Stretch Marks အကြောပြတ်ခြင်း

(၁) ဆရာရှင့် သမီး အသက် ၂၉ နှစ်ပါ။ အခု ကိုယ်ဝန် ၈ လထဲမှာပါ။ ဗိုက်ကြောတွေလည်း ပြတ်သလို ရင်သားတွေပါ အကြောတွေ ပြတ်နေပါတယ်။ တခြားကိုယ်ဝန်ဆောင်တွေ မေးကြည့်တော့ ရင်သားတွေ အကြောမပြတ်ကြပါဘူး။ ရင်သားတွေ အကြောပြတ်တတ်ပါသလား။ အန္တရာယ်ရှိပါသလား။ ဘာဆေးတွေ လိမ်းသင့်ပါသလဲရှင့်။ ဆောင်ရန် ရှောင်ရန်တွေ လမ်းညွှန်ပေးပါအုံးရှင့်။
(၂) ဆရာ မင်္ဂလာပါရှင့် အကြောပြတ်ခြင်းအကြောင်းနဲ့ ပတ်သက်တာလေးတွေ တင်ပေးပါဦးလို့ တောင်းဆိုချင်လို့ပါရှင့်။
(၃) Doctor ဝတဲ့သူတွေမှာ အကြောပြတ်ကြပါတယ် အကြောပြတ်တာပျောက်အောင် ဘယ်လိုလုပ်ရပါသလဲ။
(၄) ဆရာရှင့် အကြောပြတ်တဲ့အကြောင်းလေးလည်း ရှင်းပြပေးပါဦးဆရာ။ ကျွန်မရဲ့ ဒူးခေါင်းနဲ့ ပေါင်ခြံတွေမှာ သိသိ သာသာကြီး အကြောပြတ်လာပါတယ်။ အကြောပြတ်တာ ကုလို့ရပါသလား။ သူများပြောတာ သံလွင်ဆီ လိမ်းရတယ် ဆိုတာ အကြောမပြတ်ခင် လိမ်းရတာမဟုတ်လား။ ပြတ်ပြီသား အရာကြောင်းကြီးကော လိမ်းဆေးရှိပါသလား ဆရာ။

ဗိုက်အကြောပြတ်တယ်လို့ ပြောလေ့ရှိတဲ့ဟာက ရောဂါတော့ မဟုတ်တတ်ဘူး။ ကျန်းမာရေးပြဿနာတော့ ဖြစ်တယ်။ ဗိုက်မှာတင် မဟုတ်ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာတွေမှာပါ ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာမှာ ပြိုင်နေတဲ့ မျဉ်းကြောင်းတွေလို၊ ပါးလျ၊ ပြောင်ချော၊ အရောင်ဖျော့၊ ဖြစ်စမှာ အနီရောင်၊ ကြာရင် ငွေရောင်၊ အမာရွတ်လိုလို အပိုတွေ ဖြစ်လာတယ်။ အနားရှိတဲ့ ပုံမှန် အရေပြားထက် နဲနဲနိမ့်ပြီး၊ ထိ-ကိုင်ကြည့်ရင် ခံစားမှု မတူဘူး။

ကိုယ်ဝန်ဆောင်ရလို့ ဖြစ်ရတာက အများဆုံးပါ။ ကိုယ်ဝန်ရင့်လာချိန် ၇၅% ကနေ ၉ဝ% မိခင်လောင်းတွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန် မဟုတ်ဘဲ ရုတ်တရက် ဝလာ-ပိန်သွားတာကနေလည်း ဖြစ်တတ်တယ်။ တခြား အကြောင်းခံ ရောဂါတွေလည်း ရှိသေးတယ်။ (ကော်တီဇုန်း) လိမ်းဆေး ကြာကြာသုံးလို့၊ ဆီးချိုရောဂါ၊ Cushing syndrome, Ehlers-Danlos syndrome, Lichen planus ရောဂါတခုခုရှိလို့ ဖြစ်တတ်တယ်။ လူပျိုဝင်၊ အပျိုဖြစ်ဆိုတဲ့ အရွယ် ရောက်ချိန်မှာ ကိုယ်ခန္ဓာ အချိုးအစား ပြောင်းလာလို့လည်း ဖြစ်ရပါတယ်။

Collagen (ကိုလာဂျင်) တွေ ပုံမှန်မဟုတ် ဖြစ်လာလို့၊ အရေပြားရဲ့ အလည်ထပ် (ဒါးမစ်) မှာ သွားဖြစ်ပါတယ်။ Glucocorticoid ဟော်မုန်းနဲ့ ဆိုင်သေးတယ်။ လူမဲတွေမှာ အဖြစ်နည်းတယ်။ မျိုးရိုးလိုက်တာလည်း ရှိတယ်။ အမေဖြစ်ရင် သမီးတွေမှာ အဖြစ်များလို့ မိန်းမ မယူခင် သူ့အမေကိုပါ လေ့လာသင့်တယ်။ ဈေးအကြီးဆုံး မော်ဒယ် ၁ဝ ယောက် စာရင်းဝင် သြစတြေးလျက (မီရင်ဒါ ကား) ကလေး ယူတော့မယ် ဆိုတော့ သူ့အဖွါးကပြောတယ် "ခါးရ် မိသားစုမှာ ဗိုက်ကြောပြတ်တဲ့ ရာဇဝင်မရှိဘူး" တဲ့။

ဘယ်လို ကုရမလဲဆိုတာ ပြောရမှာတော့ ဝမ်းနည်းပါတယ်။ ကြော်ညာပြီး ရောင်းတဲ့ (ခရင်မ်) တွေက လက်တွေ့မှာ တကယ်ကောင်းတယ်လို့ အာမမခံနိုင်ပါ။ အကြောပြတ်တာ ဖြစ်စေတဲ့ အခံရောဂါရှိရင် ကုသဘို့ လိုတယ်။ မဖြစ်အောင် ကာကွယ်ဘို့ လိုမယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာ အလေးချိန်ကို အပြောင်းအလဲ မမြန်အောင် သတိထားရမယ်။ ကော်တီဇုံးဆေးတွေ သိပ်လိုအပ်မှသာ သုံးပါ။ ကိုယ်ဝန်ဆောင်နေတုံးမှာ လေ့ကျင့်ခန်းလုပ်ပါ။ ဆီးချို ရှိ-မရှိစစ်ပါ၊ ကုပါ။ ဟော်မုန်းပါဆေးတွေကို သတိထားပါ။

အကြောပြတ်တာက အမာရွတ်သဘောနဲ့တူတယ်။ အမာရွတ်ဆိုတာမျိုးက ပျောက်သွားအောင် လုပ်လို့ မရသလောက်ပါ။ အနာ-ဒဏ်ရာ ဖြစ်တုံးက အရေပြားကို ဘယ်လောက်ထိ နက်သွားခဲ့သလဲ အပေါ်မှာမူတည်ပြီး အကြီး-အသေး၊ အပျောက် နှေး-မြန် ကွာတယ်။ ဖြစ်တဲ့နေရာအရလည်း မတူကြသလို၊ လူအပေါ်မှာပါ တည်သေးတယ်။ အသေားအရေ ကောင်းသူ၊ အရွယ်ငယ်ငယ်မှာ အပေါ်ယံဖြစ်တဲ့ အမာရွတ်ဆိုရင် ကြာလေလေ ပျောက်လေလေ။

စိတ်ဓါတ် မကျပါနဲ့အုံး။ သုတေသနတခုက မြင်းခွါရွက်၊ ဗီတာမင် (အီး) နဲ့ Collagen hydrolysates တွေက အကြောပြတ်တာ အတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။ Shampoos, Conditioners, Soaps, Face cares, Make-up လူသုံးပစ္စည်းတွေမှာပါတဲ့ ဓါတ်တွေပါဘဲ။ ဗီတာမင် E ကို စာတပုဒ် ရေးထားပါတယ်။

နောက် သုတေသနတခုက Vitamin E, Panthenol, Hyaluronic acid, Elastin နဲ့ Menthol တွေပါတဲ့ Verum Cream က ကောင်းတယ်လို့ ဆိုတယ်။ Cocoa butter ဆိုတာကလည်း ရေငွေ့ပေးတာမို့ ကောင်းတယ် ပြောတယ်။ သုတေသနတော့ မရှိသေးဘူး။

အရေပြားခွဲစိတ်ဂျာနယ်က ရေဒီယိုလှိုင်း 585-nm pulsed dye laser နဲ့ ၃၇ ယောက်ကို ကုတာ၊ ၃၃ ယောက်မှာ အလွန်ကောင်းတဲ့ ရလဒ်ရတယ်လို့ ဆိုပါတယ်။ Tummy tuck ခေါ်တဲ့ ခွဲစိတ် ဖယ်ရှားမှုလည်း လုပ်ကြတယ်။ Fractional laser resurfacing (လေဆာ) နည်းသစ်ကလည်း ပိုကောင်းသတဲ့။

အရေပြားကုသရေး ဂျာနယ် စာတမ်းမှာ အမျိုးသမီး ၁၇ ယောက်ကို ၆ ပါတ် ကုသပေးတာ ဆေးပါတ် ပြည့်ပြီးနောက် ၁ ပါတ်မှာ ၃၈့၂% က ၂၅့၅% နဲ့ ၁၁့၈% က ၅၁့၇၅% တိုးတက်မှုတွေ့ရတယ်။ ၂၃% က ကျေနပ်ကြပြီး၊ ၁၂% ကတော့ ကျေနပ်မှုမရှိဘူး ဆိုပါတယ်။

အကြောပြတ်တာ ကျန်းမာရေးပြဿနာလို့ ရေးခဲ့ပါတယ်။ လူဆိုတာ မွေးတုံးကထက် ဖြစ်နိုင်ရင် ပိုလှချင်၊ ပိုကောင်းချင်၊ ပိုကျန်းမာ သန်စွမ်းချင်ကြတယ်။ လျော့သွား၊ ကျသွား၊ ပြောင်းသွားရင်လည်း နဂိုအနေ ပြန်ဖြစ်ချင်ကြတယ်။ ဒီအထိတော့ (နော်မယ်)ပါ။ မဖြစ်နိုင်ဘူး ဆိုတာကိုပါ ဖြစ်ချင်နေရင်တော့ ဝေဒနာ တိုးတာပါ။ ဒါ့ကြောင့် ကံနဲ့ စိတ်ဟာ အကြောင်းတရား တွေထဲမှာ ပါနေတာပေါ့။ အဲဒါကြောင့်လည်း စိတ်ကို ထားတတ်အောင် ပြုပြင်နည်းတွေ၊ ကံတရား ကောင်းအောင် ကျင့်ကြံစရာတွေ ပေါ်ပေါက်လာခဲ့တယ်။

ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ် နဲ့အတူ အရေ၏ ကောင်းခြင်းလည်း ပါတယ်။ အမျိုးသမီး တွေသာမက အမျိုးသားတွေအတွက်လည်း ဗိုက်စူ၊ ဗိုက်ပူတွေ မဖြစ်ချင်ကြတာမို့ “ဗိုက်ခေါက်ကျန်းမာရေး” က အတော် အရေးပါလှတယ်။ ဗိုက်ကြောပြတ်တာက အရေပြားမှာ ဖြစ်တာပါ။ အရေပြားအောက်မှာ အဆီပြင်၊ ကြွက်သား၊ နောက်ခံ အရွတ်ပြား၊ အတွင်းဆုံးကြမှ ဗိုက်ကိုဖုံးနေတဲ့ အလွှာဆိုပြီး ၅ ထပ်ရှိတယ်။ ဗိုက်မစူချင်ရင် ဗိုက်လှချင်ရင် အရေပြား လှရမယ်။ အဆီမထူရဘူး။ (ဗယ်လီ) ခေါ်တဲ့ ဗိုက်ကြွက်သား သန်နေရမယ်။ တချို့သိပ်မသိကြတာက အရွတ်ပြားရဲ့ အရေးပါမှုဘဲ။ ဗိုက်ကို ခွဲစိတ်ရရင် ဒီအထပ်ကို ကျကျနန ပြန်ချုပ်ပေးရတာ လက်ဝင်တဲ့ အလုပ်တခုပေါ့။

အထပ်ရှိသမျှ ကောင်းနေရမယ်။ အပေါ်ယံလေးနဲ့ မလုံလောက်ဘူး။ (တိုးရစ်) တွေ လာမဲ့နေရာတွေမှာသာ လမ်းတွေ၊ အိမ်တွေကို မြင်ကောင်းအောင် လုပ်ထားသလိုမျိုး။ စစ်ဆေးတဲ့သူ လာချိန်မှာ တခါမှ မတခါဘူးတဲ့ ခြင်တောင်တွေ၊ မွေ့ယာတွေ ထုတ်ပေးထားတာမျိုး ဆိုတာတွေက တကယ့် အကောင်း၊ အစစ်အမှန် မဟုတ်ဘူး။

လူတယောက်ကို ကြည့်တာနဲ့ ဗီတာမင်ဘီ ၂ နည်းနေတာကို သိနိုင်တယ်။ ပါးစပ်ဘေးစွန်းတွေမှာ အရောင်ဖျော့နေ၊ နီနေ။ အနာဖြစ်ချင်နေတာ မြင်ရမယ်။ ဆက်သိဘို့က သူ့မှာ ဘီ ၂ နည်းနေရင် ဘီ ၁ လည်း နည်းနေနိုင်သလို၊ တခြားတခြား အာဟာရတွေပါ နည်းနိုင်တယ်လို့ မှန်းတတ်ရတယ်။ ဒီဆင်ခြင်မှုသဘောအတိုင်းဘဲ ဗိုက်ကြောပြတ်သူတယောက်မှာ အရေပြား အောက်လွှာတွေလည်း တခုခုလိုနေနိုင်တယ်လို့ သံသယဝင်ဘို့ ထိုက်တယ်။

ရေနဲ့ အာဟာရဓါတ်ပြည့်ဝနေတဲ့ အရေပြားဆိုရင် အကြောပြတ်တာဟာ အဖြစ်နည်းတယ်။ ရေသောက် မနည်းစေနဲ့။ မျှတတဲ့ အစားအစာစားပါ။ အသား-ငါး၊ အသီးအရွက်-အသီးအနှံ၊ ပဲတွေ စုံအောင်စားရတာမျိုးပြောတာပါ။ လှုတ်ရှား ရုံးကန်နိုင်ဘို့ (အင်နာဂျီ) ဖြစ်စေတဲ့အစာ၊ ကြီးထွားဘို့၊ ပျက်တာတွေပြုပြင်ဘို့ (ပရိုတင်း)၊ နည်းနည်းစီနဲ့ နေ့တိုင်း မပါမဖြစ်တာတွေက ဆီ၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေဖြစ်တယ်။ ဗီတာမင် အေနဲ့ အီးကို သောက်သင့်တယ်။ သူနည်းနေရင် ပြော့ဖတ်ဖတ် ဖြစ်နေတာမို့ (ပိုတက်ဆီယံ) ပါ ဖြည့်ပေးဘို့ လိုတယ်။ အကြောပြတ်ပြီးသူတွေအတွက်ပါ ကောင်းပါတယ်။

ကြော်ညာတွေ အများကြီးရှိတယ်။ အမေရိကားနဲ့ အနောက်နိုင်ငံတွေမှာ ပိုများတာပေါ့။ ဆေး တခုတည်းကို အားကိုးယုံနဲ့ အဆင်ပြေမှာမျိုးတော့ မဟုတ်ဘူး။ စာထဲမှာ ရေးခဲ့သလို လုပ်စရာတွေပါ လုပ်သင့်တယ်။ ဆေးတွေကလည်း လယ်ကွင်း ယာခင်းထဲကနေ ရတာကို ပြုပြင်ပြီး ဝယ်ချင့်စဖွယ် လုပ်ထားတွေက ပါသေးတယ်။ အလွယ်ရတဲ့ မြင်းခွါရွက်ကို ကိုယ့်ဖါသာ ကြံဆရင်လည်း အကျိုးရှိနိုင်မယ်။

ခွဲစိတ်ကုသတာ (ဆာဂျရီ) ကိုလည်း လုပ်ချင်၊ လုပ်နိုင်၊ အခြေအနေပေးရင် မလုပ်နဲ့လို့ မတိုက်တွန်းပါ။ ကုပေးမဲ့ ဆရာဝန်နဲ့ အရင် ဆွေးနွေးပါ။ ဒီရောဂါမျိုးက အများကြီး မျှော်မှန်း မထားဘဲ ကြိုးစားသင့်တယ်။ အမှန်က ရောဂါလို့ တကယ် သတ်မှတ်တာတော့ မဟုတ်ဘူး။ အဲဒါမျိုးက ပိုပြီးကုရတာ မလွယ်ဘူး။ သက်ရှိတွေမှာ ဇရာဖြစ်စဉ်ထဲပါတာကို ပြုပြင်ဘို့က သိပ်ခက်တတ်တယ်။ ဒါပေမဲ့ ငယ်တုံးကဖြစ်တာ ကြာရင် သက်သာရာကနေ မမြင်ရတဲ့အထိ ပြောင်းတတ်သေးတယ်။

အမျိုးသမီးတွေက ဗိုက်ကြောပြတ်လို့ မေးကြသလို ယောက်ျားတွေကလဲ ဒူးကြောပြတ်တာ မေးကြပါတယ်။ (မာစတာဘေးရှင်း) လုပ်လို့ ပြတ်တယ်လို့ တရားသေမှတ်ကြတာ များတယ်။ (မာစတာဘေးရှင်း) လုပ်လေ့ရှိတာက လူပျိုဖြစ်ပြီးနောက်ဆိုတော့ အရွယ်ပြောင်းလာတာနဲ့ ကိုယ်ခန္ဓာပြောင်းလဲလာတာ တချိန်တည်းကျနေတယ်။ အမှန်က ကိုယ်မှာ ဝရာကပိန်၊ ပိန်ရာကဝလာတဲ့နေရာတွေမှာ အကြောပြတ်တယ်။ ဘာကြောင့်၊ ဘယ်နေရမှာဖြစ်ဖြစ် ကုသနည်းကတော့ အတူတူပါဘဲ။

ဗိုက်ကြောပြတ်တာအတွက် ရေဓါတ်၊ အာဟာရဓါတ်နဲ့ စိတ်ဓါတ်၊ အလေးထားပြီးသကာလ၊ မအိုသေးသမျှ အပျိုလေးလို လှနေကြပါစေ။

Collagen (ကိုလာဂျင်) http://dts-medicaleducation.blogspot.in/2013/09/collagen.html

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Ovarian Cyst ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး

ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး လူဥ ခွဲစိတ်မွေးဖွာ့း လူမှာဥတဲ့ လူဥ့ မနက်ဆယ်နာရီလောက်၊ ဓနုဖြူ၊ ကျွဲလမ်းကုန်းရွာက့။

ဒီသတင်းကိုတွေ့ဘူးလို့ ပြန်ရှာတော့ တွေ့ပါတယ်။ ဖေ့စ်ဘွတ်မှာ သူနာပြုဆရာမ တယောက်ကနေ အလွန်ကြီးမားတဲ့ အလုံးတခုကို ခွဲစိတ်ခန်း နောက်ခံထားပြီး ရိုက်တဲ့ ဓါတ်ပုံနဲ့အတူ ‘လူဥ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ တွေ့လို့ ‘လူဥ’ မဟုတ် ‘မျိုးဥအိမ်အကျိတ်’ ပါလို့ ရေးလိုက်ပါတယ်။

1. ကျွန်မကအသက် ၃၇ နှစ်ရှိ ကလေးတစ်ယောက်အမေပါ။သားအိမ်တွင် ဘယ်ညာနှစ်ဖက်လုံးတွင် 2.4mm ရှိ ရေအိတ်ရှိနေပါတယ်။ အဲဒီအရာကြောင့်သားအိမ်ပြင်ပဖြစ်သော အူတို့တွင်ကလေးရှိနိုင်ပါသလား သိချင်ပါတယ်။
2. တပည့်လေးက ဗိုက်ထဲမှာ ရေအိတ်ရှိနေတယ်လို့ သိရပါတယ်။ တခါတလေတော့ မခံမရပ်နိုင်အောင် နာတယ်ပြောပါတယ်။ မနာရင်တော့လဲ လူကောင်းအတိုင်းပါ။ ဆရာမကြီးတွေနဲ့ပြတော့ ခွဲခိုင်းပါတယ်တဲ့။
မခွဲပဲအဆင်ပြေစေမဲ့နည်းလမ်းများရှိရင်လဲ သိချင်ပါတယ်ဆရာ။ ခွဲရစိတ်ရမှာလဲကြောက်တတ်တော့ မခွဲပဲကြာနေပါတယ်ဆရာ။ မခွဲပဲ ထားရင်ရော ကင်ဆာတွေ ဘာတွေအဆင့်ထိဖြစ်လာနိုင်ပါသလားဆရာ၊
အခုတော့ သူရိုက်ထားတဲ့အနီးကပ်ဆုံး မှတ်တမ်းစာရွက်တွေကို ထည့်ပေးလိုက်ပါတယ်။
3. ဆရာရှင့် (၁) ကျွန်မ အသက် ၂၅ တုံးက ရေအိတ် ထုတ်ဖူးပါတယ်။ သားဥပြွန်တခုပါ ထုတ်လိုက်ရလို့ ယခု အသက် ၃၃ နှစ်မှာ ကလေးယူဖို့ လွယ်ကူနိုင်ပါသလား။ ဘာအခက်အခဲများ ရှိနိုင်ပါသလဲ။ နောက်နှစ်မှာ ကလေးယူဖို့အတွက် ခုချိန်မှာ အစားအသောက်နဲ့ ဆေးဝါး၊ ဘာတွေ ကြိုတင် မှီဝဲဖို့ လိုပါသလဲ။ (၂) ရေအိတ်က ဘာကြောင့်ဖြစ်ပါသလဲ သေချာသိချင်ပါတယ်။ အပျို-အအို မရွေး အသက်အရွယ် မရွေး ဖြစ်နေတာကိုလဲ တွေ့နေရပါတယ်။ Ovarian Cyst လို့ ရေးထားပါတယ်။ မခွဲခင်က ဗိုက်မသိမသာလေး ပူပါတယ်။ နဂိုက ပိန်တဲ့လူဆိုတော့ ဝလာသလို ထင်ရတယ်။ ဗိုက်ဆာလို့ အစာစားမယ်ဆိုတော့ နဲနဲဘဲ စားရသေးတယ်၊ ဗိုက်က ပြည့်သွားပြီး၊ ဗိုက်တင်းသွားတယ်။ ဆက်စားချင်ပေမဲ့ မစားနိုင်တော့သလိုဖြစ်တယ်။ ရင်ပြည့်နေသလို ဖြစ်ပါတယ်။ အဲလောက်ဘဲ ခံစားရပါတယ်။ အိတ်ထမတင် လေ့ကျင့်ခန်း လုပ်ကြည့်တော့လဲ ဘာမှမထူးခြားဘူး။ ဗိုက်ထဲမှာ အလုံးဖြစ်နေမလားဆိုပြီး။ စိုးရိမ်လို့ ဆေးခန်း သွားတော့မှ ရေအိတ်ဖြစ်နေတယ်ဆိုတာ သိရပါတယ်။ ရေအိတ်ထဲမှာ အရည်နောက်နောက်တွေလို့ဘဲ ပြောပါတယ်။ တခြားဟာတွေ တွေ့တယ်လို့တော့ မပြောပါဘူး။ သားဥပြွန်မှာ သွေးကြောတွေ ရစ်ပတ်နေလို့ ရေအိတ် ထုတ်ရ ခက်တဲ့အတွက် အဲဒါပါ ထုတ်လိုက်တယ်လို့ ပြောပါတယ်။

ဒုတိယမေးခွန်းတခုမှာ ‘မ’ မပါလို့ တပည့်က ယောက်ျားလေးလား၊ မိန်းကလေးလား မသိရသေဘဲ မေးခွန်းကို ဆက်ဖတ်နေခဲ့ရတယ်။ နောက်မေးခွန်းတခုမှာ သားအိမ်မှာမဟုတ်ဘဲ၊ မျိုးဥအိမ်မှာ ဖြစ်တာနေမယ် ထင်ပါတယ်။ မတူပါ။ သားအိမ်က တခုတည်းရှိတယ်။ ဘယ်-ညာဆိုရင် မျိုးဥအိမ်ဖြစ်ပါမယ်။ ကုသလို့ရပါတယ်။ ၂့၎ စင်တီက မကြီးလှပါ။ မစိုးရိမ်ပါနဲ့။ ကလေးအသက် မသိရပါ။ ရာသီ မသိရပါ။

အရွယ်ရောက် အမျိုးသမီးတိုင်း မျိုးဥအိတ်မှာ အလုံးဆိုတာတွေ ဖြစ်ကြပါတယ်။ ကုစရာမလိုဘဲ ပျောက်သွားတာက များပါတယ်။ ကုစရာလိုတဲ့ Ovarian Cyst မျိုးဥအိမ်အကျိတ်ဆိုတာကလည်း အဖြစ်များတဲ့ ရောဂါတခုပါ။ အရွယ်မရွေး ပြောရမလားဘဲ။ အပျိုလေးတွေရော အဖွါးကြီးတွေကိုပါ ခွဲပေးရဘူးတယ်။ ကျူးမားခေါ်တဲ့ အလုံး-အကြိတ်တွေဟာ ကင်ဆာ မဟုတ်တာရော ဟုတ်တာပါ၊ ဘာလို့ဖြစ်သလဲ အတိအကျ ပြောမရတဲ့ အမျိုးအစားပါ။ ကံတရားကိုသာ လွှဲချကြရအောင်။

မျိုးဥအိတ်ဆိုတာ အမျိုးသမီးတိုင်းမှာ ဘယ်နဲ့ညာ တခုစီရှိတယ်။ သားအိတ်ဘေးက ချိုလိုထွက်နေတဲ့ သားအိတ်ပြွန် နှစ်ဘက်ရဲ့ အဖျားဘက် အောင်နားမှာ တွဲလောင်းလေး ရှိနေတယ်။ အရွယ်ရောက် အမျိုးသမီး တဦးရဲ့ မျိုးဥအိတ်က ၃ x ၁့၅ x ၁့၅ စင်တီမီတာ အရွယ်ရှိတာပါ။ လက်တဆစ်လောက်ပေါ့။ ဒီဟာလေးကနေ Ovarian Cyst ဖြစ်ရင် ကိုယ်ဝန်ရင့်မာ အရွယ်လောက်ထိ ကြီးလာနိုင်တယ်။

အလုံးဖြစ်လာတာကို အတော်များများ သတိမထားမိတတ်ပါ။ ရာသီလာတာလည်း ပုံမှန်။ နာတာကလည်း မသိမသာ။ ကိုယ်ဝန်ဆောင်သလို ဗိုက်ကလေး ပူလို့ စူလာမှ သိရတာ များတယ်။ အလုံးက ဗိုက်ထဲမှာ (အမှန်က ဗိုက်အောက် တင်ပါးဆုံရိုးကွင်းထဲမှာပါ) သူနဲ့ တွယ်နေတဲ့ သားအိတ်ပြွန်က နောက်တို့ ဘေးတို့မှာ ကပ်နေတာ မဟုတ်လို့ ခပ်လွယ်လွယ် ရွေ့ရှား လှုတ်ရှားနိုင်တယ်။ လှုတ်ရင်း၊ ရွေ့ရင်းနဲ့ အညှာနဲ့တူတဲ့ နေရာက လိမ်ပြီး၊ သူ့ဟာသူ ချည်သလို ဖြစ်တတ်သေးတယ်။ အဲလိုဖြစ်ရင် နာတာခံစားရတော့မယ်။ မခွဲရင် သွေးထွက်၊ ပေါက်ထွက်ဖြစ်နိုင်တယ်။

ဒီရောဂါကို ခွဲကုရတာပါ။ ဖြစ်လာတဲ့အလုံး သပ်သပ်ကို ခွဲစိတ်ထုတ်လိုက်တာက အကောင်းဆုံး။ အလုံးဖြစ်လာတာက မျိုးဥအိတ် တခုလုံးကနေ ဖြစ်လာတာ မဟုတ်ပါ။ တနေရာကသာ ဖြစ်တာ။ ဒါ့ကြောင့် ကောင်းနေသေးတဲ့ မျိုးဥအိတ်ကို ချန်ထားဘို့လိုတယ်။ အလုံးက အဖုံးနဲ့ရှိလို့ ခွဲစိတ်ရှင်းရတာ ပိုလွယ်တယ်။ တခါတလေ မလွယ်ဘူး။ ကြာမှ ခွဲရရင်၊ ကြီးလွန်းရင်၊ မျိုးဥသာမကာ ပြွန်ကိုပါ ချန်မရတာ ဖြစ်နိုင်တယ်။ မျိုးဥအိတ်တဖက်နဲ့ ပြွန်တဖက် မရှိရင် သားသမီးရဘို့ တဝက်တော့ အခွင့်အလမ်း နည်းသွားစေတယ်။ မျိုးဥအိတ်နဲ့ ပြွန်၊ နှစ်စုံလုံး ရှိနေပါမှ အမျိုးသမီး ပီသစေနိုင်လို့ပါ။ မ-ဟော်မုန်းတွေ ပုံမှန်ထွက်၊ လင်ယူ-သားမွေး၊ ကလေးယူဘို့လဲ စိတ်ချရမယ်။

တခါ ဖြစ်ဘူးရင် နောက်ထပ် မဖြစ်နိုင်တော့ဘူးလို့ မပြောနိုင်ပါ။ ရာသီ မမှန်ရင်။ သိပ်ငယ်ငယ်ကတည်းက ၁၁-၁၂ နှစ် သမီးကစ ရာသီကလာရင်၊ ကလေးမရတဲ့သူ၊ လည်ပင်းကြီးဟော်မုန်း နည်းသူ၊ ကိုယ်အပေါ်ပိုင်း အဆီများသူ တွေမှာ ဖြစ်တတ်လေ့ရှိတယ်။

အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့် ခပ်ဝါဝါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်မြစ်ပြစ် ဖြစ်မယ်။၊ အဆီတွေ ပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေ ပါနေတတ်တယ်။ ဆံပင်လို အမွှေး၊ အရိုးလို၊ သွားလို၊ အရိုးနုလို စတာတွေ။ တောမှာ “အပင်းထည့်တယ်” လို့ ပြောတတ်ကြတာမျိုးပေါ့။ Dermoid cyst ဒါးမွိုက်-ဆစ် ခေါ်တယ်။ အမှန်က လူ့ကိုယ်ခန္ဓာမှာ ရှိနေတဲ့ (တစ်ရှူး) အမျိုးအားလုံးက ပါနေနိုင်တယ်။ မျိုးဥအိတ်သာ မဟုတ်ပါ အရေပြားမှာလည်း ဒါမျိုး ဖြစ်တတ်တယ်။

အဲလို ခွဲထားခံရသူအတွက် စိတ်မပျက်ပါနဲ့။ ကင်ဆာကို မပြောင်းစေတတ်ပါ။ ကလေးရဘို့ ၅ဝ% ဆိုတာ နည်းတဲ့ အခွင့်အလမ်း မဟုတ်ပါ။ သေခြာပါတယ်ဆိုတဲ့ တားဆေးတွေက ၉၉% စိတ်ချပါဆိုတဲ့ အထဲကနေ ကိုယ်ဝန် ဆောင်သူ ရှိတယ်။ အစား ရှောင်စရာ မလိုပါ။ ကျန်းမာအောင်သာ မျှတတဲ့အစာ စားပါ။ ဆေးလည်း ပုံမှန် အားဆေးသာ လိုပါတယ်။

ကိုယ်ဝန်ဆောင်ပြီဆိုရင် OG နဲ့ ပြပါ။ အရင် ခွဲစိတ်မှတ်တမ်းတွေ သိမ်းထားဘို့ လိုမယ်။ ခွဲစိတ်ထားပြီး၊ ချက်ချင်း ကိုယ်ဝန် မယူသင့်သေးပါ။ သန္ဓေ တားဆေးသုံးရင် မျိုးဥမထွက်စေတာမို့ မျိုးဥအိမ်အကျိတ် ဖြစ်မှာကို တားဆီးပေးရာကျတယ်။ ကလေး ယူတော့မယ်ဆိုရင် ကိုယ်ဝန်တားဆေး မသုံးဘဲ၊ ကြာရင် IUCD သားအိမ်ထဲပစ္စည်းထည့်နည်းသုံးပါ။ မကြာရင် ကွန်ဒွမ် သုံးသင့်တယ်။ တဖက်ထဲကသာ မျိုးဥ ထွက်နေရသူမို့ ထွက်နေစေချင်တယ်။ ၃-၄ လအကြာ၊ ဘာမှ မတားတော့ရင် ကလေးအမေ အခေါ်ခံရပါတော့မယ်။

ဓါတ်ပုံထဲမှာပါတဲ့ အရွယ်အစားလောက်ရှိမဲ့ မျိုးဥအိမ်အလုံးကြီးကို ထိုင်း-မြန်မာနယ်စပ်က KNU ကရင် ဆေးရုံလေးတခုမှာ ကြုံကြိုက်လို့ ခွဲပေးခဲ့ရဘူးပါတယ်။ ဆေးရုံကလဲ တောထဲမှာ၊ ကင်မရာလဲမပါလို့ ဓါတ်ပုံမရိုက်နိုင်ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၄
၂၈-၈-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


အကင် စားသုံးခြင်း နှောက် ကွယ် မှ ကင်ဆာ ရောဂါ


အိမ်နီးချင်းနိုင်ငံများမှ ကုန်ကြမ်းများ၊ တောင်ကိုရီးယား နိုင်ငံမှ အေးခဲအသားများ၊ ရက်လွန်အသားများ အတိုင်းအဆမရှိ ဝင်လာခြင်းနှင့်အတူ လမ်းဘေးဆိုင်များ၌ သာမက ဆိုင်ကြီးများ၌ပါ ''အကင်'' ယဉ်ကျေးမှုတစ်ရပ် ဖွံ့ဖြိုးဝေဆာလာခဲ့သည်။ အမေရိကန် ကင်ဆာ သုတေသန အဖွဲ့မှ ထုတ်ပြန်ရာတွင် အသားကြော်များ၊ အသားကင်များ၊ ပလတ်စတစ်အိတ် ပတ်ထားသည့် အစာများ၊ ဆီကဲ့သို့သော အဆီအမျိုးမျိုး သုတ်လိမ်းပြီး မီး သို့မဟုတ် လျှပ်စစ်မီး ဖြင့်ဖုတ်ခြင်း၊ ကင်ခြင်း၊ ပြုတ်၍ စားခြင်းတို့ကြောင့် လူတို့၏ဒီအင်အေကို ဖျက်ဆီးနိုင်သော ဓာတုဓာတ်များ ပါဝင်မှုများလာခြင်းကြောင့် ကင်ဆာအလွယ် တကူဖြစ်စေရန် အခွင့် အလမ်းများ ဖြစ် ပေါ်လာတော့သည်။

အမည်မသိ အသားများကို ဆီသုတ်၍ မီးကင်စားခြင်းကြောင့် ထိုအကင်တွင် အထူးသဖြင့် ဟိုက်ဒရိုဆိုင်ကလင်းအာမီနို (HCA)နှင့် ပိုလီဝီတစ်ဟိုက် ဒရိုမက် တစ်ဟိုက် ဒရိုကာဗွန်ဓာတ် (PAH) များပါဝင်သောကြောင့် ကင်ဆာဖြစ်နိုင်ခြေ များကြောင်း ကြေညာခဲ့သည်။ HCA သည် မီးကင်ထားသည့် အစာတွင် မြင့်မားစွာ ပါဝင်သည်။ သား၊ ငါး၊ ပုစွန်၊ အမဲသားနှင့် အခြားအသားများကို မီးဖုတ်ခြင်း၊ ကြော်လှော်ခြင်း၊ မီးကင်ခြင်းပြုလုပ်သည့်အခါ အပူချိန် ၂ဝ၂ ဒီဂရီဖာရင်ဟိုက်ဖြင့် ကင်ဖုတ်ရာမှ ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်ပစ္စည်းများ ထွက်လာသည်။ အကင်များကို မီးသွေးအနည်းငယ်ဖြင့် မကျက်တကျက်ကင်၊ မီးဖုတ်ရောင်းချကြသည်။ အချို့အသားတုကို ပတ်ထားသည့် ပလတ်စတစ်များကိုပင် မခွာတော့ဘဲ ကင်ကြသည်။

ဈေးနှုန်းချိုသဖြင့် ဝယ်စားသူက ဝယ်စားကြသည်။ ထိုအစားအစာများကြောင့် အသည်းကင်ဆာ ဖြစ်နှုန်းများပြီး အသက် ဆုံးရှုံးကြသည်။ မြန်မာနိုင်ငံ အနောက်ဘက်၊ မြောက်ဘက်နှင့် တောတောင်ထူထပ်သည့် အရပ်ဒေသ၊ ပင်လယ်ရေပြင်နှင့် နီးစပ်သည့် အရပ်များမှာ အသား၊ ငါး၊ ပုစွန်ကို မီးကင်စားတတ်သည်။ ထိုဒေသများမှာ အသည်းကင်ဆာ အဖြစ်များကြသည်။ အလွယ်တကူ စားသုံးတတ်သည့် အလေ့အထကြောင့် ကျန်းမာရေးသတိမရှိတတ်ကြပါ။

တရုတ်၊ ကိုရီးယား၊ ထိုင်းနိုင်ငံတို့မှာပင် အကင်စားသူများ များလာသည်။ အကင်ကြောင့် ကင်ဆာရောဂါနှင့် အခြားရောဂါ (သံထခြင်း)၊ အစာအဆိပ်သင့်ခြင်း ဖြစ်နိုင်သည်။ ကင်ဆာရောဂါ၏ တရားခံလက်သည်မှာ အကင်၊ အကြော်အလှော်များစွာ စားသုံးခြင်းကြောင့်ဖြစ်သည်။

မြန်မာတို့သည် အကြော်အလှော်၊ အကင်များ စားသုံးကြရာ လတ်ဆတ်သော ရိုးရိုးငါးသလောက်ကင်၊ ပုစွန်ကင်တို့သာ စားသုံးခဲ့၍ လေဖြတ်၊ သွေးတိုးနှင့် နှလုံး ရောဂါများ ဖြစ်ပေါ် ခံစားရခြင်းမရှိပါ။ ထိုစဉ်က နာမည်ဆန်းနှင့် အကင်ပစ္စည်းများ မရှိသလို ကိုရီးယား၊ တရုတ်၊ ယိုးဒယား၊ ဂျပန်ကင်များလည်း ဝင်မလာခဲ့ သေးပါ။ ကင်ဆာဆဲလ်များ ပြန့်ပွားမှုသည် ကျပ်တင်ခြောက်များ ပြုလုပ်စားသောက်ခြင်း၊ ဝက်၊ အမဲ၊ ဆိတ်၊ သိုးနှင့် ငါးမျိုးစုံတို့ကို သဘာဝနေအပူဖြင့် ခြောက်သွေ့အောင် မလှန်းဘဲ မီးပေး၍ကျပ်တိုက် (မီးပူခံ)စားခြင်းကြောင့် အနီရောင် အသားဖြစ်သော အမဲသား၊ ဝက်သား၊ ဆိတ်သားတို့မှ တစ်ဆင့် ဘေးဖြစ်စေသဖြင့် ကျန်းမာရေး အတွက် ဘေးထွက်ဆိုးကျိုးများ တတ်သည်။

အကြော်အလှော်၊ အကင်များတွင် ငါးကင်၊ ပုစွန်ကင်မှလွဲ၍ ကျန်းမာပျော်ရွှင်စွာ လူ့ဘဝကို သက်တမ်းကုန် အထိ ဖြတ်သန်းနိုင်စေခြင်း အလို့ငှာ အကင် စားသုံး ခြင်းကြောင့် ဖြစ်ပွားတတ်သော ''အကင်နှင့်ကင်ဆာ'' အကြောင်း သတိပြုနိုင်စေရန် ရှာဖွေတင်ပြ လိုက်ရပါသည်။

ဒေါက်တာလွင်သန့်(ဆေး-၂)
မြ၀တီ
https://www.facebook.com/mwdmedia

အိန္ဒိယ နိုင်ငံမှ လယ်သမား အမျိုးသမီး ကျားသစ်ကို ဂေါ်ပြားဖြင့် သတ်ဖြတ်နိုင်ခဲ့


အိန္ဒိယနိုင်ငံမှ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးသည် သူမ၏ လယ်ယာ သုံး ပစ္စည်း ကိရိယာကို အသုံးပြု၍ ကျားသစ်တစ်ကောင်ကို သတ်ဖြတ် နိုင်ခဲ့ကြောင်း သိရသည်။

ကမ်လာဒီဗီ အမည်ရှိ အဆိုပါ အမျိုးသမီး ကြီးသည် အူတရာခမ်းမြို့ ရူဒရာပရာယက် ခရိုင်အတွင်းရှိ သူမ၏ ကျေးရွာသို့ အပြန်လမ်းတွင် ကျားသစ်တစ်ကောင်နှင့် တွေ့ကြုံ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ကျားသစ်နှင့် တွေ့ကြုံ ရင်ဆိုင်နေရချိန်တွင် အနီးအနား၌ အကူအညီပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ခြင်းကြောင့် ကမ်လာဒီဗီသည် သူမနှင့်အတူ ပါလာသည့် ဂေါ်ပြားကို အသုံးပြု၍ ကျားသစ်ကို တစ်နာရီ နီးပါးကြာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကမ်လာဒီဗီသည် ဒေသတွင်းရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂)

သွေးမဆုံးခင်ဖြစ်တာတွေဟာ လူ့သဘာဝမှာ ဖြစ်ကိုဖြစ်ရတဲ့ ပြောင်းလဲဖြစ်စဉ် ဖြစ်တယ်။ ရောဂါမဟုတ်ပါ။ ဒါ့ကြောင့် ဆေးကုဘို့ လူတိုင်းတော့ မလိုတတ်ပါ။ လိုသူတွေမှာ ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ လိုအပ်ကြတယ်။ တကယ်သွေးမဆုံးခင် ရာသီ ဖေါက်ပြန်တယ်။ လမမှန်၊ ရက်မမှန် ဖြစ်တာ များတယ်။ အမျိုးသမီးတယောက် ဘယ်တော့ သွေးဆုံးမလဲကို အကြမ်းပြောရရင် မိခင်နဲ့ အတော်တူတာများပါတယ်။

Hormone therapy ဟော်မုန်းပေးနည်းမှာ Estrogen နဲ့ Progesterone ၂ မျိုးပေးတာရှိတယ်။ Hot flashes မျက်နှာ နီမြန်းတာ နဲ့ Vaginal dryness (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။ တာရှည် ပေးလို့တော့ မကောင်းပြန်ဘူး။ ဘာလို့လဲဆိုတော့ Heart attack နှလုံး (အတက်ခ်) ရတာ၊ Stroke (ဆထုပ်ခ်) ဖြစ်တာ၊ Breast cancer ရင်သား-ကင်ဆာတွေ ပိုဖြစ်စေနိုင်တာ Estrogen ကြောင့် ပိုဖြစ်စေနိုင်တယ်။

• ကိုယ်ဝန်တား Oral pills စားဆေး၊ Patch ကပ်ခွါဆေး၊ Spray ဖြန်းဆေးတွေ သုံးနိုင်တယ်။ တားဆေးပေးရတဲ့ ရည်ရွယ်ချက်က Irregular vaginal bleeding ရာသီ မမှန်တာအတွက် ဖြစ်တယ်။
• Transdermal hormone အရေပြားအောက် ထားရတဲ့ဆေးကို တချို့က ပိုကြိုက်တယ် အသဲကို မထိခိုက်လို့ ပြောတာ ဖြစ်တယ်။
• ဆရာဝန်ကနေ စမ်းသပ်စစ်ဆေးပြီး တခြား သွေးဆင်းစေတဲ့အကြောင်း မရှိတာ သေခြာပြီးမှ ဒီဆေးပေးရတယ်။
• (ဗဂျိုင်းနား) ထဲ ထည့်ရတဲ့ဆေးတွေ၊ Vaginal estrogen ring ကွင်း၊ Vaginal estrogen cream (ခရင်မ်)၊ Vaginal estrogen tablets ဆေးပြားတွေ အမျိုးမျိုးရှိတယ်။
• Vaginal moisturizing agents ဆိုတာတွေက ဟော်မုန်း မဟုတ်ဘဲ ဗဂျိုင်းနားကို စိုစွပ်မှုရစေအောင် သုံးနိုင်တယ်။ K-Y Silk-E Vaginal Moisturizer or KY Liquibeads တွေ ဖြစ်တယ်။ ခင်ပွန်းနဲ့ အတူနေဘို့ အတွက် အသုံးဝင်တယ်။ အပျိုကြီးတွေအတွက်လဲ အကျိုးရှိတာပါဘဲ။ ဒီနေရာမှာ ခြောက်သွေ့နေရင် မကောင်းဘူး။
• Selective serotonin reuptake inhibitors (SSRIs) အုပ်စုဝင် Antidepressant စိတ်မကျဆေး သုံးနိုင်တယ်။ ဥပမာ Venlafaxine (Effexor), Fluoxetine (Prozac), Sertraline (Zoloft), Paroxetine (Paxil), Citalopram (Celexa) တွေ ဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးရှိမယ်။ Decreased libido လိင်စိတ်နည်းမယ်၊ Sexual dysfunction လိင်ဆက်ဆံတာမှာ အခက်အခဲ ရှိနိုင်တယ်။
• တခြားဆေးတွေလဲ အသုံးကျနိုင်တယ်။ ဥပမာ Gabapentin (Neurontin) အတက်သက်သာဆေး၊ Clonidine (Catapres) သွေးကျဆေး။
• တချို့က Bioidentical hormone ကိုသုံးတာကို စိတ်ဝင်စားမှု ပိုလာနေတယ်။ ဓါတ်ခွဲခန်းမှာ ပြုပြင်ထားတဲ့ ဟော်မုန်း အတုဖြစ်တယ်။ တရားဝင် အသိအမှတ် မပြုသေးပါ။

Alternative medical therapies ကျွန်တော်တို့လို သမားရိုးကျ ဆရာဝန်တွေသုံးနည်း မဟုတ်တာတွေလဲ သုံးကြတယ်။
• Phytoestrogens, Isoflavones အပင်တွေကနေရတဲ့ Plant estrogens တွေပါတာမျိုး သုံးနိုင်တယ်။ Isoflavones ဓါတ်ပေါင်းဟာ Soy ပဲပုပ်မှာ ပါတယ်။ အဆတော့ အင်မတန်နည်းတယ် Estradiol တကယ့် အီစထိုဂျင်ရဲ့ တထောင်ပုံ တပုံ၊ တသိန်းပုံတပုံသာ ပါတယ်။ Chick peas ကုလားပဲ နဲ့ Lentils ပဲနီလေးတွေမှာလဲ ပါတယ်။
• Vitamin E ဗီတာမင် အီး ကိုလဲ သုံးနိုင်တယ်။
• Himalaya ကနေထုတ်တဲ့ Menosan ဆေးမှာ Herbal ingredients (ဟာဗယ်) ဆေးတွေ ပါတယ်။
• ပေါ်ပြူလာဖြစ်နေတဲ့ နောက်တမျိုးကတော့ Mexican yam ကနေထုတ်တဲ့ Tibolone လို့ ခေါ်တယ်။

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု
၁။ Benificial အကျိုးများစေမဲ့ဆေး
(က) Oestrogens (အီစထိုဂျင်) မ-ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုမှာ Oestrogens ဆေးပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ စနစ်တကျလေ့လာမှု ၂ ခုမှာ ဆီးလမ်းကြောင်းပိုးဝင်တာကိုလဲ နည်းစေတယ်။ Urogenital symptoms ဆီးလမ်း-မွေးလမ်း လက္ခဏာတွေကို ပိုမိုကောင်းမွန်စေတယ်။ စနစ်တကျလေ့လာမှု ၁ ခုမှာ စိတ်ဓါတ်ကျတာကို သက်သာစေတယ်။ ကွက်ကျား-လေ့လာမှု ၄ ခုမှာ Quality of life လူနေမှုတန်ဘိုး ရေတို ကောင်းမွန်စေတယ်။
(ခ) Progestogens (ပရိုဂျက်စတိုဂျင်) ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုနဲ့ ကွက်ကျား-လေ့လာမှု ၆ ခုမှာ Progestogens ပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သက်သာစေတယ်။ တခြားပိုကောင်းတာ မတွေ့ရဘူး။
(ဂ) Tibolone (တီဘိုလုံး) ဟော်မုန်း၊
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Vasomotor symptoms လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vasomotor symptoms လက္ခဏာတွေကို သက်သာစေတာမှာ Oestrogen/Progestogen ပေးတာထက် မညံ့ဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vaginal dryness မွေးလမ်းကြောင်း ခြောက်သွေ့တာကို သက်သာစေရာမှာလဲ သိသာတဲ့ ကွာခြားချက် ၄၈ ပတ်အကြာမှာ မတွေ့ရဘူး။ လေ့လာမှုတခုမှာ Sexual satisfaction လိင်ကိစ္စ ကျေနပ်မှုမှာ Oestradiol + Noresthisterone ပေးတာထက် ပိုကောင်းတယ်လို့ မတွေ့ရဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Sexual fantasies and arousability လိင်ပိုင်းဆိုင်ရာ ဆန်းပြားမှုနဲ့ နိုးထမှုတွေမှာ ဆေးမပေးသူတွေထက် ၃ လ အကြာမှာ ပိုကောင်းတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Conjugated Oestrogen ပေးတာထက် Sexual desire လိင်စိတ်ဖြစ်ပေါ်တာ နဲ့ Coital frequency လိင်ဆက်ဆံမှု အကြိမ် ပိုသာတာ တွေ့ရတယ်။

၂။ Likely to be beneficial အကျိုးရှိမယ်လို့ထင်ရတာ
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Phyto-Oestrogens ပါတဲ့ Soy protein ပေးတာဟာ မပေးသူတွေထက် လက္ခဏာ ခံစားရတာ သက်သာတယ်။ ဒါပေမဲ့ ၆ ပတ်အကြာမှာ လက္ခဏာပေါ်တဲ့ အကြိမ်ရေ အနည်းဘူး။

Phyto-Oestrogens ဆိုတာ လူတွေစားတဲ့ အစားအစာထဲမှာ ပါနေတဲ့ မ-ဟော်မုန်း (အီစထိုဂျင်) ကိုခေါ်တယ်။ ကနေဒါ သုတေသန တခုအဆိုအရ Nuts အစေ့အဆံတွေ၊ Oilseeds အစေ့အဆံတွေကရတဲ့ဆီ၊ Soy products ပဲပုပ်၊ Cereals ပြောင်း-ပြောင်းနှံ၊ Breads ပေါင်မုံ့၊ Legumes ပဲတောင့်ရှည် နဲ့ Meat အသားတွေမှာ ပါတယ်။ Flax seed ဗီသွာ (နှမ်းကြတ်) နဲ့ Oilseeds စေ့အဆံကရတဲ့ဆီတွေဟာ အများဆုံးနဲ့ Soybeans ပဲပုပ် နဲ့ Tofu တို့ဟူးတို့က ဒုတိယ လိုက်တယ်။

၃။ Unknown effectiveness ဘာလို့ ထိရောက်မှုရှိတယ်ဆိုတာ ပြောမရတာ
- Antidepressants စိတ်မကျဆေးတွေ
- Clonidine သွေးတိုးဆေး၊
- Testosterone ကျား-ဟော်မုန်း၊

Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) ကိုလဲဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁)

ဆရာရှင့် ကျမအသက် ၄၇ ပြည့်တော့မှာပါ။ ကျမမှာ သားသမီးသုံးယောက်ရှိပါတယ်ဆရာ။ ကျမအသက် ၃၆ နှစ်မှာ သားအိမ်တွင်းမှာ အဖုလေးတွေ့လို့ သားအိမ်ထုတ်ခဲ့ပါတယ်။ ရာသီသွေးဆင်းတိုင်း ဆိုးဆိုးဝါးဝါးနာကျင်ကိုက်ခဲနေတာမို့ OG ပြရင်း အဖုလေးတွေ့တယ်ဆိုလို့ပါ။ သားသမီးလဲသုံးယောက်ရှိပြီးသားမို့ သားအိမ်က ကိုယ်ဝန်ဆောင်ဖို့ကလွဲရင် မရှိလဲရတဲ့ အပိုပစ္စည်းဖြစ်တဲ့အတွက် ထုတ်ချင်လဲရတယ်ဆိုလို့ပါ။ ဒါကြောင့် ကျမ သားအိမ်ထုတ်ဖို့ သဘောတူခဲ့ပါတယ်ဆရာ။ အဲဒီအချိန်က ကျမအသက်ငယ်သေးတယ်ဆိုပြီး သားအိမ်ကိုသာထုတ်ခဲ့ပြီး မျိုးဥအိမ်နဲ့ သားအိမ်ခေါင်းကိုတော့ ချန်ထားခဲ့တယ်ပြောပါတယ်။ ဒါပေမဲ့ နောက်တနှစ် အသက် ၃၇ နှစ်မှာ အရည်အိတ်ထပ်ဖြစ်လို့ အဲဒီဆရာမကြီးနဲ့ပဲ ပြန်ပြပြီး အကုန်ဖယ်ရှားလိုက်ရပါတယ်ဆရာ။ အစပိုင်းတုန်းက ကျမသဘောပေါက်တာက သားအိမ်ထုတ်ထားရင် သွေးဆုံးကိုင်တဲ့ ဝေဒနာမခံစားရဘူးလို့ပဲ သဘောပေါက်တာပါ။ OG ကလဲ ဒါနဲ့ပတ်သတ်ပြီး မဆွေးနွေးခဲ့ပါဘူးရှင်။ နောက်ပိုင်းကျမ စာတွေဖတ်ရင်းနဲ့ သိလာတာက သားအိမ်ထုတ်ထားတဲ့သူဟာ သာမာန်လူထက် ပိုပြီး သွေးဆုံးကိုင်တဲ့ဝေဒနာကို ခံစားရတယ်ဆိုတာပါ ဟုတ်ပါသလားရှင်။ အခု ကျမအသက် ၄၇ မှာ အစားအသောက် စားချင်စိတ်မရှိတာ ညဘက်နှစ်နှစ်ချိုက်ချိုက်အိပ်မပျော်တာ ဘယ်လောက်ပဲညည့်နက်မှအိပ်ပါစေ မနက်လေးနာရီဆို နိုးနေတာ နေ့လည်ဘက်လဲ တခါတရံ အိပ်ရေးပျက်လွန်းမှ ခဏလေးအိပ်ပျော်တာတွေ ဖြစ်ပါတယ်။ နားတွေက လေထွက်သလိုအူလာပြီး တစုံတခုဆို စိတ်အားငယ်လာတယ် မျက်ရည်လွယ်လာတယ်ဆရာ။ ချွေးတအားထွက်ရင် လူကနုံးချိပင်ပန်းသလိုခံစားရပြီး အပူဒဏ်လဲမခံနိုင်ပါဘူး။ စိတ်ရှုပ်တဲ့ဒဏ်တွေမခံနိုင်တော့ပဲ တယောက်ထဲ အေးအေးဆေးဆေးနေချင်စိတ်သာ ဖြစ်လာတယ် ပင်ပင်ပန်းပန်းလဲ ဘာတခုမှမလုပ်နိုင်တော့ဘူး။ အဲဒါ သွေးဆုံးကိုင်တဲ့ လက္ခဏာလို့ ပြောပါတယ်ရှင်၊ ဟုတ်ပါသလားဆရာ။ သားအိမ်ထုတ်ထားတဲ့သူတယောက်ဟာ သွေးဆုံးကိုင်ရင် ဘယ်လို သိနိုင်ပါသလဲရှင်။ သူများထက်ပိုခံစားရတယ်ဆိုတာရော ဟုတ်ပါသလား ဘယ်လိုပိုခံစားရသလဲ သားအိမ်ထုတ်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေလဲ၊ ဘာတွေဖြစ်လာနိုင်လဲ ကျမသိချင်တာပါရှင်။

မြန်မာတွေက သွေးဆုံး-သားဆုံးလို့ တွဲသုံးတယ်။ သူများတွေကတော့ သွေးဆုံးချိန်နဲ့ သွေးဆုံးခါနီးလို့ တွဲရေးတယ်။ သွေးဆုံးတာဆိုတာ အမျိုးသမီးတယောက်မှာ ရာသက်ပန် ရာသီမလာတော့တာဖြစ်တယ်။ ဘဝမှာ တကယ့် အချိုးအကွေ့တခု ဖြစ်တယ်။ ရောဂါရလာတာ မဟုတ်ပါ။ ရာသီသွေးဆင်းတာလဲ မမှန်တော့သလို လစဉ် မျိုးဥထွက်တာလဲ ပုံမှန်မဟုတ်တော့ပါ။ ကြားရက်မှာ သွေးဆင်းမယ်။ မျိုးဥကလည်း တချို့လမှာထွက်မယ်။ တခါတလေမထွက်လာတော့ပါ။

ဒါပေမဲ့ နေကောင်းထိုင်သာရှိမှုမှာတော့ သက်ရောက်မှုကြီး ဖြစ်စေတယ်။ မိန်းမဘဝမှာ ဆုလာဘ်ရသလိုဖြစ်လာတယ်လို့ ယူတတ်ရင် ယူဆနိုင်တယ်။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေးအသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။ မျက်နှာနီမြန်းတာ၊ ညချွေးထွက်တာ စတဲ့အသစ်ဖြစ်လာတွေ ခံစားရမှာဖြစ်ပေမဲ့ လစဉ်ဆိုတာ ပူစရာမလိုတော့ဘူး။ ရင့်ကျက်-ပြည့်စုံလာပြီ။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေး အသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။

ဘာလို့ဖြစ်လာသလဲ။ အသက်ကြောင့်ပါ။ ကလေးမရနိုင်တော့ဘူး။ မျိုးဥအိမ်ကနေ အပျိုဖြစ်ကတည်းက လုပ်ပေးနေခဲ့၊ ထုတ်ပေးနေခဲ့တာမှန်သမျှ လျှော့ချလိုက်ပြီ။ အသက်ကြောင့် မဟုတ်ဘဲ မျိုးဥအိမ် နှစ်ဖက်လုံး ထုတ်ရတာ၊ ကင်ဆာဆေး ပေးတာ၊ တင်ပါးဆုံနေရာကို ဓါတ်ကင်တာတွေ ကနေလဲ စောပြီး သွေးဆုံးနိုင်ပါတယ်။ သားအိမ်ထုတ်ရပေမဲ့ မျိုးဥအိမ် ချန်ထားရင် ဟော်မုန်းတန်ခိုးတွေ ဆက်ရှိနေပါအုံးမယ်။ ရာသီသွေးမလာတော့ဘူး။ ကလေးလဲမရနိုင်တော့ဘူး။

သွေးဆုံးချိန်ဟာ မြန်မာတွေက ၄၅ နှစ်လို့ နုတ်ကျိုးနေတယ်။ ပျမ်းမျှ ၅၁ နှစ်ဖြစ်တယ်။ ၄ဝ ကတည်းကဆုံးသူနဲ့ ၆ဝ ကျမှ ဆုံးသူတွေလဲ ရှိပါတယ်။ ဆရာဝန်တွေ ဘယ်လောက်တော်နေနေ အမျိုးသမီးလူနာ ဘယ်တော့ သွေးဆုံးမယ်၊ ဘာတွေ ဖြစ်လာမယ်ဆိုတာ မှန်းလို့ မရပါ။ ၁၂ လတာဆက်တိုက် ရာသီ မလာတာကိုမှ သွေးဆုံးအမျိုးသမီးစာရင်းထဲ ထည့်ပါမယ်။ သွေးဆုံးဆိုတာ တဖြေးဖြေးဖြစ်လာတယ်။ အဲလို မူမမှန် ဖြစ်လာနေချိန်ကို သွေးမဆုံးခင်ဖြစ်တာတွေလို့ ခေါ်တယ်။ ဒီအတောအတွင်းလဲ ကလေး ရနိုင်သေးတယ်။

ဖြစ်တာတွေက တယောက်နဲ့တယောက်မတူပါ။ တချို့မှာ ပြောင်းသွား၊ ရပ်သွားမှန်းမသိ ဖြစ်တယ်။ တချို့ကြ ခံလိုက်ရတာလို့ ပြောတယ်။ ရာသီရက် တိုလာတာ၊ တလနဲ့တလ ပိုခြာလာတာ၊ ဆင်းတာက နည်းလာတာ၊ တချို့ ပိုများတာတွေ ဖြစ်နိုင်တယ်။ ဒါတွေဖြစ်တိုင်း ဆေးကုဘို့မလိုပါ။ ဆရာဝန်ပြရင်တော့ ပိုကောင်းပါတယ်။ သဘာဝနည်းနဲ့ မဟုတ်ဘဲ မျိုးဥအိမ်ကို ဆေးပေး၊ ခွဲစိတ်၊ ဓါတ်ကင်နည်းနဲ့လုပ်လို့ သွေးဆုံးတာမျိုးက ရုတ်တရက်ကြီးခံရတယ်။

မျက်နှာနီမြန်းတာကို အဖြစ်ကြရဆုံးဘဲ။ ပူနွေးတာ ခံစားရမယ်။ မျက်နှာ၊ လည်ပင်း၊ လက်မောင်း၊ ကျော၊ ရင်ပတ်တွေမှာ နီရဲရဲဖြစ်မယ်။ ချွေးပိုထွက်မယ်၊ အိပ်ရေးပျက်နိုင်တယ်။ ချမ်းနိုင်တယ်။ မီးယပ်ချမ်းလို့ ပြောကြတာထဲ ဒါလဲ ပါမလားဘဲ။ ၁ဝ-၃ဝ စက္ကန့်ကြာနိုင်တယ်။ အေးတဲ့နေရာ၊ ပန်ကာ၊ သာမန်လေ့ကျင့်ခန်းလုပ်တာ၊ အပူအစပ်လျှော့စားတာ၊ စိတ်ဖိအား လျှော့တာတွေ လုပ်သင့်တယ်။

လင်-မယားအတူနေတာမှာလဲ အပြောင်းအလဲတွေ ရှိလာမယ်။ (အီစထိုဂျင်) ဟော်မုန်း နည်းလာလို့ (ဗဂျိုင်းနား) က ခြောက်လာတာမို့ အရင်ပုံစံနဲ့ ဆက်ဆံရင် နာမယ်။ ချောဆီဆေးကို သုံးနိုင်ပါတယ်။ လိင်စိတ်လဲ ပြောင်းတယ်။ စိတ်နည်းလာကြသူက အရေအတွက်များတယ်။ မနည်းသူ၊ ပိုအဆင်ပြေသူလဲ ရှိသေးတယ်။ စိတ်ဖိအား၊ ရုပ်ကျန်းမာရေး၊ အိမ်ထောင်ရေးစတာတွေအပေါ် မူတည်လို့ မတူကြတာဖြစ်တယ်။ အရင်ကလိုနေသူတွေကို သတိပေးစရာရှိတာက လိင်ကတဆင့် ကူးစက်ရောဂါတွေက သွေးဆုံးတာကို မသိကြပါ။

ဘယ်လိုအပြောင်းကနေ ပြဿနာရှိရှိ ဆရာဝန်နဲ့ညှိပါ။ ဟော်မုန်းဆေး ပေးမလား၊ မပေးဘူးလား ချိန်ဆမယ်။ ဟော်မုန်း အစားထိုးကုသနည်း ခေါ်တယ်။ နောက်တနည်းက ဟော်မုန်းနဲနဲသာပါတဲ့ ကိုယ်ဝန် တားဆေးပေးနိုင်တယ်။ စိတ်ကျဆေး၊ သွေးကျဆေး၊ မွေးလမ်းထဲထည့်ရတဲ့ (အီစထိုဂျင်) ဟော်မုန်းဆေးတွေလဲ ပေးနိုင်တယ်။ (ဘိုင်အိုအိုင်ဒန်တီကယ်) ဟော်မုန်းပေးနည်းလဲ ရှိတယ်။

သွေးဆုံးသူတွေအတွက် စိုးရိမ်စရာတွေက နှလုံးရောဂါ နဲ့ အရိုး မသန်မာမှုတွေ ဖြစ်တယ်။ ကျန်းမာနေဘို့ရာ ဆေးစစ်ပါ။ သွေးဖိအား၊ (ကိုလက်စထော)၊ ဆီးချိုတွေ စစ်ပါ။ ရင်သားကင်ဆာအတွက် (မင်မိုဂရမ်) ရိုက်ပါ။ သားအိမ်ကင်ဆာအတွက် (ပက်ပ် တက်စ်) လုပ်ပါ။ အစာအာဟာရ၊ ကိုယ်လက်လှုတ်ရှားမှု နဲ့ စိတ်ဖြေလျှော့နည်းတွေ ဖြည့်ပေးပါ။

သွေးဆုံးတာနဲ့ (ဘေဆို-မိုတာ) လက္ခဏာတွေဖြစ်တဲ့ ညချွေးထွက်မယ်၊ ခြေဖဝါး-လက်ဖဝါး-ကိုယ်ခန္ဓာ ချွေးထွက်မယ်၊ အိပ်လို့မကောင်း ဖြစ်မယ်။ ဒီလိုဖြစ်တာတွေကို (ဘေဆို-မိုတာ) လက္ခဏာတွေလို့ ခေါ်တယ်။ အမျိုးသမီး ၈၅% မှာ ဖြစ်ကြတယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကလည်း အတော်သိသိသာသာ ဆိုးဆိုးဝါးဝါးဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျမယ်၊ စိုးရိမ်စိတ်များမယ်၊ စိတ်တိုမယ်၊ အားယုတ်မယ်၊ အာရုံစိုက်ရတာ ခက်ခဲမယ်။

ဘယ်လို အဆင်ပြေအောင်လုပ်မလဲ -
(၁) ယေဘုယျ
• အဝတ်အစား အေးတာရွေးဝတ်ပါ။
• ပန်ကာ၊ (ဝါတာ-ကူလာ)၊ လေအေးစက် သုံးပါ။
• အေးတဲ့ရေ၊ ဖျော်ရည်၊ အစားအသောက်ရွေးစားပါ။ (ကေဖင်း) ပါတာ လျှော့စားပါ။ အရက် လျှော့သောက်ပါ။ အပူးအစပ် လျှော့စားပါ။ အဆီ လျှော့စားပါ။ ဆေးလိပ်ဖြတ်ပါ။
• လေ့ကျင့်ခန်းလုပ်လို့ သက်သာတာရော၊ မထူးတာပါရှိတယ်။
• ယောဂလုပ်ပါ။ အနှိပ်ခံပါ။ တရားထိုင်ပါ။ အထူးရေချိုးနည်းလုပ်ပါ။ ကိုယ်အလေးချိန်ချပါ။
• ဗီတာမင် ဘီ ၆ သောက်ပေးတာ တချို့မှာ သက်သာတယ်။
• ဗီတာမင် (အီး) ကတော့ နည်းနည်း အကျိုးရှိတယ်။

(၂) ဆေးသုံးနည်း
• Estrogen Replacement Therapy (အီစထိုဂျင်) အစားထိုးပေးနည်း ၈ဝ-၉ဝ% သက်သာစေတယ်။
• Progesterone transdermal cream (20 grams/day) (ပရိုဂျက်စတင်) လိမ်းဆေး
• (SSRIs) အကျိုးရှိတာတွေ့ရတယ်။ ဥပမာ Venlafaxine (Effexor) 12.5 mg ကို တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 75 mg ကို ညအိပ်ရာဝင်သောက်ပါ။ Paroxetine (Paxil CR) 12.5 to 25 mg ကို တနေ့ ၄ ကြိမ်သောက်ပါ။ Gabapentin (Neurontin) 300 mg ကို တနေ့ ၃ ကြိမ်။ Aldomet 250 mg ကို တနေ့ ၂ ကြိမ်။

(၃) (ဟာဘယ်လ်) ဆေးတွေ
• Black Cohosh နဲ့ Soy ပဲပုတ် အကျိုးရှိတာတွေ့ရတယ်။ ဒါပေမဲ့
• Dong Quai, Evening Primrose Oil နဲ့ Red Clover တွေက မထူးတာတွေ့ရတယ်။

Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂) ကိုလဲဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

အောင်မြင်မှု ရေရှည် တည်တံ့နေဖို့ အရည်အချင်း ဆိုတဲ့ ဒေါက်တစ်ခုလည်း လိုတယ်ဆိုတဲ့ အိမ့်ချစ်

လတ်တလောတွင် နယ်ရှိုးပွဲများ ဆက်တိုက် သီဆိုနေရပြီး မကြာသေးမီက ထွက်ရှိထားသည့် ''အချစ်ရေး'' တေးသီချင်းအတွက် ဗီစီဒီ ရိုက်ကူးနေမှုများ ပြုလုပ်နေသည့် အဆိုတော် အိမ့်ချစ်က အောင်မြင်နေမှု ရေရှည် တည်တံ့နေရန် အတွက် အရည်အချင်းဆိုသည့် ဒေါက် တစ်ခု ရှိရန်လို အပ်ကြောင်း ယခုလို ပြောပြခဲ့သည်။

''ပေါ်ထွက်လာတဲ့ အနုပညာရှင် အသစ်တွေက သေချာ လေ့လာ သင်ယူပြီးမှ ထွက်ပေါ် လာတဲ့ အဆိုတော်တွေ များပါတယ်။ ဖြစ်ချင်ရုံ တစ်ခုတည်းနဲ့၊ အသံလေးကောင်းရုံနဲ့ ထဆိုရင်တော့ မ ဖြစ်နိုင်ဘူးပေါ့။ ကံအရမ်းပါလာရင်တော့ ဖြစ်သွားလိမ့်မယ်။ အရည်အချင်း ရှိဖို့လည်း လိုပါတယ်။ အဲဒီတော့ ကိုယ့်ဘာသာ ဖြစ်နိုင်ခြေ ရှိလားဆိုတာ အရင် စဉ်းစား ရမယ်။ ဖြစ်နိုင်ခြေ ရှိပြီဆိုရင် ကိုယ့်ယုံကြည်ချက်အတိုင်း ဖြစ်နိုင်အောင် ကြိုးစားဖို့ပဲ လိုပါတယ်။ အောင်မြင်မှု ရဖို့ဆိုတာက ကြိုးစားရင် လွယ်ပါတယ်။ ဒါပေမဲ့ နေရာတစ်ခုကို ထိန်းထား နိုင်ဖို့ ဆိုတာ အရမ်းခက် ခဲပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို မကျအောင် ကြိုးစား ရမယ်။ အမြဲတမ်း တီထွင်ဆန်းသစ် နိုင်ရမယ်။ ပြီးတော့ကိုယ့်ရဲ့ ကံတို့၊ ဆန်းတို့ ကျမသွားဖို့ ဆိုတာ ကလည်း ဘာသာတရားနဲ့ ထိန်းထား နိုင်ရမယ်။ အများကြီး အဘက်ဘက် ကနေ ဒေါက်တွေ ထောက်ထား နိုင်ရမယ်။ အဲဒါမှ နေရာတစ်နေရာမှာ အောင်မြင်စွာ ရပ်တည် နိုင်မှာပါ''ဟု သူမက ပြောပြခဲ့သည်။

သူမ၏ ''အချစ်ရေး'' အခွေ ထွက်ရှိပြီးသည့် နောက်ပိုင်းတွင် ပရိသတ်များ စိတ်ဝင်စား လျက်ရှိ နေသေးသည့် အိမ့်ချစ်၏ အချစ်ရေး အကြောင်းကိုလည်း ''အိမ့်ချစ်တို့က လူငယ်တွေ ဖြစ်တဲ့ အတွက်ကြောင့် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေကတော့ ရှိတာပေါ့နော်။ အိမ်ထောင်ပြုဖို့ ကိုတော့ အခုချိန်မှာ မစဉ်းစား သေးပါဘူး။ ညီမကကိုယ့် ဘာသာ လွတ်လွတ်လပ်လပ် နေရ တာကို ကြိုက်တယ်။ နောက်ပြီးတော့လည်း ကိုယ့်ရဲ့နောက်မှာ ကိုယ့်ကို အမှီပြု နေရတဲ့ မိသားစုလည်း ရှိသေးတဲ့အတွက် အိမ်ထောင်ပြု ပြီးတော့ ရုန်းထွက်သွားတယ်ဆိုတဲ့ တစ်ကိုယ်ကောင်း ဆန်တာမျိုး ကိုတော့ အခုချိန်မှာ မလုပ်ချင်သေးပါဘူး'' ဟု ဆက်လက် ပြောပြခဲ့သည်။

အိအိမြတ်

မြ၀တီ
https://www.facebook.com/mwdmedia

မိုင်လီဆိုင်းရပ်စ်၏ Wrecking Ball ဂီတ ဗီဒီယို ယခုနှစ်၏ အကောင်းဆုံး ဂီတ ဗီဒီယိုဆု ရရှိ

သြဂုတ် ၂၄ ရက်က ကျင်းပခဲ့သော MTV ဂီတ ဆုပေးပွဲ၌ အဆိုတော် မိုင်လီဆိုင်းရပ်စ်၏ Wrecking Ball ဂီတ ဗီဒီယိုသည် ယခုနှစ်၏ အကောင်းဆုံးဂီတ ဗီဒီယိုဆုကို ဆွတ်ခူး ခဲ့ကြောင်း သိရသည်။

မိုင်လီ၏ Wrecking Ball ဂီတ ဗီဒီယိုသည် ဘီယွန်းစေးနှင့် ဂျေဇီးတို့ သီဆိုထားသော Drunk in Love ဂီတဗီဒီယို၊ ဖာရယ်လ်ဝီလျံ၏ Happy ဂီတဗီဒီယို၊ ဆိုင်အာ သီဆိုထားသည့် Chandelier ဂီတဗီဒီယိုနှင့် အစ်ဂီအဇာလီအာနှင့် Charli XCX တို့ သီဆိုထားသော Fancy ဂီတဗီဒီယို တို့ကို ကျော်ဖြတ်၍ ယခုနှစ်၏ ဂီတဗီဒီယိုဆုကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မိုင်လီသည် အဆိုပါ ဆုကို သူမကိုယ်တိုင် တက်ရောက်မယူဘဲ သူမ ကိုယ်စား အိမ်ရာမဲ့ လူငယ်တစ်ဦးအား ဆုတက်ရောက်ယူ စေခဲ့သဖြင့် သူမ၏ လုပ်ရပ်ကို ပရိသတ် များက အံ့အားသင့် ခဲ့ရသည်။

အဆိုပါ အိမ်ရာမဲ့ လူငယ်လေးသည် My Friend's Place အိမ်ရာမဲ့များ စောင့်ရှောက်ရေး စင်တာမှ ဖြစ်ပြီး ၄င်းက MTV ဂီတဆုပေးပွဲ အခမ်းအနားတွင် ၄င်းတို့၏ စင်တာအတွက် ငွေကြေးများ ထောက်ပံ့ လှူဒါန်းနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ၄င်းစင်တာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မိုင်လီ၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြ ထားသည်ဟု သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

Nail polish to detect date-rape drugs ပါတီသွားရင်းအဓမ္မကျင့်ခံရနိုင်တဲ့ဆေးကို လက်သည်းဆိုးဆေးနဲ့သိနိုင်မည်

• Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများအကြောင်းကို အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ရှိတုံးက တင်ထားပါတယ်။ ပြီးခဲ့တဲ့သင်္ကြန်ကာလမှာတော့ ‘ဖေ့စ်ဘွတ်’ မှာ တင်ခဲ့ပါသေးတယ်။ ‘ဖေ့စ်ဘွတ်’ ပရိတ်သတ်မှာ လူတမျိုးတွေပါတယ်။ ‘အဲလိုဆေးတွေအကြောင်း တင်တာဟာ သူခိုးလမ်းပြ၊ ဓါးပြအားပေးသလိုလုပ်ရာကျမယ်’ ဆိုတဲ့သဘောနဲ့ မှတ်ချက်ရေးတာခံရတယ်။ ကျွန်တော်လဲ ‘အနုမြူအကြောင်း ကျောင်းစာထဲမှာ မသင်ဘဲနေခိုင်းသလိုဖြစ်မနေဘူးလား’ လို့ ပြန်ရေးမိပါသေးတယ်။
• ချိန်းတွေ့ကျင့်ကြံဘို့သုံးနိုင်တဲ့ တရားမဝင်ဆေးတွေကို Date Rape Drugs လို့ခေါ်တယ်။ အများဆုံး သုံးနေကြတာတွေက Rohypnol, Xanax နဲ့ Gamma-Hydroxybutyric acid (GHB) ဆေးတွေဖြစ်တယ်။ တခြားလဲ ရှိပါသေးတယ်။
• ပါတီပွဲတွေ၊ ကလပ်တွေမှာ ယောက်ျားလေး၊ မိန်းကလေးတွေ ကျက်စားကြတယ်။ သောက်စားကြတယ်။ သောက်စရာတမျိုးမျိုးထဲကို ဒီလိုဆေးတမျိုးမျိုး မသိအောင်ထည့်ထားတာကို သောက်မိရင် သောက်တဲ့သူဟာ မေ့ဆေးပေးခံရသလို ဘာဆိုဘာမှ မသိတော့ပါ။ အဲဒီအချိန်မှာ လုပ်ချင်တာလုပ်လို့ရတယ်။ ပစ္စည်းယူမလား၊ လူယူမလား။ အများဆုံးက မုဒိန်းကျင့်တာခံရမယ်။
• ဆေးတွေက အရောင်အဆင်း၊ အနံ့၊ အရသာ မသိသာလို့ ဆေးခပ်ထားမှန်းမသိနိုင်ပါ။
• ကနေ့ထွက်တဲ့ ဆေးပညာသတင်းက ဒီလိုဆေးထည့်ထားမှန်း သိအောင်လုပ်နည်းဖြစ်တယ်။ နည်းကလွယ်တယ်။ လက်သည်းပြောင်လက်ဆေးလိုသုံးတယ်။ အသစ်ပေါ်ဆေး လိမ်းထားတဲ့လက်ချောင်းနဲ့ ကိုယ်သောက်မဲ့ အရည်-အရက်ကို မွှေပေးရတယ်။ အရောင်ပြာင်းသွားရင် မဟုတ်တရုတ်ဆေး ထည့်ထားတာသေချာပြီ။
• အမျိုးသမီးဘက်ကနေလိုက်ရေးလေ့ရှိတဲ့ နာမည်ကြီး Feministing ‘ဘလော့ခ်’ ကတော့ မိန်းကလေးတွေကို လိင်မှုပြုဘို့ Date Rape Drugs ဆေးတွေကိုသုံးတာ နည်းပါတယ်။ အရက်တိုက်ပြီး အဲလိုလုပ်ကြတာများတယ်လို့ ဆိုပါတယ်။ ဒီ ‘ဆိုဒ်’ ကနေဆက်ရေးတာကတော့ အခုလို စပါယ်ရှယ်လက်သည်းဖျက်ဆေးဟာ မိန်းကလေးတွေ ကိုယ်ကိုယ်ကို ခုခံကာကွယ်ရေးအတွက် အမြဲဆောင်ထားရမဲ့ နောက်တိုးပစ္စည်းတခု အမှန်ပါဘဲတဲ့။ Anti-rape underwear အဓမ္မကျင့်တာမခံရစေမဲ့ အတွင်းခံအဝတ်နဲ့ Pepper spray cameras ‘ငရုတ်သီး စပရေး ကင်မရာ’ လိုဘဲ ဒီဆေးကိုပါဆောင်ထားပါလို့ အကြံပေးထားပါတယ်။
• ဒီတီထွင်မှုကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်က ကျောင်းသား ၄ ယောက်ကတွေ့တာ ဖြစ်တယ်။ သူတို့က လက်သည်းပြောင်လက်ဆေးလိုသုံးရတဲ့ဆေးအသစ်ကို Undercover Colors ‘ဖုံးကွယ်ထားသောအရောင်များ’ လို့ နာမည်ပေးထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ

Date rape ကို ချိန်းတွေ့ကျင့်ကြံခြင်းလို့ အသုံးများပေမဲ့၊ ပညာရှင်အများစုကတော့ ဆေးဝါးအသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း၊ Drug-facilitated sexual assault အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြတယ်။ ဆေးဝါးတွေကို ဓါးပြမှုနဲ့ ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းလို တခြား ရာဇဝတ်မှုများမှာလည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်စေတယ်။

ဆေးတွေရဲ့ အာနိသင်ကြောင့် ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုကို ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးပြီး၊ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာတောင်မှ မှတ်မိနိုင်စွမ်း မရှိတော့ပါ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုရာမှာ ကာယကံရှင်ရဲ့ သဘောဆန္ဒမပါဘဲ လိင်မှုဆိုင်ရာအပြုအမူတိုင်းကို ဆိုလိုပါတယ်။ အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိကြလို့ တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်ထဲ ထည့်နိုင်တယ်။

Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိတယ်။
၁။ GHB (Gamma Hydroxybutyric Acid) = အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြား၊ ပုံစံအမျိုးမျိုး ရှိသည်။
၂။ Rohypnol (Flunitrazepam) = ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်က အရည်တွေမှာ ပျော်ဝင်တဲ့အခါ အပြာရောင်သန်းသွားတယ်။ အရောင်မရှိတဲ့ ဆေးပုံစံဟောင်းလည်း ရရှိနိုင်တယ်။
၃။ Ketamine (Ketamine Hydrochloride) = အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်မှာ အကျိုးသက်ရောက်ပုံ
လျှင်မြန်စွာ အာနိသင်ပြနိုင်တယ်။ ဆေးအာနိသင် မပျယ်ခင်ခံတဲ့အချိန်ကတော့ ကွဲပြားတယ်။ ဆေးဘယ်လောက် အသုံးတယ်ဆိုတဲ့အချက်နဲ့ အရက်လို တခြားရောစပ်တာတွေအပေါ်မှာ မူတည်တယ်။ အရက်ကနေ အဲဒီဆေးတွေရဲ့ အာနိသင်ကို ပိုဆိုးဝါးစေပြီး၊ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်တယ်။

GHB
အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း၊ အိပ်ချင်မူးတူးဖြစ်ခြင်း၊ မူးဝေခြင်း၊ မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ သတိလစ်ခြင်း၊ လေဖြတ်သကဲ့သို့ဖြစ်ခြင်း၊ ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း၊ အသက်ရှူရန် ခက်ခဲခြင်း၊ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်း နှေးကွေးခြင်း၊ အိပ်မက်ကဲ့သို့ ခံစားရခြင်း၊ သတိမေ့မြောခြင်း၊ ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း၊ သေဆုံးခြင်း။

Rohypnol
အလတ်စား Benzodiazepine ဆေးဖြစ်တယ်။ အိပ်မပျော်တဲ့ရောဂါအတွက် ရေတိုဆေး အနေနဲ့ သုံးသလို မေ့ဆေးမပေးခင် ကြိုတင်ပေးတဲ့ဆေးအဖြစ်လည့်းသုံးတယ်။ စိတ်ငြိမ်စေမယ်၊ ကြွက်သားတွေကို ပျော့စေမယ်၊ စိုးရိမ်စိတ်နည်းစေမယ်၊ တက်မှာကို တားပေးမယ်။ တခြား Benzodiazepines နဲ့တူတဲ့ဆေးတွေကတော့ Valium (Diazepam), Librium နဲ့ Xanax တွေ ဖြစ်တယ်။ Valium ထက် ၇-၁ဝ ဆ စွမ်းတယ်။ ဆေးပေးပြီးနောက် ၁၅-၂ဝ မိနစ်မှာ အစွမ်းပြပြီး၊ ၄-၆ နာရီအထိခံတယ်။ တကယ်တန်း အစွမ်းကုန်တာကတော့ ၁၂ နာရီကြာမှဖြစ်တယ်။

Rohypnol ဆေးကို Date-rape drug မိန်းကလေးတွေကို အဓမ္မကျင့်ဘို့သုံးတယ်။ ကျောင်းသူတွေ၊ ကောလိပ် ကျောင်းသူတွေ၊ ပါတီနဲ့ ပွဲလမ်းသဘင်သွား မိန်းမတွေကို မသိအောင် သောက်စရာထဲခပ်ပြီး သတိလစ်တဲ့အခါမှာ ပြုချင်ရာပြုနိုင်တယ်။ မိန်ကလေးဟာ မေ့ဆေးပေးနေတုံး ခွဲစိတ်ခံရတာကို မသိခဲ့သလို ဘာမှ မမှတ်မိတော့ဘူး။ အမှုလုပ်လဲ မရဘူး။ တာရှည်သုံးမိရင် ဆေးစွဲတယ်။ ဆေးဖြတ်လက္ခဏာတွေခံစားရမယ်။ ဆုံးဖြတ်နိုင်စွမ်း ကျဆင်းမယ်။ စိတ်+ကြွက်သား အလုပ်တွေနည်းခာမယ်။ ဥပမာ ကားမမောင်းနိုင်ဘူး။ အရက်နဲ့တွဲသောက်ရင် ဗဟိုအာရုံကြောစနစ်ကိုပါ ထိခိုက်မယ်။

Rohypnol ၏ အာနိသင်များ
ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ အိပ်ချင်လာခြင်း၊ ကြွက်သားများ အားလျှော့လာခြင်း၊ သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း၊ အရက်မူးသလိုဖြစ်ခြင်း၊ မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း၊ စကားမပြောနိုင်တော့ခြင်း၊ လှုပ်ရှားရန် ခက်ခဲလာခြင်း၊ အသိစိတ်ပျောက်ဆုံးခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ မူးဝေခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း။

Ketamine ၏ အာနိသင်များ
စိတ်အာရုံချောက်ခြားခြင်း၊ အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမြင်နဲ့ အကြားအာရုံ မမှန်မကန် ဖြစ်လာခြင်း၊ မိမိကိုယ်ကိုမိမိ မထိန်းသိမ်းနိုင်လို့ ခံစားလာရခြင်း၊ လှုပ်ရှားနိုင်စွမ်းအားထိခိုက်ခြင်း၊ အသက်ရှူရန် ခက်ခဲလာခြင်း၊ အူတက်အောင်ရယ်ခြင်း၊ အော့အန်ခြင်း၊ ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ အိပ်မက်ကဲ့သို့ ခံစားရခြင်း၊ ထုံထိုင်းခြင်း၊ လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမူအရာ ကြမ်းတမ်းလာခြင်း၊ စကားသံ ဗလုံးဗထွေးဖြစ်ခြင်း။

ဒီဆေးတွေ တရားဝင်သလား
တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် မထိခိုက်ဟုမဆိုလိုပါ။ ဆရာဝန်လို ပုဂ္ဂိုလ်တွေရဲ့ ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။ Rohypnol က တရားဝင်ဆေးဝါး မဟုတ်ပါ။ ဥရောပနှင့်မက္ကစီကိုတို့မှာ အိပ်မပျော်တဲ့ ရောဂါအတွက် ညွှန်လေ့ရှိပြီး တရားဝင် အသုံးပြုတယ်။ Ketamine ကို အမေရိကမှာ လူနဲ့ တိရိစ္ဆာန်တွေ မေ့ဆေးအဖြစ် တရားဝင် သုံးစွဲတယ်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက်ခံကြရသတဲ့။ GHB ကို Narcolepsy ခေါ်တဲ့ အိပ်မပျော်သည့်ရောဂါကို ကုသဘို့ အမေရိကမှာ မကြာသေးမီက တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

ကျောက်တည်ခြင်းကင်းဝေးရန် သံပရာရည် များများသောက်ပါ

သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။

သံပရာရည် အများအပြား သောက်သုံးပေးခြင်း အားဖြင့် အစားအစာတွင်ပါဝင်သော ကယ်လ်စီယမ်၊ ပရိုတိန်းနှင့် ဆားဓာတ်ပမာဏများကို လျှော့ချပေးသွားနိုင်ကြောင်း ယူစီဆန်ဒီယာဂိုကျောက်တည် ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရိုဂါအယ်လ်ဆာက ပြောကြားလိုက်သည်။

သံပရာရည်တွင် ဆီထရစ်အက်စစ် (အချဉ်ဓာတ်အက်စစ်) ပါဝင်မှုပမာဏမြင့်မားကြောင်း တွေ့ရသည်။ ထိုသံပုရာရည် လေးအောင်စကို ရေနှစ်လီတာဖြင့်ရော၍ နေ့စဉ်သောက်သုံး ပေးခြင်းအားဖြင့် လူနာတစ်ဦးချင်းစီတွင် ကျောက်ကပ်ကျောက်တည်မှု ဖွဲ့စည်းချင်းနှုန်းကို ၁ ဒဿမ ၀၀ မှ ၀ ဒဿမ ၁၃ အထိ လျော့ကျသွားစေနိုင်ကြောင်း သိရသည်။

အခြား သစ်သီးဖျော်ရည်များတွင် ဆီထရစ်အက်စစ်ပါဝင်မှု ပမာဏနည်းပါးပြီး များသောအားဖြင့် ထိုအရည်များတွင် ကျောက်ကပ်ကျောက်တည်မှုဖြစ်စေသည့် အဓိက အစိတ်အပိုင်း တစ်ရပ်ဖြစ်သော အောက်ဆဲလ်လိတ်နှင့် ထုံးဓာတ်များအ ပိုပါဝင်နေကြောင်း သိရသည်။

‘ဆာ’၏ အဆိုအရ အချို့သောသူများသည် မိမိတို့၏ ကျောက်ကပ်တဲတွင် သေးငယ်သော ထုံးကျောက် အတုံးကလေးများ ဖွဲ့စည်းဖြစ်ပေါ်နေခြင်းကိုပင် သိရှိခြင်း မရှိကြောင်း၊ ၎င်းတို့သည်ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ ပြင်းထန်သော နာကျင်မှု ဖြစ်ပေါ်လာသည်အထိပင် သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ကျောက်ကပ်ထဲတွင် ကျောက်တည်အခါ ဖြစ်ပေါ်လာသည့် အရိပ်လက္ခဏာသုံးရပ်မှာ ကျောနှင့် ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်းနှင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

Mg Mandalay
https://www.facebook.com/mg.mandalay?fref=ts

ဆက်ကပ်ပြပွဲ၌ ရှားပါးခြင်္သေ့ဖြူလးကောင်ပေါက်ဖွား


ဘာလင် သြဂုတ် ၂၃

ဂျာမနီနိုင်ငံအရှေ့ပိုင်း ဆပ်ကပ်ပြပွဲတစ်ခု၌ ခြင်္သေ့မကြီးတစ်ကောင်က ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော ခြင်္သေ့ဖြူ လေးကောင်ပေါက်ဖွားခဲ့ကြောင်း၊ ယင်းတို့တွင် အထီးသုံးကောင်နှင့် အမတစ်ကောင်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ခြင်္သေ့ဖြူလေးများသည် ယခုအခါ မက်ဒီဘက်မြို့သို့ရောက်ရှိလာပြီး အများပြည်သူများအား လှည့်လည်ပြသလျက်ရှိကြောင်း၊ ¤င်းတို့သည် မြူးနစ် အခြေစိုက်ခရုန်းဆပ်ကပ်ရုံ၌ ကျန်းမာစွာဆော့ကစား လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

တောင်အာဖရိကတောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်သူများက အဆိုပါခြင်္သေ့ဖြူများကို ကမ္ဘာ ပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်တော့မည့် တိရစ္ဆာန် များအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ရှားပါးခြင်္သေ့ များသည် တောင်အာဖရိကနိုင်ငံများ တင်ဘာဗတီဒေသ ၌သာလျှင်ရှိတော့ကြောင်း၊ သဘာဝအလျောက် တွေ့ရမှု အလွန်နည်းသွားပြီဖြစ်ကြောင်း ၄င်းတိရစ္ဆာန် ထိန်းသိမ်းသူများက ပြောသည်။

ရှားပါးခြင်္သေ့ဖြူအရေအတွက်မှာ ကမ္ဘာတစ်ဝန်း တိရစ္ဆာန်ရုံများနှင့် ဆပ်ကပ်ပြပွဲရုံများ၌ ရာဂဏန်း ခန့်သာရှိတော့သည်ဟု ဆိုသည်။ အဆိုပါ ရှားပါးခြင်္သေ့များ ကို ဗုဒ္ဓဟူးနေ့ညက ပေါက်ဖွားခဲ့ခြင်းဖြစ်သည်။

¤င်းတို့ကို ခုနစ်နှစ်အရွယ် မင်းသမီးဟု အမည် ပေးထားသော ခြင်္သေ့မကြီးနှင့် ဘုရင်တွန်ဂါဟု အမည်ပေး ထားသော ခြင်္သေ့ကြီးတို့မှပေါက်ဖွားခဲ့ခြင်းဖြစ်သည်။ ¤င်းတို့သည် ၂ဝ၁၂ ခုနှစ်က ခြောက်ကောင်ပေါက်ဖွားခဲ့ သည်ဟု ဆိုသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း

ဆရာရှင့် ဗိုက်ခွဲမွေးဖွားပြီး ခင်ပွန်းနဲ့ ဘယ်အချိန် အတူပြန်နေလို့ရနိုင်လဲ သိချင်ပါတယ်။ နို့တိုက်ကျွေးနေစဉ် ဘယ်လို တားဆေးမျိုး သုံးသင့်လဲဆိုတာလဲ သိချင်ပါတယ်ရှင့်။ ဆရာ့ blog ထဲကိုဝင်တာ never end ဆိုပြီး ဘာစာမှ ဆက်ဖတ်လို့ မရလို့ပါရှင့်။

ပဌမမေးခွန်းအတွက် တိုက်ရိုက်ဖြေလိုက်ပါတယ်။ ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာ များတယ်။ ၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။

ကိုယ်ဝန်ဆောင်တာ ၁၆ ပတ် (၄ လ) ရှိရင် မိခင်လောင်းရဲ့ နို့တွေကနေ နို့ရည်ထွက်နိုင်ခြေ ရှိလာပြီ။ အရွယ်အစား ကြီးထွားလာလို့ပါ။ ဒါပေမဲ့ အချင်းကနေ ထုတ်ပေးနေတဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) ဟော်မုန်းတွေကြောင့် နို့ထွက်အောင်လုပ်ပေးမဲ့ ဦးနောက်မှာရှိတဲ့ (ပစ်ကျူထရီ) ကနေ နို့ထွက်ဟော်မုန်း နို့ထွက်ဟော်မုန်းကို ထွက်မလာအောင် တားထားသေးတယ်။

ကလေးဖွါးပြီး အချင်းကျတာနဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေ နည်းလာပြီး နို့ထွက်ဟော်မုန်း (ပရိုလက်တင်) ထွက်လာပြီးသကာလ နို့တွေကနေ နို့ရည်တွေ ထွက်တော့မယ်။ တခုရှိပြန်တာက ကလေးကို နို့မတိုက်ရင်တော့ အဲလို မဖြစ်တော့ ပြန်ဘူး။ ကလေးက နို့ကို စို့ (စုပ်) တာကနေ နိုးဆွပေးတဲ့သဘော သက်ရောက်တယ်။

ကိုယ်ဝန်တားဆေးတွေက နာမည်အမျိုးမျိုးနဲ့ လာတယ်။ အမျိုးသမီး အမျိုးမျိုးကို သက်ရောက်စေတာကလဲ အမျိုးမျိုး ရှိနိုင်တယ်။ ကိုယ်ဝန်တား စားဆေးတွေထဲမှာ အများဆုံး သုံးနေကြတာက ဟော်မုန်း ၂ မျိုးတွဲ၊ တနေ့တလုံး စားရတဲ့ ဆေးမျိုး ဖြစ်တယ်။ ဟော်မုန်းတွေဆိုတာ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေဖြစ်တယ်။ ကလေး နို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့ (အီစထိုဂျင်) က နို့ထွက်နည်းစေမယ်။

ကလေး နို့တိုက်တုံးသုံးဘို့-
- Progestin-only pill (POP) တမျိုးထဲပါတဲ့ တားဆေးမျိုးက ပိုအဆင်ပြေတယ်။ ဒီဆေးမျိုးကို Mini pill လို့လဲ ခေါ်တယ်။ တားဆေးထဲက ဟော်မုန်းဟာ မိခင်နို့ရည်ထဲ မရောက်နိုင်လို့ ကလေးကို ဒုက္ခမပေးပါ။ Progestin-only pill အမျိုးအစားဟာ ဟော်မုန်း ၂ မျိုးတွဲထက် ကိုယ်ဝန်တားရာမှာ ထိရောက်မှု ရာနှုန်းနည်းတယ်။ ဆေးကို နေ့တိုင်းမှန်မှန် နဲ့ အချိန်လဲ မှန်မှန်သောက်ဘို့ အထူးသတိကြီးရမယ်။
- Progestin-only implants အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant ဖြစ်တယ်။
- Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။
- Contraceptive implant အရေပြားအောက်မှာ ထည့်ထားရတဲ့ ဟော်မုန်းပါ ဆေးချောင်းထည့်နည်း Norplant and Jadelle (Norplant II), Implanon, Sino-implant (II) marketed as (Zarin, Femplant and Trust), Nexplanon တွေကို သုံးနိုင်တယ်။
- Barrier methods အဖုံး-အကာ-အစွပ်နည်းတွေထဲက Condom (ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။
- Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ ဘာဟော်မုးန်မှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။
- Intrauterine system (IUS), IUD with progestogen, IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။
- Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာ အရွယ်အစား ရင်စားပြန်မရသေးလို့ အနေမတော် ဖြစ်နိုင်တယ်။
- NuvaRing ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။
- Contraceptive patch = Transdermal patch (Evra, Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။

ကလေးတလခွဲရှိတဲ့အထိ တားဆေးမသုံးဘဲလဲနေနိုင်တယ်။ ကလေး နို့ဖြတ်ပြီးရင် ကြိုက်တဲ့နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာ သုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေး ရဘို့ ဝေးတတ်တယ်။ ဒါမျိုးကို ဆေးစာမှာ Lactational amenorrhea ခေါ်တယ်။ ရာသီမဆင်း၊ ကလေးမရတာမျိုး ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Twin Pregnancy အမွှာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ

(၁) သမီးအဖေရဲ့ ညီမအရင်းမှာ အမွာသမီးလေးရှိပါတယ်ဆရာ။ အဲတာ သမီးအမွှာသန္ဓေ တည်နိုင်မည့်နှုန်းမြင့်အောင် ဘာတွေများ လုပ်ဖို့လိုလဲမသိဘူးဆရာ။
(၂) ဆရာ သိချင်လို့ပါ။ ဘယ်လိုများ မိခင်တစ်ယောက်က ကျန်းမာကောင်းမွန်တဲ့ အမွှာပူးကလေးရအောင် မည်သို့ နေတိုင်းစားသောက်ရပါသနည်း။
(၃) ကျွန်တော့် ဇနီးက အသက် (၂၅) နှစ်ထဲမှာပါ။ အခု ကိုယ်ဝန် ၄ လ ကျော် ၅ လရှိနေပါတယ်။ Ultrasound နဲ့ကြည့်တာ အမွှာကိုယ်ဝန် ဖြစ်နေပါတယ်။ အမွှာကိုယ်ဝန်အတွက် ဆောင်ရန်ရှောင်ရန်များကို ညွှန်ကြားပေးပါ။

သုတေသနလုပ်သူတွေက ကိုယ်ဝန်ဆောင် ၁-၈% ဟာ ကိုယ်ဝန်ဆောင်ကာစမှာ အမွှာနဲ့စခဲ့ပြီး၊ နောက်မှ ကလေး တယောက်တည်း ဖြစ်သွားကြတယ်လို့ သံသယရှိကြတယ်။ ကိုယ်ဝန်ဆောင်စမှာ (အာလ်ထွာဆောင်း) ရိုက်တော့ သန္ဓေသား နှစ်ခုတွေ့ပြီး နောက်ပိုင်းမှာ တခုတည်းဖြစ်တာကို Vanishing twin syndrome လို့ခေါ်တယ်။ Conjoined twins (Siamese) ကိုယ်ချင်းဆက်အမွှာ ဆိုတာက Monozygotic twins (ဇိုင်ဂုတ်) တခုတည်းကဖြစ်တဲ့ အမွှာအမျိုးဘဲ ကိုယ်နှစ်ခုက ကွဲမထွက်လို့ ဆက်နေတယ်။ ကိုယ်ဝန် ၅ သောင်းမှာသာ တယောက် ဖြစ်တတ်တယ်။

မိသားစုထဲမှာ အမွှာမွေးဘူးသူရှိရင် အမွှာကိုယ်ဝန် ပိုဖြစ်နိုင်ခြေများတယ်။ Fraternal twins ထပ်တူ မဟုတ်တဲ့အမွှာ နဲ့ Identical twins ထပ်တူဖြစ်တဲ့အမွှာ ဆိုပြီး (၂) မျိုးရှိတယ်။ မတူတဲ့ အမျိုးအစားက ပိုများတယ်။ အမွှာကိုယ်ဝန်ဖြစ်နေတာကို ဆရာဝန်ကနေ ဗိုက်ကိုလက်နဲ့၊ နားကြပ်နဲ့ စမ်းတာနဲ့လဲ သိနိုင်တယ်။ သေခြာအောင် Ultrasound (အာလ်ထွာဆောင်း) ရိုက်ရမယ်။

• အမွှာဆိုရင် ကိုယ်ဝန်ရိုးရိုးထက် ကိုယ်အလေးချိန် ပိုများနေမယ်။ ကိုယ်ဝန်ရှိကာစ တပတ်မှာ ၁ ပေါင်တိုးတယ်။ နေ့လစေ့မှာ ပုံမှန်ကိုယ်ဝန်ဆိုရင် ၂ဝ-၃ဝ ပေါင်တိုးလာမယ်။ အမွှာကိုယ်ဝန်က ၃ဝ-၄ဝ ပေါင် တိုးနေမယ်။
• အလေးချိန်များလို့ အနေရခက်မယ်။ ပိုပြီး အနားယူရမယ်။ ခြေတွေကို အခုအခံပေါ်မှာတင်ထားပြီး နားသင့်တယ်။ အလုပ်လုပ်သူဆိုရင် မီးဖွါးခွင့်ကို မမွေးခင် ၆ ပတ်ထက်နောက်ကျပြီးယူတာ မလုပ်သင့်ဘူး။
• အမွှာကိုယ်ဝန်ဆောင်မိခင်ဟာ တနေ့မှာ ၂၇ဝဝ ကယ်လိုရီ စားသောက်သင့်တယ်။
• ကလေးတယောက်တည်းကိုယ်ဝန်နဲ့ စာရင် အားဆေးတွေ ပိုလိုမယ်။ ဗီတာမင် (ဘီ) အုပ်စု သောက်ရမယ်။

• သွေးအားနည်းတာ ပိုဖြစ်နိုင်လို့ သံဓါတ်အားဆေး သောက်ကိုသောက်သင့်တယ်။ ဖေါလစ်အက်စစ်လဲ လိုတယ်။
• ကိုယ်ဝန်ဆောင်စောင့်ရှောက်တာကို ပိုဂရုစိုက်ရမယ်။ ဆရာဝန်ကနေ (အာလ်ထွာဆောင်း) နဲ့ ရေမြွာရည်လည်း စစ်မယ်။ ကလေးအခြေအနေကိုလဲ စစ်မယ်။ အချင်းကိုလဲ စစ်မယ်။
• ၁၈-၂၄ ပတ်ကနေစပြီး သားအိမ်ဝကို တိုင်းတာတာလဲ လုပ်မယ်။ မွေးလမ်းကြောင်း စမ်းပြီး သားအိမ်ဝကိုလဲ စစ်မယ်။ Incompetent cervix သားအိမ်ဝ မလုံတာ မဟုတ်ဘို့ သေခြာချင်လို့ ဖြစ်တယ်။ ၅% မှာအဲလို ဖြစ်တတ်တယ်။ ဖြစ်ရင် သားအိမ်ဝကို မမွေးချင်မချင်း ချုပ်ထားပေးရတယ်။
• Ultrasound ပိုရိုက်ရမယ်။ တချို့ဆရာဝန်တွေက တလတခါရိုက်တတ်တယ်။ အချင်းကိုစစ်ချင်တယ်။ ၁၆-၁၈-၂ဝ-၂၂-၂၄ ပတ်တွေမှာ Twin-twin-transfusion syndrome မဟုတ်တာ သေခြာချင်လို့ ရိုက်တယ်။ ၂၄ ပတ် နောက်ပိုင်းတော့ တလတခါသာ ရိုက်ပါမယ်။
• Preterm labor စောမွေးတာ ၅၅% ရှိတယ်။
• Premature rupture of membranes ရေမြွာစောပေါက်တာ၊ Uneven growth ကလေးနှစ်ယောက် ဖွံ့ထွားမှု မတူတာ၊ High blood pressure သွေးတိုးရှိတာ၊ Preeclampsia ကိုယ်ဝန် သွေးဆိပ်တက်တာ နဲ့ Diabetes ဆီးချိုရှိလာတာတွေ ပိုဖြစ်တတ်တယ်။
• ဂျာမန် သုတေသနတခုမှာ အမွှာကိုယ်ဝန်ဆောင်ပေါင်း ၄၁၁ဝ ကိုလုပ်ခဲ့တယ်။ ကလေးတယောက်နဲ့ တယောက် မွေးလာတဲ့အချိန်တွေ ကွာခြားတာကို လေ့လာတယ်။

- ပျမ်းမျှ ၁၃့၅ မိနစ် ကွာခြားတာတွေ့ရတယ်။
- ၁၅ မိနစ် = ၇၅့၈%၊
- ၁၆-၃ဝ မိနစ် = ၁၆့၎%၊
- ၃၁-၄၅ မိနစ် = ၄့၃%၊
- ၄၆-၆ဝ မိနစ် = ၁့၇% နဲ့
- တနာရီထက်မကကွာတာ (၇၂ ယောက်) = ၁့၆% ရှိတယ်။
• မွေးဖွါးချိန် ပိုကြာတတ်တယ်။
• C-section ဗိုက်ခွဲမွေးနိုင်တဲ့ ရာခိုင်နှုန်းပိုများတယ်။ အမွှာကိုယ်ဝန်တိုင်းကို ခွဲမွေးရမယ်လို့ မဆိုလိုဘူး။
• မွေးပြီးရင် ကလေးတွေကို မိခင်နို့တိုက်ဘို့ ပြင်ဆင်ထားရမယ်။ ဒီအတွက် စားသောက်တဲ့အခါ တနေ့မှာ ကယ်လိုရီ ၅ဝဝ ပိုလိုမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

ကိုယ်ဝန်ဆောင် မိခင်များ ကိုယ်ဝန် လရင့်ချိန်တွင် ဆီးချို သွေးချို ရောဂါ ဖြစ်ပွားမှု များပြား

ကိုယ်ဝန်ဆောင် မိခင်များသည် ကိုယ်ဝန် လရင့်သည့် အချိန်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားမှုနှုန်းမှာ များပြား လာကြောင်း ရန်ကုန် အနောက်ပိုင်း ဆေးရုံ သားဖွားမီးယပ် အထူးကု ဒေါက်တာ ကောင်းဇော်ထံမှ သိရသည်။

''ကိုယ်ဝန်ဆောင် မိခင်တွေ ကိုယ်ဝန်လ ရင့်တဲ့အချိန်မှာ ဆီးချို၊ သွေးချို ဖြစ်ပွားလေ့ ရှိတယ်။ ကိုယ်ဝန် ငါးလအထက်မှာ အဖြစ်များတယ်။ ဒါပေမဲ့ ကလေး မီးဖွားပြီးရင် ပျောက်ကင်း သွားတတ်တယ်။ အဲဒီလိုဖြစ်တာကို ကောင်းတယ်လို့ ပြောလို့ မရဘူး။ နောက်ပိုင်းမှာ ဆီးချို၊ သွေးချိုရောဂါ ပြန်ဖြစ်လာ နိုင်တယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားရခြင်း အကြောင်း အရင်းမှာ ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ် အတွင်းမှ ထွက်လေ့ရှိသော ဟော်မုန်းများကြောင့် သို့မဟုတ်ပါက အင်ဆူလင် ထွက်ရှိမှု နည်းပါးသွားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ဆီးချို၊ သွေးချိုရောဂါ ဆိုသည်မှာ သွေးအတွင်းရှိ သကြားဓာတ် ပမာဏ မြင့်မားလာ ခြင်းကြောင့်ဖြစ်ပြီး သွေးအတွင်းရှိ ဂလူးကို့စ် များပြားလာခြင်း မှာလည်း စားသောက်သော အစားအစာမှ ဂလူးကို့စ် ရရှိသည့် အပြင် ခန္ဓာကိုယ် အတွင်းရှိ အသည်းမှလည်း ဂလူးကို့စ်ကို ထုတ်လုပ် ပေးခြင်းကြောင့် လည်း ဖြစ်သည်။ သွေးများမှ ဂလူးကို့စ်ကို ခန္ဓာကိုယ် တစ်ခုလုံးရှိ ကလာပ်စည်းများ ရှိရာသို့ ပို့ပေးပြီး အင်ဆူလင် ဆိုသည်မှာလည်း ဟော်မုန်း တစ်မျိုးဖြစ်ကာ ခန္ဓာကိုယ် အတွင်းရှိ ပန်ကရိယဟု ခေါ်သော အင်္ဂါမှ အင်ဆူလင်ကို ထုတ်လုပ်ပေးပြီး သွေးထဲသို့ ပို့ဆောင်ပေးခြင်းလည်း ဖြစ်သည်။ ''မိသားစု မျိုးရိုးထဲမှာ ဆီးချို၊ သွေးချိုရောဂါ ရှိတဲ့သူတွေ၊ ကိုယ်အလေးချိန် များပြီး ဝတဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေ၊ အသက် ၄ဝ ကျော် အရွယ်တွေ၊ ကိုယ်ဝန်ဆောင်ချိန် ဆီးချို၊ သွေးချို ရှိခဲ့တဲ့သူတွေက ဆီးချို၊ သွေးချို ဖြစ်ပွားစေနိုင်တဲ့ အခွင့်အလမ်း များပါတယ်။ ဒါ့အပြင် မွေးကင်းစ ကလေးသည် ကိုယ်အလေးချိန် ကိုးပေါင်ထက် ကျော်လွန်နေရင်လည်း ဆီးချို၊ သွေးချို ဖြစ်နိုင်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ သာမန်လူများတွင် သွေးတွင်း သကြားဓာတ် ပမာဏသည် 70 မှ 110 mg/dl ရှိသော်လည်း ဆီးချို၊ သွေးချို ရှိနေသည့် ဝေဒနာရှင် အများစုတွင် သွေးတွင်း သကြားဓာတ် ပမာဏမှာ 80 မှ 110 mg/dl အထိ ပါဝင်ကြောင်း သိရသည်။

ထက်နေ
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

မြန်မာ ဇာတ်လမ်းတွေမှာ ကိုယ့်နိုင်ငံ ရိုးရာယဉ်ကျေးမှုတွေကို ထည့်သွင်း ပြသဖို့ လိုနေပါ သေးတယ် ဆိုတဲ့ မိုးယုစံ

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရုပ်ရှင်ကားများ၊ ရုပ်သံဇာတ်လမ်းများ များစွာဝင်ရောက် လာမှုရှိရာ ၎င်းတို့၏ ဇာတ်ကားတိုင်းတွင် ရိုးရာ ယဉ်ကျေးမှုကို ဖော်ပြသော သရုပ်ဆောင်မှု များစွာ
ရှိနေသေးသဖြင့် မြန်မာဇာတ်လမ်းများတွင်လည်း နိုင်ငံ ယဉ်ကျေးမှု ရိုးရာတွေကို ထည့်သွင်း ပြသဖို့ လိုနေပါသေးတယ် ဆိုတဲ့ သရုပ်ဆောင်မိုးယုစံနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ ပုံကို ယခုလိုဖော်ပြပေးလိုက်ပါသည်။

လတ်တလော အနုပညာ လှုပ်ရှားမှု လေးတွေ ရှိရင်လည်း ပြောပြပေးပါဦး။

မိုးယု လတ်တလောကတော့ ကားရိုက်တွေ ရှိနေပါတယ်။ ကိုဇေရဲထက်နဲ့ ရိုက်ထားတယ်။ အဲဒီကား အပြီးမှာ ကိုထိုက်စံမော့စ်နဲ့ ''နောင်ဝေဝေ'' ဆိုတဲ့ ဇာတ်ကားလေး ရိုက်ဖို့ စီစဉ် နေ ပါတယ်။ ဒီကားထဲက ကာရိုက်တာ လေးကတော့ လူငယ်ဆန်ဆန် ကာရိုက်တာ လေးတွေ ပါပဲ။ ချစ်သူနဲ့ ဖခင်ကို အဆင်ပြေအောင် ကြားထဲက ညှိပေးရတဲ့ကောင်မလေး နေရာက ပါဝင် သရုပ်ဆောင် ရတာပါ။

ဆရာ ပန်းချီစိုးမိုးနဲ့လည်း ရုပ်ရှင်ကားကြီး ရိုက်နေတယ်နော်။ ဇာတ်ကားကြီးက ပြီးသွား ပြီလား။ အခြေအနေကိုလည်း ပြောပြပေးပါဦး။

''ကျွန်တော့် ရည်းစား ဘုရားမှာ နေသည်'' ဆိုတဲ့ ကားကြီးပါ။ ဆရာ ပန်းချီစိုးမိုး၊ ကိုစိုး ရန်အောင်တို့နဲ့ ရိုက်နေတာ တစ်နေ့ကပဲ မိုးယုပါဝင်တဲ့ အခန်းတွေကို အပြီးသတ်ရိုက် ဖြစ်တာပါ။ ဆရာ ပန်းချီစိုးမိုး ရိုက်ခဲ့တဲ့ ကားလေးကလည်း ညီမအတွက် အရင်ကရိုက်ခဲ့တဲ့ ကားကြီးတွေ ထဲမှာ ထူးခြားတယ်လို့ပြော လို့ရပါတယ်။ ရိုက်ခဲ့ဖူးတဲ့ ကာရိုက်တာတွေက လည်း ဟာသတွေက များတယ် ဆိုတော့လေ။ ဒီကားထဲမှာ ကလည်း ဇာတ်ရုပ်က သုံးမျိုး လောက် ပြောင်းပြီး ရိုက်ထား ရတယ်။ ညီမ အတွက် အတွေ့အကြုံ အသစ်တွေ အများကြီး ရတဲ့ ရုပ်ရှင်ကားတစ်ကားပါ။

အခုဆိုရင် မိုးယုရိုက်ခဲ့တဲ့ ကားတွေနဲ့မတူဘဲ ကိုယ့်စိတ်ထဲမှာ သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာ ပုံစံမျိုးလေး ရှိရင်လည်း ပြောပြပေးပါဦး။

ကာရိုက်တာ ထဲမှာတော့ မိုးယုမလုပ်ဘူးတဲ့ ကာရိုက်တာတွေ အများကြီး ရှိနေပါသေးတယ်။ ကိုယ်မလုပ်ဘူးတဲ့ ကာရိုက်တာမျိုးတွေ ရှိနေသေးရင် ကိုယ့်ကို လာအပ်ရင် လုပ်ကြည့် သွားမှာပါ။ ထူးထူးခြားခြား အနေနဲ့ သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာလေး ဆိုရင်တော့ ခပ်မာမာနဲ့ ဗီလိန် ပုံစံမျိုးလေးတော့ သရုပ်ဆောင်ချင်တယ်။

မိုးယုအနေနဲ့ ကိုယ်ရိုက်ခဲ့တဲ့ ဗီဒီယိုဇာတ် ကားတွေပဲဖြစ်ဖြစ်၊ ရုပ်ရှင်ဇာတ်ကားကြီး တွေပဲ ဖြစ်ဖြစ် ကိုယ်ရဲ့ ဇာတ်ကောင်ကို ပြန်ကြည့်တဲ့ အခါမှာရော အားရမှုရှိလား။

မိုးယုက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်တဲ့ အထဲမှာလည်း မပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင် ကြီးပြီး ဘဝင်မြင့်တဲ့ သူတွေကိုလည်း အရမ်းမုန်းတယ်။ အဲဒီအတွက် မိုးယုရဲ့ ဇာတ်ကားတွေ မှာ မိုးယု လိုအပ်နေတာတွေ ကိုတွေ့တဲ့အခါ ပြင်တယ်။ မိုးယုလည်း လိုအပ်ချက်တွေ ရှိနေမှာလေ။ အဲဒါကြောင့် ကိုယ်သိတာရော၊ မသိတာတွေရော အားလုံး ကို ပြင်ဆင် လေ့ကျင့် သွားမှာပါ။

မိုးယုရဲ့ အောင်မြင်မှုကို ထိန်းသိမ်းဖို့ လက်စွဲထားတဲ့ စကားလေး ရှိရင်လည်း ပြောပြပေးပါဦး။

အဓိကကတော့ ကိုယ်ရတဲ့ ဘယ်အလုပ် မဆို တာဝန်ကျေဖို့ လိုပါတယ်။ တာဝန်ကျေ ဖို့ရယ်၊ စေတနာ ထားမှုရယ် အဲဒါတွေကို မိုးယုလုပ်တဲ့ အလုပ်တိုင်းမှာ ထည့်ပြီး ရသမျှ အလုပ် တွေကို အကောင်းဆုံး လုပ်သွားတာ ပါပဲ။

အခုဆိုရင် မြန်မာနိုင်ငံမှာ ခေတ်စား နေတဲ့ လူကြိုက်များတဲ့ ကိုရီးယား ဇာတ်ကားတွေကို ကြည့်ပြီး ကိုယ့်နိုင်ငံရဲ့ အနုပညာတွေက ဘာတွေ လိုအပ်နေတယ်လို့ မြင်မိလဲ။

သူတို့ရဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်တဲ့အခါမှာ မိုးယု သတိထား မိတာကတော့ ရိုးရာ ယဉ်ကျေးမှုကို အရမ်း ဖော်ပြကြတယ်။ သူတို့ရဲ့ ခေတ်ဆန်နေတဲ့ ဇာတ်လမ်းတွဲတိုင်း မှာလိုလို သူတို့ နိုင်ငံရဲ့ ရိုးရာ အစားအစာ၊ အဝတ်အစား၊ ဓလေ့ ထုံးတမ်းတွေကို ထည့်သွင်း ရိုက်ကူး ပြသ ကြတယ်။ ဒါကြောင့် မိုးယုတို့ မြန်မာနိုင်ငံရဲ့ ဇာတ်ကားတွေမှာ ကိုယ့်နိုင်ငံရဲ့ ရိုးရာ ဓလေ့ လေးတွေကို ထည့်သွင်း ဖော်ပြ ပေးစေချင်ပါတယ်။

ပရိသတ်အတွက် စကားလက်ဆောင် လေး ပြောပေးပါဦး။

အားပေး နေကြတဲ့ မိုးယုရဲ့ပရိသတ်တွေကိုလည်း ကျေးဇူး တင်ပါတယ်။ မိုးယုရဲ့လှုပ် ရှားမှု တိုင်းကိုလည်း ဆက်လက် အားပေး အကြံပေး ကြပါလို့ ပြောချင် ပါတယ်။

အိအိမြတ်
မြ၀တီ
https://www.facebook.com/mwdmedia


ပရိသတ် တောင်းဆိုမှုကြောင့် လက်ဝှေ့ ပြန်ထိုးဖို့ စဉ်းစားနေပြီလို့ ပြောလာတဲ့ တွေ့မရှောင်

မြန်မာနိုင်ငံ ချန်ပီယံ လက်ဝှေ့ စိန်ခေါ်ပွဲကြီးတွင် လက်ဝှေ့ဟန်ရေး လာရောက်ပြသ ခဲ့သည့် တွေ့မရှောင် သည် ပွဲကြည့်သူ လက်ဝှေ့ပရိသတ်များ၏ တောင်းဆိုမှုကြောင့် မကြာမီ အချိန် တွင် လက်ဝှေ့  ပြန်ထိုး ရန် စဉ်းစားနေပြီ ဖြစ်ကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ ပရိသတ်ကို ကြိုးဝိုင်းပေါ်မှ နေ၍ ပြောကြား ခဲ့ကြောင်း သိရသည်။

''ဒီဘက်ခေတ် Fighter လက်ဝှေ့သမား လေးတွေကို အားမရလို့ ဝါရင့်သမ္ဘာရင့် Fighter လက်ဝှေ့ သမားကြီး တစ်ယောက် အနေနဲ့ လက်ဝှေ့ ပြန်ထိုးဖို့ စဉ်းစားနေပါတယ်။ ပရိသတ်က တောင်း ဆို တာကြောင့်လည်း ကျွန်တော် လက်ဝှေ့ လောကထဲကို ပြန်ဝင်ဖို့ စဉ်းစားနေခြင်း ဖြစ်ပါတယ်။ ကျွန်တော် လက်ဝှေ့ လောကထဲကို ပြန်ဝင်လာတဲ့အခါမှာ ပရိသတ်တွေက ကျွန်တော့်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်'' ဟု တွေ့မရှောင်က မြန်မာ့ရိုးရာ လက်ဝှေ့ ပရိသတ် များကို ပြောကြား ခဲ့သည်။

တွေ့မရှောင်သည် လက်ရှိ အချိန်တွင် ထားဝယ်မြို့၌ အခြေချ နေထိုင် နေကြောင်း သိရသည်။ အဆိုပါ ပွဲတွင် လက်ဝှေ့ဟန်ရေး တက်ပြခဲ့သည့် တွေ့မရှောင်ကို ယင်းပွဲ စီစဉ်သူ ဖြစ်သည့် T&T Group မှ ဦးစိုးသန်းဝင်းက ဆုကြေးငွေကျပ် ငါးသိန်း ချီးမြှင့် ခဲ့ကြောင်း သိရသည်။

တွေ့မရှောင်သည် မြန်မာ့ရိုးရာ လက်ဝှေ့ သမိုင်း တစ်လျှောက်တွင် ဆယ်စုနှစ် တစ်ခုကြာ အောင်မြင် မှုကို ထိန်းသိမ်း နိုင်ခဲ့သည့် ဝါရင့် လက်ဝှေ့သမား တစ်ဦး ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်
မြ၀တီ
https://www.facebook.com/mwdmedia


Depo Provera Analysis သုံးလခံထိုးဆေး အတွေ့အကြုံဖေါက်သယ်ချခြင်း

ဒေါက်တာရှင့် ၃ လဆေး ၁ ခါပဲထိုးဖူးပါတယိရှင့်။ ၃ လပြည့်ပြီး ၂ လကြာတော့ ပုံမှန်ရာသီပြန်လာ ပါတယ်ရှင့်။ ကလေးရဖို့ စောင့်ရဦးမလားမသိလို့ရှင့်။ အရမ်းကိုကြာမလားမသိလို့ပါရှင့်။

Depo ထိုးဆေး ကိုယ့်အတွေ့အကြုံတွေကို (အွန်လိုင်း) မှာပြောကြတဲ့ အမျိုးသမီး ၅ဝ ကိုရွေးပြီး မျှဝေလိုက်ပါမယ်။ ပြောသူအားလုံးက အမေရိကန်တွေပါ။ မြန်မာအမျိုးသမီးတွေပြောတာကိုလဲ သိချင်ပါတယ်ဗျာ။

1) Depo ဆေး မထိုးဘဲနေတာ ၁၅ လကြာတော့ ကိုယ်ဝန် ပျက်တယ်။
2) Depo ကို ၁၂ နှစ်ကြာထိုးထားပြီး ၈ လစောင့်နေတာ ကိုယ်ဝန် မရသေးပါ၊
3) ဆေးမထိုးတာ ၃ လကြာပြီ၊ ရာသီပြန်မှန်အောင်လို့ ဆရာဝန်က စားဆေး စားခိုင်းထားတယ်၊ ၁-၂ နှစ်နေမှ ကိုယ်ဝန်ယူဘို့ ဆရာဝန်က ပြောတယ်။
4) ၆ လထိုးထားတယ်။ အခု ၁ နှစ်နဲ့ ၁ဝ လရှိနေပြီ၊ ရာသီက မမှန်သေးဘူး၊ ဒီကြားထဲမှာ ရာသီ ၆ ခါဘဲ လာတယ်။
5) ၁ နှစ်ထိုးထားတယ်။ မထိုးတာ ၁၆ လရှိပြီ။ Clomid ဆေးကြောင့် မျိုးဥတော့ ထွက်တယ်။ ကိုယ်ဝန် မရသေးဘူး။
6) ၅-၆ နှစ် Depo ထိုးခဲ့တယ်။ ၁၃ လကြာတော့ ကိုယ်ဝန်ရပါတယ်။
7) Depo မထိုးတော့တာ ၄ လရှိပြီး ကလေး မရသေးဘူး။
၁ဝ လ ထိုးထားပြီး အခု Othro tricylen (Norgestimate/Ethinyl estradiol) သောက်နေရတယ်။ ရာသီပြန် မှန်အောင်လို့။ ၆ လ ရှိနေပြီ။ ကလေးထပ်လိုချင်သူတွေ မထိုးစေချင်ဘူး။
9) ၂ နှစ်ခွဲ ထိုးထားတယ်။ မထိုးဘဲ ၄ လနေတော့ ရာသီပြန်လာတယ်။ ဒါပေမဲ့ ၂ ပါတ်တခါ လာနေတာ ၃ လရှိပြီ။ ၁ နှစ် ကျော်စပြုပြီ၊ ကိုယ်ဝန် မရသေးဘူး။
10) ၁ နှစ်ကြာ ထိုးထားတယ်။ ဆရာဝန်က ပြောတယ် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပျောက်အောင် စောင့်ရအုံးမယ်တဲ့။
11) Depo ၅ နှစ်ထိုးခဲ့တယ်။ ဆေးရပ်တာ ၁ နှစ်ကြာပြီ။ ကိုယ်ဝန်လဲမရသေးပါလား။ စိတ်ပိန်လိုက်တာ။
12) ၂ နှစ်ကြာ ထိုးခဲ့တယ်။ ၁၃ လရှိပြီ၊ ရာသီ တခါမှ မပေါ်သေးဘူး။ ဘယ်လောက်ကြာအုံးမယ်လဲ မပြောတတ်ဘူး။
13) သားလေးရပြီး ဆေးထိုးခဲ့တာ အခု သားက ၆ နှစ်ရှိပြီ။ ထိုးဆေးရပ်ပြီး Patch ပြောင်းသုံးနေတယ်။ ဒါကိုလဲ ဖြတ်လိုက်ပြီ။ ရာသီတော့ မှန်ပေမဲ့ ကိုယ်ဝန်မရသေးဘူး။ ခုဆို ၆ လရှိပြီပေါ့။
14) ၄ နှစ်ထိုးထားတယ်။ မထိုးတာက ၁ နှစ်ခွဲ။ မရသေးဘူး။ မရတော့မှာ သိပ်စိုးရိမ်နေတယ်။
15) ၇ နှစ်ထိုးခဲ့တယ်။ ၁ နှစ်စောင့်တော့ ကိုယ်ဝန်ပြန်ရပါတယ်။ ဒီကလေးမွေးပြီး ဆေးထပ်ထိုးနေတယ်။ ကြည့်အုံးမယ်လေ။
16) ဆေးမထိုးဘဲ နေခဲ့တာ ၄ လတော့ ရှိပြီ။ ၃ လနေတဲ့အထိ ရာသီမလာဘဲ အခု တပါတ်ခါ လာနေတယ်။
17) ကိုယ်ဝန်ပျက်ပြီး တခါဘဲ Depo ထိုးဘူးသေးတယ်။ ၈ လရှိပြီ ရာသီမလာဘူး။ လတိုင်း စိတ်ညစ်မိတယ်။
18) ၃ နှစ်ခွဲထိုးထားတယ်။ ကိုယ့်မျိုးပွါးစနစ်ကို ဒုက္ခပေးနေတာဘဲလို့ မြင်လာတယ်။ ဆရာဝန်ကတော့ ဘာမှ မဖြစ်ပါဘူး ပြောပေမဲ့ စိတ်ထဲမှာ သိနေတယ်။ ဆေးမထိုးတာ ၂ နှစ် နဲနဲကျော်ခဲ့ပြီ။ ကိုယ်ဝန် မရသေးဘူး။ ရာသီက ၆ လတော့ မှန်ပါရဲ့ နောက် ၂ လမှာ ၂ ပါတ်တခါ ဆင်းတာကလဲ များလိုက်တာ။ ကလေးမရတော့မှ သိပ်ပူတာဘဲ။ ဘယ်သူမှ မထိုးကြဘို့ ပြောချင်တယ်။
19) ကလေးဘယ်တော့မှ မယူတော့ဘူးဆိုပြီး Depo ဆေး ၂ နှစ်ကျော် ထိုးခဲ့တယ်။ အဲဒီကတည်းက သွေးမဆင်းဘူး။ ၁၉-၆-ဝ၆ မှာ ရပ်လိုက်တာ အခု ၁၃-၂-ဝ၇ အထိ ရာသီမလာသေးပါ။ လိင်စိတ်လဲ လုံးဝ လျှော့ကျသွားတယ်။
20) နောက် Depo ဆေးထိုးရက်က အောက်တိုဘာ ၂ဝဝ၆။ ကလေးယူချင်နေတယ်။ ရာသီက ပြန်မပေါ်သေးဘူး။ ကြွက်တက်တယ်။ အားကုန်သလို ဖြစ်နေတယ်။ အဲဒါ ကိုယ်ဝန်လား။ တခါမှ ကိုယ်ဝန်မရဘူးတော့ မသိဘူးပေါ့။ ရာသီမပေါ်ဘဲ ရတတ်သလားရှင်။
21) ကလေး ၂ ယောက်ရပြီး အောက်တိုဘာ ၂ဝဝ၅ မှာ Depo ထိုးတယ်။ ဧပြီ ၂ဝဝ၆ မှာ မထိုးတော့ဘူး။ ရာသီလဲ မလာဘူး။
22) နိုဝင်္ဘာ ၂ဝဝ၆ ကတည်းက ဆေးဆက်မထိုးတော့ဘူး။ သွေးပြန်ဆင်းပါတယ်။ ဆေးထိုးတုံးက လုံးဝမဆင်းခဲ့ဘူး။ အခု ၃ လ ကြာတော့ နောက်ကိုယ်ဝန်ရနေပြီ။
23) ကျမလဲ မထူးဘူး။ Depo မထိုးတာ ၂ဝဝ၆ ဒီဇင်္ဘာကတည်းက အခု ဖေဖေါ်ဝါရီအထိ သွေးမဆင်းဘူး။
24) ဆေးထိုးတာ ၂၃-၃-၂ဝဝ၇ မှာ ရပ်လိုက်တယ်။ အခု ၁၉ လရှိပြီ။ အရင် စားဆေးစားတုံးက ရာသီ ပြန်ဆင်းပါတယ်။ ရပ်တော့လဲ ကိုယ်ဝန် တန်းရတာဘဲ။
25) Depo ၂ နှစ်ထိုးခဲ့တယ်။ ဝလဲ ဝမလာပါဘူး။ ဆေးရပ်တော့ သွေးနဲနဲလေး ဆင်းတယ်။
26) ၈ နှစ် Depo ထိုးထားတယ်။ သွေးဆင်းများခဲ့တာ အတော်အဆင်ပြေတယ်လေ။ သြဂုတ် ၂ဝဝ၆ မှာ ရပ်လိုက်တယ်။ နောက်လ သွေးဆင်းတယ်။ အခု ဖေဖေါ်ဝါရီ။ ၂ ခါလောက် ရာသီထိန်လို့ စစ်တော့ ကိုယ်ဝန် မဟုတ်ဘူး။ နောက် သွေးဆင်းတာက များလိုက်တာ။
27) Depo ၁ ခါထဲ ထိုးဘူးတယ်။ ၁၉-၁-ဝ၇ မှာပါ။ ရာသီနဲနဲလေး လာတယ်။ နောက်လလဲ နဲနဲလေးဘဲ။
28) ၁၅ နှစ်သမီးကတည်းက ရာသီမှန်အောင် တားဆေးတွေသုံးခဲ့ရတယ်။ ၂ဝဝ၃ မှာ ထိုးဆေးထိုးတယ်။ သြဂုတ်မှာ ရပ်ပြီး ဖေဖေါ်ဝါရီအထိ ရာသီလာအောင်စောင့်ရတယ်။ ဘာဆေးမှမပါဘဲ ငယ်ကတည်းက သူ့ဖါသူဆင်းတာပါ။ အခု ကိုယ်ဝန် ရပါ့မလားလဲ မသိဘူး။
29) ၁ နှစ်တိတိ ထိုးဆေးသုံးတယ်။ နောက်ဆေး ထိုးရမဲ့ရက်လောက် နဲနဲဆင်းတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။
30) ၈ နှစ်လောက် ထိုးဆေးနဲ့ နေခဲ့တယ်။ ၂ဝ-၁ဝ-ဝ၅ မှာ နောက်ဆုံးထိုးတယ်။ ၆ ခါရာသီလာပြီး ရပ်သွားလို့ ဆရာဝန်က Provera pills ဆေးပေးတယ်။ ကြွက်တော့တက်တယ်။
31) ၁ နှစ် Depo ထိုးတယ်။ မထိုးတာလဲ ၁ နှစ်ရှိပြီ။ ရာသီက မဖြစ်စလောက်တော့ လာပါတယ်။
32) ၁ နှစ် ဆေးထိုးပြီးတော့ ဇန္နဝါရီကနေ အောက်တိုဘာအထိ ရာသီလာအောင် စောင့်ရတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။
33) မတ်လ ၂ဝဝ၅ မှာ သမီးမွေးပြီး ဆေးထိုးတယ်။ ဇွန် ၂ဝဝ၅ မှာ နားလိုက်တယ်။ ၂ဝဝ၆ စက်တင်္ဘာအထိ ရာသီလာဘို့ စောင့်ရတယ်။ ထိန်တာ ၂ လတော့ရှိပြီ ကိုယ်ဝန်ဖြစ်ကောင်းပါရဲ့။
34) သြဂုတ် ၁၉၉၅ မှာ ဆေးစထိုးခဲ့တယ်။ နိုဝင်္ဘာ ၂ဝဝ၃ မှာရပ်လိုက်တယ်။ ၂ဝဝ၄ ဒီဇင်္ဘာမှာ ရာသီပြန်လာတယ်။ အခု ဧပြီ ၂ဝဝ၇ ရှိပြီ ကိုယ်ဝန်လဲ မရသေးပါ။
35) ၁ဝ နှစ် Depo ထိုးခဲ့ပါတယ်။ သွေးက စောစောဆုံးမလို နေလို့။ အရိုးအားနည်းတာလဲ ရှိတယ်။ စိတ်မလာဘူး။ အရေပြား ပါးသလိုဘဲ။ ဆေးမထိုးတာ ၁၅ လရှိနေပြီ။ ရာသီ ၃ ခါလောက်တော့ လာတယ်ထင်တယ်။ ကလေး ရချင်တယ်။ ဒါပေမဲ့ ဆေးကြောင့် မရဘဲနေမလား မသိဘူး။
36) ၅ နှစ်ဆေးထိုးခဲ့ပါတယ်။ ၂ဝဝ၅ နိုဝင်္ဘာမှာ ရပ်လိုက်တယ်။ (မိုင်ဂရင်း) ဖြစ်လာတယ်။ စိတ်မူလဲ ပြောင်းနေတယ်။ ပြန်မှန်အောင် ၁၂ လစောင့်ရတယ်။ ခုထိလဲ ရင်သားနာတယ်၊ မောသလိုဘဲ။ နောင်တရနေမိတယ်။
37) ၁၁ နှစ်ထိုးခဲ့တယ်။ ဇွန် ၂ဝဝ၆ ကနောက်ဆုံးပေါ့။ ဆရာဝန်ကတော့ ၁ နှစ် ၁ နှစ်ခွဲကြာတခါ နားဘို့ပြောပါတယ်။ အောက်တိုဘာ ၂ဝဝ၆ ကစပြီးမှန်ပါတယ်။ ဆေးထိုးနေတုံး မကောင်းကျိုးလဲ မရ၊ ရာသီလဲမလာ၊ ကိုယ်ဝန်လဲ မရှိဘူး။ အခု တလရနိုးရနိုး စောင့်နေပါတယ်။ ဆေးက သူတို့ ကြော်ညာသလို ဖြစ်တာမို့ အပြစ်မတင်ချင်ပါ။
38) ၉ နှစ်ထိုးခဲ့တယ်။ ၁ နှစ်မှာ ရာသီ ၁ ခါဆင်းတယ်။ နောက် စားဆေး ပြောင်းခဲ့တယ်။ အဲတော့ ရာသီမှန်ပါတယ်။ ကိုယ်တယောက်ထဲ မဟုတ်တာ သိရလို့ တော်သေးရဲ့။
39) ၁၈ လထိုးထားတယ်။ မထိုးတာ ၁ လရှိပါပြီ။ ကိုယ်ဝန်ရမလားလို့ ဒါတွေဖတ်ရတော့ ဝမ်းနည်းမိတယ်။ အစက ဒီလို ဖြစ်တတ်တာ သိရင် မထိုးခဲ့ပါဘူး။ မပြောပြတဲ့ ဆရာဝန်တွေကို ဆဲချင်တယ်။
40) ၂ နှစ် Depo ထိုးထားတယ်။ ဧပြီ ၂ဝဝ၆ ကနောက်ဆုံးပါ။ နိုဝင်္ဘဘာမှာ ကိုယ်ဝန်ရတယ်။ ဒီလောက် စောမယ် မထင်တာ အမှန်ပါ။ ရာသီလဲ မလာဘဲ ဆက်ရတာ။ ဒါကြောင့် ဒီဇင်္ဘာမှာ ဖျက်ပြစ်လိုက်တယ်။ ဖေဖေါ်ဝါရီမှာ ဆေးပြန်ထိုးတယ်။ ၅ဝ% ဟာ ၆ လ အတွင်း ကိုယ်ဝန်ပြန်ရတယ် ဆိုတယ်လေ။ ကိုယ်က ၅ဝ% ထဲ ပါမယ်ထင်တာဘဲ။
41) ၁ နှစ်ခွဲ ဆေးထိုးထားတယ်။ ရာသီမလာဘူး။ ဝလဲမလာဘူး။ အဲလိုမျိုး ၃ ခါရှိပါပြီ။ အပျိုပေါက်တုံးကတခါ၊ ပဌမ အိမ်ထောင်နဲ့တခါ။ အခု အိမ်ထောင်နဲ့ တခါပေါ့။
42) သူငယ်ချင်းက ပြောလို့ Depo ၂ ခါထိုးထားတယ်။ ကလေး ၂ ယောက်ရှိပါတယ်။ အခု ဆေးရပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဆေးတခါ ထိုးပြီးတိုင်း ၁ လအကြာမှာ စိတ်မူပြောင်းနေတယ်။ နောက်လူတွေကို ဆေးထိုးဘို့ ကျမကတော့ အကြံမပေးချင်ဘူး။
43) အသက် ၁၆ မှာစထိုးပြီး ၁၉ နှစ်မှာရပ်တယ်။ အခု ၂၄ ရှိပြီ။ ကလေးမရှိသေးဘူး။ လတိုင်း သွေးစွန်တာကလွဲရင် ရာသီရယ်လို့ မလာပါ။ ကလေးမရတော့မှာတော့ အတော်စိုးရိမ်နေတယ်။ ကယ်ကြပါအုံး။
44) သမီးမွေးပြီး ကတည်းက ဆေးထိုးတယ်။ ဆေးရဲ့ဆိုးကြိုးတွေက သိပ်ဆိုးတာဘဲ။ (မိုင်ဂရင်း) ဖြစ်တယ်၊ ၃ လထဲ ၁၃ ပေါင် တိုးလာတယ်။ စိတ်မူပြောင်းတယ်၊ မျက်နှာတွေ နီမြန်းတယ်၊ မောနေတယ်၊ ကိုက်ခဲတယ်၊ အိပ်မပျော်ဘူး။ မေလထဲ ထိုးရမှာ မထိုးတော့ဘူး။ ကလေးရချင်သေးတယ်။ သမီးကို အဖေါ်ရစေချင်တယ်လေ။ သွေးကလဲ စွန်းယုံဘဲ။ ကံဆိုးချင်တော့ သားအိမ်ကင်ဆာ ဖြစ်တော့ ဒီနှစ် ဖေဖေါ်ဝါရီမှာ ခွဲရတယ်။ ကလေး ယူလို့လဲ မရတော့ဘူး ထင်တယ်။
45) ၃ နှစ်ရှိပြီထင်တယ် ဆေးထိုးတာ။ ကျမ အသက်က ၁၅ နှစ်ဘဲ ရှိသေးတာ။ အခုတော့ ၂ဝ ပေါ့။ အခု စားဆေးသုံးနေတယ်။ ရာသီလာတယ်။ ဆိုးတယ်နော်။ ကျန်းမာရေး အာမခံ မရှိတော့ဘူး။ ဆေးမထိုးတော့ဘူးပေါ့။ ကိုယ်ဝန်ပျက်-ဖျက်တာလဲ အဆန်း မဟုတ်ဘူး မဟုတ်လား။ အိမ်ထောင်လဲ မကျသေးဘဲ၊ ကိုယ်ဝန်မပျက်ဘူးတဲ့သူ တယောက်မှ မတွေ့သေးဘူး။ ဆေးထိုးပြီး ၁ နှစ်နေတာတောင် ကိုယ်ဝန် မရတာလဲ များလှတယ်။ အစိုးရကို ဆန္ဒပြကြတာ ကောင်းမယ်ထင်တယ်။
46) ၂ဝဝ၄ တုံးက Depo ထိုးတယ်။ ၂ဝဝ၆ မှာ နားလိုက်တယ်။ ကလေး ယူမလို့ပေါ့။ ကံဆိုးချင်တော့ ဆေးကနေ ကျမ အထဲက မျိုးဥအိမ် ခဲသွားပြီတဲ့။ အလုပ်မလုပ်တော့ဘူးတဲ့။
47) ၂ဝဝ၅ ဧပြီမှာ သမီးမွေးပြီးကတည်းက Depo ထိုးတယ်။ လွယ်တယ်ထင်တာကိုး။ ကျန်းမာရေး အာမခံ မရှိတော့တာနဲ့ ဒေသခံဌာနသွား ဆေးအလကား ရတာမေးရတယ်။ ကလေးလိုချင်တာနဲ့ ၂ဝဝ၆ ဇွန်မှာ နောက်ဆုံး ထိုးပြီး ရပ်လိုက်တယ်။ ရာသီပြန်လာတယ်။ အစက ကလေးမရတော့နိုင် ဖြစ်တတ်တာ မသိခဲ့ဘူး။ ဘုရားသခင်ဘဲ အားကိုးရတော့မှာဘဲ ထင်တယ်။
48) ဇူလိုင် ၂ဝဝ၆ မှာ နောက်ဆုံးထိုးတယ်။ အခု သြဂုတ် ရာသီမလာလူး။ အရင်လက အစက်နဲနဲစွန်းတာဘဲရှိတယ်။ ကိုယ်ဝန်လက္ခဏာတွေ အကုန်ရှိပေမဲ့ စစ်တော့ မဟုတ်ဘူးတဲ့။ ပျို့တယ်၊ အားယုတ်တယ်။ ရင်သားတင်းတယ်။ စားချင်တာ စားမရဘူး။ လူတိုင်းကလဲ ကျမကို ကိုယ်ဝန်ရှိပြီ ထင်ကြတာပေါ့။ ဘယ်လောက်စောင့်ရမလဲ မသိဘူး။ ဆေးကို ၂ နှစ်ခွဲ ထိုးခဲ့တာပါ။
49) နောက် Depo ထိုးမဲ့ရက်က သြဂတ်စ် ၁ဝ ရက်။ ထိုးမလား-မထိုးဘူးလား စဉ်းစားနေတယ်။ အခုလို ပြောကြတာတွေ ဖတ်ရတော့ မထိုးတော့ပါဘူးရှင်။
50) ကိုယ်ဝန်ပျက်ပြီး Depo တခါဘဲ ထိုးဘူးသေးတယ်။ ၁၈-၁-ဝ၇ တုံးကပေါ့။ ဧပြီမှာ ထိုးရမှာ မထိုးတော့ဘူး။ ၂၇-၄-ဝ၇ က လာတဲ့ရာသီက မရပ်တော့ဘူး။ ဆရာဝန်က Tranexamic pills ဆေးပေးတယ်။ ကိုယ်ဝန်မရသေးပါ။ ကျမလိုဘဲ ဖြစ်ကြသလားဟင်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ကျမ အမျိုးသား ရုတ်တရက်မခံမရပ်နိုင်အောင်ဖြစ်ပြီး ဗိုက်အောင့်ပါတယ်။ ဆေးရုံမှာ အရေးပေါ်အနေနဲ့ သွားကြပါတယ်။ ဆရာဝန်က စမ်းသပ် ပြီး သွေး နဲ့ ဆီး ကိုစစ်ပါတယ်။ အဖြေ စောင့်နေတုန်းမှာ ဆီး နောက်တခေါက် သွားတော့ ဆီးမှာ သွေးပါ တယ်ရှင့်။ ဆရာဝန်က ဓါတ်မှန်ရိုက်ပေးပါတယ်။ သွေးပါ တဲ့အကြောင်းပြောတော့ ကျောက်ကပ် မှာကျောက်တည် တာလို့ပြောပြီး အကိုက်အခဲပျောက်ဆေးရယ် ကျောက်ကပ်သန့် ဆေးရယ်ထိုးပေးပါတယ်။ ကျောက်ကပ်အထူးကုနဲ့ သုံးရက်ပြည့်လို့ ထပ်တွေ့ချိန် အဖြေကိုကြည့်ပြီး စိုးရိမ်စရာမလိုကြောင်းပြောပါတယ်။ ကျမတို့က ထိုင်းမှာနေပါတယ်ဆရာ။ ဆေးစစ်ချက်အဖြေ မှာ ဆီးပိုးတွေ့ရှိကြောင်း လိင်ပိုင်းဆိုင်ရာမှာ ပိုးရှိကြောင်း မှတ်ချက်ရေးထားပါတယ်။ ကျမသိချင်တာက အဲ့လိုပိုးရှိနေရင် ဆီးမှာ သွေးပါတတ်သလားရှင့်။ ကျောက်ကပ်ကျောက်တည်တာ ဆီးပိုးနဲ့ဆိုင်နေမလား ဇဝေဇဝါ ဖြစ်သွားပါတယ်။ လိင်ပိုင်းဆိုင်ရာမှာပိုး ရှိရင် ဘယ်လို ခံစားရတတ်လည်းပြောပြစေချင်ပါတယ်ရှင်။

ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

ဆီးအိမ်ပိုးဝင်ခြင်း လက္ခဏာများ
• ဆီးသွားတိုင်း ပူပြီး နာမယ်။
• ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။
• ဆီးစပ် ဗိုက်အောက်ပိုင်းနေရာက နာမယ်။
• ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။
• ဆီးထဲ သွေးလဲပါတတ်တယ်။
• တချို့မှာ အဲလိုဟာတွေ မခံစားရဘူး။

ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ
• ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။
• ကိုယ်ပူမယ်။ ချမ်းမယ်။
• ပျို့ချင်-အန်ချင်မယ်။
• ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။

ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ
• ကိုယ်ဝန်ဆောင်၊
• အသက်ကြီးသူ၊
• ဆီးချိုရှိသူ၊
• ကျောက်ကပ်ရောဂါရှိထားသူ၊
• ခုခံအား မကောင်းသူ။

တခြားရောဂါတွေလဲ ဖြစ်နိုင်တယ်။
• (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ဥပမာ -
၁။ Chlamydia (ကလာမိုင်ဒီယား)၊
၂။ Gonorrhea (ဂနိုရီးယား)၊
၃။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊

တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။
• ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။
• ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။
• အစကတည်းက ကျောက်ကပ် သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။
• ရှားရှားပါးပါး ပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။

ဘယ်ကနေစသလဲ
• အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။
• တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။
• E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။
• ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။

ဖြစ်နိုင်ခြေများသူတွေ
• လိင်ဆက်ဆံမှု ဖြစ်နိုင်-ဖြစ်နေသူ အမျိုးသမီးများ၊
• ရေ-အရည်သောက်နည်းသူများ၊
• ရေစိမ်ပြီး ခဏခဏချိုးသူများ၊
• ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊
• ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။

ရောဂါသေခြာအောင်လုပ်ခြင်း
• Urinalysis ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေ စစ်မယ်။
• ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။
• Dipstick test နည်းနဲ့စစ်တာမြန်တယ်။
• (ဗက်တီးရီးယား) အမျိုးအစားလဲ ခွဲဘို့လိုရင်လုပ်တယ်။

ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို
• ပိုအဖြစ်များတယ်။
• ခုခံအားလဲ နည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီး ပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။
• ဆီးအိမ်သွား အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။

ယောက်ျားတွေ ဆီးအောင့်ခြင်း
အဖြစ်နည်းတယ်။ ဖြစ်ရင် တခြားအခံ ကျန်းမာရေးအခြေအနေတခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်-ကျောက်၊ ဆီးအကျိတ် ကြီးနေခြင်း၊ STDs လိင်ကတဆင့် ကူးစက်ရောဂါ။

Honeymoon Cystitis မင်္ဂလာဦး ဆီးအောင့်ခြင်း
• အဖြစ်များတယ်။
• ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်းပို့ပေးသလိုဖြစ်စေတယ်။
• တကယ်တော့ မင်္ဂလာဦးမှာသာ ဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲ ဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလဲ ဖြစ်တယ်။
• ကိုယ်ဝန်တားဘို့သုံးရတဲ့ Diaphragm သားအိမ်ဝအဖုံး သုံးသူတွေလဲ ဖြစ်နိုင်တယ်။

ဘယ်လိုကုမလဲ
• ပဋိဇီဝဆေးနဲ့ ပျောက်တယ်။
• ရေ-အရည်များများသောက်ပါ။
• ဆီးသွားချင်ရင် အောင့်မထားပါနဲ့။
• ကျောက်ကပ် ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။
• ပြန်ပြန်ဖြစ်နေရင် -
၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။
၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။
၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။

ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်
• ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။
• ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။
• ကြီးလာတဲ့သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကို အောင့်ထား၊ အောင်းထားသလိုဖြစ်နေစေတယ်။

ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း
• သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်း နည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။
• အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာ ဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။

ဆေးရုံလူနာ
• ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေခြာပေါက် ဖြစ်နိုင်တယ်။

ကလေးငယ်ငယ်လေးတွေ
• မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ -
• ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်၊
• ဆီးအနံ့မကောင်းဖြစ်မယ်၊
• အစားပျက်မယ်၊ အန်မယ်၊
• အမူအယာ တမျိုးဖြစ်မယ်။
• အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်း ပိုးဝင်တယ်။
• အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။
• တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။
• ရေအိမ်သွားနည်း သင်ထားပေးပါ။

ဘယ်လိုကာကွယ်မလဲ
• ရေများများသောက်ပါ၊
• လိင်ကိစ္စ မတိုင်ခင်နဲ့ ပြီးတိုင်းမှာ ဆီးသွားပါ၊
• သန့်ရှင်းရေးလုပ်ရာမှာ လက်ကို ရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ၊
• မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။
• ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလို ကျနေတဲ့ ရေချိုးနည်း လုပ်ပါ။

Cranberry (ခရင်ဘယ်ရီ) သီး ဆီးအောင့်သူများအတွက် အလွန်ကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာမှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။ အရွယ်လတ် အမျိုးသမီးတွေအတွက် ပိုသင့်တယ်။ ဆေးလုံး-ဆေးတောင့်လုပ် ရောင်းတာလဲ ရှိတယ်။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


ဦးနှောက် အတွင်းသို့ ဓားတစ်လက် စိုက်ဝင် ခဲ့သော်လည်း အသက် ရှင်ခဲ့သည့် တရုတ် အမျိုးသား

  တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ အမျိုးသားတစ်ဦး၏ ဦးနှောက်အတွင်းသို့ ၁၂ ထပ်ရှိ တိုက်ခန်းတစ်ခု၏ လသာဆောင်မှ ပြုတ်ကျလာသော ဓားတစ်လက် စိုက်ဝင်ခဲ့သော် လည်း ၎င်းအား အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ရှောင်ကျန် အမည်ရှိ အသက် ၄၅ နှစ်အရွယ် အမျိုးသားသည် လမ်းလျှောက်နေစဉ် ၁၂ ထပ်ရှိ တိုက်ခန်းတစ်ခုမှ အမျိုးသမီးတစ်ဦး၏ အရှည် ၁၂ စင်တီမီတာရှိ သစ်ပင်ဖြတ်ဓားကို သူမ၏ ကြောင်က တိုက်ချလိုက်သောကြောင့် ဓားသည်မီတာ ၄ဝ အမြင့်မ ပြုတ်ကျလာပြီး ရှောင်၏ ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဓားစိုက်ဝင်နေသည့် ခဏတွင် ရှောင်သည် စိတ်ကိုတည်ငြိမ်အောင် ပြန်လည်စုစည်းပြီး ဦးခေါင်းတွင် စိုက်ဝင်နေသော အရာကို ကိုယ်တိုင်ဆွဲထုတ်၍ မဖြစ်နိုင် ကြောင်း၊ထို့ကြောင့် အိမ်ပြန်ကာ လူနာတင်ကားခေါ်မည်ဟု ကြံရွယ်ခဲ့ကြောင်း၊ သို့သော်မီတာ ၁ဝဝ ခန့် လမ်းလျှောက်ပြီးနောက် ခေါင်းမှာနာကျင်လာသည့်အတွက် ထိုင်နေခဲ့ရကြောင်း၊ ထို့နောက်၎င်းကို ပတ်ဝန်းကျင်မှ လူများက နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သောကြောင့် အချိန်မီ အသက်ရှင်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ရှောင်က ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


New drug helps some bald patients regrow hair ဆံပင်ပြန်ပေါက်ဆေးသစ်

• ဆေးသစ်ကနေ တချို့လူတွေမှာ ဆံပင်ပြန်ပေါက်တယ်ဆိုတာ ကနေ့မနက်မှာလာတဲ့ ဆေးပညာသတင်း ဖြစ်ပါတယ်။ (ကိုလမ်ဘီယာ) ဆေပညာစင်တာကသုတေသနလုပ်နေတာဖြစ်ပါတယ်။
• ရိုးတွင်းခြင်ဆီရောဂါအတွက်သုံးနေတဲ့ စမ်းသပ်ဆဲဆေးကနေ ထိပ်ပြောင်တာကိုပါ သက်သာစေတယ်လို့ သိလာရပါတယ်။
• ကြွက်တွေကိုစမ်းပြီးဖြစ်တဲ JAK inhibitors ဆေး ၂ မျိုးရှိတာထဲကတမျိုးကို ဆံပင်ပြောင်နေသူအမျိုးသမီး ၇ ယောက်နဲ့၊ အမျိုးသား ၅ ယောက်ကို Ruxolitinib ဆေး ၁ တောင့်၊ ၂ ကြိမ်ပေးတယ်။ ခုခံအားစနစ်ကို နှိမ်ပေးတယ်။ ရလဒ်တွေကောင်းတယ်လို့ Nature Medicine သဘာဝဆေးပညာဂျာနယ်မှာ ရေးသားလိုက်ပါတယ်။
• အမျိုးသမီးတွေဆံပင်ကျွတ်တာကို Male pattern baldness ယောက်ျားဆန်တဲ့ထိပ်ပြောင်ခြင်းလို့ ဆေးပညာမှာ သုံးတယ်။
• ဒီဆေးက Alopecia areataခေါ်တဲ့တခေါင်းလုံးပြောင်တာကိုတော့ မရလောက်ဘူးလို့ သတိပေးပါတယ်။ လူတိုင်းလဲရမှာ မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးတွေလဲရှိပါမယ်။
• တချို့လူတွေကို Cortisone injections ကော်တီဇုန်းဆေးထိုးပေးတာ ကောင်းတယ်။
• Ruxolitinib လိမ်းဆေးတော့မလုပ်ရသေးပါ။
• JAK inhibitor အမျိုးအစားထဲက Tofacitinib ဆေးကို Rheumatoid arthritis (ရူမတွိုက်) အဆစ်နာအတွက် သုံးနေပါတယ်။ ဆေးသောက်သူတွေမှာ ဆံပင်ပြန်ပေါက်လာတာတွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025?fref=nf


Erectile Dysfunction Causes ပန်းသေ-ပန်းညှိုး အချက် (၉) ချက်

ဒီစာမျိုးကို အရင်ကတော့ ဖေ့စ်ဘွတ်မှာမတင်ပါ။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာတွေ ဘလော့ခ် ပျက်သွားလို့သာ စာတွေကိုရွေးတင်ပါတယ်။ နားလည်မှုပေးစေလိုပါတယ်။
ဆရာ မင်္ဂလာပါခင်ဗျာ Reply လုပ်ပေးလို့ လေးလဲလေးစားမိပြီး အားကိုးရမဲ့ ဆရာကောင်းတွေ့လို့ အရမ်းဝမ်းသာမိပြီး အားတက်မိပါတယ်ဆရာ။ ကျွန်တော်လကုန် သင်္ဘောတက်ရပါတော့မယ် ဆရာ။ အခုဆို ကျွန်တော်ခံစားရတာ စောစောကလိုပါပဲ ဘယ်ဘက်ဥ ကြင်ကြင်နေတာပါ။ ဘုရားရှိခိုးလို သမင်ခွေထိုင်ရင်လဲ နဲနဲကြင်လာပါတယ်။
ကန်တော့ဗျာ ထူးခြားမလားဆိုပြီး ကိုင်ကြည့်တော့လဲ ဥကမနာပါဘူးဆရာ ဘာလို့ကြင်ကြင်နေတာလဲဆရာ။ စိတ်တိုင်းမကျဘူး စားလဲ ဒီစိတ် အိပ်လဲဒီစိတ်နဲ့ ကင်ဆာ နဲ့ ကလေးမရမှာ ပန်ညိုးပန်းသေဖြစ်မှာ အရမ်းရမ်းကိုကြောက်မိပြီး သောကရောက်နေမိတယ် ဆရာ။ ဆရာဆီ ကျွန်တော်လာပြလို့ရမလားဆရာ။ ကျွန်တော်က့ မြို့နယ့့် မှာနေပါတယ်။ ကျွန်တော်ကို ကုသပေးပါလားဆရာ။ ဘယ်လောက်ပဲဝေးနေပါစေ ကျွန်တော်လာကုပါရစေလို့ မေတ္တာရပ်ခံပါရစေဆရာ။ သင်္ဘောပေါ်မှာ တစ်ခုခုဖြစ်ပြီးအလုပ်မလုပ်နိုင်ပဲပြန်လာနေရမှာကို နဲ့ ကင်ဆာ ပန်းညှိုးပန်းသေဖြစ်မှာ အရမ်းကိုကြောက်နေမိလို့ပါဆရာ။
ဒီစာထဲမှာ ပန်းသေပန်းညှိုးဖြစ်စေတဲ့အချက် (၉) ချက်ထဲမှာ (၄) ချက်ဟာ စိတ်ဖြစ်တာကိုတွေ့ပါမယ်။ လုံးဝစိုးရိမ်ပူပန်မှု မရှိပါနဲ့။ ဆရာက နိုင်ငံအပြင်မှာနေရပါတယ်။ တင်ပျဉ်ခွေလို့ရေးရပါတယ်။ ထုံကျဉ်လို့ရေးရပါတယ်။ တင်ပလ္လ္လင်လို့လဲ ရေးကြတယ်။
1. စိတ်ဓါတ်ကျခြင်း
လိင်စိတ်ဖြစ်ပေါ်တာ ဦးနှောက်ကနေ စတယ်။ စိတ်ဓါတ်ကျနေရင် ဘယ်လိုစိတ်မျိုးမဆို ပုံမှန်မဖြစ်စေတာထဲမှာ Erectile dysfunction (ED) လိင်အင်္ဂါမသန်မာနိုင်တာလဲ ပါတယ်။ ပြဿနာက စိတ်ကျဆေးသောက်လို့ ပိုဆိုးနိုင်ပြန်သေးတယ်။
2. အရက်
အရက်နဲနဲသောက်ရင် စိတ်ပေါ့ပါးပြီး လုပ်ရဲကိုင်ရဲဖြစ်လာမယ်လို့ ယူဆကြတယ်။ တန်ဆေး-လွန်ဘေးအစစ်က အရက် ဖြစ်တယ်။ အရက်များရင် လူရော လိင်အင်္ဂါပါ မသန်မာနိုင်မာတာ့ဘူး။ ဒီလိုဖြစ်တာက ယာယီသဘောပါ။
3. ဆေးဝါး
ED ဖြစ်စေနိုင်တဲ့ ရောဂါကု ဆေးဝါးတွေရှိတယ်။ သွေးတိုးကျဆေး၊ အနာသက်သာဆေး၊ စိတ်ကျဆေး၊ နောက်ပြီး Street drugs မူးယစ်ဆေးတွေထဲက Amphetamines, Cocaine နဲ့ Marijuana တွေကနေလဲ ဖြစ်စေနိုင်တယ်။
4. စိတ်-ရုပ် ဖိစီးမှု
ရုံးအလုပ်၊ အိမ်အလုပ် လုပ်စရာတွေ များနေတာကနေ လူ-စိတ်ပင်ပန်း၊ ကျားအင်္ဂါ မလန်းနိုင်ဖြစ်စေတယ်။ လူနေမှုပုံစံပြင်ပါ။ အိပ်ချိန်-စားချိန်မှန်ပါစေ။ ကိုယ်လက်လှုတ်ရှား၊ အားကစားလုပ်ပါ။ လိုအပ်ရင် ပညာရှင်နဲ့ ကုသမှုခံယူပါ။
5. ဒေါသ
ဒေါသထွက်နေသူ မျက်နှာနီရဲလာတယ်။ လိင်မှုကိစ္စအတွက် သွေးပိုလျှောက်လာဘို့က ကျားအင်္ဂါမှာဖြစ်နေတယ်။ စိတ်တိုနေရင် စိတ်ကူးလေးတွေ ဘယ်လိုယဉ်မလဲ။
6. စိုးရိမ်စိတ်
ဆက်ဆံမှု မပြုခင်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်စိတ် နည်းနေရင်၊ ဖြစ်မှဖြစ်ပါ့မလား၊ ရောဂါရမှာလား၊ ကိုယ်ဝန်ရသွားမှာလား၊ သူများတွေ သိသွား-မြင်သွားမှာလား၊ အထင်သေးသွားမှာလား၊ မုန်းသွားမှာလား စိုးရိမ်နေရင် အလုပ်မဖြစ်နိုင်ပါ။
7. အဝလွန်ခြင်း
လူက သူများတွေထက် သိသိသာသာဝနေရင် ကိုယ့်ကိုယ်ကိုလဲ မကျေနပ်ဖြစ်နေမယ်။ ကျား-ဟော်မုန်းကလဲ အထွက်နည်းနေမယ်။ လူကဝတော့ သွေးတိုးတို့ နှလုံးရောဂါတို့လဲ တွဲနေနိုင်တယ်။ သွေးကြောကျဉ်းတာဆိုရင် လိင်အင်္ဂါဆီ သွေးအလာနည်းစေမယ်။
8. လိင်စိတ်နည်းနေခြင်း
Low libido လိင်စိတ်နည်းတာနဲ့ ED လိင်အင်္ဂါမသန်မာတာ မတူပါ။ ဖြစ်စေနိုင်တာတွေက ထပ်နေတတ်တယ်။
9. ကျန်းမာရေး
အာရုံကြော၊ ကြွက်သား၊ သွေးလှည့်ပတ်မှုတွေ ကောင်းနေရမယ်။ ဆီးချို၊ သွေးတိုး၊ သွေးကြောကျဉ်း၊ ဆီးအကျိတ် ရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ ဒီရောဂါအတွက် ဆေးတွေကလနေလဲ ဖြစ်နိုင်တာ တချို့ရှိတယ်။
ဘယ်လိုကောင်းအောင်လုပ်မလဲ
ကိုယ့်လိင်ကိစ္စ အားနည်းနေတာကို ဆရာဝန်ပြောဘို့ ရှက်တတ်ကြတာ ပြောမထွက်တာ လူအများစုဖြစ်တယ်။ သူငယ်ချင်းကို တိုင်ပင်တာလဲ နည်းလှတယ်။ စာတွေဖတ်ချင်ပေမဲ့ ကောင်းတာ ဘယ်မှာရှာရမလဲ မသိဘူး။ ကြော်ညာကောင်းတာကို အဟုတ်ထင်ကြတာလဲ မနည်းဘူး။ FDA က တရားဝင်အသိအမှတ်ပြုထားတဲ့ဆေးတွေကိုသာ သုံးပါ။
တွဲဖတ်နိုင်တဲ့စာတွေ -
1. Erectile Dysfunction Medicines ပန်းသေ-ပန်း ညှိုးအတွက်ပေးတဲ့ဆေးများ
2. Erectile Dysfunction Physiology ပန်းသေ-ပန်းညှိုး ဇီဝကမ္မဗေဒနှင့် ရောဂါဗေဒ
3. Erectile Dysfunction ပန်းသေ-ပန်းညှိုး
4. Viagra သန်မာစေတဲ့ဆေး
5. Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ)

Dr. တင့်ဆွေ
 https://www.facebook.com/pages/Dr-Tint-Swe/490031307758025?fref=nf

ဧရာမရေငန်မိကျောင်းတိုက်ခိုက်မှုကြောင့် သြစတြေးလျ ငါးဖမ်းလုပ်သား သေဆုံး

ဒါဝင် သြဂုတ် ၁၉

သြစတြေးလျမြောက်ပိုင်း၌ ဇနီးမောင်နှံနှစ်ဦး ငါးဖမ်းနေစဉ် ဧရာမရေငန်မိကျောင်းကြီးတစ်ကောင်၏တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ အမျိုးသားသည် ဒါဝင်တောင်ပိုင်း Ade Laid မြစ်အတွင်း ဆင်းသက်စဉ် ၄ ဒသမ ၅ မီတာ (၁၅ ပေ)ရှိ မိကျောင်းတစ်ကောင်၏တိုက်ခိုက်မှုခံခဲ့ရခြင်း ဖြစ်သည်။

အမျိုးသမီးသည် အော်သံကြားခဲ့ရပြီး ရေထဲ၌ရိုက်ခတ်နေသော အမြီးကိုတွေ့ခဲ့ရကြောင်း အရာရှိများကို ပြောပြခဲ့သည်။ တိုက်ခိုက်ခံရပြီး နာရီအနည်းငယ်ကြာမှ အလောင်းကို တွေ့ခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက မိကျောင်းကို ပစ်သတ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွင်း သြစတြေးလျမြောက်ပိုင်းဒေသ၌ မိကျောင်းတိုက်ခိုက်မှုကြောင့် ယခုသေဆုံးသူသည် လေးဦးရှိပြီဖြစ်သည်။ အပျော်စီးသင်္ဘောများသည် တိုက်ခိုက်မှုဖြစ်ပွား၍ ပိတ်ထားသော ၄င်းမြစ်ကြောင်းနေရာ၌ မိကျောင်းက တိုင်၌ချိတ်ဆွဲထားသော ကြက်သေကောင်ကို လှမ်းဆွဲသည့်ပုံကို ပြသကြသည်။ ပုံမှန်အားဖြင့် ယင်းမိကျောင်းသည် အပျော်စီးသင်္ဘောများကို ချဉ်းကပ်လေ့ရှိသည်။

၁၉၇၁ ခုနှစ်က မိကျောင်းကို ကာကွယ်ထားသည့် မျိုးစိတ်အဖြစ် ကြေညာပြီးကတည်းက အရေအတွက်တိုးလာခဲ့သည်။ ၄င်းတို့သည် သြစတြေးလျမြောက်ပိုင်း အပူပိုင်းဒေသ၌ တွေ့ရလေ့ရှိသည်။ သြစတြေး လျအစိုးရသည် မတ်လကတင်ပြခဲ့သည့် မြောက်ပိုင်းဒေသကို မိကျောင်းတောပစ်ကွင်းအဖြစ် ခွင့်ပြုရန် အစီအစဉ်ကို ငြင်းဆိုခဲ့သည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


တောက်တဲ့များ၏ တွယ်ကပ်စွမ်းပကား မြင့်မားရခြင်း၏ လျှို့ဝှက်ချက်

 ပေကျင်း ဩဂုတ် ၁၉

 မည်သည့်မျက်နှာပြင်တွင်မဆို တောက်တဲ့များအံ့ဩဖွယ် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်းတို့ခြေချောင်းများပေါ်ရှိ အမွေးအမှင်များကြောင့်ဖြစ်သည်ဟု သုတေသနလေ့လာချက် အသစ်တစ်ရပ်အရသိရသည်။

အသုံးချရူပဗေဒဂျာနယ်၌ ဖော်ပြသည့် သုတေသန အစီရင်ခံချက် တွင် တောက်တဲ့ များသည် ဆဲတာဟုခေါ်သည့် ၎င်းတို့၏ ခြေချောင်း များပေါ်ရှိ သေးငယ်ပါးလွှာသည့် အမွေးအမှင်များကို အသုံးပြုပြီး မတ်စောက်သော နံရံများပေါ် တွယ်တက်လျက် ရံဖန်ရံခါ မျက်နှာကြက်ပေါ်တွင် ဇောက်ထိုးမိုးမျှော်အနေအထားဖြင့်ပင် မည်ကဲ့သို့ တွယ်ကပ်နေနိုင်သည်ဟူသော အချက်ကို ရှင်းပြထားသည်။

တောက်တဲ့များသည် ၎င်းတို့၏ အံ့ဖွယ် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ မှီတွယ်နိုင်မှုနှင့် ခြေချောင်း အမွေးအမှင် များဆန့်နိုင်မှုတို့ကြောင့် မည်သည့်မျက်နှာပြင်တွင်မဆိုတွယ်ကပ်နေနိုင်ခြင်းဖြစ်သည်ဟု သုတေသနစာတမ်း ဦးဆောင်ပြုစုသူ အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ်တက္ကသိုလ် အင်ဂျင်နီယာဌာနမှ ပါမောက္ခ အလက်စ်ဂရီးနီး က ပြောကြားသည်။

ဖော်ပြပါအချက်များကြောင့် တောက်တဲ့များသည်၎င်းတို့၏ ခြေဖဝါးများကို လျင်မြန်စွာ ကပ်၊ ခွာပြုလုပ်နိုင် သဖြင့် မျက်နှာပြင်များတစ်လျှောက် တစ်စက္ကန့် လျှင်ခန္ဓာကိုယ်အရှည်၏ အဆနှစ်ဆယ်အထိ လျှပ်တစ်ပြက် ပြေးလွှား နိုင်ခြင်းဖြစ်သည်ဟုဆိုသည်။

တောက်တဲ့များ၏ ခြေချောင်းများအပေါ် သုတေသန စုံစုံလင်လင်ပြုလုပ် ထားကြောင်း၊ ရှေးဟောင်းဂရိခေတ် ကတည်းက လူများသည် တောက်တဲ့များ နံရံများပေါ်တွင်မည်ကဲ့သို့တွယ်တက်နိုင်သည်ကို အံ့ဩလာကြ ကြောင်းအလက်စ်ဂရီးနီးက ပြောကြားသည်။

တောက်တဲ့များသည် ခြေချောင်းအမွေးအမှင်များ၏မော်လီကျူးများမှလာသည့် အီလက်ထရွန်များနှင့် နံရံမော် လီကျူးများမှ လာသည့် အီလက်ထရွန်များ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဓာတ်ပြုရာမှ ဖြစ်လာသော ရုပ်ပိုင်း ဆိုင်ရာ နှောင်ဖွဲ့မှုဖြစ်သည့် van der Waals ကို အသုံးပြုပြီး တွယ်ကပ်မှုပြုလျက် အီလက်ထရွန် မဂ္ဂနက်တစ် ဆွဲငင်အားတစ်ခု ဖန်တီးကာ မည်သည့် မျက်နှာပြင်တွင်မဆို တွယ်ကပ်နိုင်ခြင်းဖြစ်သည်ဟု အမေရိကန် စက်ရုပ်ပညာရှင် ကဲလာအော်တွမ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ၂၀၀၀ ပြည့်နှစ်တွင် တညီ တညွတ်တည်းအတည်ပြုခဲ့ကြသည်။

ထန်ဆွင်း။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


နိုင်ငံရဲ့ အငွေ့အသက်ပါတဲ့ သီချင်းလေးတွေကို သီဆို ဖြစ်တယ်ဆိုတဲ့ နီနီခင်ဇော်

 အသံပါဝါ ကောင်းကောင်းဖြင့် ပရိသတ်တွေ နှစ်သက် အားပေးလျက် ရှိတဲ့ တေးသံရှင် နီနီခင်ဇော်ဟာ ပြည်ပဖျော်ဖြေရေး ပွဲတွေမှာ ကိုယ့်အမိမြေနဲ့ ခွဲခွာနေရတဲ့ ပရိသတ်တွေ အတွက် နိုင်ငံရဲ့ အငွေ့အသက်လေးတွေ ပါတဲ့ သီချင်းမျိုးတွေကို ရွေးချယ် သီဆိုမှာ ဖြစ်ကြောင်း ပြောပြ ခဲ့ပါတယ်။

နီနီ စက်တင်ဘာလမှာ သြစတြေးလျမှာ သွားဆိုဖို့ ရှိပါတယ်။ နီနီအတွက်တော့ ပြည်ပမှာ သွားဖျော်ဖြေရတာ ပျော်လည်းပျော်သလို ရင်လည်း ခုန်မိပါတယ်။ ပြည်ပမှာ ရောက်နေတဲ့ သူတွေဟာ ကိုယ့်ရဲ့ အမိမြေကို လွမ်းဆွတ် သတိရနေတဲ့ သူတွေက များတယ်။ နီနီ သီချင်းတွေ ဆိုတဲ့အခါမှာ နိုင်ငံရဲ့ အငွေ့အသက်များတဲ့ သီချင်းမျိုးလေးတွေကို သီဆို ဖြစ်ပါတယ်။ အခုတစ်ခါ သွားဖျော်ဖြေဖို့ အတွက်ကိုလည်း နီနီ ဆိုနေကျ သီချင်းဟောင်း လေးတွေကို တစ်ဝက်စီ ရွေးထားတယ်။ ဆီးဂိမ်းမှာဆိုခဲ့တဲ့ သီချင်းလေးတွေကိုလည်း ပြန်ဆိုဖို့ စဉ်းစား ထားတယ်။

နီနီရဲ့ မာရီယိုအခွေကို အားပေးတဲ့ ပရိသတ်ကြီးကိုလည်း အရမ်း ကျေးဇူး တင်ပါတယ်။ ကြိုးစား အားထုတ်မှု အတွက် ထိုက်တန်တဲ့ ဆုလာဘ် တစ်ခုလို့လည်း နီနီ ယူဆပါတယ်။ နီနီကတော့ ပရိသတ်ပေးတဲ့ နေရာ တစ်ခုကို လိုချင်ပါတယ်။ အောင်မြင်ဖို့ ဆိုတာထက် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဖို့က ပိုခက်ပါတယ်။ ထာဝရ ပရိသတ် ရှိဖို့လည်း လိုပါတယ်။ အသစ် အသစ်သော အနုပညာရှင်တွေ ကလည်း ခေတ်ရဲ့ ရေစီးကြောင်း ပေါ်မှာ လိုက်လျော ညီထွေ နေတတ်ဖို့ လိုပါတယ်။ ဂီတလမ်းကြောင်းက နီနီရဲ့ အသက်မွေးဝမ်းကျောင်း အလုပ် ဖြစ်နေတဲ့ အတွက် လွယ်လွယ်နဲ့ ဘယ်အရာကိုမှ မလုပ်ချင်ပါဘူး။

နီနီ အခုလတ်တလော ကြော်ငြာလေးတွေ ရိုက်နေတဲ့ အပြင် နယ်တွေမှာလည်း သီချင်းတွေ ဆိုဖြစ် နေပါတယ်။ နီနီကိုအားပေးတဲ့ ပရိသတ်တွေ အတွက် နီနီ အကောင်းဆုံး ကြိုးစား သွားမှာ ပါလို့ ပြောပြ ခဲ့ပါတယ်။ ။

အိအိမြတ်
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

Tinea Versicolor ညှင်း


Pityriasis Versicolor ညှင်းဆိုတာ Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဖြစ်တယ်။

မြန်မာပြည်မှာ အစစအရာရာ အလွန်ရှားပါးတဲ့ (မဆလ) ခေတ်မှာ ဆေးရှာရတာ အတော်ခက်ခဲခဲ့တယ်။ ညှင်း ပေါက်နေသူတွေကို အခုရေးမဲ့ဆေးတွေ မပေးနိုင်ဘူး။ နည်းပညာကလဲ ဖလင်နဲ့ရိုက်တဲ့ ကင်မရာခေတ်မို့၊ ဖလင်ဆေးတဲ့ (ဟိုက်ပို) ဆေးရည်အကျကို ဓါတ်ပုံဆိုင်ကတောင်းပြီး အလိမ်းခိုင်းခဲ့ရဘူးတယ်။ နောက်ပြီး Sodium thiosulfate ဆေးရည် လိုက်ရှာပြီး ပေးခဲ့ရသေးတယ်။ ဒီဆေးရည်က ဆေးပညာမှာလဲ အတော်အသုံးကျတယ်။ Cyanide poisoning (စိုင်းယာနိုက်) အဆိပ်သင့်တာ၊ Sulfur mustard poisoning မုံညင်းအဆိပ်သင့်တာတွေမှာလဲ သုံးတယ်။ Calciphylaxis ကျောက်ကပ်ဆေးနေရသူတွေ အခြေအနေဆိုရင်လဲ ပေးတတ်တယ်။ Ringworm ပွေး၊ Tinea versicolor ညှင်းအတွက်လဲ ပေးတယ်။

ခေတ်ပေါ်လိမ်းဆေးတွေ -
• Clotrimazole 1% solution တနေ့တခါ၊ တပါတ်ကြာလိမ်းပါ။ Clotrimazole (1%) + Selenium sulfide (2.5%) (Candid-TV) တွေကို ရောသုံးနိုင်တယ်။ Clotrimazole (Lotrimin, Mycelex) and Miconazole (Lotrimin) လိမ်းဆေးကို တနေ့ ၂ ကြိမ်၊ ၁ဝ-၁၄ ရက်ကြာ လိမ်းပါ။ Clotrimazole, Miconazole or Terbinafine လိမ်းဆေးတွေက ခံစားရတာကို သက်သာစေတယ်။
• Fluconazole 150-300-400 mg ကို ၂ ပါတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Hydrogen peroxide ကလဲ အတူတူဘဲ။ ဒါပေမဲ့ အမာရွတ်ဖြစ်မှာ စိုးရတယ်။
• Ketoconazole (Nizoral ointment and shampoo) လိမ်းဆေးဆိုရင် ၁ဝ မိနစ်ကြာ၊ နေ့စဉ်၊ ၂ ပါတ်လိမ်းပါ။ Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်အောင် ၃ပါတ်ကြာအောင် လိမ်းပါ။
• Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။ Selenium sulfide shampoo 1% (Selsun Blue) or 1% Ketoconazole shampoo (Nizoral) လိမ်းဆေးကို ၁၅ မိနစ်ကြာ၊ တပါတ်မှာ ၂ ကြိမ်၊ ၂-၄ ပါတ်ကြာလိမ်းပါ။ Selsun Blue ထဲမှာ 1% Selenium sulfide သာပါလို့ တချို့ကိုသာ ပျောက်စေတယ်။
• Terbinafine 1% solution တနေ့နှစ်ခါ တပါတ်ကြာလိမ်းပါ။

ခေတ်ပေါ်သောက်ဆေးတွေ -
• Fluconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊
• Itraconazole (Sporanox) ၅ ရက်သောက်ပါ။ Itraconazole 200-400 mg တရက်ခြား ၇ ရက်သောက်ပါ။ Itraconazole 400 mg တနေ့ ၁ ကြိမ်၊ ၃-၇ ရက်သောက်ပါ။ သတိထားဘို့က Atorvastatin (Lipitor) ခေါ်တဲ့ (ကိုလက်စထော) ကျဆေးနဲ့ တွဲမပေးသင့်ပါ။
• Ketoconazole 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်သောက်ပါ။ Ketoconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊ (၁) ကြိမ်တည်းသောက်ဆေးသောက်ပြီးနောက် ၁-၂ နာရီအကြာမှာ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်ရင် ပိုကောင်းတယ်။
• Ciclopirox (Ciclopirox olamine) ဆေးကိုလဲ အစားထိုးသုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

https://www.facebook.com/pages/Dr-Tint-Swe/490031307758025

ကျောက်ပန်းတောင်းမြို့နယ် စိတ္တပါလဂူကျောင်း တောအုပ်တွင် လင်းဝက်ငှက်ကြီးများ ထူးဆန်းစွာ ခိုအောင်းလျှက်ရှိ


ကျောက်ပန်းတောင်း၊ သြဂုတ်- ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကောင်းဒီတောင်အခြေရှိ စိတ္တပါလဂူကျောင်း စာသင်တိုက်အနီးတောအုပ်တွင် လင်းဝက်ငှက်ကြီးများအုပ်စုလိုက် ထူးဆန်းစွာရောက်ရှိခိုနားလျှက်ရှိကြောင်း သိရသည်။

“ဒီကောင်တွေရောက်လာတာ တစ်ပတ်လောက်ရှိပြီဗျ။ အရင်နှစ်တွေကလည်းလာတတ်ပါတယ်။ ဒါပေမဲ့ဒီနှစ်ရောက်လာတာ နဲနဲစောတယ်။ နောက်ပြီးအကောင်ရေ များလာသလို နားတဲ့ရက်လည်း ကြာလာတယ်။အရင်နှစ်တွေက ဒီကောင်တွေ လာနားရင် တစ်ရက်-နှစ်ရက်ဘဲ။ အခုတော့ တစ်ပတ်ကျော်သွားပြီ။ ကျုပ်အထင်တော့ မိုးခေါင်ရေရှားဖြစ်နေတဲ့ အရပ်ဖက်ကကောင်တွေ အစာရေစာရှားပါးလာလို့ နေရပ်ပြောင်းရွေ့လာကြတာထင်ပါတယ်။ မြို့ထဲကလူတွေကတော့ ဒီလိုအကောင်တွေက အီဗိုလာဗိုင်းရပ်ပိုးတွေ သယ်ဆောင်လာတတ်ကြတယ်ဆိုပြီး စိုးရိမ်နေကြတာတွေလည်းရှိတယ်။ ဒါပေမဲ့ ဒီငှက်တွေကတော့ ဒေသခံငှက်တွေပဲဖြစ်နိုင်ပါတယ်”ဟု ဂူကျောင်းစာသင်တိုက်အနီးရှိ ရွှေနဒီပရဟိတကျောင်းဆရာတော် ဦးယူဇနက မိန့်ကြားပါသည်။

ကျောက်ပန်းတောင်းမြို့ခံများမှာ အာဖရိကအလယ်ပိုင်းတွင် ဖြစ်ပွားနေသော ကြောက်မက်ဖွယ် အီဗိုလာရောဂါသတင်းကြောင့် အဆိုပါ လင်းဝက်ငှက်ကြီးများကို နှစ်မြို့ခြင်းမရှိကြဘဲ သက်ဆိုင်ရာဌာနများမှ လာရောက်ကြည့်ရှုလေ့လာ၍ လိုအပ်သည်များဆောင်ရွက်ကြရန် ဆန္ဒရှိနေကြကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး


1. Dear Sayar, I would like to ask about Alum. Can I use attached instruction? How long do I need to use if I can use it?
2. ဆရာရှင့် ရိုင်းသွားခဲ့ရင် နားနဲ့မနာဖ၀ါးနဲ့နာပေးပါရှင့်။ အမျိုးသမီးတွေမှာ မှိုတက်တဲ့ရောဂါ ဗဂျိုင်းနားမှာ ဖြစ်တဲ့အကြောင်းပါရှင့်။ အဖြူဖတ်တွေဆင်းတယ် အနံ့တော့မရှိဘူး။ အနည်းငယ် ယားယံတယ်။ ဒိန်ချဉ် သောက်ရင်ပျောက်တယ်လို့တော့ကြားဖုးပါတယ်။ နောက် ဘာဆေးသောက်ရင် ပျောက်နိုင်ပါသလဲရှင့်။ မိုးတွင်းမှာ အတွင်းခံတွေ မခြောက်တခြောက်တွေဝတ်မိပါတယ်။ ပြီးတော့ လက်ထရိန်က ထွက်လာရင်လဲ အတွင်းခံမှာ ရေတွေ စိုသွားပါတယ်။ တနေကုန် အတွင်းခံကစိုနေလို့ အဲလိုဖြစ်တာများလားရှင့်။ ဘယ်လို ကုသမှုခံယူရပါမလဲရှင်။ ကလိုထရီဒန် ဆိုသော ထည့်ဆေး သုံးပြီး ၄ ရက်လောက်သုံးပြီးနောက် မယားတော့ပေမဲ့ အဖြူဖတ်တွေ အရမ်းဆင်းပါတယ်ရှင့်။ ပထမ ၆ရက်သုံးပြီးနောက် အဖြူဖတ်တွေဆင်းတာ မသက်သာသေးလို့ နောက် တစ်ကဒ်သုံးတာ ၅ ရက်မြောက်ရှိပါပြီ။ စုစုပေါင်း ၁၁ ရက်မှာ လုံးဝမသက်သာပါဘူး။ မယားပေမဲ့ အဖြူဖတ်တွေ အထွေးလိုက်ဆင်းတာပါ။ အနံမရှိပါ။ ဘယ်လိုလုပ်ရပါ့မလဲရှင့်။ ဆေးကိုတော့ လက်သေချာဆေးပြီး လက်ဆုံးတဲ့အထိထည့်တာပါပဲရှင့်။ ဒါကြောင့် သောက်ဆေးရှိပါသလားရှင်။ သောက်ဆေး ညွှန်းပေးစေလိုပါသည်။ ဆရာနဲ့လူနာကြားက ပွင့်လင်းမှုလို့မြင်ပေးပါရှင်။ ကျမ အပျိုပါဆရာ။

ပဌမမေးခွန်းအတွက် ဆရာရေးထားတဲ့စာထဲမှာ ပါရင်တော့သုံးနိုင်ပါတယ်လို့ဖြေပါရစေ။ ကျန်မာရေးမှာ ‘ပွင့်လင်းမှု’ လိုတယ်။ ‘ရိုးသားမှု’ လိုတယ်။ ‘စည်းစောင့်ဘို့’ လဲလိုပါတယ်။ အခုမေးခွန်းက မေးနည်းကောင်းတယ်။ အသက်တော့ မသိရပါ။ ‘အပျို’ ဆိုတာမှာလဲ ဆရာဝန်က မေးချင်တာရှိတတ်သေးတယ်။

တကိုယ်ရေ သန့်ရှင်းရေး လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေ ရှိနေတာ ကောင်းတယ်။ သန့်ရှင်းအောင် ဆေးတွေနဲ့လုပ်ရင် အကောင်းတွေရော သေစေပြီး မှိုပိုးဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေသန့်ဆိုရင် လုံလောက်ပါတယ်။ မွှေးတိုင်း မကောင်းပါ။ ဈေးကြီးတိုင်း မကောင်းပါ။ အတွင်းခံ (ကော်တွန်) သာသုံပါ။ ဖုံးကွယ်ထားအပ်တဲ့ အတွင်းနေရာတွေ ပူနွေး စိုထိုင်းနေတာ ကြာရင် မကောင်းပါ။ ရေဆေးပြီး ရေကိုခြောက်သွေ့စေပါ။ လေသလပ်တာ ဖြစ်နိုင်သလောက် လုပ်ပေးပါ။”

အမျိုးသမီးတွေ အဖြူဆင်းရင်
ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဘို့ အခြေအနေကောင်းတခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုသရမယ်။ အမျိုးသမီး-မိန်းကလေးတွေမှာ အဖြူဆင်းပြီး၊ ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ မှို (ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့မဆိုင်ဘဲဖြစ်တတ်တယ်။ (ထရွိုင်ကိုမိုးနပ်စ်) အမျိုးအစားကတော့ လိင်ကတဆင့်ကူးစက်တယ်။ အမျိုးသမီးအင်္ဂါနေရာကို သန့်ရှင်းရေး လုပ်ရင် ဆပ်ပြာက (အယ်လ်ကာလီ) ဓါတ်ပါတာမျိုး မသင့်ပါ။ ရေမွှေးမသုံးပါနဲ့။ ပိုးသေဆေးပါတဲ့ ဆေးကြောအရည် မသုံးပါနဲ့။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ နေရာကို ခြောက်သွေ့နေပါစေ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေးအခြေအနေကို ဖန်းဂတ်တွေက ကြိုက်တယ်။

ကူးစက်ရောဂါ မဟုတ်တာတွေ
အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်နိုင်တယ်။ မွေးလမ်း သန့်ရှင်းအောင် သုံးတဲ့ ဗဂျိုင်းနားကို ဖြန်းဆေး-ပန်းဆေးနဲ့ သုတ်ပိုးသေဆး တွေကြောင့် ဖြစ်တတ်တယ်။ တချို့ အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ တချို့ အဝတ်လျှော်သုံး Fabric softeners တွေနဲ့ မတည့်ဘူး။ ကိုယ်ဝန် မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။

ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ
(ရောဂတ်) ဒိန်ချဉ် စားပေးသင့်တယ်။ (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင် ဗနီဂါနဲ့ ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။

မွေးလမ်းကြောင်းရောင်တာ
သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အဝတ်စိုကို အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုး ပြောတာပါ။ အဲလိုဆေးရည်ကို ဆရာဝန်မညွှန်ဘဲ မသုံးပါနဲ့။

မွေးလမ်းကြောင်းယားတာ
အပျိုစင်တွေအတွက် အားနာရတယ်။ သူတို့လဲဖြစ်ကြတယ်။ အဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာ ဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ မစိုးရိမ်ပါနဲ့၊ ရှားလွန်းပါတယ်။

အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

ဗဂျိုင်းနား အနံ့ဆိုးနေတာဖြစ်နေရင် ဘာလုပ်ရမလဲ -
• အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဘို့ရာမှာ အခက်အခဲ ရှိလာနိုင်တယ်။
• တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစားရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကု ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ ဆေးတာမျိုးကြောင့် မှို (ဖန်းဂတ်စ်) ပိုး ဝင်လာနိုင်တယ်။
• (ဗဂျိုင်းနား-ဖလိုရာ) ဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ မိုက်ခရိုဖီးလစ် ဗက်တီးရီးယားတွေ အများကြီး ရှိတယ်။ (လက်တိုဗက်ဆီးလိုင်) ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။
• အလွန်အကျွံဆေးကြောခြင်း၊ ဆေးဖြန်းပြီးဆေးကြောခြင်း၊ အဝတ်အစား တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေသုံးရာကနေ ဗဂျိုင်းနားရောင်တာနဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။
• ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊ အတူနေတာမှာ စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး ဆက်ဆံတာ၊
• အိမ်ထောင်သည်တွေဟာ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနာထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင်တာ ဖြစ်ကြရတယ်။
• မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။

မိန်းမကိုယ် ယားခြင်း ဖြစ်ရင် -
• Moisturisers (Emollients) ဆေးကို ခရင်၊ လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။
• ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
• (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။
• အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။
• နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။
• ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။
• ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။
• ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။
• ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
• (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။
• ဆီးစပ်မွှေး မရိတ်ပါနဲ့။
• စိတ်ဖိအား များနေရင် လျှော့ချပါ။
• သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။

ဆက်တွဲဖတ်နိုင်တာတွေလဲရေးထားပါတယ်။ အများအတွက်မသင့်လို့ မေးတဲ့သူတွေဆီကိုသာ တိုက်ရိုက်ပို့ပေးပါမယ်။
1. Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
2. Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း
3. Vaginal itching မိန်းမကိုယ် ယားခြင်း
4. Vaginal odor (ဗဂျိုင်းနား) အနံ့ဆိုးနေခြင်း

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ