တရားမ၀င်သယ်ဆောင်လာသည့် ရွှေတုံးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ဖမ်းမိ

နေပြည်တော်၊ မတ် ၃၁

၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ်စဉ် MH-၇၄၃ ဖြင့် မလေးရှားနိုင်ငံသို့လိုက်ပါမည့် အိနိ္ဒယနိုင်ငံသား Mr.Jaffar Mohamed Shafi (၄၃)နှစ်၏ ခရီးဆောင်အိတ်အား စစ်ဆေးရေးအဖွဲ့မှ X-Rays စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ် အိတ်အတွင်းမှ တိပ်အနက်ရောင်ဖြင့်ပိတ်၍ ကာဗွန်ခံကာ ပလပ်စတစ်အနက်ဖြင့်ပိတ်ထားသော (၁)တုံးလျှင်(၁၀)ကျပ်သားခန့်စီရှိ ရွှေတုံး(၂၀)တုံး၊ အလေးချိန်(၂၀၀)ကျပ်သားခန့်၊ တန်ဘိုးငွေကျပ်သိန်း(၁၃၀၀)ခန့်အား စစ်ဆေးတွေ့ရှိရသောကြောင့် Mr.Jaffar Mohamed Shafi အား မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၄၆/၂၀၁၄၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

သန်းခေါင်စာရင်းကောက် ဆရာမတစ်ဦး မြွေကိုက်ခံရ

ဆိုက်ကျင်၊ သုံးခွ၊ မတ်-၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အမှတ်(၄)ရပ်ကွက်၌ သန်းခေါင် စာရင်းကောက်ယူရေးအဖွဲ့ဝင်တစ်ဦး သန်းခေါင်စာရင်းစစ် တာဝန် ထမ်းဆောင်စဉ် မတ် ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်း ဥက္ကံဝတံတား အနောက်ဘက် ခြမ်းလမ်းတွင် ၀ဲဘက်ခြေမျက်စိ၌ မြွေကိုက်ခံခဲ့ရကြောင်း သိရသည်။

မြွေကိုက်ခံရသော ဆရာမ ဒေါ်သီတာခိုင် (၄၉)နှစ်အား သုံးခွမြို့နယ် ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူရာ မြို့နယ်ဆရာဝန်၏ ညွှန်ကြားချက်အရ ၂၄ နာရီ စောင့်ကြည့်ရမည် ဖြစ်ကြောင်း လောလောဆယ် အခြေအနေ၌ စိုးရိမ်စရာ မရှိကြောင်း သိရပြီး စာရင်းစစ် ဒေါ်သီတာခိုင်ကိုယ်စား စာရင်းစစ် ဒေါ်ဇာခြည်လွင်က အစားထိုးကောက်ယူလျက်ရှိသည်။

မြွေကိုက်ခံရသော ဆရာမဒေါ်သီတာခိုင်ထံသို့ သုံးခွမြို့နယ် သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အတွင်းရေးမှူး ဦးရှာမွေလတို့က မြို့နယ်ဆေးရုံသို့ သွားရောက်ပြီး လိုအပ်သည်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ နေပုံ

ဇာတ်ညွှန်းမိတ္တူ အမှုကိစ္စအတွက် ကြားလူတစ်ယောက် အနေဖြင့် လူမှု ကွန်ရက်ပေါ်တွင် ဖြစ်စဉ်အားရေးသားခဲ့သူ တေးသံရှင် Cobra

Laser World ကုမ္ပဏီ နဲ့ အဆိုပါ ကုမ္ပဏီမှာ Presenter အဖြစ် လုပ်ကိုင် ခဲ့ဖူး သော မဆုဆုအောင် တို့ရဲ့ ဇာတ်ညွှန်း မိတ္တူ အမှုကိစ္စ အတွက် ကြားလူ တစ်ယောက် အနေ နဲ့ လူမှု ကွန်ရက်ပေါ် တွင် ဖြစ်စဉ်အား ရေးသားခဲ့သူ တေးသံရှင် Cobra ကို အဆိုပါ အမှုကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော အခြေအနေ ကို ဆက် သွယ်မေးမြန်း ကြည့်ရာ “ခုတော့ ကောင်မလေး အာမခံရသွားပါပြီ။

လူလည်း အပြင်ရောက်သွားပြီ။ အမှုကတော့ မပြီးသေးဘူး။ ဒါပေမဲ့ အမှုကတော့ အရင် အမှုထက် နည်းနည်းသေး တဲ့ ပုဒ်မနဲ့ဖြစ်သွား တယ်။ ကျွန်တော်တို့ ဖေ့ဘုတ်မှာ ဒီလိုရေးတဲ့ အတွက် ကုမ္ပဏီ ဘက်က တရားစွဲမယ် ဆိုတာ တော့ ဂျာနယ်က တစ်ဆင့် သိရတယ်။ ကျွန်တော် နဲ့တော့ တိုက်ရိုက်ပြောတာ မဟုတ်ဘူး။ ဂျာနယ်က တစ်ဆင့် သူတို့ဘက်က ပြောတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့က ဒါကိုတော့ ခေါင်းထဲမှာ သိပ်မရှိပါဘူး။ အဓိကက ဒီကောင်မလေး လွတ်သွားတယ် ဆိုရင်ပဲ ဝမ်းသာ ပါတယ်။ သူနဲ့က ဘယ်လိုသိလဲ ဆိုတော့ သူ့အမျိုးသား နဲ့ကျွန်တော့် အစ်မ အမျိုးသားက သူငယ်ချင်း၊ အဲဒီတော့ ပတ်ဝန်းကျင် မှာ မြင်နေကြားနေ ရတော့ ဒီကိစ္စကို ဝင်ပါဖြစ်တာ။ အဲဒီတုန်းက ကုမ္ပဏီဘက်က ကိုအောင်ကြူဟိန်း နဲ့တောင် ဖုန်းပြောဖြစ်တယ်။

ပြောတုန်း ကတော့ အေးအေးဆေးဆေး ပါပဲ။ ပြီးတော့မှ ဂျာနယ်မှာ တစ်ဆင့်ပြောတာ ကိုတွေ့ရတာ။ ခုထိတော့ သူတို့ဘက်က ဘာမှ အကြောင်း မကြားသေးဘူး။ ဒီကိစ္စမှာ ဝင်ပါဖြစ်တာက ဒီ အမှုလေးက ကြီးတဲ့ အမှုငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ဆိုတဲ့ ဆောင်ပုဒ် နဲ့အညီ တကယ် တမ်းကြည့်ရင် ဒီအမှုက ငယ်အောင် လုပ်လို့ ရတယ်။ ကောင်မလေး အလုပ် ထွက်တာလည်း ကြာပြီ။ တကယ်တမ်း အရေးကြီးတယ် ဆိုရင် အလုပ်မထွက် ခင်ကတည်းက ဒါကိုတောင်းထား လို့ရတယ်။

ခုလို ၅ လလောက် ကြာမှဖြစ်တာဆိုတော့ သိပ်မဟုတ်ဘူး။ ပြီး တော့ ဒါက ဇာတ်ညွှန်းပေးပြီး အိုက်တင်လုပ်ဖို့ ကိုသူတို့ ကိုယ်တိုင်ပေးတာပဲ။ ပြီးတော့ ပါသွားတဲ့ ဇာတ်ညွှန်း ကလည်း မိတ္တူ အပိုင်းအစပဲ။ ကောင်မလေး အခန်းရဲ့အပိုင်းပဲပါတာ။ ဒါကို ဥပမာ ရောင်းစား လိုက်လို့ တခြားက ရိုက်တယ်ဆိုလည်း တစ်မျိုးပေါ့။ ခုဟာက အဲ့ဒီလို လည်း မဟုတ်ဘူး။ အဲဒီအတွက် တွေကြောင့် ကျွန်တော် ဝင်ပါပြီး Facebook မှာ status တင်ဖြစ်တာပါ။ တင်ဖြစ်တာကလည်း ဒါကိုမြင်ရင် သက်ဆိုင်ရာ လူကြီး မင်းတွေ အနေ နဲ့ မီဒီယာတွေ ကတစ်ဆင့် သိနိုင်ပြီး လျှော့ပေါ့စဉ်း စားလို့ရအောင် ဒါလေးကို တင်ဖြစ်တာပါ။ အခုတော့ အမှုက အရင်စွဲထားတဲ့ အမှုထက်တော့ လျှော့ပေါ့သွားပြီလို့ ကြားပါတယ်” လို့ ကော်ဘရာက ပြောပြခဲ့ပါတယ်။

Popular Journal

အရိုးများ ကျန်းမာစေရန်

၁။ကိုယ်နေဟန်ထားမှန်ရဲ့လားလမ်းလျှောက်တာ၊ ထိုင်တာ၊ သွားတာ၊ စားတာ အလုပ်လုပ်တာ အိပ်တာ စသဖြင့် မှန်ကန်သော ကိုယ်နေဟန်ထား ရှိအောင် နေထိုင်စားသောက်ပါ။

၂။ လေ့ကျင့်ခန်းလုပ်ရဲ့လားအရိုးတွေ ကြွက်သားတွေ သန်မာဖို့အတွက် လေ့ကျင့်ခန်း လုပ်ဖို့ဟာလည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ။

၃။ အစားအသောက်တွေရော မှန်ကန်ရဲ့လားအထူးဖြင့် အသီးအရွက်တွေ ငါတွေ စတာတွေကို များများစားပေးပါ။ အစားအသောက်ဟာလည်း အရိုးအတွက် သန်မာစေနိုင်ပါတယ်။

၎။ မှုးယစ်ဆေးဝါးတွေ မှီဝှဲနေသလားအရက် ဆေးလိပ် သောက်တာက အရိုးအတွက် ဘာမှမဖြစ်နိုင်ပေမယ့် ခန္ဓာကိုယ်အတွက်တော့ ရောဂါ ဖြစ်စေနိုင်ပါတယ်။ ရောဂါဖြစ်လာပြီ ဆိုရင် အစားအသောက်တွေကိုလည်း ပုံမှန်မစားနိုင် ဖြစ်လာပြီး အင်အားချိနှဲ့သူ ဖြစ်လာပါလမ့်မယ်။

ကျန်းမာရေးအကြောင်းသိကောင်းစရာများ


အပေါစားဆန်ခြင်းနှင့် Sexy ကျခြင်းမှာ ကွဲပြားကြောင်း ကိတ်အပ်တန် မှတ်ချက်ပြု

Sports Illustrated မဂ္ဂဇင်း ဓာတ်ပုံများဖြင့် စတင်ကျော်ကြားလာသည့် လုံးကြီးပေါက်လှ အမေရိကန် မော်ဒယ်လ်သည် သူမ၏ ဘီကနီဝတ် ဓာတ်ပုံများနှင့် ပတ်သက်ပြီး အကောင်းရော၊ အဆိုးပါ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ဝေဖန်သူများ အနေဖြင့် Sexyဖြစ်ခြင်းသည် အပေါစားဆန်ခြင်း မဟုတ်ကြောင်း ကွဲကွဲပြားပြား သိရှိသင့်ကြောင်း ကိတ်အပ်တန်က ပြောကြားလိုက်သည်။ Sports Illustrated မဂ္ဂဇင်း ဓာတ်ပုံများဖြင့် စတင်ကျော်ကြားလာသည့် လုံးကြီးပေါက်လှ အမေရိကန် မော်ဒယ်လ်သည် သူမ၏ ဘီကနီဝတ် ဓာတ်ပုံများနှင့် ပတ်သက်ပြီး အကောင်းရော၊ အဆိုးပါ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သူမသည် လတ်တလောတွင် The Other Woman ဇာတ်ကား၌ ကင်မရွန်ဒိုင်ယက်ဇ်၊ လက်စ်လီမန်းတို့နှင့် အတူတွဲဖက် ပါဝင်ရင်း ဟောလီးဝုဒ် ရပ်ဝန်းကိုပင် စတင်ခြေချလာပြီ ဖြစ်သည်။ ကိတ်သည် ညှို့ဓာတ်အားပြုသည့် မော်ဒယ်လ်တစ်ဦးအဖြစ် ထင်ပေါ်လာသော်လည်း သူမသည် နေရာတကာ အင်္ကျီချွတ်ပြနေသည့် အပေါစားဆန်ဆန် မော်ဒယ်လ်မျိုးအဖြစ် ဝေဖန်မှုများကိုလည်း ကြုံခဲ့ရသေးသည်။

အသက်(၂၁)နှစ်ရှိ ကိတ်ကမူ ယင်းနယ်ပယ်နှစ်ခုသည် အလွန်ခြားနားကြောင်း တုံ့ပြန်ခဲ့သည်။ “သိလား။ ကြားထဲမှာ စည်းတစ်ခုတော့ ခြားထားတယ်။ နည်းနည်း ပေါပေါလောလော နိုင်တာနဲ့ Sexyကျတာက မတူဘူး။ အဲဒီစည်းကို ကျွန်မက အရမ်းသတိထားပြီး ကိုင်တွယ်နေတာပါ”ဟု ကိတ်က Vogueမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ သူမက “ပွင့်ပွင့်လင်းလင်း ကိုယ်ဟန်ပြရဲတယ် ဆိုတာက ကျွန်မရဲ့ ပင်ကိုစရိုက်သဘာဝ တစ်ခုပဲ။ ပြီးတော့ ကျွန်မအနေနဲ့ ဒီအပိုင်းမှာ နည်းနည်း လွန်ကဲနေတာလည်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ ကျွန်မကတော့ Sexyကျတာမျိုးကို ကြိုက်တယ်”ဟုလည်း ဆိုသည်။

ကိတ်က ဝေဖန်မှုတိုင်းကို သူမအနေဖြင့် ဂရုစိုက်နေမည် မဟုတ်ဟုလည်း ပြောဆိုခဲ့သေးသည်။ “တချို့ဟာတွေကို ကျွန်မ စဉ်းကို စဉ်းစားမနေတာ။ ကျွန်မတို့ ပြုပြင်လို့ မရတာတွေ ရှိတယ်လေ။ ကျွန်မဝတ်တဲ့ ဘရာစီယာရဲ့ အရွယ်အစားကို ပြောင်းလို့မရဘူး။ ဒါက သဘာဝအတိုင်း ဖြစ်နေတာကိုး။ ကျွန်မ လုပ်နိုင်တာက ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်မယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်မယ်။ နားလည်ထားသင့်တာက ပြောင်းလဲလို့ မရတဲ့ အရာတွေ ရှိနေတယ် ဆိုတာပါ။ ကျွန်မကတော့ ကိုယ့်ဘဝကိုယ် ကျေနပ်တယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို အားရတယ်။ ဒါက ဘုရားသခင် ကျွန်မအတွက် ဖန်တီးပေးထားတာလေ။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်အပြည့် ကျွန်မဆီမှာ ရှိနေတယ်။ တကယ်တော့ သိပ်ကိုမိုက်တဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုး ရှိနေတဲ့ မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြတယ် မဟုတ်လား”ဟုလည်း ကိတ်က မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network

ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားတွင် မြေညှိရာမှနှစ် ၆၀ ခန့်သက်တမ်းရှိ ရွှေထည်များတွေ့

မန္တလေး၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ဓမ္မရဟိဆောင် အရှေ့ဘက် ကျောက်တောင်ကုန်းတွင် မြေညှိခြင်း လုပ်ငန်းများ မတ်လ ၉ ရက်နေ့တွင် လုပ်ဆောင်ရာမှ နှစ် ၆၀ ခန့် သက်တမ်းရှိ ရွှေထည်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဌေးကိုက The Voice သို့ ပြောကြားသည်။

အဆိုပါဘုရား တန်ဆောင်တိုင် ပွဲတော်ကျင်းပချိန်တွင် ဆိုင်ကယ်၊ ကား ထားရှိရန်အတွက် ဓမ္မရဟိဆောင် အရှေ့ဘက် ကျောက်တောင်ကုန်းတွင် မြေတူး စက်ကြီးများဖြင့် မြေညှိနေစဉ် ရွှေထည် ပစ္စည်းမျိုးစုံ ၂၆ မျိုး၊ စုစုပေါင်း အလေးချိန် ၄၁ ကျပ် ၁၂ ပဲ ၅ ရွေးခန့်ကို တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။

ယင်းမြေတူးစက်နှင့် ပေ ၅၀ အကွာ မြေပြင်ပေါ်တွင် ဒန်ချိုင့်ဟောင်း တစ်လုံးဖြင့် ထည့်ထားသည့် ရွှေထည်ပစ္စည်း များကိုတွေ့ရပြီး ယင်းရွှေထည် ပစ္စည်းများကို ဂေါပကရုံးတွင် သိမ်းဆည်းထားရှိကာ ဗုဒ္ဓသန္တကပစ္စည်း အဖြစ် သတ်မှတ်၍ မဟာအံ့ထူးကံသာ ဘုရားကြီး ကိန်းဝပ်သီတင်းသုံးရာ ဂန္ဓကုဋီ တိုက်တော်အတွင်းရှိ ရတနာရွှေပန်းခိုင် အလူမီနီယံပုံးတွင် ထည့်သွင်းပြီး အများပြည်သူ ကုသိုလ်ယူ သဒ္ဓါပွားများနိုင်စေ ရန်ရည်ရွယ်၍ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း အတွင်းရေးမှူးက ရှင်းပြ သည်။

"နှစ်သက်တမ်းက ၆၀ လောက်တော့ ကြာပြီ။ ဘုရားကြီးရဲ့တန်ခိုးတော်ရယ်၊ ရိုးသားတဲ့ ဝန်ထမ်းတွေကြောင့် ရလိုက်တာပါ။ အမျိုးသမီး အင်္ကျီဝတ်က ကြယ်သီး ၄၄ လုံးပါတယ်။ ရွှေဘီးလည်းပါတယ်။ တချို့ ရွှေဘယက်တွေ ဆိုရင် ကြေမွနေတာတွေ ရှိတယ်" ဟု ၄င်းက ဆိုသည်။

အဆိုပါ ဓမ္မရဟိကုန်းတော်၏ အရှေ့ဘက် ကျောက်တောင်ကုန်းကို တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး အတွက် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဆက်သွယ်ညှိနှိုင်းပြီး သက်ဆိုင်ရာ အာဏာပိုင်များ၏ သဘောတူညီမှုဖြင့် ပွဲကွင်း မြေညှိတူးဖော်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တန်ဆောင်တိုင်ပွဲတော် မုခ်ဦးအနီး အရှေ့ဘက် ကျောက်ကုန်းဧရိယာမှ စ၍ မြေတူးစက်ကြီးဖြင့် ဗြုန်းကျောက် တူးဖော်ခြင်းလုပ်ငန်း စတင်လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

The Voice Weekly


မေလမှာ မင်္ဂလာဆွမ်းကျွေးပွဲ လုပ်မယ့် ဒေါက်တာ အောင်မျိုးသူနဲ့ လှမျိုးသဉ္ဇာနွယ်

လှမျိုးသဉ္ဇာနွယ်က ချစ်သူ ဒေါက်တာအောင်မျိုးသူ နဲ့အတူ ဘဝတစ်ခု ထူ ထောင် ဖို့ စီစဉ်ထားပြီးပြီ ဖြစ်ပါတယ်။
မင်္ဂလာ အစီအစဉ် နဲ့ ပတ်သက်ပြီး လှမျိုးသဉ္ဇာနွယ် က “မေ၂၅ ရက်နေ့မှာ မဟာစည်မှာ မင်္ဂလာဆွမ်းကျွေး လုပ်မယ်။ မနက် ၉နာရီ ကနေ ၁၁နာရီထိပေါ့။ မင်္ဂလာဧည့်ခံပွဲ ကတော့ မေ၃ဝရက်နေ့၊ မနက် ၉ နာရီ၊ ဆီဒိုးနား ဟိုတယ် မှာ လုပ်မှာပါ။ အခါတော်ပေး ကတော့ ကိုရန်အောင်ပဲ ဆိုပေးမယ်။ ပန်းကြဲ ဖို့ကတော့ အစ်မသတို့သားလောင်းရဲ့ ညီမ ဒေါက်တာ မြတ်သီရိ က ဆောင် ရွက်ပေး မှာပါ။ အရံက ချစ်စနိုးဦးနဲ့ သီရိရှင်းသန့် ဖြစ်မယ်။ ဗန်းကိုင်က ဝါဆိုမိုးဦးနဲ့ စိုးပြည့်သဇင် က လုပ်ပေးမှာပါ။ အိမ်ထောင်ပြု ရမယ့် အရွယ်က လည်း ကျော်လာပြီ၊ အချိန် လည်း ကျော်လာ ပြီ။ ဒါပေမဲ့ နှစ်ယောက်စလုံး က ချစ်နေ ကြတယ်။ ပြီးတော့ သူက လည်း တအား နားလည်မှု ရှိတော့ အစ်မရွေးချယ် လိုက်တာ ပါ”လို့ ပြောပြခဲ့ပါတယ်။
ချစ်သူနဲ့ ဆုံတွေ့ဖြစ်ခဲ့ ပုံကို လည်း လှမျိုးသဉ္ဇာနွယ်က “တွေ့ ဆုံပုံက ရိုးရှင်းပေမယ့် ဆန်းတယ် ပြောရမှာပဲ။ ဖူးစာဖြစ်မှာပေါ့။ အစ်မက ပရဟိတ အလှူသွား လှူ ရင်း တွေ့ခဲ့ ကြတာပါ။ သူက အဲဒီ ဘိုးဘွားတွေကို ပြုစု စောင့်ရှောက်တဲ့ ဆရာဝန်ပါ။ သူက အခု မြစ်ကြီးနား မှာ တာဝန်ကျတယ်။ မင်္ဂလာဆောင် ပြီး ရင်တော့ အစ်မမြစ် ကြီးနားကို သွားလိုက် လာလိုက်လုပ်ရမှာပဲ” လို့ ပြောပြ ခဲ့ပါတယ်။
လှမျိုးသဉ္ဇာ နွယ်က အိမ်ထောင်ပြု သွားပေမယ့် လည်း အနုပညာ ဆက်လုပ် မှာဖြစ်ပြီး စီးပွား ရေး နဲ့ အိမ်ထောင်ရေး ဘက်မှာလည်း မလစ် ဟင်းအောင် အကောင်းဆုံး ကြိုးစားရမှာ မိန်းမသား တစ်ယောက် ရဲ့ တာဝန်ဖြစ်ကြောင်း ကို လည်းပြောပြခဲ့ပါ တယ်။

ထူးထူး
Popular Journal


ပရိတ်သတ်က အမှတ်တရ ပစ္စည်းတောင်းရာ အတွင်းခံများ ချွတ်ပြီး လက်ဆောင်ပေးခဲ့သော မော်လ်ဒယ်

တရုတ်မော်ဒယ်တယောက်ရဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းပေးပုံ
တရုတ်နိုင်ငံ အင်တာနက်စာမျက်နှာ တခုက အံ့အားသင့်စေတဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းပေးခြင်း မြင်ကွင်း ဖြစ် ပါတယ်။ အသက် ၃၁ နှစ်အရွယ် Gloria ရဲ့ မြင်ကွင်းတွေပါ။

သူ့ဟာ ကျော်ကြားတဲ့ မော်ဒယ်တဦးဖြစ်ပြီး အမှတ်တရ ပစ္စည်းတောင်းတဲ့အခါ သူက ပါလာသမျှ အခုလို ချွတ်ပေးနေတာပါ တဲ့။

Gloria ကတော့ အခုလို သူ့ရဲ့ အမှတ်တရ ပစ္စည်းကို အဆိုပါအမျိုးသားကို ပေးရင်းနဲ့ သူကတော့ အပြုံးမပျက်ခဲ့ပါဘူး။ ပရိတ်သတ်တွေကတော့ လက်ဆောင်ရတဲ့သူကို ပြုံးပြီးကြည့်နေကြပါတယ်တဲ့။

Gloria ဟာ လူအများကြား ကောလဟလ အများဆုံးဖြစ်စေတဲ့ မော်ဒယ်တဦးလည်းဖြစ်ပါတယ်တဲ့။

Ref: China Daily
Today Myanmar



သုံးခွမြို့ဈေးကြီး မီးလောင်စဉ်က မီးငြိမ်းသတ်စဉ် ဒဏ်ရာရရှိခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကွယ်လွန်

ရန်ကုန်၊ မတ် ၂၇

၁၉.၃.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့ဈေးအတွင်း၌ ငြိမ်းသူ(၃၂)နှစ်(ဘ)ဦးတင်ယု၏ ဆိုင်ခန်းအမှတ် (n-၂၂/၂၃)၊ ကုန်ခြောက်ဆိုင်အတွင်း ထွန်းညှိထားသော
ခြင်ဆေးခွေမီးမှစတင်ကာ ဈေးဆိုင်ခန်းများမီးလောင်ကျွမ်းခဲ့၍ မီးသတ်ယာဉ် များရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ ၂၀၁၀ အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ငြိမ်းသူကို သုံးခွမြို့မရဲစခန်း (ပ)၁၀၁/၂၀၁၄၊ ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထား ရှိခဲ့ပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွား၍ မီးငြှိမ်းသတ်နေကြစဉ် ဈေးဆိုင်ခန်းအမိုး ကျွံကျခဲ့သဖြင့် သုံးခွမြို့နယ်၊ အရန်မီးသတ်ဖြစ်သူ ဦးမြအုန်း၊ (၅၄)နှစ်အား ထိခိုက်မိခဲ့ရာ ကျောကုန်းဖူးရောင်၊ ယာခြေဖမိုးပြတ်ရှ ဒဏ်ရာတို့ရရှိခဲ့
ကြသောကြောင့် သုံးခွမြို့နယ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ဆေးကုသမှုခံယူလျက်ရှိရာမှ ၂၇.၃.၂၀၁၄ ရက်နေ့ ၀၇၅၅ အချိန်တွင် ကွယ်လွန်သွားခဲ့ပါသည်။

၎င်း၏ရုပ်အလောင်းအား ၂၉.၃.၂၀၁၄ ရက်နေ့တွင် သုံးခွမြို့၊ (၉)ရပ်ကွက်ရှိ သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

တီးဝိုင်းကား တိမ်းမှောက်ခဲ့ရာ လူနှစ်ဦးသေ၊ ၂၃ ဦးဒဏ်ရာရ

အင်းတော်၊ မဇ္ဈိမ။ ။ ဆိုင်းတီးဝိုင်းများ သယ်ဆောင်လာသည့်ယာဉ်တစ်စီး စစ်ကိုင်းတိုင်း၊ သက္ကယ်ကျင်းကျေးရွာအနီးတွင် တိမ်းမှောက်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု အင်းတော်မြို့မရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မတ် ၂၆ ရက်တွင် ပြောကြားသည်။

ထီးချိုင့်မြို့မှ အင်တော်မြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာရှိ အလှူပွဲသို့ သွားရောက်မည့် အောင်ကိုကိုအမည်ရှိ ဆိုင်းဝိုင်းများတင်ဆောင်လာသည့် ယာဉ်သည့် မတ် ၂၅ ရက် ည ၆ နာရီ ၁၈ မိနစ်အချိန်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ရာသို့ မြို့နယ်ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံထုတ် ဒေါင်ဖန်းခြောက်ဘီးယာဉ်သည် သက္ကယ်ကျင်းရွာအနီး တောင်ကုန်းအတက်တွင် နောက်ပြန်လျောကျ၍ တိမ်းမှောက်ခဲခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဟာသလူရွှင်တော်နှစ်ဦးမှာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်မှာကျန်လူ (၂၃)ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို အင်းတော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူလျက်ရှိနေသည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောကြားသည်။

အင်းတော်မြို့မရဲစခန်းက ယာဉ်(ပ) ၁၁/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၇၉/ ၃၃၈ / ၃၀၄(က) အရ အမှုဖွင့် ဆောင်ရွက်လျှက်ရှိသည်။

ကိုတိုးကြီး
Mizzima - News in Burmese


အံ့ဖွယ်အစွမ်း

ခုတလော အင်တာနက်ပေါ်မှာ လူကြည့်များနေတဲ့ ကွန်ဖူးပညာရှင် တစ်ဦး၏ လမ်းပေါ်မှ လူအများရှေ့်မှာ ကစားပြသွားတဲ့ အံ့ဖွယ်ပြကွက်ဖြစ်ပါတယ်။


ခြင်ဆေးခွေ ထွန်းထားခဲ့ရာမှ ဒုတိယအကြိမ် ပဲခူး တာပေါ်ဈေးမီးလောင်

ပဲခူး ၊မတ် ၂၇

ပဲခူးမြို့၊ဈေးပိုင်း ရပ်ကွက်၊ ၁၉ လမ်း အနောက်ဖက်ထိပ် တာပေါ်ဈေးတွင် ခြင်ဆေးခွေ ထွန်းထားခဲ့ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၂၆ ရက်နေ့ည ၁၀ နာရီခွဲ အချိန်တွင် တာပေါ်ဈေးရှိ ဦးတင်မြင့်၏ ဈေးဆိုင်ခန်းတွင် ခြင်ဆေး ထွန်းထားခဲ့ရာ မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာနေရာသို့မီးငြိမ်းသတ်ယာဉ် ၆ စီးနှင့် ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးအေးမြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပဲခူးမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးဇော်မင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးမှဝန်ထမ်းများ၊သံဃာ တော်များ၊မြို့နေပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် ည၁၁ နာရီကျော်တွင်မီးငြိမ်းခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် တာပေါ်ဈေးရှိ ဦးတင်မြင့်၏ သွပ်မိုးသွပ်ကာကုန်စုံ ဆိုင်ခန်းမီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ငါးသိန်းကျော် ဆုံးရှံးခဲ့သည်။

မီးပေါ့ဆသူ ဦးတင်မြင့် (ဘ) ဦးမောင်တင် ၇/ ပခန(နိုင်) ၀၄၆၀၁၀ အမှတ် ၁၇၂ ၊မြလမ်း၊ဇိုင်းတောင်ရပ်ကွက် နေသူအား ပဲခူးမြို့မ ရဲစခန်းမှ ဒုရဲအုပ်ဇော်မျိုးလွင် က တရားလိုပြုလုပ်တိုင်တန်းကာ (ပ) ၂၁၆ /၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ ဖြင့် ပဲခူးမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူလျှက်ရှိကြောင်းသတင်းရရှိသည်။
အဆိုပါဈေးတွင်ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက နှစ်ထပ်ဈေး တွင်မီးလောင်ခဲ့ပြီး ငွေကျပ်သိန်း ၄၅၀ ခန့်ဆုံးရုံးခဲ့သည်။

KO THANT ZIN

BY THIT HTOO LWIN

ဖိလစ်ပိုင်မှာ လူကြိုက်များတဲ့ ပင့်ကူ အရက်

Tarantula (ထရန်ကျူလာ) လို့ခေါ်တဲ့ အဆိပ်ပြင်း အမွေးထူ ပင့်ကူကို သိသူများလည်း သိပါလိမ့်မယ်။ အာရှ၊ ဥရောပ၊ အမေရိက တို့မှာ မျိုးဆိပ် အမျိုးမျိုး ရှင်သန် ပေါက်ဖွားပြီး အဆိပ်ပြင်းပြီး လူတွေကို အန္တရယ်ပြုနိုင် ပါတယ်။

ထိုနည်းတူစွာ သူ့မှာ ပါတဲ့ ဓာတ်ဟာလည်း လူ့ကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က ရိုးရာ ဆေးပညာ ရှင်များက လက်ခံ ယုံကြည်ထားကြ ပါတယ်။ ဒါကြောင့်လည်း သေပြီး မကြာသေးတဲ့ လတ်လတ်ဆက်ဆက် ပင့်ကူကို ဆန် အရက်၊ နဲ့ ဂရန်ဒီ အမျိုးမျိုးထဲမှာ စိမ်လို့ ထည့်သောက် ကြ ပါတယ်။ အမျိုးသားများ ပိုမို သောက် သုံးကြ ပါတယ်။

ယင်း အရက်ကို ထရန်ကျူလာ အရက်လို့လည်း ခေါ်ဆိုပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့မှာ ကမ္ဘာလှည့် ခရီးသည်မျာကို စွဲဆောင်တဲ့ အစား အသောက် တစ်ခု ဖြစ်ကြောင်းလည်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

သင်္ချိုင်းအုတ်ဂူများကြားမှ ထူးထူးခြားခြား စားသောက်ဆိုင်


မွတ်ဆလင် သင်္ချိုင်းနေရာ တစ်ခုတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တွင် မနက်ပိုင်း ဆိုင်စခင်းကတည်းက ဆိုင်ဝန်ထမ်းများ အနေဖြင့် သင်္ချိုင်းတွင် မြှုပ်နှံထားသူတို့၏ ဝိညာဉ်များကို ရည်ရွယ် ဆုတောင်းပေးပြီးမှ လုပ်ငန်းစတင်လေ့ ရှိကြသည်။

လူအများက အမင်္ဂလာဟု သတ်မှတ်သော၊ လာဘ်တိတ်သည်ဟု ယူဆသော မြင်ကွင်းမျိုးသည် ခရစ်ရှ်နန်ကတ်တီအတွက်မူ လာဘ်ရွှင်သော၊ ကံကောင်းသော နိမိတ်ပုံမျိုး ဖြစ်နေသည်။ အိန္ဒိယနိုင်ငံ၊ အာမာဒါဘက်ဒ်မြို့တွင် ကတ်တီသည် စားသောက်ဆိုင်လေး တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ၎င်းဆိုင်ဖွင့်သော နေရာသည် သင်္ချိုင်းဟောင်း တစ်ခုလည်း ဖြစ်သည်။ ကော်ဖီဆိုင်ငယ်လေးအဖြစ် အစပြုခဲ့သော ကက်တီ၏ လုပ်ငန်းသည် ယခုအခါ အတော်လေး အောင်မြင်ပြီး လူဝင်များသည့် စားသောက်ဆိုင် တစ်ခု ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဖောက်သည်များအတွက် ဆန်းကျယ်သော ခံစားမှုမျိုးကို မိမိ၏ဆိုင်က ပေးစွမ်းနေ၍ဖြစ်ကြောင်း ကက်တီက ဂုဏ်ယူစွာဖြင့် ဆိုသည်။

အမှန်တကယ်လည်း အုတ်ဂူများဘေးတွင် စားပွဲခင်းပြီး စားသောက်ရသော ခံစားချက်မျိုးသည် သာမန် ကြုံရလေ့ရှိသည့် အခြေအနေဟု ဆိုနိုင်မည် မဟုတ်ချေ။ ကက်တီသည် ဆိုင်ကို စတင်ခင်းကျင်း ပြင်ဆင်ကတည်းက ယခင်အုတ်ဂူဟောင်းများကို ဖျက်မပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအစား အုတ်ဂူများကို ဆိုင်အခင်းအကျင်းသဖွယ် ထားရှိကာ နံဘေးမှကပ်၍ စားပွဲများ ခင်းကျင်း ပြင်ဆင်ခဲ့သည်။ မွတ်ဆလင် သင်္ချိုင်းနေရာ တစ်ခုတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တွင် မနက်ပိုင်း ဆိုင်စခင်းကတည်းက ဆိုင်ဝန်ထမ်းများ အနေဖြင့် သင်္ချိုင်းတွင် မြှုပ်နှံထားသူတို့၏ ဝိညာဉ်များကို ရည်ရွယ် ဆုတောင်းပေးပြီးမှ လုပ်ငန်းစတင်လေ့ ရှိကြသည်။ ယခုအခါ ကက်တီ၏ စားသောက်ဆိုင်ကို New Luckyဟု အမည်ပေးထားပြီး လူသိများ ထင်ရှားနေပြီ ဖြစ်သည်။

“ကျွန်တော့်အတွက်တော့ သင်္ချိုင်းမြေက ကောင်းမွန်တဲ့ ကံကြမ္မာတွေ ဆောင်ယူလာပေးတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့် လုပ်ငန်းက ဒီအုတ်ဂူတွေနဲ့ ခေါင်းတလားတွေကြောင့်ပဲ ပိုပြီး အောင်မြင် လူသိများလာတာပါ။ လူတွေအတွက် ဒီဆိုင်မှာ လာထိုင်ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံ တစ်ခုပဲလေ။ ကျွန်တော်တို့က အုတ်ဂူတွေကို ကောင်းကောင်းမွန်မွန် ပြန်ပြင်ဆင်ပေးထားတယ်။ ဖောက်သည်တွေ အနေနဲ့လည်း အုတ်ဂူတွေကို မြင်နေရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ပုံမရဘူး”ဟု ကက်တီက ပြောကြားခဲ့သည်။

စားသောက်ဆိုင်ထဲတွင် အုတ်ဂူ(၁၆)လုံးမျှ ပျံ့နှံ့တည်ရှိပြီး (၁၆)ရာစုခေတ် သူတော်စင် ဆူဖီ၏ အုတ်ဂူပင် ပါရှိကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ ကက်တီက “မနက်စောစော အုတ်ဂူတွေကို အရိုအသေပေးပြီးမှ ကျွန်တော်တို့ ဆိုင်စခင်းလေ့ ရှိပါတယ်။ အုတ်ဂူတွေကိုလည်း ကျွန်တော်တို့ အဝတ်တွေနဲ့ သပ်သပ်ရပ်ရပ် ဖုံးအုပ်ပေးထားပြီး ပန်းစည်းတွေလည်း ထားပေးလေ့ရှိတယ်။ သေဆုံးသွားသူတွေကို အလေးအနက် ထားခြင်းဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟုလည်း ရှင်းပြသွားသည်။

Planet Myanmar Network

ဆရာဝန်သုံး နားကျပ်များကလည်း ပိုးပျံ့နှံ့နိုင်

ဆရာဝန်များက အသုံးပြုတဲ့ နားကျပ်များ stethoscope များဟာလည် လူနာပေါင်းများစွာကို စမ်းသပ်ပြီးနောက် ပိုးပျံ့နှံ့ကူး စက်နိုင်ချေ မြင့်တက်လာကြောင်းကို ဂျီနီဗာဆေး တက္ကသိုလ်မှ သုတေသီများက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သုတေသနခေါင်းဆောင် Dr Didier Pittet က ““ရာဝန်သုံးနားကျပ်ဆိုတာဟာ တစ်နေ့တာအတွင်းမှာ လူနာပေါင်းများစွာရဲ့ အရေပြားနဲ့ ထိတွေ့နေရတာ ဖြစ်ပါတယ်။ ဒါ ကြောင့် ဘက်တီးရီးယားပိုးတွေကို သယ်ဆောင်ပံျံ့နှံ့စေတဲ့ ကြားခံထဲမှာ ဆရာဝန်သုံးနားကျပ်ကိုလည်း ထည့် သွင်းစဉ်းစားရပါတယ်”လို့ ပြောကြားထားပါတယ်။ Dr Didier ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ရောဂါကူးစက်မှု ထိန်းချုပ်ရေးစီမံကိန်း ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလေ့လာမှုမှာ လူနာ (၁၇)ဦးဟာ လက်ကို ပိုးသန့်စင်ထားတဲ့ လက်အိတ်ဝတ်ထားပြီး ပိုးသန့်စင်ထားတဲ့ ဆရာဝန်သုံးနားကျပ်ကို အသုံးပြုတဲ့ သမားတော် (၃)ဦးဆီကို အလှည့်ကျစမ်းသပ်ခံခဲ့ကြပါတယ်။ တွေ့ရှိလာရတာကတော့ နားကျပ်ရဲ့ ပြွန်ပိုက်ချောင်းရော နားထောင်တဲ့ အ၀ိုင်းငယ်မှာ သာမက သမားတော် များရဲ့ လက်တွေမှာပါ ဘက်တီးရီးယားတွေကို လူနာအားလုံး စမ်းသပ် ပြီးနောက်မှာတွေ့ရှိခဲ့ပါတယ်။ သမားတော်တွေရဲ့ လက်တွေထက်စာရင် လူနာကို နားထောင်တဲ့ diaphragm အစိတ်အပိုင်းဟာ ပိုပြီးပိုးသယ်ဆောင်နိုင်ချေ များတယ်ဆိုတာလည်း သိရှိရပါတယ်။ ဆေးရုံတွေမှာ စမ်းသပ်စစ်ဆေးမှု ပြုတဲ့အခါမှာတော့ ဆရာဝန်နားကျပ်မှ ကူးစက်မှု အများဆုံး ဘက်တီးရီးယားဟာ S.aureus
ပိုးပဲဖြစ်ပါတယ်။ Dr Dieler Pittet ကတော့ လူနာတစ်ယောက်ကို စမ်းသပ်ပြီးတိုင်း နားကျပ်ကို ပိုးသတ်ပေး (Disinfect)ဖို့ တိုက်တွန်းထားပါတယ်။

ဒီလေ့လာမှုကို မတ်လထုတ် Journal of Mayo Clinic Proceedings မှာဖော်ပြထားပါတယ်။

ငြိမ်းအေး
ref: Medindia
Health Updates Journal

မင်းသမီးနေရာတွင်မြင်တွေ့ရမည့် သရုပ်ဆောင် ယွန်းရွှေရည်

ပရိသတ်ကြီး၏ တောင်းဆိုမှုကြောင့် ဇာတ်ပို့မင်းသမီးနေရာမှ
ယခုအခါတွင်မူ ခေါင်းဆောင်မင်းသမီးနေရာ၌ ရိုက်ကူးမှုကို မြင်
တွေ့ကြရတော့မည်ဖြစ်သည်ဟု သရုပ်ဆောင်ယွန်းရွှေရည်က မတ်
၂၄ ရက်တွင် စံတော်ချိန်သို့ ပြောဆိုသည်။

" အစ်မကို ပရိသတ်ကြီးကလည်း ပြောကြတယ်ပေါ့နော်။
ခေါင်းဆောင်မင်းသမီးနေရာကနေ သရုပ်မဆောင်ဘူးလားနဲ့ပြော
တာတွေလည်းရှိတယ်။ အဲဒါကြောင့် ပရိသတ်ကြီးကို " ဒီကိစ္စနဲ့ပတ်
သက်ပြီး မနောက်ပါနဲ့ " ဇာတ်ကားမှာ မိုးအောင်ရင်၊ ရဲအောင်၊ ဝေလျှံ
နဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးမှာ ခေါင်းဆောင်မင်းသမီးနေရာ
ကနေ သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားထဲမှာတော့ အစ်မက
ပြင်ဦးလွင်မြို့အိမ်ကနေ အိမ်ထောင်ပြုခိုင်းလို့ ရန်ကုန်ကို ပြေးလာတာ
ပေါ့နော်။ ရပ်ကွက်ထဲမှာက မိုးအောင်ရင်နဲ့ ဝေလျှံက ငပွေးနှစ်ကောင်
ပေါ့။ အဲဒီမှာလိုက်ပြီးတော့ အစ်မကိုပိုးကြေးပန်းကြေးနဲ့ အပြိုင်ပိုးတာ
ပေါ့ နော်။ အဲဒီလိုမျိုး ဖန်စီဟာသဇာတ်ကားလေးပါ။ ပရိသတ်ကြီးက
လည်း ဒီကားလေးထွက်လာရင် အားပေးကြပါဦး " ဟု ယွန်းရွှေရည်က
ဖြည့်စွက်ပြောဆိုခဲ့သည်။

လတ်တလောအနုပညာအနေဖြင့် အောင်တိုင်းကျော် ရိုက်ကူး
ထားသော " သင့်ကြောင့် " ဇာတ်လမ်းတွင် လူမင်း၊ ၀တ်မှုံရွှေရည်တို့နှင့်
တွဲဖက်ရိုက်ကူးလျက်ရှိနေပြီး သရုပ်ဆောင်မှု၌လည်း မည်သည့်
ကာရိုက်တာမဆို ကောင်းစွာပုံဖော်သွားမည်ဟု သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ရွှေစည်းခုံစေတီတော်မှ ပျားစွဲသည့် ရုပ်ပွားတော်

သီပေါကိုလတ်၊ နွားထိုးကြီး၊ မတ်-၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြင်စည်စံပြ  ကျေးရွာအနီး တည်ထားကိုးကွယ်လျက်ရှိသောရွှေစည်းခုံစေတီတော် တနင်္ဂနွေထောင့်မှဂြိုဟ်ပြေနံပြေဘုရားကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်
တစ်ဆူ၏ ရှေ့မျက်နှာတော်၌ ထူးခြားစွာ ပျားများ အုံဖွဲ့စွဲကပ်နေသည်ကို မတ်လအတွင်းက ဖူးတွေ့ခဲ့ရသည်။

ဥာဏ်တော် တစ်ပေခွဲခန့်ရှိ အဆိုပါ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်နှင့် ရှေ့မျက်နှာတော်၌ ၁၃၇၅ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက် မှ စတင်၍ ပျားများ စွဲကပ်ခဲ့ရာ ယခုမတ်လတွင် တစ်ဆူလုံးနီးပါး ပျားများ စွဲကပ်ခဲ့ ကြသည်။

" တပို့တွဲလဆန်း ၁၄ ရက်ကစခဲ့တာ။ အခု ဘုရားတစ်ဆူလုံးနီးပါးအထိ ပျားတွေ လာရောက်စွဲကပ်ခဲ့ကြတာပါ။ ဘုရားမှာလာစွဲတဲ့ ယခုပျားတွေက အဆိပ်ရှိတဲ့ ပျားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အန္တရာယ် မပြုကြ ပါဘူး။ ဒီဘက်က နောက်ထပ်ဘုရားတစ်ဆူမှာလည်း အလားတူပဲ ပျားတွေ လာစွဲကပ်စပြုနေတာကို တွေ့ရပါတယ်။ ပျားစွဲတဲ့ဘုရားဆိုပြီး အတိတ်ကောင်းနိမိတ်ကောင်းယူလို့ လာရောက်ကြည့်ရှုကြသူတွေလည်း များပြားနေပါတယ် " ဟု ပြင်စည်တောရကျောင်းတိုက်ဆရာတော်  ဦးအရိယဥာဏက ရှင်းလင်းမိန့်ကြားခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလဲ

အဆိပ်သောက်မိပြီ ဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ် လျှောက်ရှိ ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အဆိပ်ဆိုတဲ့ နေရာမှာ ယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစား အရည်တွေ ပါဝင်ပါတယ်။

အဆိပ်သင့်၊ အဆိပ်မိပါက အများအားဖြင့် ပျို့အန်ပြီး ရင်ခေါင်း၊ ဝမ်းခေါင်း ထဲက ပူလောင်ခြင်းကို ခံစားရ တတ်ပါတယ်။ အဲဒီနောက်မှာ သတိလစ်သွားပြီး အသက်ပါ သေဆုံး တတ်ပါတယ်။

အဆိပ်သင့်တဲ့ သူကိုတွေ့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ကြိုတင်ဆက် သွယ်ပါ။ (သက်ဆိုင်ရာ မြို့နယ်ဆေးရုံ ဖုန်းနံပါတ်ကို ကြိုတင်သိထား၊ စုထားသင့် ပါတယ်) ဆေးရုံကို အကြောင်းကြားပြီး လူနာတင် ယာဉ်ခေါ်ပါ။

လူနာတင်ယာဉ် ခေါ်နေတဲ့စပ်ကြားမှာ လုပ်ဆောင်သင့် တာကတော့ ဘယ်လို အဆိပ်သောက် လိုက်တယ်။ ဘယ်လောက်များများ သောက်လိုက်တယ် ဆိုတာကို သိဖို့ပါပဲ။ အနီးအနားမှာရှိတဲ့ ပုလင်းလွတ်၊ ဘူးခွံ အပါ အဝင် အဆိပ်သောက်သူ အသုံးပြုထားတဲ့ ပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေ သိမ်းဆည်း ပြီး ဆေးရုံရောက်ရင် ဆရာဝန်က ပြန်ပြရပါမယ်။

အဆိပ်ရည် စွန်းပေနေတဲ့ အဝတ်အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နဲ့ နှုတ်ခမ်း တစ်ဝိုက်မှာ စွန်းပေနေတဲ့ အဆိပ်အစအန အကြွင်းအကျန်များကို သုတ်ပစ်ပါ။ လဲလှယ်တဲ့ အခါမှာ အဆိပ်မထိ သေးတဲ့နေရာ သို့မဟုတ် အရေပြားပေါ်မှာ အဆိပ်တွေ မစွန်းပေဖို့ ဂရုစိုက်ပါ။ အန်အောင် ပြုလုပ်ခြင်းကြောင့် လည်ချောင်း တစ်လျှောက်က ပြန်တက်လာတဲ့ အစာများက တစ်ဆင့် လည်ချောင်းကို ထပ်မံ လောင်စေ စားစေတဲ့ အတွက် အန်အောင် မလုပ်သင့်ပါ။

လောင်စေ စားစေတတ်သည့် ဓာတုပစ္စည်းတွေ နှုတ်ခမ်းကို လောင်ပါက ပါးစပ်၊ အာခံတွင်းနဲ့ လည်ချောင်း အတွင်း အလောင်၊ အပူလျော့ပါးစေရန် နို့အေး သို့မဟုတ် ရေအေးအေး အနည်းငယ် တိုက်သင့်ပါတယ်။

ကာယကံရှင်ကိုလည်း နှစ်သိမ့် ဖျောင်းဖျပေးပါ။ အရက်(မက်သနော) ဆိပ်သင့်သူဆိုရင်တော့ အအေး မမိ စေရန် စောင်ခြုံပေးပါ။

အဆိပ်သောက်သူ သတိလစ်သွားပါက တစောင်းထားပါ။ လက်ကောက်ဝတ် သွေးခုန်နှုန်း အသက်ရှူ ပုံကို စောင့်ကြည့်ပေးပါ။ အသက်ရှူ လမ်းကြောင်း လွယ်ကူစေရန် ဆောင်ရွက်ပေးပါ။ လိုအပ်လျှင် ရှေးဦး သူနာပြုစုနည်းနဲ့ ကယ်ရမှာပါ။ အထက်ပါ အချက်တွေကို သေချာစွာ မှတ်သားထားမှသာ အဆိပ်သောက် သူကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

မြ၀တီ

မန်ချက်စတာဒါဘီတွင် မိုယက်စ်ကို ယူနိုက်တက်ပရိသတ်တစ်ဦး ထိပ်တိုက်ရင်ဆိုင်ရန်ကြိုးစား

မန်ချက်စတာစီးတီးကို (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း လာရောက်အားပေးသည့် မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ဦးက အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်ကို ထိပ်တိုက်ရင်ဆိုင် ရန်ပြုရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယူနိုက်တက်သည် မိုယက်စ်၏ ပွဲဦးထွက် ဘောလုံးရာသီတွင် ဆုတ်ယုတ်ကျဆင်းမှု နွံထဲမှ ရုန်းမထွက်နိုင်သေးဘဲ အီဒင်ဂျက်ကို၏ (၂)ဂိုး၊ ယာယာတိုရေး၏ (၁)ဂိုးဖြင့် အိမ်ကွင်း၌ ခါးသီးမြို့ခံပြိုင်ဘက်တို့ကို ဒူးထောက်ခဲ့ရသည်။ ဂျက်ကို၏ ပထမဂိုးသည် ပွဲအစ စက္ကန့်အနည်းငယ် အတွင်းမှာပင် ရရှိသွားခြင်း ဖြစ်သည်။ မိုယက်စ်ကို ဒေါသထွက် ပေါက်ကွဲနေသော ပရိသတ်များအနက်မှ တစ်ဦးသည် အခြေအနေ အတော်ပြင်းထန်စွာ ရှိနေခြင်းကြောင့် ၎င်းကို ကွင်းလုံခြုံရေးများက ဝိုင်းဝန်းထိန်းသိမ်းကာ ခေါ်ထုတ်သွားရသည်။

အဆိုပါ ပရိသတ်သည် တောင်ပိုင်း ပွဲကြည့်စင်ရှိ ထိုင်ခုံမှ ထလာပြီး မိုယက်စ်ကို အော်ဟစ်ကြိမ်းမောင်းနေသလို ၎င်းကို လုံခြုံရေးများ ဆွဲထုတ်သွားချိန်အထိ ဆက်လက် အော်ဟစ်နေခဲ့သည်ကို တွေ့ရသည်။ စတန်းဖို့ဒ် ပွဲကြည့်စင်တွင် ရှိနေသည့် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်သည်လည်း ၎င်းနေရာအတွက် ဆက်ခံရန် ကိုယ်တိုင်ရွေးချယ်ပေးခဲ့သည့် မိုယက်စ်၏ မလှမပ ရလဒ်ဆိုးကို စိတ်မသက်မသာ ကြည့်ရှုနေသည်ကို တွေ့ရသည်။ ပွဲအပြီးတွင် ပွဲကြည့်စင်၌ ချိတ်ဆွဲထားသည့် မိုယက်စ်၏ပုံနှင့် The Chosen Oneဟု ရေးသားထားသော နဖူးစည်းစာတန်းကြီးကို ပရိသတ်များ ဒေါသထွက်ပြီး ဆုတ်ဖြဲခြင်း မပြုနိုင်အောင် ကွင်းလုံခြုံရေးများက စောင့်ကြည့်ခဲ့ရသည်။

မိုယက်စ်၏ အသင်းသည် အိုလံပီယာကော့စ်နှင့် ဝက်စ်ဟမ်းယူနိုက်တက်တို့ကို ဆက်တိုက် အနိုင်ရပြီးနောက် စိတ်ဓာတ်ပိုင်း ပြန်လည်နိုးကြားလာပြီဟု မျှော်လင့်ခဲ့ရသော်လည်း မန်စီးတီးနှင့် အတွေ့တွင်မူ ခြေစွမ်းအရရော၊ ခံယူချက်ပိုင်းပါ အောက်စည်းရောက်နေပြီး တစ်ဂိုးမျှ ပြန်မသွင်းနိုင်ဘဲ ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးမှာမူ နောက်ဆုံးတွေ့ဆုံသည့် မန်ချက်စတာဒါဘီ ပွဲစဉ်(၅)ကြိမ်တွင် (၄)ကြိမ် အနိုင်ရသည့် မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်သွားခဲ့သည်။

Soccer Myanmar

ဟိမဝန္တာမှ သက်စွန့်ဆံဖျား ပျားဖွပ်သမားများ

ဟိမဝန္တာမှ သက်စွန့်ဆံဖျား ပျားဖွပ်သမားများ ဟိမဝန္တာမှ ပျားဖွပ်သမားများသည် လှေကားများ၊ ကြိုးများကို အသုံးပြုကာ တောင်ကလပ်များပေါ် တွဲခိုနေသည့် ပျားအုံများသို့ စွန့်စွန့်စားစား ချဉ်းကပ်ရသည်။

ဟိမဝန္တာ တောင်တန်းများသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး တောင်စဉ်တောင်တန်းများ ဖြစ်ကြသည်။ အဆိုပါ တောင်တန်းများတွင် ကမ္ဘာ့အကြီးဆုံး ပျားအုံကြီးများလည်း ရှိနေသည်။ အဆိုပါ ပျားအုံကြီးများမှ ပျားရည်နှင့် ပျားသလက်တို့ကို စုဆောင်းရယူရသော အလုပ်သည်လည်း ကမ္ဘာပေါ်တွင် အန္တရာယ် အကြီးဆုံး စာရင်းဝင် စွန့်စားခန်းမျိုး ဖြစ်သည်။ ဟိမဝန္တာမှ ပျားဖွပ်သမားများသည် လှေကားများ၊ ကြိုးများကို အသုံးပြုကာ တောင်ကလပ်များပေါ် တွဲခိုနေသည့် ပျားအုံများသို့ စွန့်စွန့်စားစား ချဉ်းကပ်ရသည်။

ထို့နောက်တွင်မူ ဟန်ချက်ညီအောင် ထိန်းညှိရင်း ပျားသလက်များကို ဓားဖြင့်ဖဲ့ထုတ်ရသည်။ ထိုအတောအတွင်း ၎င်းတို့သည် ပျားတုပ်သည့်ဒဏ်ကိုလည်း ခံစားရသေးသည်။ မီးခိုးမှိုင်းတိုက်ပြီး ပျားများကို ဖယ်ရှားထားသည့်တိုင် ပျားအချို့ကမူ ၎င်းတို့၏ နေအိမ်ကို ကာကွယ်ရန်အတွက် အစွမ်းကုန် အံတုလေ့ ရှိကြခြင်း ဖြစ်သည်။ နီပေါနိုင်ငံရှိ ဟိမဝန္တာတောင်ခြေမှ တိုင်းရင်းသားများသည် ထိုကဲ့သို့ ပျားဖွပ်ခြင်းနှင့် မျိုးရိုးစဉ်ဆက် အသက်မွေးခဲ့ကြသည်။

သို့သော်လည်း လက်ရှိအချိန်တွင်မူ အစိုးရက ပျားရည်ထုတ်လုပ်မှု လုပ်ငန်းများတွင် ပါဝင်ခြယ်လှယ်လာပြီး နိုင်ငံရပ်ခြား တင်ပို့ရောင်းချနေသည့်အတွက် အဆိုပါ ရိုးရာပျားဖွပ်သမားများအတွက် အသက်မွေးရန် အခက်အခဲများ ဖြစ်ပေါ်လာခဲ့သည်။ ပျားဖွပ်သမားများသည် ၎င်းတို့ အလုပ်လုပ်ပုံကို ကြည့်ရှုလိုသည့် ကမ္ဘာလှည့် ခရီးသည်များကို အခကြေးငွေယူကာ လက်တွေ့ ပျားဖွပ်ပြလေ့ ရှိသည်။ ရှေးဦးစွာ တောင်ခြေတွင် ၎င်းတို့က ပျားများကို မီးခိုးမှိုင်းတိုက်ကြသည်။ ထို့နောက်တွင်မူ တောင်စောင်းများပေါ် စွန့်စွန့်စားစားတက်ကာ ပျားသလက်များ စုဆောင်းယူငင်ကြသည်။

ကြိုးဖြင့် တွယ်တက်နေစဉ် အတောအတွင်း ဟန်ချက်ကို ထိန်းရသလို ဘေးတွင် တွဲလောင်းချိတ်ဆွဲထားသည့် ခြင်းထဲသို့လည်း ပျားသလက်များကို လက်မှန်းတည့်စွာ ထည့်သွင်းနိုင်ရန် လိုသည်။ အများအားဖြင့် တောင်စွန်းများမှတစ်ဆင့် ကြိုးလှေကားများဖြင့် တွယ်ဆင်းကာ ပျားသလက်များကို ပျားအုံထဲမှ နှိုက်ယူရလေ့ရှိသည်။ ပျားအုံကြီးများသည် မီတာ(၅၀)မျှ အမြင့်တွင် တည်ရှိလေ့ရှိပြီး ကြိုးဖြင့်ဆင်းကာ ပျားဖွပ်နေစဉ် ကြိုးပျက်ကျ၍ အသက်ဆုံးရှုံးရသူ အများအပြား ရှိသည်။

အဝတ်အစား ထူထပ်စွာ ဝတ်ဆင်ထားသော ပျားဖွပ်သမားများသည် ၎င်းတို့ တွန်ဂိုဟု ခေါ်ဝေါ်သည့် ဝါးတံရှည်ကြီးများကို အသုံးပြုကာ ပျားသလက်များကို ချိတ်ယူကြသည်။ ပျားရည်သည် ရာသီဥတု အခြေအနေကိုလိုက်၍ အရည်အသွေးလည်း ကွာခြားလေ့ရှိသည်။ နွေဦးကာလတွင် စုဆောင်းရယူနိုင်သော ပျားရည်သည် အမျိုးအစား အကောင်းဆုံးအဖြစ် ဈေးကောင်းရပြီး တစ်ကီလိုဂရမ်လျှင် ပေါင်စတာလင် (၃၀)မျှထိ ပေါက်ဈေးရှိကြောင်းလည်း သိရှိရသည်။

 Planet Myanmar Network.

ပိန်းဇလုပ်မှာ ကားနဲ့ စက်ဘီးတိုက် (၁)ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ် ရဲစခန်းပိုင်နယ်မြေ အတွင်းရှိ ရန်ကုန် မန္တလေး ကားလမ်း (လမ်းဟောင်း) မိုင်တိုင်အမှတ်(108) (109)၊ ကြေးနန်းတိုင်အမှတ် (186/6)နှင့် (186/7)ကြား၌ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ပါသည်။

ဖြစ်စဉ်မှာ__(24.3.2014)ရက်နေ့ ည(11:30)နာရီခန့်တွင် ဦးလှရွှေ (၅၅)နှစ်၊ အဘအမည် ဦးတင်မောင်၊ကင်မွန်းခြုံရပ်၊ ပိန်းဇလုပ်မြို့ တွင် နေထိုင်သူသည် ကျောက်တံခါး မြို့နယ်၊ သာယာကုန်းကျေးရွာဘက်မှ ပိန်းဇလုပ်သို့ (မြောက်ဘက်မှ တောင်ဘက်) စက်ဘီးတွန်းလျှက် ပြန်လာရာ နောက်မှမောင်းနှင်လာသော ကားမှတိုက်ပြီး ထွက်ပြေးသွားခဲ့သဖြင့် ဦးခေါင်း ကွဲကြေဒဏ်ရာ၊ ညာခြေသလုံးကျိုးပြတ် ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့သည့်အတွက် ပိန်းဇလုပ်ရဲတပ်ဖွဲ့ စခန်းမှူးရဲအုပ်ဝင်းသန်းမှ ယာဉ်(ပ) ၃ /၂၀၁၄ ၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄(က)အရအမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် ထွက်ပြေးသွားသော ယာဉ်မောင်းအား စုံစမ်းလျှက်ရှိကြောင်း သတင်းရရှိပါသည်

မောင်မောင်မြင့်သူ

BY THIT HTOO LWIN


ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

နေပြည်တော်၊ မတ် ၂၅

၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၃၁၄)အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကန်ပြားရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ စလင်းမြို့နယ်၊ သန်းပင်ကုန်းရွာနေ မျိုးနိုင်အောင်(၁၈)နှစ်မောင်းနှင်ပြီး ကုန်းခြားရွာနေ ရန်မင်းအောင် (၂၄)နှစ်လိုက်ပါလာသော ၁၀ယ/xxxxx ကန်ဘို-၁၂၅ အနက်ရောင်ဆိုင်ကယ်သည် သန်းပင်ကုန်း ရွာမှ ကံကုန်းရွာသို့မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၃၁၄)အနီးသို့အရောက်တွင် စလင်းမြို့နယ်၊ ကုန်းခြားရွာနေ ထွန်းနိုင်လင်း(၂၉)နှစ်မောင်းနှင်ပြီး ကန်တော်ရွာနေ စည်သူအောင်(၂၂)နှစ်လိုက်ပါ လာသော ၃၀ယ/xxxx ဖီကွန်-၁၁၀ အစိမ်းရောင်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် မျိုးနိုင်အောင်တွင် ရင်ညွန့်ညိုမဲ/ပါးစပ်သွေးထွက် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ရန်မင်းအောင်တွင် ယာဒူးပွန်းဒဏ်ရာ၊ ထွန်းနိုင်လင်းတွင် နှုတ်ခမ်းအပေါ်/အောက်ပေါက်ပြဲ၊ ၀ဲခြေဖမိုးပေါက်ပြဲ၊ ၀ဲနားထင်ပွန်းပဲ့၊ နှာခေါင်း သွေးထွက်ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်းနှင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ မျိုးနိုင်အောင်နှင့် ထွန်းနိုင်လင်းတို့ ၂ ဦးအား လင်းဇင်းနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ရဲဇာနည်

သီးသန့် ဂျက်လေယာဉ်လေးစီးဌားပြီး ဘရာဇီးကမ္ဘာ့ဖလားပွဲ သွားမယ့် ရော်နယ်ဒို

ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပမယ့် ဘရာဇီးနိုင်ငံကို သူ့ ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အတူ ဂျက်လေယာဉ် လေးစီးဌားပြီး သွားရောက်မယ်လို့ သိရပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လက်ရှိပိုင်ဆိုင်ထားတဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်း နဲ့ အတူ ကမ္ဘာ့ဖလားပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပွဲကာလအတွင်းမှာ သူ့ ရဲ့ မိသားစုဝင်တွေ တည်းဖို့  အတွက် ကြယ်ငါးပွင့်ဟိုတယ်တွေမှာလည်း ကြိုတင်စာရင်းပေးပြီးပြီလို့ ဆိုပါတယ်။

ဇာတိ Madeira မှာ သူ့ ရဲ့ ကိုယ်ပိုင်ပြတိုက်ကို ဖွင့်လှစ်ထားသလို ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဖြစ်တဲ့ Ballon d’Or ရရှိတုန်းကလည်း ရီးယဲလ်မက်ဒရစ်အသင်းဆေးအဖွဲ့ ရဲ့ အဖွဲ့ ဝင်တိုင်း ကို သူတို့ ကြိုက်တဲ့ကားတစ်စီးစီ ၀ယ်ပေးခဲ့သူပါ။

ရော်နယ်ဒိုရဲ့ အခုအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သူကတော့ ဘရာဇီးလေတပ်ရဲ့ ဗိုလ်မှူးကြီးတစ်ဦး ဖြစ်ပါတယ်။

ရော်နယ်ဒို ရဲ့ မိသားစု၊မိတ်ဆွေတွေဟာ ဘယ်လောက်တောင်များလို့ ဂျက်လေယာဉ်လေးစီးဌားပြီး လာရတာလည်း ဆိုတာကတော့ မသိရပါဘူး။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ဖလားပွဲစဉ်ကာလအတွင်း ကစားကွင်းတွေအနီးနားကနေ လေယာဉ်ပျံသန်းခြင်းကို တားမြစ်ထားပါတယ်။

Trend Myanmar

ဘာ့ကြောင့် ဆံပင်အရှည် နှေးရတာလဲ

တချို့တွေက ဆံပင်အရှည် မြန်တတ်ကြပြီး တချို့တွေက ဆံပင်အရှည်နှေးတာကို ကိုယ်တိုင် သတိထား မိတတ်ကြပါတယ်။ ဘာကြောင့် ဆံပင်အရှည်နှေးရသလဲ ဆိုတဲ့ အကြောင်းအရာတွေကို ရေးသား
လိုက်ပါတယ်။

မျိုးရိုးဗီဇ

လူတစ်ဦးချင်းဆီမှာ ဆံပင်ပေါက်တဲ့ ဖြစ်စဉ်တွေ မတူညီတတ်ကြပါဘူး။ လေ့လာကြည့်မယ်ဆိုရင်၂-နှစ်ကနေ၆-နှစ်အတွင်းဆံပင်ရဲ့ အရှည်က တစ်ယောက်နဲ့တစ်ယောက် မတူညီတာကို တွေ့နိုင်ပါတယ်။
အများစုမှာတော့၁-လအတွင်းမှာ ဆံပင်လက်မ၀က်လောက် ရှည်ထွက်လာ တတ်ပါတယ်။ အာဖရိကန်တွေထက် အာရှသားတွေ ကဆံပင်ရှည်တာ နည်းနည်း နှေးတတ်ပါတယ်။

ဆံပင်ကျွတ်ခြင်း

လူတိုင်းဆံပင်ကျွတ်ကြပါတယ်။ ဒါဟာသဘာဝပါပဲ။ ကျွတ်သွားတဲ့ ဆံပင်တွေနေရာမှာ ဆံပင်အသစ်တွေ အစားထိုး ပေါက်လာပါတယ်။ အများစုကတစ်နေ့ကိုဆံပင် ၁၀၀ နီးပါးကျွတ်တတ်ကြပြီး အဲဒီနေရာ ဆံပင်အသစ်တွေအမြန် ဆုံးပြန်ပေါက်လာပါတယ်။ ဆံပင်ရဲ့ပြန်ပေါက်နှုန်းက ကျွတ်တဲ့ နှုန်းထက် နှေးနေရင်တော့ ဆံပင်တွေ ကျဲပါးလာပါတယ်။ ဆံပင် ကျဲပါးလာရတဲ့ အကြောင်းတွေက အများကြီး ရှိပါတယ်။

အသက်အရွယ်နှင့်စိတ်ဖိစီးမှု

အသက်ကြီးလာရင် ဆံပင်တွေက အားနည်းလာပါတယ်။ အနှစ်နှစ်အလလကအပူပေးပြီး ဆံပင်ပြုပြင်တာ၊ ဓာတုပစ္စည်းတွေအသုံးပြုပြီး ဆံပင်ကောက်တာ ၊ဖြောင့်တာတွေ လုပ်တာစတာတွေက ဆံပင်တွေကို
ပျက်စီးစေပါတယ်။အသက်ကြီးလာတဲ့အခါဆံပင်ကကျွတ်တာများပြီး ပြန်ပေါက်တာနည်းလာလို့ဆံပင်ကျဲလာပါတယ်။အသက်၄၅-နှစ်ကျော်လာတဲ့
အခါဆံပင်ကအဆီထွက်တာသိသိသာသာနည်းလာပြီးဆံသားတွေခြောက်
သွေ့ကာကြမ်းလာပါတယ်။စိတ်ဖိစီးမှုတွေများတာ၊နေထိုင်မကောင်းတာတွေ
ဖြစ်ရင်လည်းဆံပင်ကျွတ်တတ်ပါတယ်။စိတ်ခံစားမှုနဲ့ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှု
တွေကဆံပင်ကျွတ်တာနဲ့ဆက်စပ်မှုရှိပါတယ်။မျက်နှာနဲ့
ဆံပင်ပေါင်းတင်တာ၊ညင်သာစွာနှိပ်နယ်ပေးတာတွေကဆံသားသန်စွမ်းစေဖို့
အားပေးပါတယ်။

အဖျားနှစ်ခွကွဲခြင်း။

မကြာခဏခေါင်းဖြီးတာ၊ဆံပင်ပုံစံအမျိုးမျိုးပြုပြင်တာ၊ဆံပင်အရောင်ချွတ်တာစတာတွေလုပ်ပါကဆံပင်အဖျား
နှစ်ခုကွဲတာဖြစ်နိုင်ခြေများပါတယ်။ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာ၊နေရောင်ခြည်ထိတွေ့မှုများ
တာတွေကဆံသားခြောက်သွေ့ပြီးကြွပ်ဆတ်လာပါတယ်။ဆံပင်အရောင်ချွတ်တာ၊ဓာတုပစ္စည်းအသုံးများတာ
တွေကဆံပင်ရဲ့ကျုံ့နိုင်ဆန့်နိုင်အားလျော့နည်းစေပြီးအစိုဓာတ်ကိုလျော့နည်းစေပါတယ်။ ဆံသား၁-လကိုလက်မတစ်ဝက်လောက်ရှည်ထွက်ပါတယ်။ဒါပေမယ့်ဆံသားအဖျားကနှစ်ခုကွဲပြီး ကျိုးပြတ်တာကြောင့်ဆံပင်က ရှည်ထွက်မလာပါဘူး။ ဆံပင်အဖျားတွေကိုလိမ်တာ ၊ခေါက်တာတွေမလုပ်သင့်ပါဘူး။နေရောင်ခြည်ထိတွေ့မှု
နဲ့အပူပေးပြုပြင်တာတွေရှောင်ပါ။

အပူပေးပြီးဆံပင်ပြုပြင်ခြင်း။

အပူပေးပြီးဆံပင်ပြုပြင်မှုတွေ မကြာခဏလုပ်တာကြောင့်ဆံသားတွေ ပျက်စီးတတ်ပါတယ်။ ဆံပင်ပြုပြင်မှုအများစုဖြစ်တဲ့လေမှုတ်အခြောက်ခံတာ၊
ဆံပင်ဖြောင့်တာ၊အပူချောင်းသုံးပြီးဆံပင်ကောက်တာစတာတွေကို
အပူပေးပြီးလုပ်ဆောင်ရပါတယ်။အပူပြင်းပြင်းပေးတာကဆံသားရဲ့
အပေါ်ယံအလွှာကိုပျက်စီးစေပြီးဆံပင်သန်စွမ်းမှုကိုဟန့်တားထားပါတယ်။ ဆီကြည်သုံးတာကဆံသားအစိုဓာတ်ကိုဖြည့်ပေးပြီးဆံသားရဲ့အပေါ်ယံ အလွှာပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။

အစားအစာ

ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့ပါကဆံသားသန်စွမ်းမှုမရှိဖြစ်တတ်ပါတယ်။ ဖာရင်တင်၊ဇင့်၊ ဗီတာမင်ဘီ-၁၂၊စတာတွေကဆံပင်သန်စွမ်းပြီး
အရှည်မြန်စေပါတယ်။သံဓာတ်နဲ့ပရိုတင်းကဆံပင်သန်စွမ်းစေပြီး
အဖျားနှစ်ခွဖြစ်တာနဲ့ဆံပင်ပျက်စီးတာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ခန္တာကိုယ်မှာဖရင်တင်ချို့တဲ့ပါကဆံပင်ပြန်ပေါက်တဲ့ဖြစ်စဉ်ကို
နှေးစေတာကြောင့်ဆံပင်ကျဲပါးလာပါတယ်။သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုနည်းတာ၊များတာ
တွေကလည်းဆံပင်ရှည်ထွက်မှုအပေါ်သက်ရောက်မှုရှိပါတယ်။ ဆံသားအတွက်အဟာရပြည့်ဝစွာစားသုံးပြီး
ဖြည့်စွက်သောက်သုံးချင်တယ်ဆိုရင်တော့ဘိုင်အိုတင်သောက်ပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Credit to ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
ပျိုမေတို့သိစေဖို့

မော်တော်ယာဉ်အတွင်းမှ ကျောက်မျက်ရတနာများနှင့်ငွေများထည့်ထား သည့် လက်ကိုင်အိတ် ခိုးယူခံရမှုကို ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၂၅

၂၃.၃.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်နေ ဒေါ်ဝင်းသန္တာ(၄၅)နှစ်သည် အမျိုးသမီး သူငယ်ချင်းနှင့်အတူ ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာသို့ မတ်တူးခဲရောင် ကိုယ်ပိုင်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ယာဉ်ကိုပါကင်တွင် ခေတ္တရပ်ထားခဲ့ကာ သူငယ်ချင်းနှင့်အတူရေသန့်ဘူး သွားရောက်ဝယ်ယူခဲ့ပါသည်။

ထိုသို့သွားရောက်ခဲ့ပြီး ပြန်လာရောက်ရှိစဉ် ယာဉ်၏နောက်တံခါးမှာ အနည်းငယ်ပွင့်နေသည်ကိုတွေ့ရ၍ စစ်ဆေး ကြည့်ရာ နောက်ခန်းတွင်ထားသော ၎င်းပိုင် အသားရောင်လက်ကိုင်အိတ်မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိခဲ့ရပါသည်။

အဆိုပါပျောက်ဆုံးသွားသည့်အိတ်အတွင်း၌ ကျောက်မျက်ရတနာမျိုးစုံ၊ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာများ၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၁၅၃၈၈၀၀၀)ခန့် ပါဆုံးသွားခဲ့ပါသည်။

ယင်းသို့ခိုးယူခံရသည့်အတွက် စုံစမ်းအရေးယူပေးပါရန် ဒေါ်ဝင်းသန္တာမှ တိုင်တန်းခဲ့သဖြင့် မရမ်းကုန်းမြို့မရဲစခန်း (ပ)၈၁/၂၀၁၄၊ ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် အမှုနှင့် ပတ်သက်၍ ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိစဉ် ၂၄.၃.၂၀၁၄ ရက်နေ့ ၁၇၄၅ အချိန်တွင် အမျိုးသားလူငယ်တစ်ဦးမှာ ပန်းဘဲတန်းမြို့နယ်၊ (၇)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်းရှိ န၀လီရွှေဆိုင်သို့ ရတနာမျိုးစုံကို လာရောက် ရောင်းချနေကြောင်း မသင်္ကာဖွယ် သတင်းရရှိသဖြင့် ၎င်းလူငယ်ကို ခေါ်ယူစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၎င်းမှာ ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့နေ မင်းမင်းဇော်(ခ)မင်းမင်း၊(၁၇)နှစ်၊ (ဘ)ဦးသိန်းမောင်ဖြစ်ပြီး အခင်းဖြစ်နေ့ကမြကျွန်းသာသို့သွားရောက်လည်ပတ်စဉ် အဆိုပါယာဉ်၏ အနီးသို့ အရောက် ယာဉ်အတွင်း၌လက်ကိုင်အိတ်ကိုတွေ့ရ၍ ခိုးယူရန်အတွက် တံခါးအားဆွဲကြည့်ရာ လော့ချထားခြင်းမရှိဘဲ ပွင့်သွားသဖြင့် ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

အမှုမှ ပါဆုံးသက်သေခံပစ္စည်းများဖြစ်သည့် ကျောက်မျက် ရတနာများနှင့် ငွေများကို ပြန်လည် သိမ်းဆည်းခဲ့ပြီး ၎င်းကို အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကာ အခြားခိုးမှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

နေအိမ်မျက်နှာကျက်မှဝင်ရောက်ကာ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သည့်အမှုကို ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၂၅

၂၀.၃.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်နေ ဒေါ်ဝင်းမို့အောင်သည် နေအိမ်မှ အလုပ်သို့သွားခဲ့ပြီး ပြန်လာရောက်ရှိချိန် နေအိမ်အတွင်း အခန်းမျက်နှာကျက်မှာ လူတစ်ကိုယ်စာခန့်ပေါက်နေသည် ကိုတွေ့ရ၍ အခန်းအတွင်း ပစ္စည်းများကို စစ်ဆေးကြည့်ရာ ဘုရားစင်ပေါ်နှင့် ကုတင်ခြေရင်းရှိ သံသေတ္တာအတွင်းမှ ရွှေလက်စွပ်(၁)ကွင်း၊ ရွေလက်ကောက်(၃)ကွင်း ၊ စိန်ပွင့်(၂၀)ပါရွှေလက် ကောက်(၁)ကွင်း၊ SAMSUNG အမျိုးအစား Note&Tablet (၁)လုံး၊ SIM ကဒ်ပါ NOKIA ဖုန်း(၁)လုံး၊ ငွေကျပ်(၈)သိန်း၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၃၁၈၀၀၀၀) ခန့်မှာ ပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် အရေးယူပေးပါရန်တိုင်တန်းချက်
အရ ဒဂုံတောင်မြို့မရဲစခန်း ၂၅၆/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် အမှုနှင့်ပတ်သက်၍ မသင်္ကာ သတင်းရရှိထားသော ခိုးမှုပြစ်ချက်ဟောင်းရှိသူ သက်ဇင်အောင်(ခ) သန်းမင်းအောင်(၁၈)နှစ်(ဘ)ဦးအောင်မင်း(၆၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူကို စောင့်ကြည့်သတင်းရယူနေစဉ် ၎င်းမှာ ၂၄.၃.၂၀၁၄ရက်နေ့ ၁၀၀၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၄)ရပ်ကွက်ရှိ အပေါင်ဆိုင်အနီးသို့ရောက်ရှိလာသဖြင့် စစ်ဆေး ရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေရာ အမှုမှပျောက်ဆုံးပစ္စည်းများဖြစ်သည့် ရွေလက်ကောက်(၃)ကွင်း၊ စိန်ပွင့်(၂၀)ပါရွှေလက်ကောက်(၁)ကွင်း၊ NOKIAဖုန်းဟန်းဆက်(၁)လုံးတို့ကို ၎င်းထံမှရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍စစ်ဆေးရာ အခင်းဖြစ်တိုက်၏ဘေး ရေစက်အမိုးပေါ်မှ ပြူ တင်းပေါက်ပေါ်သို့၊ ထိုမှတဆင့် မျက်နှာကျက်အတွင်းသို့ အဆင့်ဆင့် တက်ရောက်ကာ ၀င်ရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပါသည်။

အမှုမှ ကျန်ရှိသည့် သက်သေခံပစ္စည်းများသိမ်းဆည်း နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းကို အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံ၌ ကားမီးလောင်မှုဖြစ်

ရန်ကုန်၊ မတ် ၂၅

၂၅.၃.၂၀၁၄ ရက်နေ့ ၁၂၅၀ အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း အတိုင်း ကမ္ဘာအေးဘုရားဘက်မှ (၈)မိုင်လမ်းဆုံဘက်သို့ ဒဂုံမြောက်မြို့နယ်၊ (၃၆)ရပ်ကွက်နေ ယာဉ်မောင်း ဦးသိန်းနိုင်၊(၅၃)နှစ်၊ (ဘ)ဦးမြင့်အေးမောင်းနှင်လာသော ၉င/---- Toyota Porte ငွေရောင် ကိုယ်ပိုင်ယာဉ်သည် (၈)မိုင်လမ်းဆုံမီးပွိုင့်အရောက် မီးနီ၍ရပ်ထားစဉ် ဓါတ်ဆီတိုင်ကီပိုက် ပြုတ်ထွက်ပြီး အင်ဂျင်အပူရှိန်ဖြင့် မီးစတင်လောင်ကျွမ်း ခဲ့ရာ ဘက္ထရီ၊၀ါယာကြိုးများ၊ ပန်ကာကြိုးများသို့မီးကူးစက်လောင်ကျွမ်းခဲ့၍ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းကျင်မှဝိုင်းငြှိမ်းသတ်ခဲ့သဖြင့် ၁၂၅၂ အချိန် မီးငြိမ်း သွားခဲ့ပါသည်။

မီးလောင်မှုကြောင့် မော်တော်ယာဉ်၏အင်ဂျင်ခန်း ပျက်စီးခဲ့ပြီး တန်ဖိုး (၁၅၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ဦးသိန်းနိုင်အား မရမ်းကုန်းမြို့မရဲစခန်း (ပ)၈၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ်

စိတ်ညစ်နေပါသလား။ စိတ်ဖိစီးမှု များနေပါသလား။ စိတ်ဓာတ် ကျနေပါ သလား။ အချိန်သိပ်ပေးစရာ မလိုဘဲ ရိုးစင်းလွယ်ကူတဲ့ အောက်ပါနည်း တွေကို လိုက်နာလိုက်ရုံနဲ့ သင့်တစ်နေတာက ပိုမိုစိတ်ချမ်းသာစရာ ကောင်းလာ မှာပါ။

၁။ ပွေ့ဖက်ပါ

သင်ချစ်ခင်တဲ့သူကို စက္ကန့် ၂၀ ကြာ ပွေ့ဖက်လိုက်တာကြောင့် စိတ်ခံစားမှုကို ချက်ချင်း ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင်ဟော်မုန်း အထွက်တိုးလာစေလို့ပါ။ ဒါကြောင့် သင့်စိတ်ကို အေးချမ်းပြီး သက်သောင့် သက်သာ ရှိစေပါတယ်။

၂။ ထိုင်ရာမှ ထပြီး လှုပ်ရှားမှု လုပ်ပါ

ထိုင်ရာက ထပြီး ခပ်သွက်သွက် လမ်းလျှောက်ပေးတာကြောင့် စိတ်ကျ သက်သာစေတဲ့ တခြားကုထုံးတွေထက် စိတ်ဓာတ်ကျတာကို သက်သာ လျော့ပါးစေပါတယ်။

၃။ ခေါင်းဖြီးပါ

ဘီးလုံး ဒါမှမဟုတ် ဝက်မှင်ဘီးနဲ့ ဆံပင်တွေကို ဖြီးလိုက်တာကြောင့် ဦးရေ ပြားကို နှိပ်နယ်လိုက်သလို အာနိသင် ရရှိစေပြီး စိတ်ဖိစီးမှု လျော့ကျ စေပါ တယ်။ ဒါက သင့်ဆံပင်သား အတွက်ရော သင့်ဦးရေပြား အတွက်ပါ ကောင်းမွန်စေတဲ့ နည်းကောင်းတစ်ခုပါ။

ကြယ်စင်

Royal Hero Media

ကျန်းမာရေး နှင့်ညီညွတ်စေတဲ့ ရေချိုးသောနည်းလမ်းများ

ရေချိုးသောစနစ် ရေချိုးသော အချိန်မှာ နေ့မွှန်းမတည့်မီ နံနက်ပိုင်း အချိန် ဖြစ်၏။ ယေဘုယျအားဖြင့် နေ့လည် ၁၂နာ၇ီ မထိုးမီနေ့အချိန်ဖြစ်၏။ နံနက်ပိုင်းသည် တက်ဥတုအချိန် ဖြစ်ပြီး၊ ညနေပိုင်းသည် သက်ဥတုအချိန် ပိုင်းဖြစ်လေသည်။ ဆောင်းတစ်ဆယ်၊ နွေကိုး၊ မိုးခုနှစ် ရေချိုးစနစ်သည်အကောင်းဆုံး ဖြစ်သည်။အချို့အလုပ်များ၍ကိုယ်ခန္ဓာညစ်ပေနေသူတို့မှာ နေမ၀င်မီေ၇ချိုးသင့်သည်။ နေ၀င်ပြီးသွားပါက ရေမချိုးသင့်တော့ပဲ ခြေလက်ဆေးကြောခြင်း အမှုသာပြုသင့်၏။

ရေမချိုးသင့်သောအချိန်

အစာစားပြီးစ၌ ချက်ချင်း ရေမချိုးသင့်ချေ။ အစာမကြေ ရောဂါ ရရှိတက်၏။ နေပူ၊ မီးပူ၊ အပူ တစ်စုံတစ်ခု ခံစားရပြီး စ၌လည်း ရေမချိုးသင့်ချေ။ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ နား၊ မျက်စိ၊ ခံတွင်းနာရှိသူများ၊ ၀မ်းဖောဝမ်း ရောင်သူများ၊ နှာစေးသူများမှာ ထိုအခိုက်အတန့်တွင် ရေမချိုးဘဲနေသင့်၏။ မီးအပူခံပြီးနောက် ရေချိုးလိုလျှင် ရေအေးကိုဝအောင်သောက် ပြီးနောက် ခဏလောက် နားနားနေနေ၊ နေထိုင်ပြီးမှ ရေချိုးပါ။ မကျန်းမမာ ဖြစ်ပြီးနောက် ပထမဆုံး ရေမချိုးသေးပဲ၊ ကရက်မက်နံသာများ သွေးလိမ်းကြည့်ပါ၊ တစုံတရာ အပြစ်မရှိမှ ရေစချိုးပါ။ ရေချိုးပြီးအခိုး ပြန်ရအောင် ပြုလုပ်ရမည်။ ရေချိုးပြီးပြီးချင်း အ၀က်သန့်သန့်ဖြင့် ရေပေါက်ရေစများ တစ်ကိုယ် လုံးသန့်စင်အောင် သုတ်ပစ်ပါ။ ဖြစ်နိုင်ပါက ကိုယ်ငွေ့ရလာသည်အထိ အ၀တ်သန့်သန့်ဖြင့်ပွတ်တိုက်ပေး ရမည်။ ရေသုတ်ပြီးလျှင် အမြန်ဆုံး အ၀တ်သစ်လဲ၍ လေလုံအောင်နေပါ။ ရေနွေးပူပူ၊ ကော်ဖီပူပူ၊ နွားနို့ပူပူ တစ်ခုခုကို ကိုယ်ငွေ့အားကောင်းလာအောင် သောက်ပေးပါ။ တက်နိုင်လျှင် ကိုယ်ငွေ့ရအောင် (၁၅) မိနစ်ခန့် ခေါင်းမြီးခြုံ၍ လဲလျောင်းနေပါ။

ရေစချိုးပုံ

ရေချိုးတော့မည်ဆိုလျှင် ချက်ချင်းမချိုးသေးပဲ ခြေထောက်အောက်ပိုင်းကို ရေအရင်လောင်းရမည်။ ခြေဖျားမှသည် ဒူးခေါင်း၊ ပေါင် စသည်ဖြင့် တရွေ့ရွေ့အထက်သို့ လောင်းပြီးမှ တစ်ကိုယ်လုံး ချိုးရမည်။ ရေချိုးစဉ် ပထမ ကိုယ်စိုရုံ လောင်းပြီးမှ ခေတ္တနားပါ။ အတွင်းအခိုးများထွက်ရန် အချိန်အနည်းငယ်ပေးခြင်းဖြစ်၏။ အထူးသဖြင့် ခေါင်းနှင့်ပက်သက်သော ရောဂါ၇ှိသူများ ခေါင်းလောင်း၍ ရေမချိုးသင့်ချေ။ ရှေးဦးစွာရေမချိုးမီ ရေကိုပါးစပ် အတွင်း၌ ငုံထားပါ။ သို့မှသာ ခန္ဓာကို်ယ် အတွင်း၇ှိ အပူအပုပ် များရန်မှ ကာကွယ်ပြီး ဖြစ်မည်။ သွားနှင့်စပ်သော ရောဂါများလည်း ကင်းရှင်းစေ နိုင်သည်။ ရေချိုးသင့်သည်ကိုသိပုံ မိမိ ရေချိုးမည်ဟုပြုစဉ် အောင်ပါလက္ခဏာများ ဖြစ်ပါက ရေမချိုးဘဲနေက အပြစ်ကင်း၏။ ချိုးသော်လည်း ရေတစ်မှုတ် နှစ်မှုတ်ခန့်သာ ရေချိုးသည်ဆိုရုံ ချိုးသင့်သည်။ (သို့) ရေဖက်တိုက်ခြင်း၊ ရေနွေးဖြင့် ချိုးခြင်းပြုအပ်၏။

(၁) ဗဟိဒ္ဓတွင် အပိတ်အဖွဲ့ များ၍ လွန်စွာအေးသောအခါ
(၂) ရေချိုးမည်ဟု ရေနားသွားလျှင် ချမ်းစိမ့်စိမ့် ဖြစ်ပြီး ကြက်သီးထသောအခါ၊
(၃) ရေချိုးလိုစိတ်မ၇ှိသောအခါ
(၄) အဖျားရှိနေသောအခါ ရေမချိုးဘဲနေက အပြစ်ကင်း၏။

ချေးတွန်းခြင်း

ဆီးဖြူသီးဖြင့် ချေးတွန်းခြင်းမှာ သည်းခြေနာ၊ ကြက်မျက်သင့်သော အနာကိုနိုင်၏။ ပဲတဲကော၊ နွားဖြေ၇င်မှုန့်တို့ဖြင့် ချေးတွန်းလျှင် သလိပ်နာနှင့် ညအခါမမြင်၇သော ကြက်မျက်သင့်နာကိုကောင်းစေသည်။ ဇီးဖြူသီးမှုန့်ဖြင့် ချေးတွန်းလျှင် မျက်စိအားကောင်းစေသည်။

credit to >> မွေးနေ့ ဆုမွန်

ကျန်းမာရေးအကြောင်းသိကောင်းစရာများ

အိပ်ရာဝင်နောက်ကျခြင်းကြောင်ဆိုးရွာ အကျိုးသက်ရောက်မူများ

အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

စိတ်ဖိစီးမှုစိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းအိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။

ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။

မျက်ကွင်းညိုခြင်းမျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။

ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အဝလွန်ခြင်းပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဝလွန်တာဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ နောက်ကျော နာကျင်ခြင်းအိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ။

မြဝတီ

သစ်ကြားသီး စားခြင်းကြောင့် ဆီချိုရောဂါကို လျော့ကျစေနိုင်

သစ်ကြားသီး စားခြင်းကြောင့် ဆီချိုရောဂါကို လျော့ကျစေနိုင်တစ်ပတ်မှာ နှစ်ကြိမ် သစ်ကြားသီးစား တာကြောင့် အမျိုး အစား (၂) ဆီးချို ရောဂါဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း ကျဆင်း တယ်လို့ သုတေသန ပြုလုပ်ချက်တွေ အရ သိရပါတယ်။ သစ်ကြားသီးဟာ ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး ကင်ဆာ၊နှလုံး ရောဂါနဲ့ အဆစ်ရောင်ခြင်း ကိုလည်း ကာကွယ်နိုင် ပါတယ်။

ဗြိတိန်နိုင်ငံမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းဟာ ယခုလက်ရှိ ၂ ဒသမ ၅ သန်းရှိရာမှ ၂ဝ၂၅ ခုနှစ်မှာ လေး သန်းနဲ့ ၂ဝ၃ဝ ခုနှစ်မှာ ငါးသန်းခန့် ရှိလာမယ်လို့ မျှော်မှန်း ထားပါတယ်။ အဲဒီရောဂါကို မကုသဘဲ ထားရင် နှလုံးတိုက် ခိုက်ခံရတာ၊ အမြင်အာရုံဆုံးရှုံး တာနဲ့ ခြေထောက်ဖြတ်ရတာလို မျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင် ပါတယ်။ အဝလွန်တာ၊ ကာယ လှုပ်ရှားမှု မရှိတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အစား အစာတွေ စားသုးံ တာဟာ အမျိုး အစား (၂) ဆီး ချုေိ ရာဂါ ဖြစ် နိုင်တဲ့ အချက်အလက်တွေပါ။

ဟားဗတ်မှ သိပ္ပံပညာရှင်တွေက အသက် ၃၅ နှစ်မှ ၇၇ နှစ်ကြား သူနာပြု ဆရာမပေါင်း ၁၃၇၈၉၃ ယောက်ကို ၁ဝ နှစ်ကြာ လေ့လာခဲ့ပါတယ်။ ဆီးချိုရောဂါဖြစ်နိုင်ခြေဟာ လစဉ် သစ်ကြားသီး တစ်ကြိမ်မှ သုံးကြိမ်စား သူတွေမှာ ၄ ရာခိုင် နှုန်း တစ်ပတ်တစ်ကြိမ် စားသူတွေမှာ ၁၃ ရာခိုင်နှုန်းနဲ့ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်စားသူတွေမှာ ၂၄ ရာခိုင် နှုန်း လျော့ကျနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

သစ်ကြားသီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ များပြား စွာပါဝင်ပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ချနိုင်တဲ့အတွက် နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်ရောင် ရောဂါကို ကာကွယ်နိုင်တယ် လို့ ဆိုပါတယ်။ မနှစ်ကလည်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာမှု အရ သစ်ကြားသီးကို နေ့စဉ်စား သုံးတဲ့ အသက် ၂ဝ နဲ့ ၃ဝ နှစ်ကြား အမျိုးသားတွေမှာ သုက်ပိုး အရေအတွက် မြင့်တက် လာပြီး မျိုးပွားနိုင်စွမ်းမြင့်မား တယ်လို့ တွေ့ရှိထားပါတယ်။ ဒါ့အပြင် သစ်ကြားသီးလိုမျိုး အခွံမာသီးတွေ စားတာကြောင့် အဝလွန်မှု ကိုလည်း လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ 

By Good Health

ဗောက်ထခြင်း (Dandruff)

လူတိုင်းလူတိုင်း ဗောက်ထတဲ့ ပြဿနာရှိတတ်ကြပြီး မကြာခဏ ယားယံတာနဲ့ကုတ်ရတဲ့သံသရာလည်ပတ်နေတတ်တယ်လို့အရေပြားအထူးကုဆရာဝန်တွေက ပြောပါတယ်။ ဗောက်ထတာကို ဂရုမစိုက်ဘဲထားရင် ဗောက်ဖတ်တွေ ထူထပ်လာပါတယ်။ ဒါကြောင့် ယားယံလာပြီးကုတ်မိတတ်ပါတယ်။ ပြင်းပြင်း ထန်ထန် ကုတ်တာကြောင့်အနာဖြစ်သွားပြီး ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒီသံသရာကို ရှောင်ရှားနိုင်အောင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုပါ။

မကြာခဏ ခေါင်းလျှော်ပါ...
လိုအပ်ရင် နေ့တိုင်းခေါင်းလျှော်ပေးပါ။ မကြာခဏ ခေါင်းလျှော်တာကြောင့် ဗောက်ထတာကို အလွယ်တကူ ထိန်းနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။


ခေါင်းလျှော်ရည် အပျော့စားသုံးပါ...
ဗောက်ထတာဟာအဆီပြန်တဲ့ဦးရေကြောင့်ဖြစ်တာမို့ ခေါင်းလျှော်ရည်အပျော့စား (ဗောက်ပျောက်ဆေး မပါဝင်တဲ့ ခေါင်းလျှော်ရည်) နဲ့ နေ့စဉ်ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်ရည်ကို ရေနဲ့ဆတူရောစပ်ပြီး အသုံးပြုပေးရင် အဆီပြန်တာ သက်သာနိုင်ပါတယ်။

ဗောက်ပျောက် ခေါင်းလျှော်ရည်သုံးပါ...
ပုံမှန်ခေါင်းလျှော်ရည်တွေနဲ့ ဗောက်မပျောက်ခဲ့ရင် ဗောက်ပျောက်တဲ့ Formular ပါဝင်တဲ့ ခေါင်းလျှော်ရည် အသုံးပြုပါ။ ဆီလီနီယမ် ဆာလဖိတ်ဒါမှမဟုတ်ZincPyrithineပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဦးရေပြား cell ပွားများနှုန်းကို နှေးကွေးစေတဲ့အတွက် ထိရောက်မှုအမြန်ဆုံးပါ။Salicylicacidနဲ့ဆာလဖာပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဗောက်ဖတ်ပျော်ဝင်နိုင်တဲ့အတွက်အလွယ်တကူ ဆေးကြောလို့ရပါတယ်။Antibacteriaပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဘက်တီးရီးယား ပေါက်ဖွားမှုနှုန်းကိုနည်းစေပြီး Tar ပါဝင်ရင် Cell ကြီးထွားမှု နှေးကွေးသွားပါတယ်။

ကြမ်းကြမ်းတမ်းတမ်း အသုံးမပြုပါနဲ့...
ဗောက်ပျောက်ခေါင်းလျှော်ရည်တွေဟာ နေ့စဉ်သုံးဖို့ ပြင်းလွန်းတာကြောင့် ရိုးရိုးခေါင်းလျှော်ရည်နဲ့ တစ်ရက်ခြားစီ အသုံးပြုသွားပါ။

ဆံပင်အရောင်ဖျော့သူများ သတိထားပါ...
သင့်ဆံပင်အရောင်ဖျော့နေရင်Tarပါဝင်တဲ့ ခေါင်းလျှော်ရည်အသုံးပြုပါကဆံပင်အရောင်ကျွတ်နိုင်တာကြောင့် သတိထားသုံးပါ။

နှစ်ကြိမ်လျှော်ပါ...
ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ နှစ်ကြိမ်လျှော်ပါ။ ပထမတစ်ကြိမ် ရေပန်းအောက် ရေဝင်ချိုးစဉ်မှာ ခေါင်းလျှော်ရည်နဲ့ခေါင်းကိုအမြှုပ်ထအောင်ပွတ်ပေးပါ။ ရေချိုးအပြီးမှာ ခေါင်းကိုရေဆေးချပါ။ ဒါမှ ခေါင်းလျှော်ရည်နဲ့ အာနိသင်ပြနိုင်ဖို့ အချိန်ရမှာပါ။ ဒုတိယအကြိမ် ခေါင်းလျှော်ရည်ထည့်ပြီး ခေါင်းထပ်လျှော်ပါ။

Shower Cap ဆောင်းပါ...
ဗောက်ပျောက်ခေါင်းလျှော်ရည်ရဲ့ ထိရောက်မှု ပိုရှိစေဖို့ ခေါင်းကို အမြှုပ်ထအောင်ပွတ်အပြီးမှာShowerCapနဲ့တစ်နာရီခန့် ဆောင်းထားပါ။ ပြီးမှရေဆေးချပါ။

ခေါင်းလျှော်ရည် ပြောင်းသုံးပါ...
ခေါင်းလျှော်ရည်တစ်မျိုးသုံးပြီး သင့်ဗောက်တွေပျောက်သွားရင် ဆက်လက်အသုံးပြုပါ။ ဒါပေမဲ့ သင့်အရေပြားဟာ အဲဒီအမျိုးအစားကိုယဉ်ပါးသွားလို့ ဗောက်ပြန်ထရင် နောက်တစ်မျိုးပြောင်းသုံးပါ။

ဦးခေါင်းကို နှိပ်ပေးပါ...
ခေါင်းလျှော်နေစဉ် သင့်လက်ချောင်းတွေ အသုံးပြုပြီး ဦးရေပြားကို နှိပ်ပေးပါ။ ကုတ်တော့ မကုတ်ပါနဲ့။ အနာပေါက်နိုင်ပြီး ဗောက်ထတာထက် ပိုဆိုးသွားနိုင်လို့ပါ။

ပျော့ဆေးသုံးပါ...
ဗောက်ပျောက်ခေါင်းလျှော်ရည်တွေဟာထိရောက်မှုရှိပေမယ့်ဆံပင်ကြမ်းလာနိုင်တာမို့ ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေး (Conditioner) အသုံးပြုပါ။

နေရောင်ခြည် ခံယူပါ...
နေရောင်ခြည်နဲ့အနည်းငယ်ထိတွေ့တာဟာ ဗောက်ထတာအတွက် ကောင်းမွန်တာကြောင့် နေ့စဉ်နေရောင်ခြည်နဲ့ မိနစ် ၃၀ ခန့် ထိတွေ့ပါ။ နေရောင်ကာ လိမ်းဆေးလိမ်းဖို့တော့ မမေ့ပါနဲ့။

စိတ်ဖိစီးမှု လျှော့ချပါ...
စိတ်ဖိစီးမှုများရင် ဗောက်နဲ့အရေပြားရောဂါတွေပိုဆိုးရွားလာတတ်တာကြောင့်တရားထိုင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာလိုမျိုးစိတ်ဖိစီးမှု ဖြေနိုင်တဲ့နည်းလမ်းတွေ အသုံးပြုပါ။ ဗောက်အတွက် သိပ်ပြီး မစိုးရိမ်ပါနဲ့။

သံလွင်ဆီသုံးပါ...
ဦးရေအဆီပြန် လွန်းတာကြောင့် ဗောက်ပြဿနာ ဖြစ်ပေမယ့် သံလွင်ဆီကို အောက်ပါအတိုင်းအသုံးပြုရင် ဗောက်ဖတ်တွေ ပျော့ပျောင်းသွားပြီး ကွာကျလာ နိုင်ပါတယ်။ သံလွင်ဆီ အနည်းငယ်ကို မီးငွေ့ငွေ့နဲ့ အပူပေးပါ။ ဦးခေါင်းကို ရေဆွတ်ထားပြီး သံလွင်ဆီကို ဦးရေပြားအပေါ်ပွတ်ပေးပါ။မိနစ်၃၀ခန့်ထားပြီးနောက် ဗောက်ပျောက် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။

*ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ...
- ဗောက်ပျောက် ခေါင်းလျှော်ရည်ကိုပုံမှန်အသုံးပြုပေမယ့်
ဗောက်ဖတ်ထူထူတွေ ဖြစ်နေခဲ့ရင်
- အဝါရောင်သန်းတဲ့ ဗောက်မျိုးတွေဖြစ်နေခြင်း
-အနီရောင်အကွက်ထနေခြင်း၊
အထူးသဖြင့်လည်ပင်းတစ်လျှောက်မှာ
- ဦးရေပြား ပွန်းပြီး ပူလောင်နေရင်

နှင်းဆီဖူးလေးများ-Love BUDS

သမီးယောက္ဖချင်း စကားများရန်ဖြစ်ပြီး ရိုက်နှက်ကြရာမှ သေဆုံး

ရန်ကုန်၊ မတ် ၂၄

၂၂.၃.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊  နွယ်ခွေကျေး ရွာနေ ဒေါ်အေးအေးမြင့်သည် နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်း နေထိုင်သော သားဖြစ်သူ သန့်ဇင်ဦး၊ (၂၇)နှစ်၊ (ဘ)ဦးစိုးသိန်း ရောက်ရှိလာပြီး ၂၁.၃.၂၀၁၄ ရက်နေ့ညက ၎င်းနှင့် ယောက္ဖဖြစ် သူ ဖိုးထောင်(ခ)သန်းခိုင်၊ (၂၉)နှစ်၊(ဘ)ဦးထူး၊ ပျဉ်းမပင်ကျေးရွာ၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေသူတို့သည် နေအိမ်ရှေ့၌ စကားများရန်ဖြစ်ပြီး သစ်သားတုတ်ဖြင့် အပြန်အလှန်ရိုက်နှက်ကြရာမှ ၎င်းတွင် ဦးခေါင်းဖူးရောင်၊ ၀ဲလက်မောင်းညိုမဲ၊ ရင်ဘတ်ပွန်းခြစ်၊ ၀ဲပုခုံးနာကျင်ဒဏ်ရာများ ရရှိခဲ့သည်ကို ပြောပြသိရှိခဲ့ရကြောင်း၊ ၂၃.၃.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် သားဖြစ်သူ၏ဒဏ်ရာများမှာ စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်းကို သိရှိခဲ့ရသည့်အတွက် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသခဲ့ရာ၂၄.၃.၂၀၁၄ ရက်နေ့ ၀၂၄၀ အချိန်တွင် သားဖြစ်သူသန့်ဇင်ဦးမှာ သေဆုံးသွားခဲ့ကြောင်း
နှင့် ယင်းသို့ပြစ်မှုကျူးလွန်သူ ဖိုးထောင်(ခ)သန်းခိုင်ကို အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

ယင်းသို့တိုင်တန်းချက်အရ ဖိုးထောင်(ခ)သန်းခိုင်အား ထောက်ကြန့်နယ်မြေ ရဲစခန်း(ပ)၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


ပလက်ဖောင်းပေါ်တွင်ထိုင်ကာ လက်ဖက်ရည် သောက်နေသူ၏ ခေါင်းပေါ်သို့ (၅)လွှာရှိ တိုက်ခန်းမှ ကွန်ကရစ်တုံး ပြုတ်ကျခဲ့၍ သေဆုံး

ရန်ကုန်၊ မတ် ၂၄

၂၃.၃.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း အထက်ရပ်ကွက်၊ ဗညားဒလလမ်းနှင့် သြဘာလမ်းထောင်ရှိ ကုဋေကြွယ် လက်ဖက်ရည်ဆိုင်ရှေ့ ပလပ်ဖောင်းပေါ်တွင် လက်ဖက်ရည်ထိုင်သောက်နေသူ ပျားရည်ကုန်းရပ်ကွက်နေ ဦးမင်းအောင်(၅၈)နှစ်၏ ဦးခေါင်းပေါ်သို့ တိုက်အမှတ်(၃၄၄)၊ (၅)လွှာ-စီ၏ အိမ်ရှေ့ဝရန်တာ ရေကာဆန်းရှိတ် အစွန်းမှ အရှည်(၂)လက်မ၊ ထုနှင့်ဗျက်(၅)လက်မပတ်လည်ခန့်ရှိ ကွန်ကရစ်တုံးပဲ့ကျခဲ့၍ ၎င်းတွင် နဖူးစပ်မှ ၀ဲချိုစောင်းထိ စုတ်ပြဲဖူးရောင် ဒဏ်ရာ ရရှိခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြော အထူးကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိစဉ် ၂၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၅ အချိန်တွင် ရရှိသောဒဏ်ရာဖြင့်သေဆုံးသွား ခဲ့ပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး တာမွေမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police


ဆံပင်ကျွတ်ခြင်း အတွက် အကောင်းဆုံး လက်နက်များ

တကယ်ထိရောက်ပြီး ဆံပင်ကျွတ်မှုကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါ လိမ့်မယ်။ အဲဒီအစားအစာ တွေကတော့ -

(၁) အုန်းရည်

အုန်းရည်ဟာ ဆံပင်ကျွတ်မှု အတွက် များစွာ အထောက်အကူပြုပေး ပါတယ်။ ဒါ့အပြင်
ဆံပင်ကို နက်မှောင်စေပြီး ပိုမို သန်စွမ်းစေနိုင် ပါတယ်။ ဒါကြောင့် ဆံပင်အတွက် အုန်း
ရည်ဟာ ဆေးတစ်လက် ဖြစ်ပါတယ်။

(၂) ကြက်ဥ

ကြက်ဥ တစ်လုံး၏ အနှစ်ကိုယူပါ။ တစ်လုံးထက် ပိုပြီးလဲ သုံးနိုင်ပါတယ်။ ထို့နောက် ပျားရည်ကို လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး နှစ်ခုရောပြီး မွှေလိုက်ပါ။
ဦးရေပြားပေါ်သို့ ထိုအရာများကို တင်လိုက်ပါ။ မီနစ် ၂၀ မှ ၃၀ ခန့်လောက် စောင့်ပါ။ ပြီးနောက် ခေါင်းလျှော်လို့ ရပါပြီ။ ခေါင်းလျှော်ရာတွင် အေးသောရေနဲ့ မလျှော်ပါနဲ့။
နွေးသော ရေဖြင့်သာ ခေါင်းကို လျှော်ပါ။ အဲလို လုပ်ခြင်းအာဖြင့် ဆံပင်ကျွတ်ခြင်းသာ မကဘဲ ဆံပင်ကြမ်းခြင်း ဆံပင် မသန်ခြင်း နှစ်ခွဖြစ်ခြင်း အတွက်ပါ
ကောင်းမွန်စေ ပါတယ်။

(၃) ကြက်သွန်နီ

ကြက်သွန်နီ ကတော့ ဆံပင်အတွက် လက်နက်တစ်ခု ဖြစ်ပါတယ်။ အသုံးပြုပုံ ကတော့ ကြက်သွန်နီ၏ အရည်ကို ဦးရေပြားပေါ်သို့ သုတ်လိမ်း ပေးခြင်းဖြင့်
ဆံပင်ကျွတ်ခြင်း အတွက် အထူးပင် ကောင်းမွန်စေ ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါ နွားတစ်ကောင်မွေး

ရပ်စောက် ၊ ၂၄-၃-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ် ၊ ဝှေးတိုက်နယ် ၊ ဘန်းဂွေးကျေးရွာ ဦးဒွန်း၏ နွားခြံတွင် နွားကောင်ရေ ၅၀ ခန့် ရှိရာ အသက် ၈ နှစ်အရွယ်ရှိ နွားမကြီး တစ်ကောင်မှ ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ် တစ်ကောင် ကို မတ်လ ၁၆ ရက် နံနက် ၉ နာရီခန့်က မွေးပြီး နွားမကြီး သေဆုံး သွားခဲ့သည် ဟု သိရသည်။

ထို ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ်လေး ကို ထူးဆန်းသဖြင့် လာရောက် ကြည့်ရှု့သူ များပြားလျက် ရှိကြောင်း သိရသည်။

အဆိုပါ နွားခြံပိုင်ရှင် သည် နွားခြံ လုပ်ငန်း လုပ်ကိုင် ခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်၍ ယခုကဲ့သို့ ၄င်း၏ နွားခြံမှ ထူးဆန်းသော ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ်လေး မွေးခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရှိရသည်။ (၁၆၆)

The Myawady Daily

နှလုံးသားကို ထိတွေ့စေတဲ့ မြင်ကွင်း

ကျားသစ်လေးဟာ ကိုယ့်ရဲ့ ၀မ်းစာ တစ်နပ်အတွက် မျောက်တစ်ကောင်ကို သတ်ခဲ့တယ်။ မထင်မှတ်ပဲ အဲဒီ မျောက်မ မှာ မွေးကင်းစ မျောက်ကလေး ပါလာတယ်။ ကျားသစ် တစ်ကောင်ရဲ့ ထူးထူးဆန်းဆန်း အကြင်နာတရားလေးကို တွေ့လိုက်ရတဲ့ အချိန်မှာ မဖေါ်ပြတတ်တဲ့ အတွေးတွေ ရလိုက်ပါတယ်။

မျောက်လေးအပေါ် သူ့ရဲ့ ကြင်နာမှုပေါ်မှာ တကယ်ကောမျောက်လေး အသက်ရှင်နိုင်ပါမလား...

မူရင်း >>>>ဈာန်<<<<
Classic Burma News


ရင်သားကြီးအောင်လို့ Vaseline အဆီထိုးထည့်ပြီးနောက် အဆုတ်ထဲသွေးခဲပြီး သေဆုံးသွားခဲ့သူ

အာဂျင်တီးနားနိုင်ငံက အသက် ၃၉ နှစ်အရွယ် အပျော်တမ်း အားကစားသမား ဆိုနီယာ ပီရက်ဇ် ဆိုသူဟာ လွန်ခဲ့တဲ့ တစ်လက ဆေးရုံကို အသက်ရှုရ ခက်ခဲတဲ့ပြဿနာကြောင့် ရောက်ရှိလာခဲ့တာပါ။ ပထမတော့ သူမဟာ ဆရာဝန်တွေရဲ့ မေးမြန်းချက်တွေကို အကုန်ငြင်းဆန်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရင်သားကြီး အောင်လို့ Vaseline အဆီကို ရင်သားထဲ မိမိဘာသာ ထိုးထည့်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

အခုတော့ သူမဟာ  အဆုတ်ထဲမှာသွေးခဲတဲ့ဝေဒနာကို ခံစားရပြီးနောက် ဆေးရုံမှာပဲသေဆုံးသွားခဲ့ပါပြီ။ ဗြူနိုအေးရိစ် မြို့ အနောက်တောင်ဘက် မိုင် ၃၅၀ အကွာ၊ ဆန်တာရော့ဆာ မြို့ ဆေးရုံရဲ့ ခွဲစိတ်ဌာနမှူး ဂျူလီယို ပလာ က

“ အခုသေဆုံးသွားတဲ့ အမျိုးသမီး ဆေးရုံရောက်လာတော့ သူမရင်သားမှာ အနာတွေဖြစ်နေပါပြီ။ ပထမတော့ သူက မေးသမျှအကုန်ငြင်းသေးတယ်။နောက်မှ သူ ရင်သားကြီးချင်လို့ Vaseline ကို ရင်သားထဲ ထိုးထည့်ခဲ့တယ်ဆိုတာကို ၀န်ခံခဲ့တယ်လေ” လို့ ပြောကြားခဲ့ပါတယ်။

“ ဒီလို အဖြစ်မျိုး ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးဘူး။ လူ့ ခန္ဓာကိုယ်က တော်ရုံ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေကို အသာတိုက်ထုတ်နိုင်တဲ့ ခုခံအားတွေရှိတယ်။ ဒီ Vaseline လို ထုတ်ကုန်ဟာမျိုးကိုတော့ ခုခံနိုင်မယ့် ဖွဲ့ စည်းပုံမရှိဘူး။”

“ Vaseline ကို သုံးနေတဲ့ တခြားလူတွေလည်း ခင်ဗျားတို့ ကိုယ့်သေတွင်းကိုယ်တူးနေတယ်ဆိုတာ သိထားဖို့  လိုတယ်” လို့ ဆရာဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

မကြာသေးမီကလည်း လိင်အင်္ဂါကြီးအောင်လို့ Vaseline ထိုးထည့်ကြတဲ့ ယောင်္ကျားအရေအတွက် များပြားလာမှု အပေါ် ဆရာဝန်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ရေနံစိမ်းပါဝင်တယ်ဆိုတဲ့ Vaseline အဆီကြောင့် တစ်သျူးပျက်စီးတာနဲ့ ပန်းသေးပန်းညှိုးရောဂါတွေ ကြုံတွေ့ နိုင်ပြီး အသက်အန္တရာယ်ပါ ဆုံးရှုံး နိုင်ကြောင်း သိရှိရပါတယ်။

Ref: Mirror.co.uk
trend myanmar

ဆွာရက်ဇ်၏ ဟက်ထရစ်ဂိုးနှင့်အတူ ကာဒစ်ဖ်ကွင်းတွင် ဂိုးမိုးရွာခဲ့သည့် လီဗာပူးလ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၁) ကာဒစ်ဖ်စီးတီးနှင့် လီဗာပူးလ် ပွဲစဉ်တွင် ဧည့်သည် လီဗာပူးလ် အသင်းက ၆-၃ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ကာဒစ်ဖ်တွင် မာရှယ်လ်၊ ဖေဘီယို၊ သီအိုဖိုင်းလ် ကက်သရင်း၊ ကောလ်ကာ၊ ကာလာ၊ ဂျွန်၊ မီဒယ်လ်၊ ကင်မ်၊ မတ်ခ်ျ၊ ဘယ်လာမီ၊ ကမ်းဘဲလ် တို့ပွဲထွက်ပါဝင်ခဲ့သည်။

လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ ဂျွန်ဆန်၊ ဖလာနာဂန်၊ အဂ္ဂါ၊ စကာတယ်လ်၊ ဂျရတ်၊ အလန်၊ ဟန်ဒါဆန်၊ ကော်တင်ဟို၊ ဆွာရက်ဇ်၊ စတားရစ်ခ်ျ တို့ပါဝင်ကစားခဲ့သည်။

ပထမပိုင်းတွင် လီဗာပူးလ်သည် အိမ်ရှင်အသင်းကို ၂ ကြိမ်တိုင် ဦးဆောင်ခွင့် ပေးခဲ့ရသော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သည်။ ပွဲအစ ၉ မိနစ်တွင် ကာဒစ်ဖ်စီးတီးမှ မတ်ခ်ျက အဖွင့်ဂိုး သွင်းယူခဲ့သော်လည်း ၁၆ မိနစ်တွင် လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဂျွန်ဆင်၏ ပေးပို့မှုမှတစ်ဆင့် ချေပဂိုး သွင်းယူခဲ့သည်။ သို့သော် ၂၅ မိနစ်တွင် ကာဒစ်ဖ် တိုက်စစ်မှူး ကမ်းဘဲလ်က အဂ္ဂါကို ကျော်ဖြတ်ပြီး အသင်းအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့သည်။ ၄၁ မိနစ်တွင် လီဗာပူးလ် နောက်ခံလူ စကာတယ်လ်က အသင်းအတွက် ချေပဂိုးကို ကော်တင်ဟို၏ ပေးပို့မှုမှတစ်ဆင့် ပိတ်သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် လီဗာပူးလ်၏ ကစားပုံ ပိုကောင်းလာခဲ့ပြီး အသင်းအတွက် လိုအပ်သည့် ဂိုးများကိုလည်း သွင်းယူနိုင်ခဲ့သည်။ ၅၄ မိနစ်တွင် စကာတယ်လ်က လီဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် အနိုင်သေချာစေမည့် ဂိုးများကို ၆၀ မိနစ်နှင့် ၇၅ မိနစ်တို့တွင် ဆွာရက်ဇ်နှင့် စတားရစ်ခ်ျတို့က အသီးသီး သွင်းယူနိုင်ခဲ့သည်။ ၈၈ မိနစ်တွင် မတ်ခ်ျက ကာဒစ်ဖ်အတွက် ချေပဂိုး တစ်ဂိုး ထပ်မံသွင်းယူပေးခဲ့သော်လည်း မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ဆွာရက်ဇ်က ၎င်း၏ ဟက်ထရစ်ဂိုးကို သွင်းယူသွားခဲ့သည်။ ပွဲအပြီးတွင် လီဗာပူးလ်က အိမ်ရှင် ကာဒစ်ဖ်ကို ၆-၃ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာ၌ ဆက်လက် ရပ်တည်နိုင်ခဲ့သည်။

Soccer Myanmar


အပ်တွန်ပတ်ခ်တွင် အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည့် မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၁) ဝက်စ်ဟမ်းနှင့် မန်ချက်စတာယူနိုက်တက် ပွဲစဉ်တွင် ဧည့်သည် ယူနိုက်တက်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဝက်စ်ဟမ်းတွင် အေဒရီယန်၊ မက္ကာနေ၊ နိုလန်၊ တွမ်ကင်စ်၊ ကာရိုးလ်၊ တေလာ၊ နိုဘယ်လ်၊ ကောလင်းစ်၊ ဒီမယ်လ်၊ ဒိုင်ယာမီ၊ ဒေါင်းနင်းတို့ ပွဲထွက်ပါဝင်ခဲ့သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ရာဖေးလ်၊ ဂျုံးစ်၊ ကာရစ်၊ ဘတ်နာ၊ မာတာ၊ ဖလက်ချာ၊ ဖယ်လိုင်နီ၊ ယန်း၊ ကာဂါဝါ၊ ရွန်နီတို့ ပါဝင်ကစားခဲ့သည်။

ယခုပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်သည် ချန်ပီယံလိဂ် လူစာရင်း ၆ နေရာကို အပြောင်းအလဲ ပြုလုပ်ပြီး ဝက်စ်ဟမ်းကို ယှဉ်ပြိုင်ခဲ့သည်။ ၄ မိနစ်တွင် ဖယ်လိုင်နီ၏ ဂိုးသွင်းရန် ကြိုးပမ်းမှုကို အင်ဒီကာရိုးလ် ကာကွယ်ရှင်းထုတ်နိုင်ခဲ့သည်။ ၆ မိနစ်တွင် ကာဂါဝါ ပေးပို့သည့် ဘောလုံးကို မာတာ ကန်သွင်းရာ အားပျော့သွားခဲ့သောကြောင့် ဝက်စ်ဟမ်း ဂိုးသမား ကာကွယ်သွားနိုင်ခဲ့သည်။ ၈ မိနစ်တွင် မန်ချက်စတာယူနိုက်တက်က အဖွင့်ဂိုး ရရှိသွားခဲ့သည်။ အဆိုပါဂိုးကို အင်္ဂလန် တိုက်စစ်မှူး ဝိန်းရွန်နီက ကိုက် ၅၀ အကွာမှ လှလှပပ ကန်သွင်းယူခဲ့သည်။ ၂၅ မိနစ်တွင် မာတာ၏ ပေးပို့မှုမှတစ်ဆင့် ကာဂါဝါ ဘယ်ခြေဖြင့် ကန်သွင်းရာ ဂိုးသမား အေဒရီယန် ကာကွယ်နိုင်ခဲ့သည်။ ၃၀ မိနစ်တွင် မာတာက နောက်ထပ် တစ်ကြိမ် အခွင့်အရေး ရရှိခဲ့သော်လည်း ၎င်း၏ ကန်သွင်းချက်ကို အေဒရီယန်ကပင် ကာကွယ်သွားခဲ့သည်။ ၃၄ မိနစ်တွင် ယူနိုက်တက်က ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး အဆိုပါ ဂိုးကို ဝိန်းရွန်နီက သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ဝက်စ်ဟမ်းက ချေပဂိုးများ ရရှိရန်အတွက် ယူနိုက်တက် အသင်းဘက်သို့ အမြင့်ဘောများဖြင့် တိုက်စစ်ဆင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ကာရစ်၊ ဖယ်လိုင်နီ၊ ဂျုံးစ်တို့က ကာရိုးလ်၊ နိုလန်နှင့် ဒိုင်ယာမီတို့၏ အမြင့်ဘော ခြိမ်းခြောက်မှုများကို အကောင်းဆုံး ကာကွယ် ရှင်းထုတ်နိုင်ခဲ့သည်။ ထို့အပြင် ယူနိုက်တက်ကလည်း ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ခြင်း မရှိသောကြောင့် ပွဲအပြီးတွင် ဝိန်းရွန်နီ၏ ပထမပိုင်း သွင်းဂိုးများဖြင့် မန်ချက်စတာယူနိုက်တက်က အနိုင်သုံးမှတ် ရရှိသွားခဲ့သည်။

Soccer Myanmar


ပုဂံတွင် ဥရောပစုံတွဲတစ်တွဲ ရိုးရာဓလေ့အတိုင်း မင်္ဂလာဆောင်

ဥရောပစုံတွဲတစ်တွဲမြန်မာ့ရိုးရာဓလေ့အတိုင်း မင်္ဂလာပွဲကျင်းပနေစဉ် ဓာတ်ပုံ − ရသ
ပုဂံရှေးဟောင်းမြို့တွင် ရိုးရာဓလေ့အတိုင်း မင်္ဂလာပွဲ ကျင်းပလိုသော ဥရောပစုံတွဲ တစ်တွဲသည် မတ်လ ၂၀ ရက်က ပုဂံမြို့ မြစည်းခုံဘုန်းတော်ကြီးကျောင်း၌ မင်္ဂလာပွဲပြုလုပ်သွားကြောင်း သတင်းရရှိသည်။

ဆွစ်ဇာလန်နိုင်ငံသား အသက် (၂၉) နှစ် အရွယ် Mr. Alewandre MONNEY နှင့် ပြင်သစ်နိုင်ငံသူ အသက် (၂၃) နှစ် အရွယ် Ms.Florence Marie Eugenia THELLIER တို့သည် ပုဂံရှေးဟောင်းမြို့တွင် ပြုလုပ်လေ့ရှိသော မင်္ဂလာဧည့်ခံပွဲအတိုင်း ကျင်းပချင်သည်ဟုဆိုကာ ပုဂံမြို့ မြစည်းခုံဘုန်းတော်ကြီးကျောင်းတွင် သံဃာတော်ငါးပါးအားဆွမ်းကပ်ကာ ဧည့်ပရိသတ် ၁၅၀ ဖိတ်ကြား၍ ဒေသဧည့်ခံကျွေးမွေးသည့်ပုံစံအတိုင်း မုန့်ဟင်းခါး ကျွေးမွေးခဲ့သည်။

‘‘သူတို့လာတဲ့ကုမ္ပဏီကနေ စီစဉ်ပေးတယ်။ သူတို့နှစ်ယောက်က ပုဂံမှာလည်း မင်္ဂလာဆောင်တဲ့တစ်ရက်ပဲနေတာ။ ရန်ကုန်မှာလည်း မနေဘူး။ ပုဂံကို သက်သက်လာပြီး ဒီကထုံးစံအတိုင်း မင်္ဂလာလာပြီးဆောင်တာလို့ ပြောရမယ်။ ဗုဒ္ဓဘာသာလည်း မဟုတ်ဘူး’’ဟု ဧည့်လမ်းညွှန် ကိုစိုင်းဝဏ္ဏကပြောသည်။

‘‘ဦးပဉ္စင်းဆီကိုလာပြီး ဒီကပုံစံအတိုင်း မင်္ဂလာဆောင်ချင်တယ်ပြောတယ်။ ဦးပဉ္စင်းကိုယ်တိုင် သူတို့ကို လက်ထပ်ပေးခဲ့ပါတယ်။ သူတို့က ဗုဒ္ဓဘာသာမဟုတ်ပေမယ့် ဘုန်းကြီးတွေကို ရှိခိုးတာတွေလုပ်တယ်။ ဆွမ်းကပ်တာတွေ လုပ်တယ်။ ဒီဒေသက မင်္ဂလာဆောင်တဲ့ပုံစံအတိုင်း လုပ်ကြတယ်။ သူတို့လည်း တော်တော်ဝမ်းသာနေကြတယ်’’ဟု မြစည်းခုံကျောင်းတိုက်ဆရာတော် ဦးရသနန္ဒက မိန့်ကြားသည်။

နိုင်ငံခြားခရီးသွားများ ပုဂံမြို့သို့ လာရောက်၍ ရိုးရာဓလေ့အတိုင်းပြုလုပ်သည့် မင်္ဂလာဆောင်ဧည့်ခံပွဲမျိုး ယခင်ကလည်း ရှိခဲ့ဖူးကြောင်း ပုဂံဒေသတွင်း ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောသည်။

‘‘အဓိကကတော့ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုတွေကို နိုင်ငံခြားသားတွေက တော်တော်လေးသိလာတယ်။ ပုဂံကိုလာရင် သူတို့ စိတ်တွေ အေးချမ်းနေတယ်လို့ သူတို့က ပြောကြတယ်။ ဒီလိုမျိုး ပုဂံမှာလာပြီး ရိုးရာအတိုင်း မင်္ဂလာဆောင်သွားတာတွေက သူတို့အတွက် အမှတ်တရတွေဖြစ်မှာပါ’’ ဟု ဦးဇော်ဝင်းချိုကပြောသည်။

Author: ငြိမ်းချမ်း

7DAY DAILY

ယာဉ်မောင်းနှင်နေစဉ် ရေသောက်ရန်ရေဗူးယူရာက ယာဉ်တိမ်းမှောက်မှုဖြစ်

နေပြည်တော်၊ မတ် ၂၁

၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၁/၁-၂)ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက် အရ တောင်ငူမှရန်ကုန်သို့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နေ ထွန်းထွန်းလွင်(၄၄)နှစ်သည် ၂ဃ/xxxx ပါဂျဲရိုးအဖြူရောင်ယာဉ်အားမောင်းနှင်လာစဉ် ရေသောက်ရန်ရေဗူးယူရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ဘေးတွင်ကာရံထားသောတန်းအားတိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့တိမ်းမှောက် မှုကြောင့် ထွန်းထွန်းလွင်တွင် ၀ဲခြေသလုံးပေါက်ပြဲ၊ ယာခြေဖမိုးပွန်းပဲ့ဒဏ်ရာများနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မသက်စုလွင်(၁၂)နှစ်တွင် ၀ဲလက်မောင်း/ယာခြေဖနောင့်နာကျင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် လှည်းကူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့ခေါင်းပိုင်း/ဘော်ဒီပိန်ချိုင့်၊ ၀ဲ/ယာတံခါး မှန်များကွဲ၍ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ထွန်းထွန်းလွင်အား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

နောက်ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်၍ ၁ ဦးသေ

နေပြည်တော်၊ မတ် ၂၁

၂၀၁၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၂/၀-၁)ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သီးကုန်းအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ မဟာမြိုင်မြို့သစ်နေ ဇင်မျိုးလွင်(၂၆)နှစ်မောင်းနှင်လာသော ၂ဃ/xxxx ပရာဒိုမီးခိုးရောင်ယာဉ်သည် ၀ဲဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ အရှေ့ဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ မင်းနိုင်(ခ)ဂျိုကာဝမ်းလီ(၂၄)နှစ်တွင် ဦးခေါင်းနောက်စေ့/ယာတံတောင်ဆစ်ပေါက်ပြဲ၊ ၀ဲ/ယာနားနှစ်ဖက်သွေးထွက်၊ နှာခေါင်း/ပါးစပ် သွေးထွက်၊ ခါးညိုမဲ၊ ၀ဲ/ယာခြေသလုံးပွန်းပဲ့ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဇင်မျိုးလွင်တွင် ယာနားထင်/ယာပါး/မေးစေ့ပွန်းပဲ့၊ ပါးစပ်မှသွေးထွက်၊ ယာနံဘေးစုတ်ပြဲ/ ၀ဲ/ယာပေါင်၊ ၀ဲ/ယာဒူးခေါင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်/ရှေ့မီးသီးကွဲ၊ အမိုးကိုင်းပိန်ချိုင့်၍ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်းနှင့် ဇင်မျိုးလွင်အား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

၈၈ခေါင်းဆောင် ဦးကိုကိုကြီး မင်္ဂလာပွဲ ကလေးမြို့တွင်ကျင်းပ

ရန်ကုန်၊ မဇ္ဈိမ။ ။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ အတွင်းရေးမှူး ဦးကိုကိုကြီးဟာ ကလေးမြို့မှ ဒေါက်တာသိန်းဝင်း+ ဒေါ်ကြည်ကြည်မြင့် (ရတနာပုံထီဆိုင်) တို့၏ သမီးငယ် မခင်သူသူဝင်းနဲ့ မင်္ဂလာဧည့်ခံပွဲကို မတ်လ ၂၁ရက် နံနက်က ကလေးမြို့ နဂါးရွှေစင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ကလေးမြို့မှာ ယနေ့ပြုလုပ်တဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ၈၈ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးဂျင်မီတို့ တက်ရောက်ကာ မင်္ဂလာအမှာစကား ပြောကြားခဲ့ကြပါတယ်။

ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်းတို့ဟာ ဧပြီလ ၆ရက်နေ့ နံနက် ၉နာရီမှာလည်း ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ Sky Barဟိုတယ်မှာ မင်္ဂလိပ်ဧည့်ခံပွဲ ကျင်းပဦးမှာပါ။

ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်းတို့ဟာ ရန်ကုန်မြို့ တရားရုံးချုပ် တိုင်းတရားလွှတ်တော် တရားသူကြီး ဦးမျိုးမြင့်၏ ရှေ့မှောက်တွင် မတ်လ ၅ရက် နံနက်၉နာရီက နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။

Mizzima - News in Burmese

ဖျက် ဖောက် ချုပ် (ရုပ်/သံ)

ယောကျာင်္း(တဇာ)ကနေ…မိန်းမ(တဇာ)တို့…မျက်စိရှေ့မှာတင်ပြောင်းလဲလိုက်တဲ့ video လေး ဖြစ်ပါသည်။


ဟားခါးမြို့နယ် အတွင်း လေယာဉ် ပျက်ကျ

ရန်ကုန် ၊ မတ် ၂၀

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး နှင့် ဖလမ်း ခရိုင်နယ်နိမိတ် အနီးတွင် မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ကြောင်း မျက်မြင်တွေရှိသူ ဒေသခံများ၏ ပြောကြား ချက်ကို ကိုးကား၍ ဟားခါးဒေသခံများက ပြောကြားသည်။

အဆိုပါ လေယာဉ်မှာ ဟားခါး-မှန်ဒေါ်-ကလေး ကားလမ်း လမ်းအနီးတွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ ကပြောကြားသည်။

လေယာဉ်ပျက်ကျမှုကို The Voice မှ ယနေ့ ည ၁၁ နာရီအချိန် တွင်ချင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် သွားရောက်စစ်ဆေးရာ ဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

သတင်း အပြည့်အစုံကို မနက်ဖြန် မတ်လ ၂၁ ရက်နေ့ထုတ် The VOICE သတင်းစာတွင် ဖော်ပြပေးပါမည်။

The Voice Weekly

ယာဉ်မရပ်တန့်မီ ခုန်ချ၍ သေဆုံး

နေပြည်တော်၊ မတ် ၂၀

၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာဘုရားအနီးတွင် ယာဉ်ပေါ်မှကလေးတစ်ဦးပြုတ်ကျကြောင်း သတင်းအရ စိုင်ကောင်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ လျှော်ချောင်းလေး ကျေးရွာမှ နတ်မောက်မြို့သို့နတ်မောက်မြို့နယ်၊ မြို့မရပ်ကွက်နေ ဖြိုးမင်းသူ(၂၃)နှစ် မောင်းနှင်လာသော ၂ဂ/xxxx ဖောကားအဖြူရောင်ခေါင်းတိုယာဉ်သည် နတ်မောက်-စိုင်ကောင်းလမ်းအတိုင်း မောင်းနှင်လာစဉ် သမှုန်းကုန်းကြီး ဘုရားအနီးအရောက်ယာဉ်ပေါ်တွင် လိုက်ပါလာသူ နတ်မောက်မြို့နယ်၊ သမှုန်းကြီးကျေးရွာအုပ်စု၊ လျှော်ချောင်းလေး ကျေးရွာနေ ထွန်းလင်းအောင်(၁၃)နှစ်သည် ယာဉ်မရပ်တန့်မီခုန်ချခဲ့သောကြောင့် နှာခေါင်းမှသွေးထွက်ဒဏ်ရာ ရရှိကာ သတိလစ်သွား၍ နတ်မောက်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားကြောင်း သိရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဖြိုးမင်းသူအား စိုင်ကောင်းနယ်မြေရဲစခန်းယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


သင်္ကြန်ဆိုရင် အပြင် ထွက်လည်ရမှာ ကြောက်တဲ့ ခင်ဝင့်ဝါ

လတ်တလောမှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “အရုပ်ကလေးကို ကျွန်တော်ပြန် မပေးပါ” ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ ခင်ဝင့်ဝါက ဒီဇာတ်လမ်းလေး က ထူးဆန်းပြီး ပရိသတ်တွေ မထင်ထားတာ မျိုးတွေလည်း ပါဝင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လည်း အကောင်းဆုံး ကြိုးစား သရုပ်ဆောင် ထားကြောင်း ပြောပါတယ်။ ဇာတ်ကားတွေ လည်း ဆက်တိုက်ရိုက်ကူးဖို့ရှိသလို ကြော်ငြာတွေလည်း ရိုက်ကူးဖို့ ရှိကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။

သင်္ကြန် ကိုတော့ ခရီးသွားဖြစ်ချင် သွားဖြစ်မှာဖြစ်ပြီး မသွားဖြစ် ရင်တော့ ရန်ကုန်မှာပဲ ရိပ်သာ ဝင်ဖြစ်မယ်လို့ သိရပါတယ်။

သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက် ကိုမေးတော့ ခင်ဝင့်ဝါက “အနုပညာသမား မဖြစ်ခင်က သင်္ကြန်ဆိုရင် အိမ်မှာ ပဲနေတယ်။ ကလေးဘဝ တုန်းကတော့ ရေကစားဖူးတယ်။ ရှစ်တန်း၊ ကိုးတန်းလောက် တုန်း ကတော့ သင်္ကြန် ဆိုရင် လျှောက်လည်တယ်။ အဒေါ်တွေနဲ့ မုန့်တွေ လုပ်တယ်။ စတုဒိသာကျွေးတယ်။ ဆယ်တန်း ဖြေပြီးပြီးချင်းမှာ မယ်သီလရှင် ဝတ်တယ်။ အဲ ဒီနောက်ပိုင်း သင်္ကြန်နဲ့ ထိတွေ့တာ နည်း လာတယ်။ သင်္ကြန်ဆိုရင် အိမ်မှာနေတာ များ တယ်။ အပြင် သိပ်မထွက်ဖြစ် ဘူး။ နောက်ပိုင်းတော့ သင်္ကြန် ဆိုတာ ဒီအတိုင်းပဲ။ ခါတိုင်း ရက်တွေလိုပဲ ဖြစ်လာတယ်။ သင်္ကြန်မှာ ရေပက်တာတော့ ကြိုက်ပါတယ်။ အိမ်မှာနေတဲ့ အခါကျရင် Sky Net ကနေ Live တွေ လာတယ်။ အဲဒါတွေ ကြည့်ပြီး ကိုယ်လည်း ရေစိုချင်တယ်။ အပြင် ထွက်ရမှာလည်း ကြောက်တယ်။ သင်္ကြန် ကတော့ ပျော်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဆယ့်နှစ်လ ရာသီပွဲထဲက တစ်ပွဲပဲလေ။ ဒါပေမဲ့ သင်္ကြန်က ညီမ အတွက် သိပ်ပြီး မထူးဆန်းဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

Popular Journal

ဓာတ်ပုံ- အောင်ဇော်မင်း

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ