပေါ့။ ဆီဆုံနဲ့ ဆီကြိတ်တဲ့အခါ တချို့နွားက အသုံးပြုလို့မရဘူး။ မူးနေတတ်လို့တဲ့။ လောကီဘုံသား ဆုံလည်နွားသို့ ဆိုတာလို တလည်လည်လှည့်နေရတာ။ ဆုံမှာထိုင်ပြီး နွားမောင်းနေရတဲ့သူလည်း မူးတာပါပဲ။

3. Kyaw Ngwe ဆရာရေ ခုမင်းရွာမှာရော ဗန့်ချီက ရွာအတော်များများမှာ တစ်နိုင်ဆီကြိတ်ဆုံတွေ ထောင်ပြီး နဝလီ ကြိတ်နေကြတယ်ဗျာ။ နွားနဲ့မဟုတ်၊ တရုတ်အင်ဂျင်နဲ့။ ဆုံက နှစ်လုံးတွဲတွေ။ မရောမနှော ပဲဆီသန့်သန့် ကြိတ်သူရှိသလို စားအုံးဆီနဲ့ပလေးပြီးရောင်းတဲ့သူလည်းရှိကြတယ်။ ကျွန်တော့မရီးမှာ အဲလိုဆီဆုံထောင်ပြီးလုပ်ကိုင်စားနေကြလို့ သန့်သန့်လုပ်ကြ၊ စားမကုန်နိုင်ဘူးလို့ပြောထားရတယ်။

4. Hla Myint ပြည်တွင်းကိုတင်သွင်းနေတဲ့ စားအုန်းဆီတွေဟာ စားသုံဖို့ မသင့်မြတ်တဲ့အကြောင်း လွှတ်တော်မှာ သက်ဆိုင်ရာဝန်ကြီး လာရောက် ရှင်းလင်းသွားကြောင်းသိရပါတယ်။ ဘယ်ဆီတွေဘယ်လိုကောင်းတယ်ပြောပြော ကျုပ်တို့ ပြည်တွင်းကထွက်တဲ့ဆီကိုမမှီပါဘူး။ ဝန်ကြီးက စားသုံသင့်တယ်ပြောနေပေမဲ့ တဖက်နိုင်ငံက တရားမဝင် တင်သွင်နေတဲ့ဆီတွေမှာ ဓါတုဗေဒဆေးတွေနဲ့  မွမ်းမံပြီးသူတို့ နိုင်ငံမှာအန္တရာယ်ရှိလို့ စွန့် ပစ်မဲ့ဆီတွေ ဖြစ်နေကြောင်း ကြားသိနေရတော့ ကျုပ်တို့ ဒီလိုဆီမျိုးကို စိတ်ချလက်ချဘယ်လိုလုပ်စားချင်မလဲဗျာ။ အောက်ပိုင်းမှာ စားအုန်းဆီစိုက်ဖို့  ဆိုပြီး ခရိုနီခရိုစိမ်းတွေအတွက် လယ်သမားတွေဆီက အဓမ္မသိမ်းပေးထားတဲ့ မြေယာတွေ ထဲကစီမံကိန်းတွေ ဘယ်ရောက်သွားလို့ ခုလို စားအုန်းဆီတွေ သွင်းနေကြရတာပါလဲ ဝန်ဂြီးမင်းများခင်ဗျား။

မြန်မာပြည်ထဲမှာနေကြတဲ့ မြန်မာနိုင်သားတွေအတွက် စားသုံးဆီတွေကို သုတေသနလုပ်ထားတာ လိုက်ရှာပေမဲ့ ပြည်တွင်းထဲက လုပ်တာကို လက်လှမ်းမမီသေးလို့ နိုင်ငံတကာမှာ လုပ်ထားတာလေးကိုသာ တင်ပြပါရစေ။

စားသုံးဆီတွေထဲမှာ အရောင်လှအောင် ဓါတုဆိုးဆေးတွေထည့်တဲ့သတင်း ကနေ့မနက် (ဘီဘီစီ) မှာတွေ့လို့ မျှဝေလိုက်သေးပါတယ်။ ဓါတုဆေးက ဘေးဖြစ်စေနိုင်တယ်။ စားသုံးဆီ ကောင်း-မကောင်းဆိုတာ အနံ့အသက်နဲ့ အရောင်ကြည့်ပြီး ပြောမရပါ။ ဆီထဲမှာပါတဲ့ Total Fat (g) အဆီ (စုစုပေါင်း)၊ Saturated Fat (g) ပြည့်ဝဆီ ဘယ်လောက်လဲနဲ့ Calories (ကလိုရီ) ဘယ်လောက်ရစေသလဲဆိုတဲ့ အချက် (၃) ချက်ကိုကြည့်ရပါတယ်။

မြန်မာပြည်မှာ စားသုံးနေကြတဲ့ စားအုန်းဆီကနေ ပြည့်ဝဆီ အများကြီးရစေတယ်။ ပြည့်ဝဆီ နည်းတာက ကျန်းမာရေးအရ ကောင်းတယ်။ အုန်းသီးကနေထုတ်တဲ့ဆီက ၃ မျိုး ရှိတယ်။

ဆီအမျိုးအစား၊ (ကလိုရီ)၊ အဆီ (စုစုပေါင်း)၊ ပြည့်ဝဆီ၊
- Coconut oil (ကလိုရီ) ၁၁၇၊ အဆီ (စုစုပေါင်း) ၁၃့၆၊ ပြည့်ဝဆီ ၁၁့၈၊ ပြည့်ဝဆီ အများဆုံး၊
- Palm kernel oil ၁၁၆၊ ၁၄၊ ၁၁၊ ပြည့်ဝဆီ အများဆုံး၊
- Palm oil ၁၂ဝ၊ ၁၃့၆၊ ၆့၇၊ Palm oil ၁၂ဝ၊ ၁၃့၆၊ ၆့၇၊ ပြည့်ဝဆီများတယ်၊

မြန်မာတွေအသုံးများတဲ့ တခြားဆီတွေ
- Flaxseed oil ပန်းနှမ်းဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၃၊ ပြည့်ဝဆီအနည်းဆုံး၊
- Sunflower oil နေကြာဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၈၊ ပြည့်ဝဆီနည်းတယ်၊
- Sesame oil နှမ်းဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၉၊ ပြည့်ဝဆီနည်းတယ်၊
- Soybean oil ပဲပုပ်ဆီ ၁၂ဝ၊ ၁၃့၆၊ ၂၊ ပြည့်ဝဆီနည်းတယ်၊
- Peanut oil မြေပဲဆီ ၁၁၉၊ ၁၃့၅၊ ၂့၃၊ ပြည့်ဝဆီနည်းမပါ၊
- Cottonseed oil ဝါစေ့ဆီ ၁၁၉၊ ၁၄၊ ၃၊ ပြည့်ဝဆီမနည်းပါ၊

မြန်မာတွေအသုံးနည်းတဲ့ဆီတွေ
- Vegetable oil အသီးအနှံဆီ ၁၂၄၊ ၁၄၊့ ၉၊ ပြည့်ဝဆီအနည်းဆုံး၊
- Almond oil မက်မွန်ဆီ ၁၁၉၊ ၁၄၊ ၁၊ ပြည့်ဝဆီအနည်းဆုံး၊
- Grapeseed oil စပျစ်စေ့ဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၃၊ ပြည့်ဝဆီအနည်းဆုံး၊
- Hemp seed oil ဆေးခြောက်စေ့ဆီ ၁၂၆၊ ၁၄၊ ၁့၅၊ ပြည့်ဝဆီနည်းတယ်၊
- Walnut oil သစ်ကြားသီးဆီ ၁၂ဝ၊ ၁၄၊ ၁့၅၊ ပြည့်ဝဆီနည်းတယ်၊
- Avocado oil ထောပတ်သီးဆီ ၁၂၄၊ ၁၄၊ ၁့၆၊ ပြည့်ဝဆီနည်းတယ်၊
- Olive oil သံလွင်ဆီ ၁၁၉၊ ၁၃့၅၊ ၁့၉၊ ပြည့်ဝဆီနည်းတယ်၊
- Corn oil ပြောင်းဆီ ၁၂ဝ၊ ၁၄၊ ၂၊ ပြည့်ဝဆီနည်းတယ်၊
- Smart Balance Margarine မာဂျရင်း ၈ဝ၊ ၉၊ ၂့၅၊ ပြည့်ဝဆီမနည်းပါ၊
- Butter ထောပတ် ၁ဝ၂၊ ၁၁့၅၊ ၇့၃၊ ပြည့်ဝဆီများတယ်၊

Cholesterol in Cooking Oils စားသုံးဆီထဲမှာ (ကိုလက်စထော) ဘယ်လောက်များသလဲကလဲ ကျန်းမာရေးအတွက် အလွန် အရေးကြီးတယ်။ များလေ မကောင်းလေ။ ယူနစ်အဖြစ် parts per million (ppm) နဲ့တွက်ပါတယ်။
- Soybean ပဲပုပ်ဆီ (26 ppm)
- Canola ပန်းနှမ်းဆီ (53 ppm)
- Corn ပြောင်းဆီ (57 ppm)
- Sunflower နေကြာဆီ (26 ppm)
- Safflower ပန်းစေ့ဆီ (7 ppm)
- Peanut မြေပဲဆီ (54 ppm)
- Palm စားအုန်းဆီ (16 ppm)
- Coconut စားအုန်းဆီ (15 ppm)
- Palm kernel စားအုန်းဆီ (25 ppm)

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ

ငယ်ငယ်က နွေရာသီကျောင်းပိတ်ရင် ဇာတိရွာကိုသွားလည်နေကျ။ အိမ်တိုင်းမှာ ဆီကြိတ်တဲ့ဆုံ ဆိုတာရှိတယ်။ သစ်ပင်ကြီးကြီးရဲ့ အောက်ခြေပင်စည်ကို အလည်မှာ တွင်းပေါက်တခု ထွင်းပြီး ဆုံလုပ်တာပါ။ ဆုံထဲကို မြေပဲဖြစ်ဖြစ် နှမ်းဖြစ်ဖြစ်ထည့်၊ သစ်ကျဉ်ပွေ့မှာ ဝါးကိုင်းတပ်ပြီး နွားတကောင်ကို ဆွဲခိုင်းတယ်။ ဆုံအောက်ခြေမှာ သစ်သားပြားကြီးကို ခွထောက်လုပ်ပြီး ထောက်ပေးထားတာမို့ နွားက ပတ်ခြာလည်သွားရတယ်။ သစ်သားပြားကြီပေါ်မှာ တက်စီးလိုက်ရတာ ပျော်စရာကောင်းတယ်။ ကြာတော့ နှမ်းကနေ နှမ်းဆီ၊ မြေပဲကနေ မြေပဲဆီတွေထွက်လာပြီ၊ လူကြီးတွေက ဆီစစ်စစ်က မွှေးတယ်လို့ပြောတာကို နားမလည်တတ်သေးတဲ့အရွယ်ကပေါ့။

တချိန်က ဗမာပြည်ဟာ တကယ်ကို “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ” အဆင့်မှာ ရှိခဲ့တာပါ။ ဆီဆုံခေတ်ကနေ ဆီစက်ခေတ် ရောက်တော့ အမျိုးမျိုးအထွေထွေသော ဆီဆိုတာတွေ ပေါ်လာတယ်။ မြေပဲထဲ၊ နှမ်းထဲ တခြားအစေ့အဆံတွေ ရောရတော့တဲ့ခေတ် ရောက်လာတယ်။ ဒီနောက်တော့ ဆီကိုရေချိုးဘို့ နေနေသာသာ လက်ဖက်ကိုဆမ်းဘို့တောင် မလောက်တော့ပါ။ နိုင်ငံရေးလဲ စိတ်ဝင်စားတဲ့ဆရာဝန်မို့ ယှဉ်ပြောရရင် ဆီကောင်းသုံးနိုင်ခဲ့တာက ပါလီမာန် ဒီမိုကရေစီခေတ်၊ ဆီအရောသုံးရတာက (မဆလ) ခေတ်။ ဒိနောက်ခေတ်မှာ ဘာတွေ ပိုဆိုးလာသလဲ၊ ဆီတခုတည်းသာ ကြည့်ပါတော့။

အရင်တုံးက တိရစ္ဆာန်အဆီထက် အသီးအနှံဆီက ပိုကောင်းတယ်လို့ ပြောခဲ့ကြတယ်။ အခုအဲလိုပြောတာ မတိကျပါ။ ကျန်းမာရေးနဲ့ မသင့်တဲ့ ဆီတွေဆိုတာ အင်္ဂလိပ်လို Trans fats (ထရန့်ဆီ)၊ Trans fatty acids (ထရန့်ဖက်တီးအက်စစ်) လို့ ခေါ်တယ်။ (ထရန့်ဆီ) ဟာ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီတွေကနေ ထုတ်တာပါ။ လူတွေ သမားရိုးကျစားသုံးခဲ့ကြတဲ့ဆီကို လူတွေကဘဲ ပြုပြင်ပြီး၊ (ထရန့်ဆီ) လုပ်ကြတာပါ။ သမားရိုးကျဆီကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့်လိုက်တာတဲ့။ စလုပ်ခဲ့သူက ဂျာမန်လူမျိုး။ ၁၉ဝ၂ ကပေါ့။

အဲလိုလုပ်လိုက်တော့ ဆီကပြစ်သွားတယ်။ ပြစ်တော့ ဘာပိုကောင်းလာလဲဆိုတော့ လွယ်လွယ်ပြောရရင် အသုံးခံတယ်။ ဒီဆီနဲ့ကြော်တဲ့ အစားအသောက်ကလည်း အရသာတမျိုးထူးလာစေတယ်။ ပြန်ပြန်လဲသုံးနိုင်လို့ တွက်ခြေလဲကိုက်တယ်။ မကိုက်တာကတော့ ကျန်းမာရေးနဲ့ပါ။

နာမည်ကြီး (ကိုလက်စထော) ဆိုး တိုးစေတယ်။ (ကိုလက်စထော) ကလည်း အဆိုး (LDL) နဲ့ အကောင်း (HDL)ဆိုပြီး၊ နှစ်မျိုးနှစ်စား ရှိတာဘဲ။ လူတွေအတိုင်းပါဘဲ။ (ကိုလက်စထော) အဆိုးများရင် နှလုံးသွေးကြောကျဉ်းတဲ့ (စထုပ်ခ်) ရမယ်။ ဆီးချိုအမျိုးအစား ၂ ရမယ်။ နောက်ပြီး အဝလွန်၊ အသဲရောဂါ၊ ကင်ဆာ၊ (အဇာမိုင်ယား) ဆိုတဲ့ရောဂါတွေကိုလည်း ဖြစ်စေမယ်။ (အဇာမိုင်ယား) ဆိုတာက နာမည်ကြီး ဟောလီဝုဒ်မင်းသားကနေ နှစ်ထပ်ကွမ်း (အော်စကာဆု မဟုတ်ဘူး) သမတ ဖြစ်ခဲ့သူ (ရော်နယ်-ရီဂင်) အသက်ကြီးတော့ ဖြစ်တာမျိုးပြောတာ။

ဒီလိုမကောင်းပါလျှက်ကနဲ့ ဘာလို့ ပေါ်ပြူလာဖြစ်လာလဲဆိုတာ သိဘို့လိုတယ်။ အရင်က (ထရန့်ဆီ)မကောင်းတာကို သိပ်မသိကြဘူး။ သူငယ်ချင်းတို့၊ လင်မယားတို့လို ပေါင်းကြည့်မှ သိတာမျိုးပေါ့။

ကဇီဓါတ်၊ ပရိုတင်း (သား-ငါး-ပဲ) နဲ့ ဆီ-အဆီဆိုတဲ့ သုံးမျိုးကို ယှဉ်ကြည့်ရင် တဇွန်းချင်း တူတာတောင် ဆီ-အဆီ ကနေရတဲ့ (ကလိုရီ) ဟာ ကျန်တဲ့အုပ်စုတွေထက် နှစ်ဆမကတောင်များတာ။ လူတယောက်ဟာ ကိုယ်လိုတဲ့ (ကယ်လိုရီ) ရဲ့ ဆယ်ပုံတပုံထက် (ထရန့်ဆီ) ကနေရတာက များနေတယ်ဆိုရင်တော့ မကောင်းဘူးမှတ်ပါ။

အစားအသောက်တွေမှာ အဆီဘယ်လောက်ပါတယ်ဆိုတာ ရေးပြီးမှ ရောင်းရမယ်လို့ ဥပဒေထုတ်တဲ့တိုင်းပြည်တွေမှာဆို သတိထားနိုင်ပါမယ်။ ဘာဥပဒေမှ ဂရုမစိုက်တဲ့နိုင်ငံဆိုရင် ကံသာလျင်အမိ၊ ကံသာလျင်အဖ သဘောထားပြီး၊ တရားနဲ့သာ ဖြေပေတော့။

(ထရန့်ဆီ) ကို စက်နဲ့ ဖြစ်အောင်မလုပ်ဘဲ နဂိုကတည်းက (ထရန့်ဆီ) ပါတဲ့ဆီတွေဆိုတာလည်း ရှိပါတယ်။ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်းတွေဖြစ်တယ်။

ဇာတိမြို့ရွာကနေ ချင်းတောင်ဖြက်ပြီး၊ ဖြတ်ထွက်ခဲ့ရတုံးက ကားလမ်းဘေးမှာ ကျောက်ဆုံထဲကို ချင်းနှမ်းမဲမဲတွေတည့်ပြီး ကြည်ပွေ့ကို လက်နဲ့ မမောမပမ်း ထောင်းပြီး၊ ဆီဖြစ်အောင်လုပ်နေတဲ့ ချင်းမကြီးတွေ မြင်ခဲ့ရဘူးတယ်။ စိတ်မကောင်းဘူး။ ခုချိန်မှာ (ကပီး) တို့ ဆီထောင်းနိုင်သေးရဲ့လား။ ကျွန်တော့်ရွာမှာတော့ ဆီဆုံပျောက်တာ ကြာခဲ့ပါပြီကော။

လူတွေအားလုံး (ဂလိုဘယ်လိုက်) ဖြစ်ကုန်ပြီ။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူပါလာတဲ့ အစားအသောက်တွေမှာ (ထရန့်ဆီ) တွေပါတယ်။ (ဖရင့်ခ်ျ-ဖရိုင်း)၊ (ဒူးနတ်)၊ (ပက်စ်ထရီ)၊ (ပီဇာ)၊ (ကွတ်ကီးစ်)၊ အာလူး (ချစ်ပ်)၊ (ကင်ဒီ-ဘား)၊ ဟမ်းဘာဂါ၊ ကြက်ကြော်၊ (ပေါ့ပ်ကွန်)၊ (မာဂျရင်း-စတစ်)၊့။

ကဲ့ (ကေအက်ဖ်စီ) တို့၊ (မက်ဒေါ်နယ်) တို့၊ (ပီဇာ) တို့ သွားစားနိုင်သူများ ကံကောင်းပါစေ။

Dr. တင့်ဆွေ
၉-၄-ဝ၉ နေ့ကရေးသည့်စာ။

https://www.facebook.com/pages/Dr-Tint-Swe/490031307758025


ထိုင်း နိုင်ငံမှ ကမ္ဘာ့ အကြီးဆုံး လက်ပိုင်ရှင် အမျိုး သမီးကြီး ရောဂါဆန်း တစ်ခု ခံစား နေရ

ထိုင်းနိုင်ငံ ဆူရင်ပြည်နယ်မှ အသက် ၅၉ နှစ်အရွယ် ကမ္ဘာ့အကြီးဆုံး လက်များပိုင်ရှင် အမျိုးသမီးကြီးသည် လက်နှစ်ဖက်အရွယ်အစား အလွန်ကြီးမားလွန်းသော ကြောင့် နာကျင်ကိုက် ခဲနေသည့် ရောဂါဆန်း တစ်မျိုးကို ခံစားနေရကြောင်း သိရသည်။

ဆာမက်စ်ဆာမန် အမည်ရှိ အဆိုပါ အမျိုးသမီးကြီးသည် ၎င်းရောဂါဆန်းကို ငယ်ရွယ်စဉ်ကပင် ခံစားခဲ့ရခြင်းဖြစ်ပြီး သူမ၏ လက်အရွယ်အစား ကြီးမားနေမှုကြောင့် ခေါင်းလျှော်ခြင်း သို့မဟုတ် ခေါင်းဖြီးခြင်း ကဲ့သို့သော သာမန်လုပ်ဆောင်မှုများ ကို လုပ်ဆောင်ရာတွင် အခက်အခဲနှင့် ကြုံတွေ့ရသည်ဟု သိရသည်။

သူမ၏ အခြေအနေကြောင့် ဆာမက်စ်ဆာမန်မှာ ကျောင်းမနေခဲ့ရသည့်အပြင် အသက် ၂ဝ နှစ်အထိ အိမ်တွင်းပုန်း ဘဝအဖြစ် နေထိုင်ခဲ့ရသည်။ သို့သော် အသက် ၂ဝ အရွယ်တွင် မိဘနှစ်ပါး အိုမင်းလာခြင်းကြောင့် မိသားစု ကုန်စုံဆိုင်ကို တာဝန်ယူ လုပ်ဆောင်ခဲ့ရာမှ သူမ၏ ထူးဆန်းသည့် အခြေအနေမှာ သတင်း ပျံ့နှံ့သွားခဲ့ပြီး အသက် ၂၅ နှစ်အရွယ်တွင် ခွဲစိတ်မှု စတင်ခဲ့သည်။ သို့ရာတွင် ခွဲစိတ်မှုမှာ မအောင်မြင်ဘဲ ပိုမိုဆိုးရွား လာခဲ့ခြင်းကြောင့် ငါးလခန့်အကြာတွင် ခွဲစိတ်မှုနှစ်ကြိမ် ထပ်မံပြု လုပ်ခဲ့ရသည်ဟု သိရသည်။

နှစ်ပေါင်းများစွာအကြာတွင် ဂျပန်နိုင်ငံမှ ခွဲစိတ်ဆရာဝန် တစ်ဦးသည် ဆာမက်စ်ဆာမန်ထံသို့ ရောက်ရှိလာခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သူမသည်လက်များ အလွန် အမင်းကြီးထွားသည့် ရောဂါဆန်းတစ်မျိုးကို ခံစားနေရကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါရောဂါသည် အလွန်ဖြစ်ခဲလှသော ရောဂါတစ်ခုဖြစ်ပြီး ဆာမက်စ်ဆာမန်သည် အဆိုပါရောဂါ ခံစားနေရသည့် ကမ္ဘာ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်နိုင်ကြောင်း၊ အဆိုပါ ရောဂါဆန်းဖြစ်ပွားရသည့် အကြောင်းရင်းကို မဖော်ထုတ်နိုင်သေး၍ ကုသရန် လည်း ဆေးမရှိကြောင်း ဂျပန် ခွဲစိတ်ဆရာဝန် အီဂျူအူချင်းဂူမာက ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia



အမေရိကန်မှ လူငယ်တစ်ဦး ကမ္ဘာ့ လျှာအရှည်ဆုံး အဖြစ် ဂင်းနစ် စံချိန်တင်

အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်မှ အသက် ၂၄ နှစ် အရွယ်ရှိ နစ်ခ်စတိုးဘယ်လ်သည်
အကြိမ်(၆ဝ)မြောက် ၂ဝ၁၅ ခုနှစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် ကမ္ဘာ့ လျှာအရှည်ဆုံး လူသားအဖြစ် မှတ်တမ်းတင် ခံခဲ့ရကြောင်း သိရသည်။

အိုင်းရစ် မျိုးရိုးဝင် စတိုးဘယ်လ်၏ လျှာသည် ၁ဝ ဒသမ ၁ စင်တီမီတာ အရှည်ရှိပြီး ၎င်း၏လျှာသည် ကလေး ဘဝကတည်းက အခြားသူများထက် ပိုမိုရှည်ခဲ့သည်ဟု ၎င်းကိုယ်တိုင်က ပြောကြားခဲ့သည်။

ယင်းနောက် ၎င်းသည် လျှာကို နှာခေါင်းထိ လှန်တင်နိုင်ကြောင်း သိရသည်။ လွန်ခဲ့သောနှစ်က ဂင်းနစ် မှတ်တမ်းတင်ရန် အတွက် ပြိုင်ပွဲဝင် ၅ဝဝဝဝ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သဖြင့် ဂင်းနစ်မှတ်တမ်း စာအုပ် ထုတ်လုပ်ရန် အတွက် အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရကြောင်း ယင်းမှတ်တမ်းအား တည်းဖြတ်သူ ကာရေးဂ် ဂလန်ဒေးက ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia


ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


“ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…”
===== ===== =====
ပညာရေးအတွက် ဂျပန်သွားဖို့ ရည် ရွယ်ပြီး ဂျပန်သံရုံးမှာ ဂျပန်စာသင်နေရင်း Sexy ဓါတ်ပုံများနဲ့ အောင်မြင်နေတဲ့ မော်ဒယ်များကို အားကျပြီး ဆရာဂျွန်လွင် ဆီမှာ သင်တန်းတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကာလတလျှောက် သင်ခန်းစာများကို စိတ်မ၀င်စားခဲ့ဘဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ကာ သင်တန်းဆင်းပြီး ကျောင်းဆက်တက်ခဲ့ပါတယ်။

၂၀၁၁ မှာတော့ မိခင်ဖြစ်သူ လေဖြတ်ရောဂါခံစားခဲ့ ရခြင်းကြောင့် ဂျပန်သွားမည့် အစီအစဉ်ကို လက်လျှော့ကာ မော်ဒယ်လောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီး ယနေ့မှာတော့ Sexy များနဲ့ Sexy Party များမှာ မပါမပြီး ဇာဇာထက်ဆိုတဲ့ နာမည်တခုကို ရယူပိုင် ဆိုင်နေပြီဖြစ်တဲ့ မော်ဒယ် ဇာဇာထက်က သူမအတွက် ကြိုးစားချင်စိတ်နဲ့ မခံချင်စိတ်တွေ အဓိကဖြစ်စေခဲ့တာ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ကြောင့်လို့ ဆိုပါတယ်။

“ဇာ ဒီနှစ်ပိုင်းထဲမှာ Sexy ပုံတွေ Sexy Party တွေနဲ့ ပိုပေါက်လာခဲ့တယ်။ နောက် ဇာ ယုံကြည်တာက ဇာ့ကျောမှာ နေ့နံ မကိုက်ပေမယ့် ဇာကြိုက်လို့ထိုးထားခဲ့တဲ့ ကျားရုပ်လေးကြောင့်လို့လည်း ထင်တယ်။ ဇာ စလုပ်တုန်းကတော့ ကော့မန့်တွေ အများကြီးရတာပေါ့နော်။ တင်ကကြီး တယ်၊ ခါးကကြီးတယ်၊ ဘောလုံးသမား ဆိုဒ် အမျိုးမျိုးပေါ့။ ဒါတွေကို ဇာ ဘယ်လိုမှ မခံစားရဘူး။ ဒါပေမဲ့ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ပဲ မောင်နှမလိုကို ခင်တာ။ သူက နွယ်နွယ်ထွန်းတို့ ပေါက်နေ တဲ့အချိန်မှာ ရိုက်ပြီးရင် ဘယ်သူက ဘယ်လိုလှတာ… ဖြူဖွေးနုဖက်နေတာပဲ … ဘယ်လို Sexy ဖြစ်တာဆိုပြီး လာလာပြော တယ်။ အဲတော့ ဇာလည်း ရိုက်ချင်တာပေါ့ နော်။ ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…

အခု ဇာ ကြိုးစားခဲ့တယ်။ ဖြစ်လာတယ်။ အဲတော့ ကျွန်မ ဖြစ်နေပြီဆိုပြီး သူ့ဖေ့စ်ဘွခ်မှာ သွား Add တယ်။ အရင်ကဆို သိပ်ခင်ခဲ့ကြတာ။ ဒါပေမဲ့ ဇာ့ကို Sexy Model အနေနဲ့ တကယ့်ကို ရွံရွံရှာရှာပုံစံမျိုးနဲ့ ကြည့်ခဲ့တာ။ သူသာ ဇာ့ကို ခုချိန်မှာ ရိုက် ပါမယ်လို့ဆိုခဲ့ရင် ဇာ အခုမပြောနဲ့ နောင် တသက်လုံးလည်း သူ့ကိုဆိုရိုက်ပေးမှာ မဟုတ်ဘူး။ သူက ဘာကို Jealousy ဖြစ်ပြီးတော့ ဇာ့ကို မုန်းနေမှန်း မသိဘူး။ သူက ဇာ့ကို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာရင် လည်ဖြတ်ခံလိုက် မယ်ဆိုပြီးပြောခဲ့တာ။ ရိုက်လည်း ဇာ့ပုံနဲ့ ဘယ်လိုမှ ထွက်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာ။ လူတိုင်းကို သူအဲလိုထင်လို့မရဘူး ဆိုတာ ဇာပြချင်တာ။ သူပြောခဲ့တဲ့စကား တခွန်းက ဇာ့အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပြီး ဇာအခုလိုဖြစ်လာတော့ သူမခေါ် ရဲတော့ဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။

ဇာဇာထက်က ဓာတ်ပုံဆရာ နာမည်ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့ကို ၀တ်လစ်စားလစ်မော်ဒယ်ဖြစ်အောင် တွန်းပို့ပေးလိုက်သူက နာမည်သုံးလုံးနဲ့ လူငယ်ပိုင်းထဲက နာမည်ကြီး ဓာတ်ပုံဆရာလို့သာ ပြောခဲ့ပါတယ်။

MYN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဆောင်းရာသီတွင် ဖြစ်တက်သည့် ခြေဖနောင့်ကွဲအက်ခြင်း


ခြေဖနောက်ကွဲအက်ခြင်းသည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။
အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ အခါရောက်မှာသာလျှင် ကုသမှုခံယူဖို့ ပြုလုပ်လာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှု ဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့ နေလေ့ရှိပါတယ်။ဘာမှမဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ်ဆိုပြီး လမ်းဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။

စတင်ဖြစ်ပေါ်လာခြင်း ….
ခြောက်သွေ့မှုများခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှုများခြင်း၊ ဖနောင့်ရှိ အရေပြား မာမာထူထူများဟာ အချိန်ရှိသရွေ့ ပွတ်တိုက်မှုခံနေရခြင်း၊ ဖိအားခံနေရခြင်း၊ ဆီးချိုရှိနေခြင်း၊ ယားနာရှိနေခြင်း၊ လမ်းလျှောက်ပုံ၊ လမ်းလျှောက်နည်း မှန်ကန်မှုမရှိခြင်း၊ ဝန်ပိုပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ရှိခြင်း၊ ဖုန်မှုန့်သဲများနှင့် ထိတွေ့မှုများခြင်း၊ သွေးလည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

လွဲမှားစွာလုပ်ဆောင်ခြင်း ………….
လွဲမှားစွာလုပ်ဆောင်ချက်တွေလည်း တွေ့ ရှိနေရပါတယ် ရေချိုးသည့်အခါ ကွဲနေသော ခြေဖနောင့်နေရာကို ကြမ်းတမ်းသော ကြမ်းပြင် ၊ အုတ်ခဲကျိုးတို့ ဖြင့် ပွတ်တိုက်ခြင်းကို ပြုလုပ်ကြပါတယ် ဒီလို လုပ်ဆောင်ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ် အခုလို လုပ်ဆောင်ပါက ကွဲနေသော နေရာတွင် သွေးစိမ်းများ စိမ့်ထွက်လာပြီး ပိုးကို အလွယ်တကူဝင်ရောက် ရောင်ရမ်းလာနိုင်ပါစေတယ် ကုသခြင်းလည်း ကြာပြီး လမ်းလျှောက်သည့်အခါတွင် ပိုမိုဆိုးရွားစွာ ခံစားမှု့ ဖြစ်ပေါ်စေပြီး ရောင်ရမ်းနာကျင် လာစေပါတယ် ဒါကိုတော့ အထူးသတိဖြင့် ပြုလုပ်ရန် မသင့်လျှော်သော လုပ်ဆောင်ချက်တရပ်ဖြစ်ပါတယ် ။

ကုသနည်း ..........
အထိရောက်ဆုံး ကုသနည်းကတော့ ခြေထောက်ကို moisturizer လိမ်းပြီး ခြေအိတ် စွပ်ထားတာပဲ ဖြစ်ပါတယ်။ မအိပ်ခင်လည်း ဆီလိမ်းပြီး ခြေအိတ်ထူထူလေး ဝတ်ပေးသင့် ပါတယ်။ လိမ်းဆီအဖြစ် အလွယ်ဆုံးနဲ့ ဈေးအပေါဆုံးဆီကတော့ အုန်းဆီပဲဖြစ်ပါတယ်။

ထပ်မံပြီးတော့လည်း ပျားရည်နဲ့နွားနို့ သုံးပြီးတော့လည်း ခြေဖနောင့်အက်တာကို ကုသနိုင်ပါတယ်။
ပျားရည် တစ်ခွက်၊ နွားနို့နှစ်ခွက်ရောပြီး ခြေထောက်ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် စိမ်ပေးပြီး ခြေထောက်ကို နှိပ်နယ်ပေးပါ။

ခြေဖနောင့်ကွဲနေစဉ်မှာ တကယ်လို့ ဖြစ်နိုင်ရင် ရေကိုနေ့စဉ်မချိုးပါနဲ့။ တစ်နေ့ကို တစ်ကြိမ်ထက်လည်း ပိုမချိုးမိစေပါနဲ့။ ရေချိုးရင်လည်း စိမ်ပြီးမချိုးပါနဲ့။ ခပ်သုတ်သုတ်လေး ချိုးပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြင်ပရှိ ရေတွေဟာ ကိုယ်ခန္ဓာပေါ်ရှိ အစိုဓာတ်များကို ဆေးကြောသွားပြီး အစိုဓာတ်ကို ပြန့်လွှင့်စေလို့ဖြစ်ပါတယ်။
ခြေဖနောင့်ကွဲတာဟာ အရမ်းပြင်းထန်နေတယ်ဆိုရင် ခြေတုံးလုံးနဲ့ လမ်းလျှောက်ခြင်းကို လုံးဝရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။
နေ့စဉ် ပြုလုပ်ပေးရမယ့်နည်းကတော့ ဆပ်ပြာစိမ်ထားတဲ့ ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။ အပျင်းမကြီးဘဲ အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ခြင်း အဆင့် .........
ဖြစ်ပေါ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ထားတာ ပိုပြီးကောင်းမွန်ပါတယ်လို့ လည်း ပြောပါရစေ ။ ခြေဖနောင့် ကွဲအက်ခြင်း ဟာ ကိုယ်တွင်းရှိ အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစားအသောက်နည်းခြင်း၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ဇင့်ဓာတ်မရရှိခြင်း၊ မရှိမဖြစ် အိုမီဂါ-၃ အက်ဆစ် ချို့တဲ့ခြင်းတို့ကြောင့် ခြေဖနောင့်ဟာ အက်ကွဲရတတ်ပါတယ်။ ဖော်ပြပါ ဓာတ်များ ချို့တဲ့ပါက ခြေဖနောင့်အက်ကွဲခြင်းအပြင် တခြားသော အသားရည် ခြောက်သွေ့ခြင်းများ ပါ ဖြစ်ပေါ်လာတတ်ပါတယ်။

စားသင့်သော အစားအသောက်များ ……………..
ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များဖြစ်တဲ့ ပင်လယ်ခရု၊ ကြက်သား၊ ပဲ၊ ထောပတ်၊ ဒိန်ချဉ်နဲ့ ငါးတို့ကို စားသောက်ပေးရပါမယ်။
တခြား အရေးကြီးတဲ့ ဗီတာမင်များနဲ့ သတ္တုဓာတ်များကတော့ ဗီတာမင်အီး၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်များကို ပြည့်ဝအောင် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။
ကယ်လ်စီယမ်ဓာတ်ကိုတော့ နို့ထွက်ပစ္စည်း တွေမှာ အဓိက တွေ့ရှိနိုင်ပါတယ်။
ဗီတာမင်အီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ဂျုံထွက်ပစ္စည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။

အာဟာရနဲ့ ဗီတာမင်ဓာတ်တွေပြည့်ဝအောင် စားသုံးပေးရုံမက အောက်ပါအချက်များကိုလည်း ဂရုတစိုက်နဲ့ လိုက်နာဆင်ခြင်ရင်ဖြင့် ခြေဖနောင့်အက်ကွဲခြင်းကို အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ခြေထောက်ကို အမြဲသန့်ရှင်းစင်ကြယ်နေစေရန် ဂရုစိုက်ပါ။
ခြေထောက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။
ခြေထောက်ပိုင်း သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။
နေ့စဉ် ခြေထောက်သန့်ရှင်းရေးနဲ့ အသားအရေ စိုပြည်စေဖို့ ထိန်းသိမ်းပါ။
ခြေထောက်ကို ရေနွေးနဲ့တစ်လှည့်၊ ရေအေးနဲ့တစ်လှည့် စိမ်ပေးပါ။
ရေချိုးပြီးတိုင်း ခြေထောက်ကို အလှဆီ (moisturizer ) နဲ့ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။
အရေပြား ခြောက်သွေ့အက်ကွဲခြင်းများသည် ခန္ဓာကိုယ်ရှိ ရေဓာတ်လုံလောက်ပြည့်ဝမှု မရှိခြင်းကြောင့်လည်း ဖြစ်ပေရာ ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံးထားပေးရပါမယ်။ဆောင်းရာသီတွင် ရေသောက်နည်းတတ်ပါတယ် ဒါကြောင့် ရေသောက်ခြင်းကို များများ သောက်ပေးပါလို့  အကြံ့ ပြု့ ရေးသားရင်း ….နာကျင်မဲ့စွာ လျှောက်လှမ်းနိုင်သော ခြေလှမ်းလေးများဖြစ်ကြပါစေ ။

Mg Mandalay
https://www.facebook.com/mg.mandalay?fref=ts

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။

ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်ပြော မှ ကျေနပ် ကြသည့် သက်ကြီးရွယ်အို များမှာ အသံ ကျယ်လောင် စွာ ဖုန်း ပြောခြင်း မှ ရှောင်ကြဉ်ရန် လိုအပ် ကြောင်း dv (decivel) ၁၀၀ နှင့် အ ထက် ကျော်လျှင် နားလေး၊ နားအူ၊ ထုံတတ်ကာ နားကို လျင်မြန်စွာ ထိ ခိုက်မှုဖြစ်စေ နိုင်ကြောင်း သိရသည်။

လူငယ် အများစုမှာ အမြဲတမ်း ဆူညံ နေသော ပတ်ဝန်းကျင် တွင် ကာလ အတန်ကြာ နေထိုင်ပြီး အလေ့ အကျင့် ရလာလျှင် သို့မဟုတ် ဆူညံ နေသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ခွင် တို့တွင် အလုပ်လုပ် နေချိန်၌ တ ဖြည်းဖြည်း နားလေး လာတတ်ကာ နှစ် အတန်ကြာမှသာ မိမိကိုယ် ကို နားလေးခြင်း ကို သိသည့် အတွက် ပြင်ဆင်ချိန် မရခြင်း၊ ထို့အပြင် နားအုံ၊ နားရင်းပြင်းပြင်း ထန်ထန် ရိုက်ခတ်မိ ပြီး အနာတရ ဖြစ်ခြင်း၊ နား အတွင်း အကြောင်း အမျိုးမျိုး ကြောင့် ကူး စက် ရောဂါပိုး ၀င် ရောက်ပြီး နား ရောင်ရမ်းခြင်း များဖြစ်ကြကြောင်း သိရသည်။

အဆိုပါ နားလေး၊ ထုံထိုင်း ရောဂါ မဖြစ် စေရန် ပုံမှန်ပြောနေ dv (decivel) ၆၀ နှုန်းဖြင့် နား ထောင်ကာ အလေ့အကျင့် လုပ်သင့် ကြောင်း၊ ထို့ပြင် ဖုန်းဖြင့် စကားပြော နေချိန်တွင် တစ်ဖက်မှ နားထောင် နိုင်စွမ်း ထက် ကျယ်သော အသံဖြင့် ပြောလျှင် နား အတွင်းပိုင်း ရှိ အာရုံခံ ဆဲလ်များ ကိုထိကာ ထုံထိုင်း တတ် ကြောင်း၊ ထိုသို့ ဖြစ်လာလျှင် တိတ် ဆိတ်ငြိမ်သက်သော နေရာများတွင် တစ်ရက်မှ နှစ်ရက် အထိ အနားယူ သင့်ကြောင်း၊ မသက်သာ လျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် များနှင့် အမြန်ဆုံး ပြသ ကာ ကာ ကုသမှု ခံယူ ရမည်ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီး မှ သိရသည်။

Mg Mandalay
https://www.facebook.com/mg.mandalay?fref=ts

ရှေးဟောင်း ဘုရား ရုပ်ပွားတော် တစ်ဆူ တွေ့ရှိ

အမ်း အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်၊အမ်းမြို့ မြောက်ဘက်အုပ်စု၊ အေးမြသာယာကျောင်း မြောက်အရပ်၌ ရှိသော အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင် (၃၀၀) တပ်နယ်မြေ အတွင်း ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်ရာတွင် တပ်ကြပ်ကြီး ခင်မောင်ချို (ယာဉ်ပြင်) က တောင်ကမ်းပါးပြိုကျရာမှ ဘုရားရုပ်ပွားတော်အား (၁၇.၁၀.၂၀၁၄)ရက် နေ့လည် (၂)နာရီ အချိန်က တွေ့ရှိခဲ့သည်။

ရှေးဟောင်းဘုရားရုပ်ပွားတောါမှာ ရွှေသားအစစ်၊ ဉာဏ်တော်အမြင့်(၂)

လက်မ၊ အလေးချိန် (၂)ကျပ် (၅)ပဲ (၂)ရွေးသားနှင့် ဘုရားပုလ္လင်တွင် စိန်နှင့်တူသော ကျောက်(၁၅)လုံး ပါရှိပါသည်။

အဆိုပါ ရုပ်ပွားတော်ကို အေးမြသာယာကျောင်း ဓမ္မာရုံ၌ ပူဇော်ထားရှိရာ ဒေသခံများ လာရောက်ဖူးမြှော်ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

Muscle twitch ကြွက်သားလှုပ်ခြင်း

1. ဆရာ ကျွန်မလေ ညာဘက်အောက်မျက်ခမ်းတွေလှုပ်နေတာ ၂ ရက်ရှိပြီဆရာ။ ရောဂါလက္ခဏာတခုခုကြောင့်များလားဆရာ။ လေတွေဘာတွေဖြတ်တတ်တယ်လဲပြောကြလို့ ဆရာ့ကို မေးကြည့်တာပါဆရာ ဆရာအချိန်ရရင်ပြန်ဖြေပေးပါနော်။
2. ဆရာရှင့်ကျမအသက်၃၁ပါ။ အိမ်ထောင်မရှိ။ အခုတလောမျက်နှာကြွက်သားတွေအဆက်မပြတ်လှုပ်နေလို့။တခါတလေခေါင်းတခြမ်းကိုက်တယ်။ နှလုံးခုန်မြန်ပြီးဒူးတွေတုန်တယ်။ အဲ့တာလေဖြတ်တဲ့လက္ခဏာလားဆရာ။ဘယ်လိုလုပ်ရမလည်းရှင့်။
3. ကျွန်တော့အမျိုးသမီး အသက် ၄၁နှစ်၊ ဘယ်ဘက် မျက်နှာခြမ်းက တွန့်တွန့်နေတာကြာပါပြီ။ ဆရာပြောပြတဲ့ အထက်ကအဆင့်ထိတော့မဖြစ်သေးပါ။ အမျိုးသမီးကပေါင် ၁၄ဝ၊ အရပ် ၅ ပေ ၂ လက်မပါ။ ဝပါတယ်။ ဆရာဝန်နဲ့ပြတော့RejuNuronဆိုတဲ့Methylcobalamin andAlpha Lipoic Acid Capsules ကို ညအိပ်ရာဝင် သောက်ရပါတယ်။အကြာကြီးသောက်ဖို့ညွန်ပါတယ်။ အတော်လေးသက်သာပါတယ်။ ပျောက်တော့ အရှင်းမပျောက်သေးပါ။ ဆက်လက်သောက်သွားရမှာလား။ ဆရာ၏အကြံပြုချက်ကလေးများ ပြောကြားပေးပါ။

ပဌမမေးခွန်း အသက်မသိပါ။ သွေးဖိအား မသိပါ။

စိတ်ကနေခိုင်းလို့ လှုပ်တာမဟုတ်ဘဲ Muscle twitch ကြွက်သားလှုပ်တာကိုဆေးစာနဲ့ Fasciculationခေါ်တယ်။ အပေါ်ယံအရေပြားမှာဖြစ်တာ (မြင်ရတယ်) နဲ့ အတွင်းပိုင်းမှာဖြစ်တာလို့ရှိတယ်။ Motor tics ကြွက်သားဆတ်ကနဲ လှုပ်တာလိုဘဲ Vocal ticsအသံမှာဖြစ်တာလဲရှိတယ်။ ကလေး ၂၅% မှာအနည်းနဲ့အများဖြစ်ကြတယ်။ စိတ်ဖိအားများတာ၊ အိပ်ရေးပျက်တာကနေဖြစ်ကြရှားတယ်။ ကြွက်သားလှုတ်တာဆက်တိုက်ဆက်တိုက် စိတ်ကနေမခိုင်ဘဲလှုပ်တာမျိုး ဖြစ်တယ်။

ကြွက်သားလှုတ်တာဖြစ်စေတဲ့အကြောင်းတွေကများတယ်။ အများစုဟာစိုးရိမ်စရာမရှိတာတွေဖြစ်တယ်။
• Poliomyelitisပိုလီယိုရောဂါ၊ Neuromyotoniaနဲ့ Spinal muscular atrophies (SMA) ရောဂါတွေကနေဖြစ်တယ်။
• Acetylcholinesterase inhibitors ပါတဲ့ Myasthenia gravis ခေါ်တဲ့ ကြွက်သားရောဂါအတွက်ပေးတဲ့ဆေးကနေလဲ ဖြစ်နိုင်တယ်။
• Organophosphate poisoning အင်းဆက်သတ်ဆေးအဆိပ်သင့်ရင်လဲဖြစ်နိုင်တယ်။
• Valium ဗေလီယမ်လိုစိတ်ငြိမ်ဆေးဖြစ်ရာကနေလဲဖြစ်နိုင်တယ်။
• Magnesium deficiency (မက်ဂနီဆီယမ်) ဓါတ်နည်းလို့လဲဖြစ်နိုင်တယ်။
• Rabiesခွေးရုးပြန်ရောဂါကနေလဲဖြစ်တယ်။
• Anticholinergic drugs ဗိုက်နာသက်သာဆေးတွေ၊
• Diphenhydramine (Benadryl, Dimedrol, Daedalon and Nytol) အင်တီဟစ်တမင်းဆေးတွေ၊
• Dimenhydrinate (Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan) ကားမူး၊ အအန်ပျောက်ဆေးတွေ၊
• Caffeine, Pseudoephedrine (Sudafed), Amphetaminesလိုစိတ်နိုးကြားစေတာတွေ၊
• Salbutamol (Proventil, Combivent, Ventolin)ပန်းနာဆေးတွေ၊

ကုသတာမှာ ဖြစ်စေတာကိုသိရင် ကုပေးရမယ်။ ဥပမာMagnesiumနည်းသူကိုမက်ဂနီဆီယမ်ပေးရတယ်။ မက်မုန်သီ၊ ငှက်ပျောသီး၊ ဟင်းနုနွယ်ရွက်တွေမှာပါတယ်။ Magnesium supplements ဆေးလဲသောက်နိုင်တယ်။ များရင်လဲမကောင်းပါ။ ဝမ်းလျှောမယ်။Milk of Magnesiaဝမ်းပျော့ဆေးသောက်ရသူတွေ သတိထားရမယ်။ လိပ်ခေါင်းအတွက်ပေးတယ်။

Benign fasciculation syndrome (BFS) ခေါ်တဲ့ ကြွက်သားလှုပ်ရောဂါလဲရှိတယ်။
• အများအားဖြင့် မျက်ခွံ၊ လက်နဲ့ ခြေထောက်မှာဖြစ်တယ်။ လျှာမှာလဲဖြစ်တတ်သေးတယ်။
• နားနေရင်းလဲဖြစ်တယ်။ ပင်ပန်းလို့၊ စိုးရိမ်စိတ်များလို့၊ ကြွက်သားတွေနာလို့ကနေလဲဖြစ်တယ်။
• Electromyography (EMG)နည်းနဲ့ရောဂါရှာတယ်။
• စိုးရိမ်စိတ်များသူတွေကိုbeta-blockersနဲ့ anti-seizure drugsဆေးတွေပေးနိုင်တယ်။
• ဒုတိယမေးခွန်းမေးသူအတွက် beta-blockers (Propranolol 20-40 mg) သင့်မယ်။ ဒါပေမဲ့ ဆေးစစ်ချက်တွေကိုပါကြည့်ရအုံးမယ်။

ဒေါက်တာတင့်ဆွေ

https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Ringing in the Ears နားအူခြင်း

1. ဆရာရှင့် ကျွန်မ အသက် 28 ထဲမှာပါ။ ကျွန်မအလုပ်က Quantity Surveyor ပါ။ ကွန်ပျူတာနဲ့ စာရင်းဇယားလုပ်ရပါတယ်။ နားအူတာနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ပြီးခဲတဲ့တပတ် တနင်္ဂနွေနေ့ ညနေ ခေါင်းလျှော်ပါတယ်။ တနင်္လာနေ့ (13.10.2014) မနက် အိပ်ရာထတော့ နားနဲနဲအူပါတယ်။ အင်္ဂါနေ့လဲ နဲနဲအူပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ခေါင်းလျှော်မိပါတယ်။ နေ့ခင်းပိုင်း ရုံးမှာခေါင်းမူးလာလို့ နားအူတာလဲ မသက်သာတာနဲ့ ဆေးခန်းပြပြီး အိမ်ပြန်နားပါတယ်။ ဆေးပေးလိုက်ပါတယ် (Dhaperazine Prochlorperazine Maleate 5mg/Tab, Gitako Tabs, Vit C (250MG) ဆိုပြီး ဆေး ၃ မျိုးပေးပါတယ်။ ဆရာဝန်ပေးတဲ့ဆေး သောက်ပြီး အဲဒီနေ့ ညဘက်မှာ ကောင်းသွားပါတယ်။ ကြာသပတေး၊ သောကြာ နှစ်ရက်သက်သာပါတယ် နားလဲမအူပါဘူး။ စနေမနက် ပြန်ဖြစ်ပါတယ်။ ဆေးသောက် အနားယူတော့ စနေည ဘက် ပြန်ကောင်းပါတယ် တနင်္ဂနွေလဲ ကောင်းပါတယ်။ ယနေ့ တနင်္လာနေ့ (20.10.2014) မနက်ပြန်ပြီး နားအူပါတယ်။ နားအူတဲ့အခါ လူက နှုံး ချိချိ ဖြစ်နေတယ်လို့ ခံစားရပါတယ်။ တခါတခါ ခေါင်းပါမူးလာတယ်။ ဆရာရှင့် အဲလိုဖြစ်တာ နားကတခုတခုဖြစ်နေတာလား။ ဦးနှောက်နဲ့အာရုံကြော ကြောင့်ဖြစ်တာလား။ သွေးအားနည်းလို့ဖြစ်တာလား (သွေးပေါင်ချိန်ကတော့ 120/80 လို့ဆရာဝန်ပြောပါတယ်)။ စိုးရိမ်ရပါသလား။ ဘယ်လိုလုပ်သင့်သလဲဆိုတာ လမ်းညွှန်ပေးပါဆရာ။
2. I am 35 years old man and getting MDR TB treatment since June 2013 and onwards. I also have diabetes. I have now severe hearing loss and tinnitus all the time that disturb my daily life. Hopefully MDR treatment dose will be completed in Feb 2015. My question is my hearing level can be better or normal and Tinnitus can disappear.
3. ဆရာရှင့် နားထဲမှာ Air-corn စက်လည်သံ၊ ပုရစ်အော်သံလိုမည်နေပါသည်။ အကျယ်ကြီးမဟုတ်ပါ။ ဘေးမှ အသံများ ရှိပါက မသိသာပါ။ တိတ်ဆိပ် နေလျင်တိုးတိုးလေးကြားနေရပါသည်။ ခေါင်းမမူးပါ။ ခေါင်းမကိုက်ပါ။ မျက်နှာ နဲနဲတင်းပါသည်။ ဇက် ကျီးပေါင်းရှိပါသည်။ ၂ ပါတ်ခန့်ရှိပါပြီ။ ရိုးရိုးဆရာဝန်ကတော့ အားနဲခြင်းကြောင့်ဟု ပြောပါသည်။ ဆရာရဲ့ Opinion ကိုလေးစားစွာ တောင်းခံအပ်ပါသည်။

လူအတော်များများဖြစ်ဘူးတယ်။ နားထဲမှာ ဆူနေတဲ့အသံက အမျိုးမျိုးဖြစ်နိုင်တယ်။ roaring ဟစ်အော်သံ၊ hissing ဆွဲငင်သံ၊ buzzing တဝီဝီသံ၊ tinkling သတ္တုခေါက်သံ။ တခါဖြစ်ရင် မိနစ်နည်းနည်းကြာမယ်။ တော်တော်နဲ့ မပျောက်နိုင်တာကိုမှသာ Tinnitus (တင်းနစ်တပ်စ်) လို့ခေါ်တယ်။ ဘေးမှာ အသံဖြစ်စရာအကြောင်းမရှိဘဲ ကိုယ့်မှာသာ ကြားနေရမယ်။ သူများတွေကတော့ မကြားဘူး။ နှလုံးခုန်သံနဲ့ လိုက်ကြားရနိုင်တယ်။ အသက်ရှူတာနဲ့လဲ ချက်ညီနိုင်တယ်။ အသက်ရလာရင် ပိုဖြစ်မယ်။ အသက် ၄ဝ ကျော်တွေနဲ့ ယောက်ျားတွေမှာ ပိုဖြစ်တယ်။

အမျိုးအစား (၂) မျိုးရှိတယ်။
၁။ Pulsatile tinnitus (ပါစတိုင်းလ်) ဆိုတာက နှလုံးခုန်သလိုနေတယ်။ နားရဲ့ အနီးအနားက ကြွက်သားလေးတွေ လှုတ်ရှာလို့ ဖြစ်တာ များတယ်။ ဒါမှမဟုတ် မျက်နှာနဲ့ လည်ပင်းမှာ သွေးလျှောက်ရာကနေဖြစ်မယ်။ သွေးခုန်တာမျိုး၊ ကြွက်သားညှစ်နောမျိုး သတိထားမိလိမ့်မယ်။

၂။ Nonpulsatile tinnitus တခြားအမျိုးအစားကတော့ နားအကြားနဲ့ဆိုင်တဲ့ အာရုံကြောကြောင့်ဖြစ်ရတယ်။ နားတဖက်ဖြစ်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ်မှာကြားရတယ်။ ခေါင်းထဲကနေလာတယ်လို့ ထင်နေမယ်။

အများဆုံးဖြစ်တတ်တဲ့အကြောင်းခံဟာ အသက်ရလို့ အကြားအာရုံလျှော့တာကြောင့်ဘဲ။ တချို့မှာတော့ ပတ်ဝန်းကျင် ဆူညံသံကြောင့် ဖြစ်တယ်။

တခြားအကြောင်းတရားတွေလဲ ရှိသေးတယ်။ Earwax နားဖါတွေများနေတာ၊ (အက်စပရင်) နဲ့ ပဋိဇီဝဆေးတွေကြောင့် ဖြစ်နိုင်တယ်။ အရက်သောက်များတာနဲ့ (ကေဖင်း) ပါအရည်သောက်များတာ၊ နာပိုးဝင်တာ၊ နာစည်ပေါက်တာ၊ သွားနဲ့ ခံတွင်းရောဂါ၊ နားနဲ့ခေါင်း ထိခိုက်ဒဏ်ရာရတာ၊ ပတ်ဝန်းကျင်မတူတာနှစ်မျိုးမှာ ရုတ်တရက် ပြောင်းနေတာ၊ ကိုယ်အလေးချိန်ကျလွန်းတာ၊ လေ့ကျင့်ခန်းလုပ်တာများတာ၊ သွေးတိုးနဲ့ သွေးကြောရောဂါ၊ အာရုံကြောရောဂါ၊ ဥပမာ multiple sclerosis နဲ့ migraine headache ရောဂါ၊ သွေးအားနည်းရောဂါ၊ Acoustic neuroma ရောဂါ၊ Labyrinthitis ရောဂါ၊ Otosclerosis ရောဂါ၊ လည်ပင်းကြီးရောဂါ။ အများအားဖြင့် အလိုလိုပျောက်ပါတယ်။ ပြန်လဲဖြစ်တယ်။ မပျောက်နိုင်ရင် ဆရာဝန်ပြပါ။

• Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ) http://dts-medicaleducation.blogspot.com/2011/01/vertigo.html
• BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://dts-medicaleducation.blogspot.com/2011/04/bppv.html

ဒေါက်တာတင့်ဆွေ

https://www.facebook.com/pages/Dr-Tint-Swe/490031307758025


ဂင်းနက်စ်မှတ်တမ်းဝင်သွားသော တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဗုံပုံသဏ္ဌာန် အဆောက်အအုံ


အန်ဟွီ အောက်တိုဘာ ၁၈

တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွီပြည်နယ်တွင် တည် ဆောက်ထားသော ၁၈ မီတာအမြင့်ရှိ ဗုံပုံသဏ္ဌာန် အဆောက်အအုံတစ်ခုသည် ကမ္ဘာ့အကြီးဆုံး ဗုံပုံ သဏ္ဌာန်ရှိ အဆောက်အအုံအဖြစ် ယနေ့ ဂင်းနက်စ် မှတ်တမ်းဝင်သွားခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြ ပါရှိသည်။

တရုတ်နိုင်ငံ ဝမ်ဒါအုပ်စုကုမ္ပဏီက ယွမ်သန်း ၁၃ဝ (ကန်ဒေါ်လာ ၂၁သန်း) အကုန်အကျခံဆောက်လုပ် ထားသော အဆိုပါဗုံပုံသဏ္ဌာန်အဆောက်အအုံမှာ အန်ဟွီ ပြည်နယ် မြို့တော်ဟေဖိုင်းမြို့၌တည်ရှိပြီး နှစ်ထပ် အဆောက်အအုံဖြစ်ကြောင်း သိရသည်။

ယင်းအဆောက်အအုံအကျယ်ဆုံးအပိုင်း၏ အချင်း မှာ ၅၈ ဒသမ ၅ မီတာရှိပြီး ကြမ်းပြင်အကျယ်မှာ ၄၆၅ဝ စတုရန်း မီတာရှိကြောင်း၊ အဆောက်အအုံထဲ တွင် တရုတ်ရိုးရာဗုံယဉ်ကျေးမှုနှင့်အန်ဟွီဒေသဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များကို ပြသထားရှိကြောင်းသိရ သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

စင်ကာပူတွင် ဂြိုဟ်သား များနှင့် အသွင်တူသော ရေသတ္တဝါ တစ်ကောင် ဖမ်းမိ

စင်ကာပူနိုင်ငံမှ ငါးဖမ်းသမား တစ်ဦးသည် ဆန်တိုဆာ ကျွန်းဆွယ်၌ ငါးဖမ်းနေစဉ် ထူးခြားဆန်းကြယ် လှသည့် ဂြိုဟ်သားနှင့် အသွင်တူသော ရေသတ္တဝါ တစ်ကောင် ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထူးဆန်းသည့် ရေသတ္တဝါသည် ရေလက်ဝါး၊ ရေဘဝဲနှင့် ဂြိုဟ်သား တို့၏ပုံစံနှင့် အနည်းငယ်စီ တူညီပြီး စမ်းလက်တံကဲ့သို့သော လက်တံပေါင်း ၁ဝဝ ကျော်ရှိ သည်ဟု သိရသည်။

မိမိ ငါးဖမ်းခဲ့သည့် သက်တမ်း တစ်လျှောက်တွင် သမုဒ္ဒရာအတွင်းမှ ထူးဆန်းသည့် သတ္တဝါအချို့ကို တွေ့မြင်ခဲ့ဖူးကြောင်း၊ သို့ရာတွင် ယခုကဲ့သို့သော ထူးဆန်းသည့် ရေသတ္တဝါမျိုးကို ပထမဆုံး အကြိမ်တွေ့ဖူးခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရေသတ္တဝါ၏ ပုံစံမှာ ဂြိုလ်သား တစ်ကောင် သို့မဟုတ် သန္ဓေ ပြောင်းသတ္တဝါ တစ်ကောင်နှင့် တူသည်ဟု မိမိအနေဖြင့် ထင်မြင်မိကြောင်း အဆိုပါ ရေသတ္တဝါကို ဖမ်းဆီးရမိခဲ့သူ အွန်ဟန်ဘွန်းက ပြောကြားသည်။

အဆိုပါ ရေသတ္တဝါသည် မည်သည့် ရေသတ္တဝါဖြစ်သည် ဆိုခြင်းကို သိရှိနိုင်ရန် အတွက် မိတ်ဆွေ အားလုံးကို မေးမြန်းခဲ့ကြောင်း၊ အင်တာနက် ပေါ်တွင်လည်း အဆိုပါ သတ္တဝါမှာ မည်သည့် သတ္တဝါ အမျိုးအစား ဖြစ်သည်ဆိုခြင်းကို ရှာဖွေခဲ့ ရကြောင်း၊ သို့ရာတွင် တစ်စုံတစ်ဦးကမျှ ဖြေဆိုနိုင်ခဲ့ခြင်း မရှိကြောင်း ဘွန်းက ပြောကြားသည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


Newborn baby ကလေးမွေးတော့မယ်ဆိုရင်

ဒေါက်တာရှင့် ကျမ အခုပထမကိုယ်ဝန်လွယ်ထားတဲ့သူပါ။ မွေးခါနီးပါပြီ။ ကလေးအတွေ့ အကြုံ ဘာမှမရှိတဲ့အတွက် ဒေါက်တာကို စာရေးအကူအညီတောင်းရတာပါ။ ကလေးမွေးပြီးရင် ကလေးကိုဘယ်လို ကြည့်ရမယ်။ တစ်နေ့ ရေဘယ်နှစ်ကြိမ် ချိုးပေးရမလဲ။ ရေများများတိုက်ရမှာလား။ မွေးခါစကလေးကို သေးခံဝတ်ပေးသင့် မသင့်။ ကလေးနဲ့ ပတ်သတ်တဲ့သိသင့်သိထိုက်တဲ့အရာတွေကို သိချင်ပါတယ်ရှင့်။ ဒေါက်တာမှာ new born နဲ့ ပတ်သတ်တဲ့ စာတွေရေးထားတာရှိရင်လည်း ဖတ်ချင်ပါတယ်ရှင့်။ ဒေါက်တာ့ ကျန်းမာရေး ပိုစ့်တွေကိုလည်းဖတ်ဖြစ်ပါတယ်။ အများအတွက်အကျိုးရှိတဲ့ ကျန်းမာရေးအသိတွေကို ဝေမျှပေးတဲ့ဒေါက်တာလည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။

သိပ်မပူပင်ပါနဲ့။
မွေးမွေးချင်း ကလေးကို ရေချိုးလဲရတယ်။ ရာသီဥတုနဲ့ နေရာထိုင်ခင်းအရ နောက်မှချိုးလဲရတယ်။ ချက်ကြိုးကို Cipladine/Betadine cream ဆေးလိမ်းပေးပါ။ ချက်နေရာကို ခြောက်နေအောင်ထားရင် ကြွေတာမြန်မယ်။
မွေးကတည်းက ကလေးကိုနို့တိုက်ပါ။ ကနဦးရည်ကြည်ကို ညှစ်မပြစ်ပါနဲ့။
မွေးကတည်းက ကာကွယ်ဆေး ထိုး-တိုက်ပါ။ BCG, Hepatitis B, OPV, Eye drop
နောက်မှာလဲ ဇယားအတိုင်းထိုး-တိုက်ပါ။
ကလေးကို ရေတိုက်သင့်တယ်။ တချို့က ၆ လအထိမတိုက်ဘူး။ ကိုယ်ပူရင်၊ ရာသီဥတုပူရင်၊ အသားဝါ မြန်မြန်ပျောက်အောင် ရေတိုက်သင့်တယ်။ မိခင်တခါသောက်ရင် ကလေးကို တခါတိုက်ပါ။
Diaper ကို သုံးနိုင်ပါတယ်။ သတိထားရမှာက မလောင်စေဘို့ဘဲ။ အချိန်နဲ့ လဲပေးရမယ်။
အလားတူ ကလေးပေါင်ဒါသုံးရင် ကလေးနဲ့ မတည့်တာမျိုး ရှိတယ်။ ပြောင်းသုံးနိုင်တယ်။
ကလေးငယ်တုံးမှာ ဆေးမတိုက်လေ ကောင်းလေဘဲ။
ပိုးသေဆေးတိုက်ရင် ဆရာဝန်ညွှန်မှသာ တိုက်ပါ။ ပါရာစီတမောအရည်ကို တိုက်စရာလိုရင် ကိုယ်အလေးချိန်နဲ့ ချိန်ဆရမယ်။

ဆရာ့ဘလော့ခ်ထဲမှာ ရေးထားတာတွေကို မာတိကာထဲက ခေါင်းစဉ်ရွေးဖတ်နိုင်ပါတယ်။ http://dts-medicaleducation.blogspot.in/

Baby Care ကလေးဗိုက်နာရင် http://dts-medicaleducation.blogspot.com/2011/05/may-25-2011-at-803-am-air-x-drop-air-x.html
Gripe Water ကလေး လေဆေး http://dts-medicaleducation.blogspot.com/2011/12/gripe-water.html Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://dts-medicaleducation.blogspot.in/2012/08/newborn-baby-and-water.html
Neonatal jaundice မွေးစကလေး အသားဝါခြင်း http://dts-medicaleducation.blogspot.com/2012/01/neonatal-jaundice_24.html
Paracetamol Syrup (ပါရာစီတမော) အရည် http://dts-medicaleducation.blogspot.com/2011/11/paracetamol_29.html
Vaccines ကာကွယ်ဆေးများ http://dts-medicaleducation.blogspot.in/2012/02/pentavalent-vaccine.html
Immunization Chart ကာကွယ်ဆေးထိုးဇယား၊ (ကာကွယ်ဆေးအလိုက်) http://dts-medicaleducation.blogspot.com/2010/06/immunization-chart.html
Immunization Chart ကာကွယ်ဆေးထိုးဇယား၊ (အသက်အလိုက်) http://dts-medicaleducation.blogspot.com/2010/06/child-immunization-chart.html
 

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Eye Drops မျက်စဉ်းအမျိုးမျိုး

(၁) ဆရာခင်ဗျာ ကျွန်တော်အခု မျက်မှန် ပါဝါနှစ်ရာတပ်ထားရပါတယ်။ စာမေးပွဲကဖြေနေတော့ စာတော်တော်ကြည့်ရပါတယ်။ ဆေးတက္ကသိုလ် (့) က ပထမနှစ် ဆေးကျောင်းသားပါ။ မျက်မှန်တပ်ပြီးစာရေးချိန်မှာ မျက်စိကမျက်ရည်ခြောက်ပြီး မျက်စိယားသလိုခံစားရတယ်။ မျက်နှာသစ်ပြီးချိန်မှာလဲ မျက်စိစပ်တယ်။ ပြီးတော့ ညနေနေဝင်ချိန် အလင်းရောင် ကျသွားတဲ့အချိန်မှာ အမြင်က မရှင်းတော့ဘူး။ မျက်မှန်တပ်ထားရင်နေ့ပိုင်းမှာ အမြင်ကြင်လင်ပေမယ့် ညပိုင်းမှာ မှုန်ဝါးဝါးဖြစ်လာတယ်။
(၂) ကျွန်မသည် ကွန်ပျူတာနှင့် အလုပ်လုပ်နေရသူတစ်ဦးဖြစ်ပါတယ်။ မျက်စိများ မကြည်မလင်ဖြစ်ပြီး၊ အမြင်အာရုံ မှုံဝါးဝါး ဖြစ်နေပါသည်။ မျက်မှန်အတွက် စမ်းပြီးပါပြီ။ ပါဝါလဲရှိပါသည်။ အမြဲခပ်လို့ ကောင်းမဲ့ မျက်စဉ်းဆေးရှိလျှင် ညွှန်ပေးစေလိုပါတယ်။

သူများနိုင်ငံတွေမှာ ဆေးဆိုင်ကနေ အလွယ်ဝယ်ရတာ နဲ့ ဆရာဝန်လက်မှတ်နဲ့မှ ဝယ်ရတဲ့ မျက်စဉ်းတွေလို့ ခွဲထားတယ်။ ကျွန်တော်တို့ဆီမှာတော့ ပိုက်ဆံပေးရင် ကြိုက်တာကို ကြိုက်သလောက် ရနိုင်တယ် ထင်တယ်။

မျက်စိက Dryness ခြောက်နေလို့၊ Redness နီရဲနေလို့၊ Itching ယားနေလို့၊ Allergies (အလာဂျီ) ရနေလို့၊ Soreness နာနေလို့၊ Swelling ရောင်နေလို့၊ Eye Discharge မျက်ရည်-မျက်ဝတ် တခုခုထွက်နေလို့ နဲ့ Infection ပိုးဝင်လို့ဆိုတဲ့ အကြောင်းတွေကြောင့် မျက်စဉ်းလိုတယ်။ မျက်စဉ်းမှန်တာကို ရွေးသုံးတတ်ဘို့လိုပါမယ်။

• Dryness မျက်စိခြောက်နေတာအတွက် မျက်စဉ်း
စာအကြာကြီးဖတ်သူ၊ ကွန်ပြူတာ အကြာကြီး သုံးသူတွေမှာ ဖြစ်တတ်တယ်။ အိမ်အပြင်မှာ အကြာကြီး ထွက်နေသူ၊ လေယျာဉ် အကြားကြီး စီးရသူ၊ ရေသောက် နည်းသူတွေမှာလဲ ဖြစ်တတ်တယ်။ အသက်ကြီးသူတွေမှာ ဇရာဖြစ်စဉ်ကြောင့် ဖြစ်တယ်။ အမျိုးသမီးကြီးတွေမှာ သိသိသာဖြစ်မယ်။ Nasal decongestants နှာခေါင်းထဲထည့်ဆေး၊ Diuretics ဆီးသွားစေတဲ့ဆေး နဲ့ Antidepressants စိတ်ကျဆေး သုံးနေသူတွေမှာလဲ လာဖြစ်တတ်တယ်။

မျက်စိ ခြောက်နေရင် Decongestant eye drop အမျိုးအစားမျက်စဉ်း ကိုရှောင်ပါ။ ရက်ရှည်ခြောက်နေသူတွေအတွက် အရည်ထက် Gel or Ointment ကော်မျက်စဉ်း ပိုသင့်တယ်။ ဒါမျိုးခပ်လိုက်ရင် ခဏတာ ကြည့်မကောင်းဖြစ်တာမို့ ညမအိပ်ခင် ခပ်နိုင်တယ်။ မျက်စဉ်းတိုင်းမှာ အထားခံအောင် ဆေးတခုခုထည့်ရတယ်။ တချို့က ဒါမျိုးနဲ့ မတည့်ကြဘူး။ မျက်စဉ်းခပ်လိုက်မှ မျက်စိက နီလာ၊ ယားလာ၊ ရောင်လာရင် မတည့်ဘူးမှတ်ပါ။ ဒါကြောင့် Non-preserved eye drops အထားခံတာမပါတဲ့ မျက်စဉ်းကို အသုံးခိုင်းတယ်။

• Eye Drops for Redness မျက်စိနီတာအတွက် မျက်စဉ်း
Dryness မျက်စိခြောက်တာ၊ Allergy (အလာဂျီ) ရတာ၊ Infection ပိုးဝင်တာ၊ Tiredness မျက်စိအသုံးများတာ နဲ့ ဒီအကြောင်းတွေ စုပေါင်းဖြစ်တာတွေကြောင့် ဖြစ်တတ်တယ်။ Lubricating drop သုံးရတယ်။ ခပ်ရမှာကတော့ Decongestant eye drops ဖြစ်တယ်။ ဒါပေမဲ့ ဆရာဝန်ကို အရင်ပြသင့်တယ်။ သွေးကြောလေးတွေကို ကျဉ်းစေမယ်။ အခြေခံရောဂါ ရှိနေရင် အရှာရခက်စေတယ်။ သုံးမိရင် မျက်စိခြောက်စေတယ်။ ကြာရင် Irritation ကလိခံနေရသလိုမျိုး ဖြစ်စေပြီး နီလာမယ်။ သူငယ်အိမ်ကိုလဲ ကျယ်စေနိုင်တာ သတိထားပါ။

• Allergies, Eye Itching and Eye Drops (အလာဂျီ) အတွက် မျက်စဉ်း
Itchiness ယားတယ်ဆိုတာ (အလာဂျီ) ကြောင့်ဖြစ်တယ်။ တခါတလေ ရောင်တာ၊ နီရဲနေတာ၊ မျက်ရည်ကျတာ၊ မျက်ခွံမို့တာတွေ အတွက်လဲ သုံးနိုင်တယ်။ (အလာဂျီ) ကြောင့်ဆိုရင် Lubricating drops လဲသုံးနိုင်တယ်။ မျက်စိကို မကြာခဏ ဆေးပေးရမယ်။ Antihistamine eye drops (Alaway or Zaditor) မျက်စဉ်းမှာ (အလာဂျီ) ရစေတဲ့ဓါတ်ကို ဆန့်ကျင်တဲ့ ဆေးပါတယ်။ တချို့ မျက်စိနီနေတာအတွက်သုံးတဲ့ Decongestant eye drops မျက်စဉ်းတွေထဲမှာ Antihistamines (အင်တီဟစ်တမင်း) ပါနေတတ်တယ်။

• Eye Drops for Soreness, Swelling or Discharge နာတာ-ရောင်တာ-တခုခုထွက်တာအတွက်မျက်စဉ်း -
Lubricating eye drops ကိုသုံးတယ်။ ဘာလို့ဖြစ်သလဲဆိုတာသိပါ။ ငိုထားလို့၊ ရောင်ရမ်းလို့ နဲ့ (အလာဂျီ) တွေကြောင့် ဖြစ်တာတွေမှာ သုံးနိုင်တယ်။

• Eye infection မျက်စိပိုးဝင်တာကြောင့် မျက်ဝတ် အဖြူ-အဝါတွေထွက်တာအတွက် မျက်စဉ်း -

1. Bacterial conjunctivitis (ဗက်တီးရီးယား) ကြောင့်ဆိုရင် မျက်စိနီပြီးနာမယ်။ မျက်ဝတ်တွေ ထွက်မယ်။ Rx antibiotic eye drops ဆရာဝန်လက်မှတ်နဲ့ဝယ်ရတဲ့ ပိုးသေဆေးပါမျက်စဉ်းလိုမယ်။

2. Viral conjunctivitis (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တာက ခပ်ပေါ့ပေါ့ကနေ ဆိုးတာအထိဖြစ်နိုင်တယ်။ မဆိုးရင် သူ့ဖါသူ ပျောက်မယ်။ ဆိုတာကြောင့် နီရဲ၊ မျက်ရည်ကျ၊ မျက်လုံးနာ၊ မျက်ဝတ်ထွက်တာတွေ ဖြစ်လာမယ်။ မျက်စိ ကြည့်မကောင်းတာလဲ ဖြစ်နိုင်တယ်။ Lubricating eye drops သုံးနိုင်တယ်။ ရေအေးဝတ်၊ ရေခဲကပ်ပေးပါ။

3. Allergic conjunctivitis (အလာဂျီ) ကြောင့်ရောင်တာ အဖြစ်များတယ်။ ယား၊ ရောင်၊ မျက်ရည်ကျ၊ မျက်စိ နီရဲတာတွေ ဖြစ်မယ်။ မကူးစက်ဘူး။ Lubricating နဲ့ Antihistamine eye drops မျက်စဉ်းသုံးပါ။ ရေအေးဝတ်၊ ရေခဲကပ်ပေးပါ။ Antihistamines (Zyrtec or Claritin) စားဆေး သောက်နိုင်တယ်။ (အလာဂျီ) ကြာနေသူတွေက Benadryl ကို လနဲ့ချီသောက်ရတယ်။

မျက်စဉ်းတွေဟာ -
Saline ဆားရည်ပါတာတွေ ဖြစ်တယ်။ ဒါ့အပြင် Steroids (စတီရွိုက်)၊ Antihistamines (အင်တီဟစ်တမင်း)၊ NSAIDs အနာသက်သာဆေး၊ Anesthetics ထုံဆေး ပါတာတွေ၊ Sympathomimetics, Beta blockers, Para-sympathomimetics, Para-sympatholytics, Prostaglandins ဆေးတွေပါတဲ့ မျက်စဉ်းတွေ ရှိတယ်။ ဘာဆေးမှ မပါတဲ့ Lubricating နဲ့ Tear-replacing solutions တွေလဲ ရှိတယ်။ Rinse eye drops ခေါ်တယ်။ Glaucoma eye drops မျက်စိရေတိမ်မျက်စဉ်း၊ Mydriatic eye drops သူငယ်အိမ်ကို ကျယ်စေတဲ့ မျက်စဉ်းတွေလဲ ရှိတယ်။

မျက်စဉ်းတွေဟာ သက်တမ်းကုန်တာ မြန်တယ်။ အများအားဖြင့် ၄ ပတ်သာခံတယ်။ Syringe designed saline drops ဆေးထိုးအပ်လို ဆားရည်အမျိုးအစားလဲ ပေါ်လာတယ်။

မျက်စဉ်းနမူနာတွေ -
- Advanced Eye Relief Dry Eye Environmental Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း

- Advanced Eye Relief Dry Eye Rejuvenation Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Alcon Naphcon A Eye Allergy Relief (အလာဂျီ) အတွက် မျက်စဉ်း
- Bausch & Lomb Opcon-A Eye Allergy Relief Drops မျက်စိ (အလာဂျီ) အတွက် မျက်စဉ်း
- Betamethasone eye drops (ကော်တီဇုမ်း) မျက်စဉ်း
- Carboxy methyl cellulose sodium eye drop ဆားရည်မျက်စဉ်း
- Chloramphenicol eye drops (ကလိုရမ်ဖင်နီကော) ပိုးသေမျက်စဉ်း

- Ciprofloxacin eye drop (စစ်ပရိုဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Clotrimazole eye drops (ကလိုထွိုင်မဇိုး) ပိုးသေမျက်စဉ်း
- Dexamethasone eye drops (ကော်တီဇုမ်း) မျက်စဉ်း
- Gatifloxacin eye drop (ဂတ်တီဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Gentamicin eye drops (ဂျင်တာမိုင်စင်) ပိုးသေမျက်စဉ်း
- Lobob Optimum Wetting and Rewetting Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Neomycin sulphate eye drop (နီယိုမိုက်စင်) ပိုးသေမျက်စဉ်း
- Norfloxacin with dexamethasone eye drop (နော်ဖလောက်စာဆင်) + (ကော်တီဇုမ်း) မျက်စဉ်း
- Ofloxacin eye drops (အိုဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Similasan Computer Eye Relief Eye Drops (ဆင်မဲလ်ဆန်) ကွန်ပြုတာသုံးသူများအတွက်မျက်စဉ်း
- Similasan Dry Eye Relief Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Hydration Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Lubricant Eye Drops (Preservative Free) မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Night Time Lubricant Eye Ointment မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Tired Eyes Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Sparfloxacin eye drop (စပါဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Sulfacetamide eye drops (ဆာလ်ဖါစီတမိုက်) ပိုးသေမျက်စဉ်း
- Systane Ultra Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Systane Ultra Preservative-Free မျက်စိခြောက်တာအတွက်မျက်စဉ်း
- Terramycin Eye Ointment (ဆာရာမိုင်စင်) ပိုးသေမျက်စဉ်း
- Thera Tears, Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Visine A Eye Allergy Relief Eye Drops (အလာဂျီ) အတွက် မျက်စဉ်း
- Walgreens Sterile Eye Allergy Relief Eye Drops (အလာဂျီ) အတွက် မျက်စဉ်း
- Walgreens Wal-Zyr Itchy Eye Drops မျက်စိယားတာအတွက် မျက်စဉ်း
- Zaditor Antihistamine Eye Drops (အလာဂျီ) အတွက် မျက်စဉ်း

• Pink eye ပန်းရောင်မျက်စိ http://dts-medicaleducation.blogspot.in/2012/02/pink-eye.html
• Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ http://dts-medicaleducation.blogspot.com/2011/01/computer-eye-strain.html
• Eye Allergies မျက်စိနာ မဟုတ်တဲ့ မျက်စိ (အလာဂျီ) http://dts-medicaleducation.blogspot.in/2012/04/eye-allergies.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ