ကေတီဟုမ်းလ်နှင့် ဂျေမီဖောက်စ်တို့ တွဲခုတ်နေဟုဆို

ကေတီသည် ခင်ပွန်းဟောင်း တွမ်ခရုစ်၏ သူငယ်ချင်းလည်း ဖြစ်သည့် ဂျေမီနှင့် တပူးတွဲတွဲ ရှိနေသည်ကို တွေ့မြင်ခဲ့ သူများက ယင်းတို့နှစ်ဦး၏ ဆက်ဆံရေးသည် မိတ်ဆွေအဆင့်ထက် လွန်ကဲနေကြောင်း မှတ်ချက်ပြုခဲ့ကြသည်။
ကေတီဟုမ်းလ်တစ်ယောက် ယခုအခါ ဟောလီးဝုဒ်မင်းသား ဂျေမီဖောက်စ်နှင့် ချစ်သူများ ဖြစ်နေပြီဟု ခန့်မှန်းသတင်းများ ထွက်ပေါ်လာခဲ့သည်။ ကေတီသည် ခင်ပွန်းဟောင်း တွမ်ခရုစ်၏ သူငယ်ချင်းလည်း ဖြစ်သည့် ဂျေမီနှင့် တပူးတွဲတွဲ ရှိနေသည်ကို တွေ့မြင်ခဲ့သူများက ယင်းတို့နှစ်ဦး၏ ဆက်ဆံရေးသည် မိတ်ဆွေအဆင့်ထက် လွန်ကဲနေကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ Hollywood Life ဝက်ဘ်ဆိုက်က ကေတီနှင့် White House Down မင်းသားတို့ နယူးယော့ခ်တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အတူတွဲကနေသည်ကို တွေ့မြင်ရကြောင်း စတင်ဖော်ပြရာမှ ယခုကောလာဟလ ပျံ့နှံ့လာခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စကို နာမည်ကျော် ရုပ်ရှင်စတား နှစ်ဦးဘက်မှ မည်သည့်ဖြေရှင်းမှုမျှ မပြုလုပ်ခဲ့ချေ။

အသက်(၃၄)နှစ်ရှိ ကေတီသည် တွမ်နှင့် (၅)နှစ်ကြာ ပေါင်းသင်းခဲ့ပြီးနောက် (၂၀၁၂)ခုနှစ်၊ ဇွန်လက လမ်းခွဲဖြစ်ခဲ့သည်။ တွမ်နှင့် ဂျေမီတို့သည် (၂၀၀၄)ခုနှစ်က Collateral ဇာတ်ကားတွင် အတူတွဲ သရုပ်ဆောင်ဖူးသလို ပုဂ္ဂိုလ်ရေး ခင်မင်မှု ရှိသူများလည်း ဖြစ်သည်။ "ကျွန်တော် ဂျေမီ့ကို သဘောကျတယ်။ သူက တကယ့်ကို ထူးခြားသူ တစ်ယောက်ပါ။ ပြီးတော့ ပါရမီကောင်းတွေလည်း အများကြီးရှိတယ်"ဟု ထိုစဉ်က တွမ်က ချီးကျူးခဲ့ဖူးသည်။ ကေတီသည် တွမ်နှင့် ရခဲ့သည့် (၇)နှစ် သမီးလေး ဆူရီခရုစ်ကို အုပ်ထိန်းခွင့် ရရှိထားသည်။ ဂျေမီတွင်မူ ယခင်ချစ်သူဟောင်းနှင့် ရခဲ့သည့် အသက်(၁၉)နှစ်အရွယ် ကော်ရီနီနှင့် အသက်(၄)နှစ်အရွယ် အန်နာလီဆီဆိုသော သမီး(၂)ဦး ရှိနေကြောင်း သိရှိရသည်။


Planet Myanmar Network

Samsaungလည်း မြန်မာစာရပြီ

မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အ ချို့၌ မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက junction Square၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။

“အခုလောလောဆယ်မှာ Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာစနစ် အသင့် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်”
ဟု ၄င်းက ပြောဆိုသည်။

အဆိုပါ စမတ်ဖုန်းများသည် ယခင်က ၀ယ်ယူထားပြီးဖြစ်ခဲ့ပါက Firmwareအား update ပြုလုပ်ခြင်းဖြင့် မြန်မာစာစနစ် ရယူနိုင်မည်ဖြစ်ပြီး Setting အတွင်းရှိ Language မှတဆင့် ပြင်ဆင်နိုင်ကြောင်း သိရသည်။ ယခင်က ပြည်တွင်းဈေးကွက်၌ တရားဝင်တင်သွင်းထားသော Samsung စမတ်ဖုန်းများတွင် အသုံးချဘာသာစကား ၁၀မျိုးဖြင့် ထုတ်လုပ်ထားကြောင်း ယခုအခါ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံ၌ ဒေသတွင်း ဘာသာစကားများ ထပ်မံဖြည့်တင်း ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“မြန်မာဇော်ဂျီဖောင့်ကို အသုံးပြုထားတဲ့အတွက် အင်တာနက် သုံးပြီး ၀က်ဘ်ဆိုဒ်ကြည့်ရှုတာ၊ ဖေ့ဘုတ်စ်လို လူမူကွန်ရက်တွေ အသုံးပြုတာနဲ့ စာတိုတွေ ပေးပို့တာကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

Source: The Standard Time Daily
Myanmar ICT

Bagan Keyboard Pro Version 1.6.8 ထွက်ရှိပါပြီ

Bagan Keyboard Pro Version 1.6.8 ထွက်ရှိပါပြီခင်ဗျာ။ Google Play Store နှင့် Kanaung Store တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ယခု Version တွင်

၁။ Jelly Bean OS သုံး ဖုန်းများတွင် ရှိသော စာလုံးမမှန်သည့် ပြဿနာများကို ဖြေရှင်းထားပါသည်။

၂။ Unicode ဖြင့်ရေးလိုသူများအတွက် Unicode ပါဝင်ပါသည်။

၃။ Keyboard ၏ စာလုံးများကို မူလထက် အနည်းငယ် ထပ်မံကြီးထားပါသည်။

၎။ Keypad ကြီးကြီး ရိုက်လိုသူများအတွက် Keyboard Size ကို စိတ်ကြိုက်ချိန်နိုင်အောင် Setting ထဲတွင် ထည့်သွင်းထားပြီးဖြစ်ပါသည်။

၅။ စာလုံးဖျက်ရန် အတွက် Cursor ကို အဆင်ပြေအောင် ပြုလုပ်ပေးထားပါသည်။ (Space Bar ကို နှစ်စက္ကန့်ခန့်နှိပ်ပါ။)

ယခင် Feature များအဖြစ်

၆။ မြန်မာစာလုံး အားလုံးကို ထည့်သွင်းပြီးဖြစ်ပါသည်။ (စာလုံးဆင့်များအတွက် ကီးဘုတ် အလည်တွင်ရှိသော ~ ကီးကိုသုံးပါ)

၇။ အသံဖြင့် အင်္ဂလိပ်စာ ရေးသားခြင်း ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

၈။ မြန်မာစာလုံးများအတွက် Auto Complete Features ပါဝင်ပါသည်။

၉။ မိမိ မကြာခဏ ရိုက်လိုက်သော စာလုံးများကို Auto Learn လုပ်ပေးသော စနစ်ပါဝင်သောကြောင့် စာရေးသားရာတွင်လွယ်ကူပါသည်။

၁၀။ မိမိမှတ်သားလိုသော စာလုံးများကိုလဲ မှတ်သားထားပြီး Auto Complete List ထဲတွင် ထည့်သွင်းထားခြင်းဖြင့် စာရိုက်ရာတွင် မှန်ကန် မြန်ဆန် လွယ်ကူစေပါသည်။

၁၁။ -ါ ရေးရန်မလိုပဲ -ာ ကိုရေးရုံဖြင့် Auto ပြောင်းပေးသော Smart Zawgyi Feature ပါဝင်ပါသည်။ ( "ပါ" ကို ရေးလိုပါက "ပ + -ာ" ဟုရေးပါ Auto "ပါ" ဟု ပြောင်းသွားပါမည်။)

၁၂။ Double Tap Feature ပါဝင်သောကြောင့် စာလုံးအပေါ်တွင် အပြာရောင် စာလုံးရှိသော ခလုပ်များကို နှစ်ချက် ဆင့်နှိပ်ပါက Shift နှိပ်စရာမလိုပဲ ရိုက်နိုင်ပါသည်။ (ဥပမာ- "ရ" ကို ရိုက်လိုလျှင် "၇" ကို နှစ်ချက်နှိပ်ပါ။)

ထို့အပြင် -

၁၃။ အဆင်မပြေမှုများအတွက် Email ပို့၍သော်လည်းကောင်း၊ ယခု Post တွင် Comment ပေး၍သော်လည်းကောင်း၊ Google Play Store တွင် Comment ပေး၍ သော်လည်းကောင်း ပြောကြားနိုင်ပါသည်။ အတတ်နိုင်ဆုံး အမြန်ဆုံး ဖြေရှင်းပေးသွားပါမည်။

၁၄။ ပိုမိုကောင်းမွန်အောင် Version အသစ်များတွင် ထည့်သွင်းလိုသည်များကို အကြံပြု တောင်းဆိုနိုင်ပါသည်။

၁၅။ အခမဲ့ Share/Download ပြုလုပ်နိုင်ပါသည်။

၁၆။ ကျွန်တော်တို့၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါက Playstore တွင် Rating များ ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်ခင်ဗျာ။

Download ပြုလုပ်လိုပါက-

Kanaung Store (http://www.bitmyanmar.com.mm/kanaung/bagankeyboard)

Play Store
(https://play.google.com/store/apps/details?id=com.bit.androsmart.kbinapp)

Bagan Keyboard ရဲ့ အသုံးဝင်ပုံများကို အသေးစိတ် ဖတ်ရှုလိုပါက-


How to Use Bagan Keyboard on Android Phone and Tablet


How to make keyboard installation and Configuration on Android Phone and Tablet

ထူးထူးခြားခြား ဝက်မကြီးမှ ဝက်၊ ဆင်၊ မျောက်ပုံတူ ဝက်မွေးဖွား

နေပြည်တော် သြဂုတ် ၂၅

ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာ အုပ်စု ရွာတော်တောင်ရွာ အမှတ်(၁၈၃)နေ ဦးဝင်းညွန့် နေအိမ်တွင် ယနေ့နံနက် ၁၁ နာရီခွဲက ၎င်းအိမ်၌ မွေးမြူထားသော တစ်နှစ်သား အရွယ် ဝက်မတစ်ကောင်မှ ဝက်ပေါက် ကလေး သုံးကောင် မွေးဖွား ခဲ့သည်။

ထိုသို့ ဝက်ပေါက်ကလေး သုံးကောင် မွေးဖွားရာတွင် ဝက်မကလေး တစ်ကောင်မှာ သမားရိုးကျ မွေးဖွားခြင်း မဟုတ်ဘဲ ထူးထူးခြားခြား ဝက်၊ ဆင်၊ မျောက်ပုံတူ မွေးလာသည်ကို တွေ့ရသည်။

ဝက်မကလေး၏ ထူးခြားချက်မှာ မျက်နှာသည် ဝက်နှင့် မတူဘဲ မျောက်မျက်နှာနှင့် တူနေပြီး  မျက်နှာတွင် နှာခေါင်း ပါရှိခြင်း မရှိဘဲ အသက်ရှူရာတွင် ပါးစပ်ဖြင့်သာ အသက်ရှူနေသည်ကို တွေ့ရသည်။ ထို့အပြင် ပို၍ ထူးခြားသည်မှာ မျက်နှာတွင် မျက်လုံးတစ်လုံးတည်းသာ ပါရှိပြီး  မျက်နှာရှိ နဖူးတည့်တည့်တွင် ဆင်များကဲ့သို့ နှာမောင်းပါရှိ သည် ကိုလည်း  တွေ့ရသည်။  ယခုအခါ အဆိုပါ ဝက်မကလေးမှာ ကျန်းမာစွာဖြင့် အသက်ရှင်လျက် ရှိသည်။

မြ၀တီ

ဘိုင်ယန်မြူးနစ် ချယ်လ်ဆီးကို အနိုင်ယူ

ဘိုင်ယန် ဂိုးသမား Manuel Neuer
မနေ့က ကစားခဲ့တဲ့ European Super Cup ဘောလုံးပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းက ချယ်လ်ဆီးကို ပင်နယ်လ်တီ အဆုံးအဖြတ်မှာ ငါးဂိုး လေးဂိုး နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ချက်ကိုစလိုဗက်ကီးယား နိုင်ငံ ပရက်ခ် မြို့မှာ ကန်ခဲ့တဲ့ အဲဒီ ဘောလုံးပွဲဟာ အချိန်ပို ကစားပြီးတဲ့ အထိ နှစ်ဂိုးစီ သရေ ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ပယ်နယ်တီ ကန်ရာမှာ ချယ်လ်ဆီး ကစားသမား ရိုမဲလူး လူကာကူး ကန်လိုက်တဲ့ ဘောလုံးကို ဘိုင်ယန်မြူးနစ် ဂိုးသမား မန်နျူရယ် နျူရာက အမိအရ ဖမ်းနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်က ချယ်လ်ဆီးကို အနိုင်ရသွားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မွေးလမှာ တစ်ကိုယ်တော် စီးရီး ဖြန့်မယ့် ရတနာမိုင်

အဆိုတော် ရတနာမိုင်က မွေးလ ဖြစ်သော သြဂုတ်လတွင် တတိယ မြောက် တစ်ကိုယ်တော် စီးရီးကို ဖြန့်ချိ မည်ဟု ပြောသည်။

”ဒီအခွေက မေမေ နဲ့ သေချာ တိုင်ပင်ပြီး လုပ်တာပါ။ မေမေ့ စိတ်ကြိုက် တွေ လည်း များပါတယ်။ အရင်အခွေ ပဖဗဘမ တုန်းကတော့ မိုင်လေးစိတ် ကြိုက်တွေများ တယ်။ မေမေ့ရဲ့ မလွမ်းပို သီချင်းကိုလည်း Version အသစ် နဲ့ ပြန်ဆိုထားတယ်။ ပြီးတော့ မိုင်လေးကို ဂီတ လောကမှာ စသိခဲ့တဲ့ ‘အဝေး ထွက်သွားသူ’ သီချင်းလေး ကိုလည်း Dubstup ပုံစံ နဲ့ ပြန်တီးပြီး ဘောနပ်စ် ပြန်ထည့် ထားတယ်။ ဒီတစ်ခွေလုံး ကိုတော့ ပြန် နားထောင်ပြီးတဲ့ အခါမှာ အားရပါတယ်” ဟု ပြောသည်။

”တတိယ စီးရီးကိုတော့ မိုင်လေးရဲ့My Lay Entertainment က စီစဉ် တာ ဖြစ်ပြီး မူပိုင် ကတော့ မိခင်ဖြစ်သူ မိုင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့မှာ ထွက်ရှိမယ့် ပုံရိပ်များ စီးရီး ရဲ့ ပရိုမိုးရှင်း အနေနဲ့ သြဂုတ် ၃၁ ရက်နေ့ ညနေ ၄ နာရီမှာ ၉မိုင် Ocean Centre၊ ညနေ ၆ နာရီမှာ သမိုင်း City Mart၊ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဟက်ပီးဝေါလ်၊ ညနေ ၆ နာရီမှာ လှိုင်သာယာ ဗစ်တိုးရီး ယား ကုန်တိုက် တို့မှာ ပြုလုပ်မှာ ဖြစ်ပြီး မန္တလေးမြို့ မှာတော့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီ မှာ Happy City ကစားကွင်း၊ ညနေ ၆ နာရီမှာ မနော် ရမန် ကစားကွင်းတို့မှာ အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချသွား မှာ ဖြစ်ပါ တယ်” ဟု ရတနာမိုင် က ဆိုသည်။

ထို့အပြင် ပြည်၊ မြင်းခြံ၊ ပျဉ်းမနား၊ မုံရွာ၊ ပုသိမ်၊ မော်လမြိုင် စသည့် မြို့များ မှာလည်း ရတနာမိုင်နှင့် အတူ အနုပညာ မောင်နှမ များက အမှတ်တရ လက်မှတ် ရေး ထိုးရောင်းချပြီး တေးသီချင်းများ သီဆိုဖျော်ဖြေ သွား မည်ဖြစ်ကြောင်း သိရသည်။

တေးသံရှင် ရတနာမိုင် က သြဂုတ် ၁၇ ရက်နေ့ မှာ ကျရောက်တဲ့ ၂၄ နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် သြဂုတ်လ ၂၁ ရက်နေ့ နေ့လယ် က မြန်မာနိုင်ငံ ဂီတ အစည်း အရုံးကို အလှူငွေ လှူဒါန်း ပေးအပ်ခဲ့သည်။

ရဲရဲ
Popular Journal

မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း

MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်
ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင် သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများ
ဖြစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေး
ခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေ
မှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲ
လာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်
လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏သူငယ်ချင်း
များကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။

လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကား
ပြောဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

Planet Myanmar Network

တက်သစ်စမင်းသမီ စိုးနန္ဒာကျော်နှင့်တွေ့ဆုံခြင်း။

The Sign Of Love ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ မြတ်နိုးခင်ဟုပြောလျှင် လူတိုင်းသိကြမှာပါ။ အခု မြတ်နိုးခင်တစ်ယောက် အနုပညာလောကထဲကို တဖြည်းဖြည်းနဲ့ ရောက် ရှိလာနေပါပြီ။ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးတော့မယ်လို့ပြောလာတဲ့ တက်သစ်စမင်းသမီး လေး 'စိုးနန္ဒကျော်'နဲ့ အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - အခုလတ်တလော အနုပညာလှုပ်ရှားမှု လေးပြောပြပေးပါဦး။
ဖြေ - အခုလောလောဆယ်တော့ အချစ် သင်္ကေတဇာတ်လမ်းတွဲအတွက် ရိုက်နေပါ တယ်။ ပြီးတော့မဂ္ဂဇင်းတွေ၊ ကြော်ငြာတွေအ တွက်လည်း ဓာတ်ပုံတွေရိုက်ပေးဖြစ်နေပါတယ်။ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားရိုက်ဖို့အတွက် လာကမ်းလှမ်းထားတာတွေလည်းရှိပါတယ်။
မေး - ဗီဒီယိုဇာတ်ကားတွေရိုက်တော့မယ်ဆို တော့ ဘယ်ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ထားလဲ။

ဖြေ - အဲဒီလိုမျိုး စာချုပ်စာတမ်းနဲ့ရိုက်တာ မျိုးတော့ မဟုတ်ပါဘူး။ ဗီဒီယိုထုတ်လုပ်ရေး တွေကို ဇာတ်ညွှန်းတွေလာပြတယ်။ ပြီးတော့ အိမ်ကိုလာပြီးတော့ ဘယ်လိုဇာတ်ကားမျိုးလေး တွေရိုက်ချင်လဲ။ သူတို့ဆီမှာတော့ ဘယ်လိုဇာတ် ကားမျိုးတွေ ရှိနေတယ်ဆိုပြီး လာပြောပြကြ တာပါ။ ဗီဒီယိုဇာတ်ကား ရိုက်ဖြစ်ရင်လည်း ကို နေမင်းတို့နဲ့ အရင်ဆုံးရိုက်ဖြစ်မယ်တော့ ထင် ပါတယ်။ အခုချိန်အထိတော့ ဘယ်ဇာတ်ကားကို ဘယ်သူနဲ့ရိုက်ဖြစ်မယ်ဆိုတာ မစဉ်းစားဖြစ်သေး ပါဘူး။ လာကမ်းလှမ်းတာတွေကိုတော့ အတတ် နိုင်ဆုံး ရိုက်ဖြစ်အောင် ရိုက်သွားမှာပါ။

မေး - ဘယ်လိုဇာတ်ကားမျိုးတွေရိုက်ချင်လဲ။
ဖြေ - အခုချိန်မှာ စိုးနန္ဒကျော်ဆိုတာက တက် သစ်စမင်းသမီးတစ်ဦး ဖြစ်နေတဲ့အတွက် ဘယ် လိုဇာတ်ကားမျိုးကိုမဆို ကမ်းလှမ်းလာရင်ရိုက် ဖြစ်မှာပါ။ အဲဒီလိုကမ်းလှမ်းလာတဲ့ ဇာတ်ကား တွေထဲကမှ ကိုယ့်အတွက် လုပ်ကွက်ရှိမယ့် ကိုယ့်လုပ်လိုက်တဲ့ အမူအရာတစ်ခုက ပရိသတ် ကိုယ့်ကို အသိအမှတ်ပြုစေမယ်။ ပြီးတော့ ပရိသတ်မျက်စိထဲမှာ ကိုယ့်ကိုမှတ်မိစေနိုင်မယ့် ဇာတ်လမ်းဇာတ်ကွက်မျိုးကို အဓိကထားပြီး တော့ ရိုက်ချင်ပါတယ်။

မေး - တကယ်လို့ စိုးနန္ဒကျော်ကို Sexy ပုံစံ ဇာတ်ဝင်ခန်းမျိုး ဇာတ်ကားမျိုးရိုက်ဖို့အတွက် ကမ်းလှမ်းလာမယ်ဆိုရင်ရော ရိုက်ဖြစ်မှာလား။
ဖြေ - မရိုက်ပါဘူး။ သမီးက အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ချင်တယ်။ ပရိသတ် အသိအမှတ်ပြု စံထားနိုင်မယ့်သူတစ်ဦးဖြစ်ချင် တာကြောင့် ဒီလိုဇာတ်ဝင်ခန်းမျိုးရိုက်ရင် ပရိ သတ် မကြိုက်လောက်ဘူးလည်း ထင်တယ်။ ပြီး တော့ Sexy ပုံစံ ဇာတ်ဝင်ခန်းမျိုးပဲဖြစ်ဖြစ်၊ ဇာတ်ကားပဲဖြစ်ဖြစ် သမီးနဲ့မလိုက်ဖက်ဘူးလို့ လည်း ထင်တာကြောင့် Sexy ဇာတ်ကားကို တော့ သမီးဘယ်တော့မှ ရိုက်မှာမဟုတ်သလို ဘယ်တော့မှလည်း Sexy ပုံစံမျိုးနဲ့ ပရိသတ်ရှေ့ ကိုရောက်လာမှာ မဟုတ်ပါဘူး။

မေး - အနုပညာရှင်ကောင်းတစ်ဦးဖြစ်ချင် တယ်ဆိုတော့ အနုပညာရှင်တစ်ဦးရဲ့ဘဝကို ဘယ် လိုခံယူထားလဲ။
ဖြေ - အနုပညာရှင်တစ်ဦးက ဆေးစက်ကျရာ အရုပ်ဖြစ်ရတဲ့ ဘဝပါ။ ဘယ်လိုကာရိုက်တာမျိုး ကိုပဲဖြစ်ဖြစ် ကိုယ်လက်သင့်ခံလိုက်ပြီဆိုရင် ပရိသတ် ကိုယ့်ကိုလက်ခံတဲ့ အနေအထားတစ်ခု ရောက်အောင်၊ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူ တွေရဲ့ စိတ်ကျေနပ်မှုရရှိအောင် သူတို့နဲ့အဆင် ပြေအောင်လုပ်ရပါတယ်။ ဘယ်လို ဇာတ်ရုပ် မျိုးကတော့ ကိုယ့်ကိုပရိသတ် လက်သင့်မခံနိုင် ဘူး လက်သင့်ခံနိုင်တယ်ဆိုတာကိုလည်း စဉ်းစား ရပါတယ်။ အဲဒါကြောင့်လည်း ကျရာဇာတ်ရုပ် ကို သရုပ်ဆောင်နိုင်တဲ့သူက သရုပ်ဆောင် ကောင်းတစ်ဦး၊ အနုပညာရှင်ကောင်းတစ်ဦး ဖြစ်တာလို့သမီးထင်ပါတယ်။ သမီးလည်း ဘယ် လို ဇာတ်ရုပ်မျိုးကိုမဆို သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်ကောင်းတစ်ဦးဖြစ်အောင် သွား မယ်ဆိုတဲ့ဆန္ဒက သမီး အလွန်ကိုဆန္ဒပြင်းပြ နေတဲ့ ပန်းတိုင်တစ်ခုပါ။

မေး - သရုပ်ဆောင်အပြင် ဘာတွေစိတ်ဝင်စား သေးလဲ။
ဖြေ - အကကို စိတ်ဝင်စားပါတယ်။ သရုပ် ဆောင်ကောင်းတစ်ဦးက စွယ်စုံကျွမ်းကျင်ရမယ် လို့သမီးကြားဖူးပါတယ်။ ကတာကလည်း အနု ပညာအလုပ်ထဲက အလုပ်တစ်ခုပဲလေ။ အဲဒါ ကြောင့် အကပိုင်းကိုတော့ စိတ်ဝင်စားတယ်။နည်းနည်းလည်း ကတတ်ပါတယ်။ သီချင်းဆို တာကျတော့ အပျော်တမ်းသဘောလောက်ပဲ ဆိုဖြစ်ပါတယ်။ အဆိုပိုင်းကိုတော့ သိပ်ဝါသနာ မပါဘူး။

နွေးနွေးတွေ့ဆုံမေးမြန်းသည်။
သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Yangon Media Group

တောရက်စ်ကို အရောင်းစာရင်း တင်တော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းသည် ၀ါရင့်တိုက်စစ်မှုး အီတိုး ရောက်ရှိလာမှုနှင့်အတူ တောရက်စ်အား အရောင်းဈေးကွက်သို့ တင်ရန် ပြင်ဆင်လာသည်။

မော်ရင်ညိုသည် အီတိုးအား တစ်နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီးနောက် စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူထားသော တောရက်စ်ကို အရောင်း ဈေးကွက်သို့ တင်တော့မည် ဖြစ်သည်။ အီတိုးသည် အင်တာမီလန် အသင်းတွင် ကစားစဉ်က မော်ရင်ညိုဖြင့် အတူ လက်တွဲကာ သမိုင်းဝင် အောင်ပွဲ ဆွတ်ခူး ထားနိုင်ခဲ့သည်။

အန်ဇီး အသင်းသို့ စံချိန်တင် လုပ်ခ လစာဖြင့် ပြောင်းရွေ့ပြီးနောက် ယခု မော်ရင်ညိုဖြင့် ပြန်လည် လက်တွဲတော့မည် ဖြစ်သည်။ အီတိုးရောက်ရှိလာသောကြောင့် လက်ရှိ ချဲလ်ဆီးအသင်းတွင် ဒမ်ဘာဘ၊ လူကာကူ၊ တောရက်စ် စုစုပေါင်း တိုက်စစ်မှုး (၄)ဦး ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် မော်ရင်ညိုက ၂၀၁၁ ခုနှစ်က ပေါင်သန်း(၅၀)ဖြင့် ခေါ်ယူထားသော တိုက်စစ်မှုး တောရက်စ်ကို ရောင်းထုတ်သွားတော့မည် ဖြစ်သည်။

football-cafe

ကင်ဂျုံအန်၏ ရည်းစားဟောင်းကို သေဒဏ်ပေးဟုဆို

ပြုံယမ်း၊ သြဂုတ် ၂၉

လက်ရှိ အာဏာရ တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအန်၏ ရည်းစားဟောင်းဟု ဆိုကြသူ မြောက် ကိုရီးယားတွင် လူသိများသော စင်မြင့် ဖျော်ဖြေသူ ဒါဇင်ခန့်အနက် တစ်ဦးအပါအဝင် ဖြစ်သော တေးသံရှင် ဟွန်ဆောင်ဝူးကို ညစ်ညမ်းရုပ်ရှင် ရိုက်သည့် ဥပဒေ ချိုးဖောက်မှုဖြင့် လက်ဖြောင့် တပ်ဖွဲ့ကို အသုံးပြုကာ ပစ်ခတ် သေဒဏ်ပေးခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာ The Chosunilbo က ရေးသား ဖော်ပြထားသည်။

သေဆုံးသူ ဟွန်ဆောင်ဝူးသည် မွန်ကျုံဂျင်း အမည်ဖြင့် ကျော်ကြား ကာ မြောက်ကိုရီးယား သံစုံ တီးဝိုင်းကြီး တစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့က လိင်ရုပ်ရှင်များ ရိုက်ကူးသည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံရခြင်း ဖြစ်ကာ သုံးရက်အကြာ ၂၀ ရက်နေ့တွင် လူအုပ်၏ ရှေ့မှောက်၌ သေဒဏ်ပေးခံရခြင်း ဖြစ်သည်ဟု တရုတ် နယ်စပ်မှ သတင်းရင်းမြစ်များက ဆိုသည်။

ယင်းတင်ဆက် ဖျော်ဖြေသူ အမျိုးသမီးနှင့်အတူ အန်ဟာဆု သံစုံတီးဝိုင်း မှ တေးသံရှင်များ၊ ဂီတပညာရှင်များ၊ ကချေသည်များလည်း သေဒဏ်ပေးမှု တွင် ပါဝင်သွားပြီး ၎င်းတို့ လိင်ဆက်ဆံနေသည့် ဗီဒီယိုကို အချင်းချင်း ပြန်ရိုက်ကြကာ ရောင်းစားခဲ့ကြခြင်း ဖြစ်ကာ ယခုဆိုလျှင် အဆိုပါ ဗီဒီယိုခွေသည် တရုတ်နိုင်ငံတွင်ပင် ပျံ့နှံ့လျက် ရှိပေသည်။

၎င်းတို့ကို နိုင်ငံရေး အတိုက်အခံများကဲ့သို့ ဆက်ဆံခဲ့ကြကြောင်း တောင် ကိုရီးယား သတင်းစာ၏ မြောက်ကိုရီးယား ပြည်တွင်း သတင်းရင်းမြစ်များ က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်က ခေါင်းဆောင် ကင်ဂျုံအန်နှင့် ဟွန်ဆောင်ဝူးတို့ စတင် တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအီ၏ အမိန့်ဖြင့် လမ်းခွဲခဲ့ကြကာ ဟွန်သည် စစ်သားတစ်ဦး နှင့် လက်ထပ်ခဲ့သည်။

လက်ရှိခေါင်းဆောင်၏ ဇနီးဖြစ်သူ ရီဆိုဂျူးသည်လည်း အန်ဟာဆု သံစုံ တေးဂီတဝိုင်းမှ အဖွဲ့ဝင် တစ်ဦးပင် ဖြစ်ခဲ့သည်။

သေဒဏ်ပေးခံရသည့် အနုပညာသမားများ ပါဝင်သည့် အန်ဟာဆု သံစုံတီးဝိုင်းနှင့် ဝမ်ဂျေးဆန် အလင်းရောင် တီးဝိုင်းတို့ကိုလည်း လက်ရှိ ပြဿနာ ဖြစ်ပွားနေစဉ်တွင် ဖျက်သိမ်းထားသည်ဟုလည်း ယင်းသတင်းက ဖော်ပြထားသည်။

“အန်ဟာဆု၊ ဝမ်းဂျေးဆန် အလင်းရောင်က ဂီတသမားတွေနဲ့ သူတို့ရဲ့မိသားစုတွေကို စက်သေနတ်နဲ့ သေဒဏ်ပေးခဲ့ပါတယ်” ဟု သတင်းရင်းမြစ်က ပြောကြားသည်။

ဟွန်ဆောင်ဝူးသည် မြောက်ကိုရီးယားတွင် နာမည်ကျော်သော အနုပညာရှင် ဖြစ်ပြီး အကျိုးပြု ပေါ်လစီ သီချင်းများ၊ ဝါဒဖြန့် သီချင်းများ လည်း သီဆိုခဲ့သူ ဖြစ်သည်။

The Voice Weekly

ဆမ်ဆောင်းဖုန်းများအတွက် မြန်မာစာ စက်လည်ပတ်စနစ် စတင်အသုံးပြု

ရန်ကုန်၊ သြဂုတ် ၂၉

နောက်ဆုံးထုတ် ဆမ်ဆောင်းဖုန်း အမျိုးအစားသုံးခုတွင် အဆင့်မြှင့်၍ မြန်မာစာ စက်လည်ပတ်စနစ် ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည်ဝင်းထက်က ပြောကြားသည်။

“Root ဖောက်စရာ မလိုပါဘူး။ ဒီအတိုင်း Update လုပ်ရုံနဲ့ အသုံးပြုနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

အသစ်တင်သွင်းလာသော Samsung Galaxy S4၊ Galaxy Grand Duos (Dual GSM SIM) နှင့် Galaxy Grand Duos (CDMA+GSM Dual) ဖုန်းများတွင် ယင်းစနစ်ထည့်သွင်းပြီးဖြစ်ကာ ယခင်ဝယ်ယူထားသူများလည်း Update ပြုလုပ်၍ အသုံးပြုနိုင်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်မိုးအောင်က ပြောကြားသည်။

“သိပ်မကြာခင်မှာ တခြားဆမ်ဆောင်း အမျိုးအစား ဖုန်းတွေမှာ သုံးလို့ရအောင် ကြိုးပမ်းနေပါတယ်။ နောက်ထပ် အသစ်ဝင်လာမယ့် ဆမ်ဆောင်းဖုန်း မော်ဒယ်လ် အသစ်တွေမှာ တစ်ပါတည်းပါမယ်” ဟု ၎င်းကဆိုသည်။

ဆမ်ဆောင်းကုမ္ပဏီသည် မြန်မာစာစနစ်ကို ၂၀၁၂ ခုနှစ်က စတင်စမ်းသပ်ခဲ့ပြီး ဆမ်ဆောင်းမိုဘိုင်းလ်ဖုန်း အသုံးပြုသူများကို သုံးကြိမ်စမ်းသပ် အသုံးပြုခွင့်ပေးခဲ့ကာ ယခုအခါ ဆမ်ဆောင်းဖုန်းများတွင် တရားဝင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

“မြန်မာစာစနစ်ပါတဲ့ ဖုန်းတွေကတော့ နောက်ပိုင်း တော်တော်ထွက်တယ်။ ဝယ်သူအများစုက ဈေးနှုန်းကို ပိုအလေးထားတယ်” ဟု Star Mobile ဖုန်းဆိုင်မှ တာဝန်ရှိသူ ဦးဇော်မင်းက ဆိုသည်။

ဆမ်ဆောင်းကုမ္ပဏီမှ တရားဝင် တင်သွင်းထားသော မိုဘိုင်းလ်ဖုန်းများတွင် ဘာသာစကား ၁၀ မျိုးပါရှိပြီး ယခုအခါ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ဘာသာစကားများ ထပ်မံတိုးချဲ့ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ဆမ်ဆောင်းကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်းသို့ ယင်းကုမ္ပဏီမှ တရားဝင် တင်သွင်းထားခြင်း မရှိသော ဆမ်ဆောင်း ထုတ်ကုန်များကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ဖုန်း Version မြှင့်ခွင့် မပြုတော့ကြောင်း ဆမ်ဆောင်းမြန်မာထံမှ သိရသည်။

The Voice Weekly

မြန်မာအလှမယ် ခင်ဝင့်ဝါ ဒုတိယမဲအများဆုံး ရနေ




အရှေ့ဥရောပ BELARUS ဘေလာရွတ် နိုင်ငံတွင် ကျင်းပနေသည့် Miss Supranational 2013 အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မခင်ဝင့်ဝါ ဝင်ရောက်ယှဉ်ပြိုင် လျှက်ရှိပြီး အွန်လိုင်း နှင့် Facebook သုံးစွဲကြသော မြန်မာပရိသတ်၏ လှုံ့ဆော် မဲပေးမှုကြောင့် မခင်ဝင့်ဝါ သည် ဒုတိယ မဲအများဆုံးဖြင့် ထိပ်တန်းပြေးလျှက်ရှိသည်။

ပထမ မဲအများဆုံးမှာ လူဇင်းဘတ်နိုင်ငံသူ Paulmier Heloise ပေါ်မိလာ ဟယ်လို့ဝစ် ဖြစ် သည်။ ဒီသတင်းရေးနေချိန်ထိ Ms. Paulmier Heloise မှာ မဲအရေ အတွက် ( ၁ သိန်း ၉ သောင်း) နီးပါး ရရှိနေပြီး မခင်ဝင့်ဝါမှာ မဲအရေ အတွက် ( ၁ သိန်း ၄ သောင်း) နီးပါး ရရှိနေသည်။

အိမ်နီးချင်း နိုင်ငံများမှ တရုတ်အလှမယ် Liu Qiang မှာ (၆၆)မဲ ၊ ဖိလစ်ပိုင်မယ် Mutya မှာ မဲ (၅ သောင်း)ကျော် ၊ ထိုင်းနိုင်ငံမှ အလှမယ် Thanyaporn မှာ မဲ(၅သောင်း)နီးပါး နှင့် ရုရှားအလှမယ် Yana မှာမဲ (၆ သောင်း)ကျော် ရရှိနေသည်။ မဲအများဆုံး ရသူကို Miss Supranational 2013 အဖြစ်ရွေးချယ်ပြီး စက်တင်ဘာလ (၆)ရက်တွင် ကြေညာမည် ဖြစ်သည်။

မဲပေးလိုသူများ အောက်ပါလင့်ခ်ကို နှိပ်ကြရန် မခင်ဝင့်ဝါမှ သူမ၏ Facebook https://www.facebook.com/khinwint.wah.73 တွင် ဆော်သြ ထားသည် ။ အောက်ပါ Link ကိုနှိပ်ပြီး မခင်ဝင့်ဝါ၏ ဓါတ်ပုံကို ၂ချက်နှိပ်ဖွင့်ပါ။ ပုံအကြီး ပေါ်လာလျှင် အနီရောင် စာလုံး Голосовать ကို နှိပ်ခြင်းဖြင့် Vote ပေးနိုင်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရသည်ဟု သိရသည်။


http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

Myanmar International News

စပီးဘာ့ဂ် နှင့် လေဒီဂါဂါထက် ၀င်ငွေကောင်းသူ မက်ဒေါနား

အသက် ၅၅ နှစ်အရွယ် ပေါ့ပ်ဘုရင်မ မက်ဒေါနား သည် ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး အနုပညာရှင် ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ထုတ်ပြန်သည့် ဖော့ဘ် မဂ္ဂဇင်း၏ စာရင်းများ အရ သိရသည်။ မက်ဒေါ နားသည် ပြီးခဲ့သည့်နှစ် အတွင်း အမေရိကန် ဒေါ်လာ ၁၂၅ သန်း ရရှိခဲ့ပြီး MDNA ကမ္ဘာလှည့် ဖျော်ဖြေပွဲမှ အဓိက ဝင်ငွေ ရရှိ ခဲ့ကြောင်းနှင့် အဝတ် အထည်၊ ရေမွှေးနှင့် ရင်းနှီးမြှုပ်နှံမှု အမြောက် အမြားမှ ဝင်ငွေ ရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်က ‘Lincoln’ ရုပ်ရှင်ဖြင့် အောင်မြင်ခဲ့သူ ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ် သည် ၂ဝ၁၃ ခုနှစ် ဇွန်လ အဆုံး၌ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်းတစ်ရာဖြင့် ဒုတိယ ဝင်ငွေ အကောင်းဆုံးဖြစ်သည်။

အသက် အရွယ် ရလာသော်လည်း ဂီတလောက၌ အောင်မြင်မှု အရှိန်အဟုန် ကြီးမားဆဲ ဖြစ်ကြောင်းနှင့် ၄င်း၏ ဆယ်စုနှစ် လေးစုကြာ ဂီတ သက်တမ်းကို လေဒီဂါဂါ တု၍ မရသေးကြောင်း ဖော့ဘ်မဂ္ဂဇင်း သတင်းထောက် တစ်ဦးက ပြောသည်။

လေဒီဂါဂါသည် ဝင်ငွေဒေါ်လာ သန်း ၈ဝ ဖြင့် ဒသမ ဝင်ငွေ အများဆုံးသူ ဖြစ်သည်။

ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၅ သန်းဖြင့် တတိယဝင်ငွေ အကောင်းဆုံးမှာ ပူးတွဲ သုံးဦးဖြစ်သည်။ ’50 Shades of Grey’ စာရေး ဆရာ အီးအယ်လ်ဂျိမ်းစ်၊ ရုပ်သံ ပရိုဂျူဆာ ဆိုင်မွန်ကိုဝယ်နှင့် ရေဒီယို အစီအစဉ် တင်ဆက်သူ ဟော့ဝပ်စတန် ဖြစ်သည်။

ဖော့ဘ်မဂ္ဂဇင်းသည် အနုပညာရှင်များ၏ တစ်နှစ်တာ ဝင်ငွေ စာရင်းကိုပြုစုရန် အေးဂျင့်၊ မန်နေဂျာများ၊ ပရိုဂျူဆာ များထံမှ မေးမြန်း စုံစမ်း၍ အနုပညာ အလုပ်နှင့် ဆက်စပ်သည့် ငွေကြေး များကို ကောက်ခံ ထားခြင်းဖြစ်သည်။ အဆိုပါ စာရင်း၌ အခွန်ငွေ၊ အေးဂျင့်ကြေးနှင့် ၄င်းတို့၏ အသုံးစရိတ် များကို ဖော်ပြထားခြင်း မရှိပေ။

သိင်္ဂီဝင်း

Ref: Reuters

Popular Myanmar News Journal

မျောက်သောင်းကျန်းများကထိုင်းရွာတစ်ရွာကို ဗိုလ်ကျ

ဥပဒေမဲ့ရမ်းကားသောဂိုဏ်း များက ထိုင်းရွာတစ်ရွာရှိ အိမ်များ ကို ဝင်ရောက်စီးနင်းကာ ပစ္စည်း ပစ္စယများအား အလစ်သုတ်ခြင်း တို့အပြင် ရွာသားများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကျူးလွန်သူမှာ လူမဟုတ်ဘဲ မျောက် များဖြစ်နေသည်။

''သူတို့က ကျွန်တော်အိပ် နေတာမြင်ရင် ကျွန်တော့်အိမ်ထဲ ဝင်လာတယ်။ မီးဖိုထဲကိုသွားပြီး ဟင်းချက်ဆီ၊ သကြားတွေအပြင် ဗီရိုထဲမှာ ဝှက်ထားတဲ့ဆေးတွေကို တောင်ယူတယ်''ဟု ရွာသူတစ်ဦး ဖြစ်သူ ချာလူ ယေးခမ်ကာဂျစ်က ပြောကြားခဲ့သည်။

၎င်းမျောက်များသည် စား ကျက်ဆုံးရှုံးမှုကြောင့် ခလောင် ချာရိုအင်ဝေးရွာထဲသို့ ရောက်ရှိ လာခြင်းဖြစ်ပြီး ယင်းရွာသည် မျောက်များ၏ဆိုးသွမ်းမှုကို နှစ်အ တော်ကြာ ကြုံတွေ့နေရသည်ဟု သိရသည်။
''သူတို့က ကျွန်မရဲ့အဆာ ပြေ စားစရာတွေယူတယ်။ ကျွန်မ နောက်ထပ်အသစ်ဝယ်နိုင်ပါတယ်။ ဒါပေမဲ့ ဆေးဝါးတွေက ကျွန်မအ တွက်အရေးကြီးပါတယ်''ဟု ၇၂ နှစ်အရွယ် အမျိုးသမီးကြီးက ပြောကြားခဲ့သည်။ ၎င်းနှင့် ၎င်းခင် ပွန်းတို့က လက်လုပ်ရေခဲသေတ္တာ သော့အိမ်နှင့် လေးခွအပါအဝင် မျောက်နှိမ်နင်းရေးကိရိယာမျိုးစုံ ကို ပြသခဲ့သည်။

ဘန်ကောက်မှ ကီလိုမီတာ ၈၀(မိုင်၅၀)အကွာ အရှေ့ဘက်ကမ်း ရိုးတန်းပေါ် ချာချိုအင်ဆောင် ပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ် ကိုင်သူ အိမ်ထောင်စု ၁၅ဝရှိ ရွာ လေးမှာ ပင်လယ်မျောက်ဟုခေါ်ဆို သော အမြီးရှည်မျောက်များ၏နှောင့်ယှက်မှုကို ခံနေရသည်မှာ ဆယ်စုနှစ်တစ်စုနီးပါးရှိနေပြီဟု ဆိုသည်။

Ref-AFP ၊ သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

မြန်မာဟော်ကီအမျိုးသား၊ အမျိုးသမီးအသင်းများ ထိုင်း၌ ဆီးဂိမ်းအကြိုပြိုင်ပွဲ ယှဉ်ပြိုင်သွားမည်

ဆီးဂိမ်းပြိုင် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန် မာနိုင်ငံ ဟော်ကီလက်ရွေးစင်အ သင်းများသည် လက်ရှိတွင်ထိုင်း နိုင်ငံ၌ လေ့ကျင့်လျက်ရှိကာ ဆီး ဂိမ်းအကြိုပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

လက်ရွေးစင်ဟော်ကီ အမျိုး သားအသင်းကို လေတပ်၊ ရေတပ် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟော်ကီအ သင်းများမှ အရည်အချင်းရှိကစား သမားများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အမျိုးသမီးဟော်ကီအ သင်းအတွက်ကိုမူ အားကစားဝန် ကြီးလက်အောက်ရှိ အခြားအား ကစားနည်းများမှ ရွေးချယ်ထား ခြင်းဖြစ်သည်။ အထူးသဖြင့်ယင်း အမျိုးသမီးဟော်ကီအသင်းတွင် ယခင်မြန်မာ့လက်ရွေးစင်အမျိုး သမီးဘောလုံးအသင်းမှ ကစား သမားများပါဝင်လျက်ရှိသလို ပြေး ခုန်ပစ်မှ ကစားသမားများပါဝင် နေကြောင်းသိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ နှစ် လတာ လေ့ကျင့်ခန်းဝင်နေသော အမျိုးသား၊ အမျိုးသမီးဟော်ကီ ကစားသမားများသည် ဘန်ကောက် တွင်ကျင်းပမည့် ဆီးဂိမ်းအကြို ဟော်ကီပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဆီးဂိမ်းအကြိုဟော်ကီပြိုင် ပွဲဝင်သွားမည့် အမျိုးသား၊ အမျိုး သမီးပြိုင်ပွဲများနှင့် ပတ်သက်၍ ဟော်ကီအသင်းမှ တာဝန်ရှိသူတစ် ဦးက ''ပြည်ပမှာ ပူးတွဲလေ့ကျင့် ထားတဲ့ လက်ရည်ကိုသိလိုတဲ့အ တွက်ကြောင့် ဝင်ပြိုင်ဖြစ်ခဲ့တာ ပါ။ အောက်တိုဘာ ၁၃ရက်ကနေ ၁၈ ရက်အထိ ဆီးဂိမ်းအကြို အ မျိုးသားပြိုင်ပွဲကိုပြုလုပ်သွားမှာ ပါ။ ထိုင်း၊ ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်၊ ဟောင်ကောင်နိုင်ငံတွေမှ နိုင်ငံအသင်း၊ ကလပ်အသင်းတွေ ကို ဖိတ်ခေါ်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်''ဟု ပြောခဲ့သည်။

အမျိုးသား ဟော်ကီအသင်း အနေဖြင့် အိမ်ရှင်ထိုင်းနိုင်ငံ၊ သီရိ လင်္ကာ၊ ကာဇက်စတန်နိုင်ငံအသင်း များနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သလို အမျိုးသမီးအသင်းမှာ အိမ်ရှင် ထိုင်းနိုင်ငံအပါအဝင် စင်ကာပူ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ကမ္ဘောဒီး ယားအသင်းများနှင့် ကစားရမည် ဖြစ်သည်။

သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

ရွှေဘိုမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး ပေါင်းသတ်ဆေးရည် သောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်

ရွှေဘို၊ သြဂုတ် ၂၉ ရက်နေ

ရွှေဘိုမြို့နယ်၊ ဇီတောကျေးရွာတွင် ယခုလ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး လယ်ယာလုပ်ငန်းခွင်သုံး ပေါင်းသတ်ဆေးရည်များသောက်သုံး၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံ၏ မှတ်တမ်းများ၌ ဖော်ပြထားကြောင်း သိရသည်။

“သေဆုံးသူကတော့ မငြိမ်းအိဖြူ အသက် ၂၃ နှစ်ဆိုသူဖြစ်ပါတယ်၊ ပေါင်းသတ် ဆေးရည်တွေကို သောက်ပြီး အော့အံနေတာ ကြောင့်
 ရွှေဘိုပြည်သူ့ဆေးရုံကြီးကို အပို့မှာ သေဆုံးသွားရခြင်းဖြစ်ပါတယ်..|” ဟု ဇီးတောကျေးရွာနေ ဒေသခံ ပြည်သူတစ်ဦးမှ ပြောသည်။

အဆိုပါ လူသေဆုံးခဲ့ရခြင်းသည် မည်သည့်အတွက်ကြောင့် သေဆုံးခဲ့ရသည်ကို စီစစ်နိုင်ရန် ရွှေဘိုရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၃ အရ ရဲစခန်းမှူး ရဲအုပ် အုန်းဟန်ဦး မှဆက်လက်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး

အသက် (၈၀)ကျော် အဘွားအိုအား အသက်(၂၀)အရွယ် လူငယ်တစ်ဦးမှ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်

ကလေး၊ သြဂုတ် ၂၉ ရက်နေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊အောင်မြင်သာကျေးရွာတွင် ယခုလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က အသက်(၈၀)ကျော် အဘွားအိုတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်နေသူ အသက် (၂၀)နှစ် အရွယ်လူငယ်တစ်ဦးအား သက်ဆိုင်ရာ ရဲဌာနမှ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများ၌ ဖော်ပြထားသည်ဟု သိရသည်။

အဆိုပါ မှတ်တမ်းများတွင် အသက်(၈၀)ကျော်အရွယ်ရှိ အဘွားအိုနှင့် တူမတော်စပ်သူသည် ၎င်း၏ ဦးလေးဖြစ်သူ၏ နေအိမ်မှ အိမ်သို့ပြန်လာစဉ် အိမ်ရှေ့၌ မသင်္ကာဖွယ်ရာ စက်ဘီးတစ်စီးရပ်ထားသည်ကို မြင်တွေ့ရသဖြင့် နေအိမ်အိပ်ခန်းအ တွင်းသို့ ချောင်းမြှောင်းကြည့်ခဲ့ရာ အိပ်ခန်းအတွင်း၌ တစ်ရွာတည်းနေ အသက်(၂၀)နှစ်အရွယ် မောင်အံ့ကျော် ဆိုသူမှ အဘွားအိုအား သမားယားအဖြစ်ပြုကျင့်ရန် ကြံစည်နေသည်ကို အဘွားအို၏ တူမတော်စပ်သူ မအေးအေးမော်မှ မြင်တွေ့ခဲ့ရ သည်ဟုလည်း ဆက်လက်၍ ဖော်ပြထားသည်။

ထို့နောက် မအေးအေးမော်မှ နေအိမ်ပေါ်သို့တက်၍ မောင်အံ့ကျော်ဆိုသူအား အိမ်းတွင်းမှထွက်သွားရန် ပြောဆိုခဲ့စဉ် မောင်အံ့ကျော်မှ လက်သီးဖြင့် မအေးအေးမော်အား ထိုးမည်ဟု ပြုလုပ်ခဲ့သေးသည်။ ယင်းအချိန်၌ မအေးအေးမော်၏ ခင်ပွန်း ဖြစ်သူ ကိုတင်မျိုးဝင်း ရောက်ရှိလာသည့်အတွက် မောင်အံ့ကျော်မှာ နေအိမ်ထဲမှ ထွက်ပြေးသွားခဲ့ကြောင်း ၎င်း မှတ်တမ်း များ၌ ဖော်ပြထားချက်များအရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ အလိုမတူဘဲ သားမယားအဖြစ်ပြု့ကျင့်ရန် ကြံစည်ခြင်းခံရသူက အသက်(၈၁)အရွယ် အဘွားကြီးဖြစ်ပါတယ်။ စိတ်ဝေဒနာရှင်တစ်ဦးလို့လည်း ယေဘူယျ ခန့်မှန်းသိရှိရပါတယ်..” ဟု ကလေး ရဲစခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော ရဲအရာရှိ တစ်ဦးမှ တုန့်ပြန်ပြောကြားသည်။

အသက်(၈၀)ကျော် စိတ်ဝေဒနာရှင် အဘွားအိုအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့သူ ဟု စွပ်စွဲခြင်းခံရသူ မောင်အံ့ကျော်အား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကလေးမြို့မရဲစခန်း (ပ) ၃၇၅/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၅/၅၁၁ အရ အမှုရေးဖွင့်ကာ ဒုရဲအုပ် သီဟ ဆိုသူမှ မောင်အံ့ကျော်ဆိုသူအား အမြန်ဆုံး ဖမ်းဆီးရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း၊ ကိုတိုးကြီး


မုံရွာ -ရွှေဘို ကားလမ်းတွင် ယာဉ်တိမ်းမှောက်၍ ကျော်ရဲအောင် သေဆုံး

ရွှေဘို၊ သြဂုတ် ၂၉ ရက်နေ

ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ သမရိုးကျေးရွာအနီး မုံရွာ - ရွှေဘို အဝေးပြေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၃၇/၄နှင့် ၃၇/၅ အကြားတွင် ယခုလ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ၌ ကျော်ရဲအောင် ဆိုသူ သည် အခင်းဖြစ်အရပ်တွင် သေဆုံးလျက်ရှိကြောင်း ရွှေပန်းကုံး ရဲစခန်း၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

၎င်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာသို့ ရွှေပန်းကုံး ရဲစခန်းမှူး ရဲအုပ် မြင့်စိုးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာတွင် ဒရင် အစိမ်းရောင် 110 အမျိုးအစား ဆိုင်ကယ်တစ်စီးသည် စက်အင်ဂျင်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်း မှောက်နေသည်ကို စီစစ်တွေ့ရှိရကြောင်း ရဲဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ခဲ့ရခြင်းကြောင့် အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာနေ မောင်ကျော်ရဲအောင် အသက်(၁၉)နှစ်ဆိုသူ မှာ ယာဉ်တိမ်းမှောက်ရာတွင် ရရှိခဲ့သော ဒဏ်ရာများဖြင့် ၎င်းနေရာတွင် သေဆုံးလျက်ရှိနေသည်ကို တွေ့ရှိရသဖြင့် ရွှေပန်း ကုံးရဲစခန်း ယာဉ်(ပ) ၂၁/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄(က) အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး


ရည်းစားစုံတွဲထံမှ ပစ္စည်းများ လုထွက်ပြေးသူ(၃)ဦးကို ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၂၉

၂၄-၈-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ ကိုxxxx (၃၆)နှစ်သည် ရည်စားဖြစ်သူ ဈေးရပ်ကွက်နေ မxxxxx(၂၆)နှစ်နှင့်အတူ လွယ်တိန်ခမ်းဘုရားကုန်း၊ မိုင်းဖုန်း ဆရာတော်စေတီခြေရင်းတွင် MARBO -၁၂၅ အနက်ရောင်ဆိုင်ကယ်အား ဇက်သော့ခတ်၍ စေတီရင်ပြင်တွင် စကားပြောနေခဲ့သည်။

ထိုသို့ စကားပြောနေစဉ် ၂၁၃၀ အချိန်ခန့်၌ အမည်မသိ လူ(၃)ဦးရောက်ရှိလာပြီး တစ်ဦးက ဓါးမြှောင်အနှောင့်ဖြင့် ကိုxxxx၏ ဦးခေါင်းအား ထုရိုက်ထိုးနှက်ခဲ့မှုကြောင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ၀ဲပါးပြတ်ရှဒဏ်ရာ ၁ ချက်တို့ရရှိပြီး ၄င်းတို့ ၂ ဦးထံမှ HUAWEI အမျိုးအစား လက်ကိုင်ဖုန်းအနက်ရောင် ၂ လုံး၊ မxxxx၏ လည်ပင်းတွင်ဆွဲထားသည့် အလေးချိန် ၁ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ငွေကျပ်(၂၀၀၀၀ိ/-)နှင့် MARBO-၁၂၅ ဆိုင်ကယ်တို့ကိုပါ လုယူထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရလျှင်ရခြင်း မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေရဲကင်းများသို့အကြောင်းကြားပြီး လှည့်ကင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေခဲ့သည်။ ၂၃၅၀ အချိန်တွင် (၁၀၅)မိုင် အေးရှားဝေါတိုးဂိတ်၌ မူဆယ်မှလားရှိုးသို့ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လင်းရင်စုကျေးရွာနေ ဝေဠု(၂၄)နှစ်နှင့် ဖြူးမြို့နယ်၊ ဖျဉ်ပင်အုပ်စု၊ လေးအိမ်စုရွာနေ ဇေယျာစိုး (၂၆)နှစ်တို့အား MARBO-၁၂၅ ဆိုင်ကယ်နှင့်တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ဇေယျာစိုးထံမှ HUAWEI လက်ကိုင်ဖုန်း အနက်ရောင် ၂ လုံး၊ ငွေကျပ်(၁၄၂၀၀ိ/-)၊ ၁ ပေ ၈ လက်မခန့်ရှိ ဓါးရှည် တစ်ချောင်း၊ ဝေဠုထံမှ ရွှေဆွဲကြိုး ၁ ကုံးနှင့် MARBO-၁၂၅ ဆိုင်ကယ်တို့အား သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ ဇေယျာစိုး၏ ၀ဲဘက်လက်တွင် ပြတ်ရှဒဏ်ရာ၊ ၀ဲ/ယာလက်ခုံများနှင့် ဂျင်းဘောင်းဘီရှည်ဝဲဘက်တို့တွင် သွေးများစွန်းထင်းနေသည်ကို တွေ့ရှိရပြီး စစ်ဆေးချက်အရ ၄င်းတို့(၂)ဦးနှင့်အိုက်လှိုင်းတို့(၃)ဦးသည် ဆိုင်ကယ်ဖြင့် လွယ်တိန်ခမ်း ဘုရားကုန်းသို့သွားရောက် ခဲ့ကြောင်း၊ မိုင်းဖုန်းဆရာတော်စေတီရင်ပြင်တွင် သမီးရည်းစားစုံတွဲ(၁)တွဲတွေ့ရှိရ သဖြင့် ယောက်ကျားလေး၏ဦးခေါင်းအား ဓါးနှောင့်နှင့်ထု၊ လည်ပင်းအားဓါးနှင့်ထောက်ပြီး ဖုန်း(၂)လုံး၊ ငွေ(၂)သောင်းလုယူခဲ့ပြီး မိန်းကလေး၏ လည်ပင်းတွင်ဆွဲထားသည့် ရွှေဆွဲကြိုးအား ဖြုတ်ယူခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အမှုနှင့်ပတ်သက်သည့် ထွက်ပြေးတိမ်းရှောင်နေသော လားရှိုးမြို့၊ ရပ်ကွက် (၁၂)နေ အိုက်လှိုင်း(ခ)အိုက်လှိုင်း(၁၈)နှစ်အား ၄င်းတည်းခိုနေထိုင်သည့် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းင်းတို့(၃)ဦးအား မူဆယ်မြို့မရဲစခန်း(ပ)၁၈၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဆွေးမြေ့ဓါတ်တိုင် ခရီးသည်တင်ယာဉ်ပေါ်သို့လဲကျ

ရန်ကုန်၊ သြဂုတ် ၂၉

၂၉.၈.၂၀၁၃ရက်နေ့ ၁၄၁၇အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ ဘုရင့်နောင်တံတားအတက် ချဉ်းကပ်လမ်းရှိ ကွန်ကရစ်လမ်းမီးတိုင်သည် အောက်ခြေဆွေးမြေ့ပြီး လမ်းမပေါ်သို့ အိဆင်းလဲကျခဲ့ပါသည်။

ထိုသို့ဓါတ်တိုင်လဲကျသည်ကိုတွေ့မြင်သဖြင့် မောင်းနှင်လာရာမှ ရပ်တန့်ခဲ့သည့် သန်မြန်သူ-၈၆ ခရီးသည်တင်ဒိုင်နာအပြာရောင်ယာဉ်၏ ၀ဲဘက်ရှေ့တံခါးဘောင်ပေါ်သို့တင်လျက်အနေအထားဖြင့် ကျရောက်ခဲ့၍ မရမ်းကုန်းမြို့နယ်၊ လျှပ်စစ်ဌာန၀န်ထမ်းများ၊ ဘုရင့်နောင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှဝိုင်းဝန်း ဖယ်ရှားခဲ့ရာ ၁၄၃၀အချိန်တွင်ဖယ်ရှားပြီးစီးခဲ့ကြောင်းနှင့် ဓါတ်တိုင်လဲကျမှုကြောင့် ယာဉ်ပျက်စီးမှုနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကျောင်းသားကလေးငယ် တစ်ဦးတည်းရေဆင်းကူးရာမှ ရေနစ်သေဆုံး

ရန်ကုန်၊ သြဂုတ် ၂၉

၂၈.၈.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာနေ မောင်သိန်းတန်စိုး(ခ)ကျော်မင်းထက်၊ (၈)နှစ်၊ (၂)တန်းကျောင်းသား၊ (ဘ)ဦးအောင်ကျော်ဆန်းသည် လှိုင်သာယာမြို့နယ်၊ အ.မ.က(၄၂)ကျောင်းမှ ပြန်လာပြီး (၁)ရပ်ကွက်ရှိ ရွှေလင်ပန်းချောင်း၊ ငါးမန်းတံတားအောက်တွင် တစ်ဦးတည်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်းသိရှိရ၍ ၎င်း၏မိဘများနှင့် လှိုင်သာယာမြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေလျက်ရှိရာ ၂၉.၈.၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန်တွင် ရွှေလင်ပန်းချောင်းအတွင်း၌ သေဆုံးနေသည့် ရုပ်အလောင်းအား ပြင်ပဒဏ်ရာမရှိဘဲ ရှာဖွေတွေ့ရှိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၅၆/၂၀၁၃)ရေးဖွင့်ကာစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


သီချင်းခွေဝယ်ဖို့ ပိုက်ဆံ ရှိပေမယ့် အင်တာနက် Download ဆွဲခြင်းကို စိတ်မကောင်းဘူး ဆိုသူ ဖော်ကာ

သီချင်းခွေဝယ်ဖို့ ပိုက်ဆံ ရှိပေမယ့် အင်တာနက် Download ဆွဲခြင်းကို စိတ်မကောင်းဘူး ဆိုသူ ဖော်ကာတေးသီချင်း အခွေဝယ်ရန် အဆင် မပြေ၍ အင်တာနက် မှ Download ဆွဲခြင်းကို ပြောစရာ မရှိသော်လည်း ပိုက်ဆံ ရှိပြီး Download ဆွဲခြင်းမျိုး ကို စိတ် မကောင်းကြောင်း အဆိုတော် ဖော်ကာက ပြောသည်။

Wanted အဖွဲ့ရဲ့ ‘တစ်ယောက် တစ်နေရာမှ’ ဆိုတဲ့ စီးရီးက စီးရီးထွက် ပြီးပြီးချင်းမှာပဲ အွန်လိုင်းမှာလည်း Download ပြုလုပ်နားဆင်ရန် လင့်ခ် များလည်း တက်လာ ခဲ့ပြီး အခွေ ဝယ်ဖို့ အဆင်မပြေတဲ့ သူများ အတွက်လည်း ဒီ လင့်ခ်တွေက တစ်ဆင့် နားဆင် ကြတာ လည်း တွေ့ ရပါတယ်။ ခုလို ဖရီး Download လင့်ခ်တွေအပေါ်မှာ လည်း ဖော်ကာ က ”အခွေ ဝယ်ဖို့ အဆင်မပြေ တဲ့ သူတွေ အတွက်တော့ ဒီလင့်ခ်တွေက အဆင်ပြေတာပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ အခွေတွေ အစုံ ရောက် ဖို့ နောက်ကျတယ် ဆိုတာက လည်း အခွေတွေ အများကြီး အလွန်အကျွံ မကူးရဲတာလည်း ပါတယ်။ ကူးထား တာကတော့ လက်ရှိ အရေအတွက် အ များဆုံး ကူးတယ် ဆိုတဲ့ အထိတော့ ကူး ထားတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကျတော့လည်း အများကြီး ကူးရမှာ လက်တွန့်တာပေါ့။ ရှေ့မှာက လည်း ခိုးကူးတွေက ပေါခဲ့တာ ဆိုတော့ ကူးရ မှာ လက်တွန့်တာပေါ့။ ပိုက်ဆံလည်း ရှိပြီး အခွေလည်း ဝယ်ဖို့ အဆင်ပြေရဲ့ သားနဲ့ Download လုပ်တာမျိုးကို တော့ စိတ်မကောင်းဘူး” ဟု ဖော်ကာ က ပြောသည်။

ဖော်ကာက ”ကျွန်တော် လုပ်နိုင် သလောက် အားနဲ့ အကောင်းဆုံးတော့ လုပ်ခဲ့တာပါပဲ။ ရှိုးတွေမှာ ပိုအားစိုက်ရမယ် ဆိုတာကလည်း သိပါတယ်။ ဒါပေမဲ့ ကိုယ့်သီချင်း ကိုယ် ဆိုတာ ဖြစ်တဲ့ အတွက် အရမ်းတော့ မခက် ခဲနိုင်ပါဘူး။ ပိုတော့ ပင်ပန်းမှာပေါ့။ ပင်ပန်းတာ နဲ့ အညီ ပရိသတ်တွေ လည်း ပိုပျော်တယ် ဆိုရင် ကျေနပ်ပါပြီ” ဟု ပြော သည်။ ၂ဝဝ၄ ခုနှစ်ခန့်မှာ ရောင်ခြည် အခွေကို စတင် ထွက်ရှိခဲ့သူ ဖော်ကာ Wanted အနေနဲ့ လက်ရှိ ၉ နှစ်အတွင်း တစ်ကိုယ်တော် အခွေ ထွက်ရှိ ထားနိုင်ခဲ့ ပြီး ၂ဝ၁၃ ဒီဇင်ဘာလ အတွင်း Wanted အဖွဲ့၏ One Band Show ကို တောင်ကြီးမြို့တွင် စတင်ပြုလုပ် တော့မည်ဟု သိရသည်။”

တောင်ကြီး၊ မန္တလေး၊ ရန်ကုန် ၃ ပွဲဆက်တိုက် လုပ်ဖြစ်မယ်။ ၂ ပတ်ခြား စီလောက် လုပ်ဖြစ်မယ် ထင်တယ်။ ဒီဇင်ဘာ နဲ့ ဇန်နဝါရီ နှစ်လမှာ ဆက် တိုက် လုပ်ဖြစ်မယ်။ တခြား Band အသစ်တွေလည်း ပါမှာပါ”။ ”အခွေ ထွက်တာဆို ၉ နှစ် ရှိပြီ။ Band သက်တမ်း ဆိုလည်း ၁ဝ နှစ် ကျော်ပြီ။ ပေါက်သည်ဖြစ်စေ၊ မပေါက် သည်ဖြစ်စေ နှစ်တွေ အများကြီး လုပ်လာခဲ့ပြီး တစ်ခါတလေ ကျရင် ကိုယ့်ရဲ့ ပရိသတ်ကို သီချင်းတွေ အများကြီးဆို ပြချင်တယ်။ ကိုယ့်ကို ချစ်တဲ့ သူတွေကို လည်း မြင်ချင်လို့ပါ” ဟု ဖော်ကာ က ပြောသည်။ 

ရဲရဲ

By Popular News

မွေးရာပါ တင်းနစ်ဘောလုံး အရွယ် အကျိတ်ပါလာသော ကလေးငယ်

မွေးရာပါ တင်းနစ်ဘောလုံး အရွယ် အကျိတ်ပါလာသော ကလေးငယ်နီကိုးလ်ရဲ့ ခြေထောက်မှာ မွေးရာပါ ရှောင်ရှားနည်းများ သွေးကြော ပါဝင်တဲ့ အကျိတ်တစ်ခု ပါလာ ခဲ့တဲ့အတွက် သူမမိခင်က သမီးငယ် ပုံမှန် တက်ကြွတဲ့ ဘဝမရမှာကို စိုးရိမ် ပူပန်ခဲ့ရ ပါတယ်။ မွေးရာပါ သွေးကြောစု အကျိတ် ဟာ သေးငယ်တဲ့ သွေးကြော နံရံများစွာ ပါပြီး အရေပြား မာကြောတဲ့ အကျိတ်တစ်ခု ဖြစ်ပါတယ်။ မွေးကတည်းက ကြီးထွားနေ ခဲ့ပြီး နောက်ပိုင်း ဆက်လက်ကြီးထွားမှု မရှိတော့ပါဘူး။ မိခင် ကိုယ်ဝန်ဆောင် စဉ်ကတည်းက အာထရာဆောင်း ရိုက်ပြီး စစ်ဆေးတွေ့ရှိနိုင် ပါတယ်။

အကျိတ် ပတ် လည် အရေပြားက ပန်းရောင်မှ အပြာ ရောင်သန်းနေပြီး ထိလိုက်ရင် နွေးနေတတ် ပါတယ်။ ခရင်မ်တွေ သုံးပြီး ကုသမှုခံယူခဲ့တဲ့ နှစ်နှစ်တာကာလ ကြာပြီးတဲ့ အချိန်မှာ နီကိုးလ်ဟာ တက်ကြွစွာ ပြေးလွှားနေတဲ့ သူငယ်ချင်းတွေ ကိုပဲ ကြည့်နေခဲ့ ရပါတယ်။ အသည်းအသန် ကုသမှု ပေးပြီးတဲ့အခါမှာ တော့ နီကိုးလ်ဟာ ပထမဆုံး အကြိမ်အဖြစ် ပြေးနိုင်၊ ခုန်နိုင်လာပြီဖြစ် ပါတယ်။ နီကိုးလ်မွေးလာပြီး ခြေထောက်မှာ မွေးရာပါ သွေးကြောစုအကျိတ် တစ်ခုပါလာခဲ့ တယ်လို့ သိရတဲ့အခါ ဂရိတ် အောမောင့်လမ်းက မွေးရာပါ အမှတ်ဆိုင်ရာ ဆေးခန်းကို သွားပြခဲ့ ပါတယ်။

"သူတို့က ဒီလို အမှတ်မျိုး တစ်ခါမှ မမြင် ဖူးဘူး၊ ဒါပေမဲ့ ဒီမွေးရာပါ အကျိတ်ကို ကုနိုင်လိမ့်မယ်လို့ သူတို့ယုံကြည်တယ်" လို့ ဆရာဝန်တွေက ရှင်းပြခဲ့ ကြောင်း နီကိုးလ်ရဲ့ မိခင်ဖြစ် သူက ဆိုပါတယ်။ နီကိုးလ်ဟာ မွေးရာပါအကျိတ် သွေးကြော တွေကျုံ့သွားစေဖို့ ခရင်မ်လိမ်း တဲ့ ကုသမှုကို စတင်ခံယူခဲ့ပါတယ်။ အသက်သုံးနှစ်ရှိတဲ့ အခါ အကျိတ်ကြီးထွားမှုက နှေးသွားပါတယ်။ အခုအ ခါမှာတော့ မြင်ရရုံလောက်ပဲ မွေးရာပါအမှတ် ရှိပါတော့တယ်။ အခုအခါ အရင်က ပြေးလွှားတာ၊ ခုန်ပေါက်တာတွေ မလုပ်နိုင်ခဲ့တဲ့ နီကိုးလ်ဟာ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပြေးလွှားဆော့ကစားနိုင် နေပါပြီ။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

By Good Health

အနုပညာ လောကထဲ ခေါ်လာတဲ့ သူကို ပြောပြတဲ့ စန္ဒီမြင့်လွင်

အနုပညာ လောကထဲ ခေါ်လာတဲ့ သူကို ပြောပြတဲ့ စန္ဒီမြင့်လွင်မကြာမီက ကွယ်လွန် ခဲ့သော အဆိုတော် မျိုးမြင့်လေးကြောင့် အနုပညာ  လောကကို စတင် ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း စန္ဒီမြင့်လွင် က ပြောသည်။ ”ဒီးဒီကို ပထမဆုံးအနေနဲ့ ပြဇာတ် တစ်ခုမှာ ကဖို့ဆိုပြီး ဦးမျိုးမြင့်လေး ခေါ်လာတာ။ အဲဒီ ကစပြီး အနုပညာ အလုပ် တွေ စလုပ်ဖြစ်သွားတာ။ နောက် ဦးမျိုးမြင့်လေး ရဲ့ ‘နေကာ မျက်မှန်’ အခွေကို ဗီစီဒီ ရိုက်ဖို့ အတွက် မဒါ တို့နဲ့ ချိတ်ဆက်ပြီး ခေါ်ရိုက် တာ။ ဒီးဒီကို ကိုမင်းခေတ် နဲ့ ရိုက်ပေးတာ။ အကုန်လုံး နဲ့ မိတ်ဆက် ပေးတာ။ အခု နောက်ပိုင်း ဂီတ အစည်းအရုံး မှာဆိုလည်း အမြဲတမ်း တွေ့ဖြစ်တယ်။ ဟို တလော တွေ့တုန်းက အကောင်းကြီး ရှိသေးတာ။ တအားလည်း စိတ်မကောင်း ဖြစ်ရ တယ်။ ကိုယ့်ကို ဒီလို အနုပညာ လောကထဲ ကို လက်တွဲ ခေါ်လာခဲ့တဲ့သူလေ” ဟု စန္ဒီမြင့်လွင် က ပြောသည်။ ”လူငယ်တွေ စုပြီး ဆီးဂိမ်းပွဲ အတွက် လှုပ်ရှားနေတာ။ ဘန်နီဖြိုး၊ လွှမ်းပိုင် ၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer တို့လည်း ပါတယ်။ အများကြီးပဲ။ သီချင်းက တစ်ယောက် တစ်ပုဒ်စီ ဆိုကြတာ။ ဒီလို လူငယ်တွေ စည်းစည်းလုံးလုံး နဲ့ လုပ်ရမှာ ဆိုတော့ ဝမ်းသာတယ်။ နောက် ဒီသီချင်းကို အကုန်လုံး ချောင်းသာမှာ သွားရိုက် ကြမှာ ဆိုတော့ တအား ပျော်စရာ ကောင်းမှာ။ ဒီလိုမျိုး ဆီးဂိမ်း လှုံ့ဆော်ရေးမှာ ပါဝင်ခွင့် ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ပြောပြခဲ့သည်။

မေမွန်မောင်

By Popular News

အနုပညာ အလုပ်ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ မဟုတ်ဘူးဆိုတဲ့ သွန်းဆက်

အနုပညာ အလုပ်ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ မဟုတ်ဘူးဆိုတဲ့ သွန်းဆက်အခွင့်အရေး နှစ်ခု တိုက်တာက သွန်းဆက် အမြဲတမ်းကြုံ ဖြစ်တယ်။  တစ်ခါတလေ ကျရင် အလုပ် နှစ်ခု အပြိုင်ဆိုရင် နှစ်ခုစလုံးကကောင်း နေပြီဆိုရင် ကိုယ်က ဘယ်ဟာ ရွေး လို့ ရွေးရမှန်း မသိတော့ဘူး။ အခွင့် အရေးနှစ်ခု လာတိုက်ရင်တော့ အ ရမ်းစိတ်ညစ်တယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံး တစ်ခုကိုပဲ ကိုယ်ကရွေးချယ် ရတာပေါ့။

သွန်း ဆက်က အနုပညာ အလုပ်ကို ပေါ် ပြူလာဖြစ်ချင်လို့ လုပ်တာ မဟုတ် ဘူး။ သွန်းဆက်က ငယ်ငယ်လေး ကတည်းက သရုပ်ဆောင် တာကို အရမ်းဝါသနာ ပါပြီး တကယ် ရူးသွပ် ခဲ့တာဆိုတော့ အနုပညာကို တကယ် ချစ်တယ်။ ကိုယ့်စိတ်ထဲမှာကိုက အနုပညာကို ဝါသနာ အရမ်းပါလို့ လုပ်တာ။ ဇာတ်ကားတွေ ကတော့ တောက်လျှောက် အခုတော့ ရိုက်ဖြစ် နေတယ်။ ကိုယ့်ဇာတ်ကား ကိုကြည့် ပြီးပရိသတ် အတွက် တစ်ခုခုဖြစ် သွားတယ်ဆိုရင်ပဲ သွန်းဆက်ကျေ နပ်ပါတယ်။ မော်ဒယ်သွန်းဆက်နဲ့ သရုပ်ဆောင် သွန်းဆက် အရမ်းကို ကွာခြားတယ်။ ဓာတ်ပုံရိုက် တယ်ဆိုတာ ကိုယ် post ပေးပြီး တော့ လုံးဝအတည်ပဲရိုက်ရတာ။

သရုပ်ဆောင် တယ်ဆိုတာက ကိုယ် လှုပ်ရှားတဲ့အရာတိုင်းကို ကင်မရာနဲ့ ရိုက်နေတာဆိုတော့ သရုပ်ဆောင် တဲ့အခါ သတိထားပြီးတော့ သရုပ် ဆောင်ရတာတွေရှိတယ်။ သရုပ် ဆောင်ဘဝကို အရမ်းရူး သွပ်ခဲ့တော့ သရုပ်ဆောင် ပဲဖြစ်ချင် ပါတယ်။

သရုပ်ဆောင်ဖြစ် ချင်တဲ့ အကြောင်း ပြချက်က သွန်းဆက် ငယ်ငယ်တုန်း က မထက်ထက်မိုးဦးကြော်ငြာတွေ ကြည့်ပြီး သူသရုပ်ဆောင် ပြီးသွား တာနဲ့ ကိုယ့်ဘာသာကိုယ် သီချင်း လိုက်ဆိုပြီး အဲဒီအတိုင်းကို အိုက် တင်လိုက်လုပ်တာ။ အဲဒီလိုဆိုတော့ ငယ်ငယ်ကတည်းက သွန်းဆက်ရဲ့ စိတ်ထဲမှာ အနုပညာအရမ်းကိုစီး ဆင်းနေတာပါ။ 

 By 8 Days

အမြန်ဆုံး မျက်မမြင် ဆိုင်ကယ်စီးသူ အဖြစ် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့သူ

အသက် ၃၉ နှစ်အရွယ် စကော့တလန်နိုင်ငံသား စတာ့တ်ဂန်းဆိုသူသည် မျက်မမြင်တစ်ဦး ဖြစ်ပြီး သြဂုတ်လ ၁၇ရက်နေ့က မော်တော်ဆိုင်ကယ်အား တစ်နာရီ ၁၆၇ မိုင်နှုန်းမောင်းနှင်ပြီး ကမ္ဘာ့အမြန်ဆုံး မျက်မမြင် ဆိုင်ကယ်စီးသူ အဖြစ် စံချိန်တင်နိုင်ခဲ့သည်။

၎င်းဆိုင်ကယ် မောင်းနှင်နေချိန်တွင် ဖခင်ဖြစ်သူက ဘေးမှ ဆိုင်ကယ်ဖြင့် လိုက်ကာ မည်သည့်နေရာတွင် လမ်းကြောင်းလွဲသွားသည်၊ မည်သည့်နေရာတွင် ဘရိတ်ဆွဲရမည် တို့ကို ပြောပြပေးခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရသည်။ စကော့တလန်နိုင်ငံ အီဒင်ဘာ့ခ်ျမြို့တွင် နေထိုင်သူ စတာ့တ်က မျက်မမြင်ဖြစ်သည်နှင့် ဘ၀ဆုံးသွားသည်မဟုတ်ကြောင်း သက်သေပြလိုက်နိုင်ပြီ ဖြစ်သည်ဟု ၀မ်းသာအားရ ပြောဆိုခဲ့သည်။

မျက်မမြင်တစ်ဦးဖြစ်သူ စတာ့တ်သည် ဖခင်နှင့်အတူ နှစ်ပေါင်းများစွာ ဆိုင်ကယ်စီး လေ့ကျင့်ခဲ့ရကြောင်း သိရသည်။ လွန်ခဲ့သော ၁၁ နှစ်ကလည်း စတာ့တ်သည် ကားမတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့သောကြောင့် နံရိုးများနှင့် ပခုံးရိုးကျိုးကာ ညာဘက်ခန္ဓာကိုယ်တစ်ခြမ်း အကြောသေသွားခဲ့ဖူးသေး သည်။ စတာ့တ်သည် အင်္ဂလန်နိုင်ငံ နော့သ်ရှိုင်းယားစီရင်စုရှိ အယ်လ်ဗင်တန် လေယာဉ်ကွင်းတွင် တင်ထားခဲ့သော တစ်နာရီ၁၆၄ မိုင်နှုန်းစံချိန်ကို ကျော်ဖြတ်ကာ ကမ္ဘာ့စံချိန် သစ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ref: ပြည်မြန်မာ
နေခရမ်း

မိုင်လီဆိုင်းရပ်(စ်) ၏ သရုပ်ပျက် ဖျော်ဖြေမှု များမှာ စိတ်ပျက်ဖွယ် ကောင်းကြောင်း ဘရွတ်ရှီး ဆို

သြဂုတ် ၂၅ ရက်က ကျင်းပခဲ့သည့် MTV Music Award ဆုပေးပွဲ ၌ မိုင်လီ ဆိုင်းရပ်(စ်)၏ ဖျော်ဖြေ တင်ဆက်မှုကို အံ့သြ တုန်လှုပ်ရသူများထဲ ၌ ဟောလီးဝုဒ် မင်းသမီး ဘရွတ်ရှီး လည်း ပါဝင်သည်။

Hannah Montana ဇာတ်ကား၌ ဇာတ်ဆောင်၏ မိခင်နေရာမှ သရုပ်ဆောင်သူ ဘရွတ်ရှီးသည် မိုင်လီ၏ အဝတ်ဗလာနီးပါး သရုပ်ပျက် ဖျော်ဖြေမှုများကို ကြည့်ရှု ရသည်မှာ စိတ်ပျက်ဖွယ် ကောင်းကြောင်း ပြောကြားခဲ့သည်။

”ဒီလို ဖျော်ဖြေဖို့ သူ့ကို ဘယ်သူများ အကြံပေးလိုက်လဲ မသိပါဘူး။ အဲဒီ လောက်ထိ လုပ်ဖို့ လိုအပ်လို့လား။ လေဒီ ဂါဂါကို လိုက်တုနေသလားပဲ။ ဂါဂါက တော့ ဒီလို ဖျော်ဖြေမှုတွေမှာ ဆရာကြီး လေ”ဟု ဘရွတ်ရှီး က ပြောကြားသည်။

၎င်းဆုပေးပွဲ၌ မိုင်လီ၏ ဖျော်ဖြေ မှုများမှာ ဂါဂါ၏ ရူးသွပ်မှု ပုံစံလမ်း ကြောင်းပင်ဖြစ်ကြောင်း အများက လက် ခံထားကြသည်။

”ဒီလို ပုံစံ ဖျော်ဖြေဖို့ မလိုအပ်ပါ ဘူး။ ကသိ ကအောက်နိုင်တယ်။ နောက် ပြီး လျှာပြီး ထုတ်ထုတ်ပြတယ်။ ထင် ရာစိုင်းပြီး လျှောက်လုပ်တယ်လို့ ထင် ပါတယ်”ဟု ၄င်းက ထပ်လောင်း ဆို သည်။

သိင်္ဂီဝင်း

Ref: E! Online

Popular Myanmar News Journal

နေ့လယ်ခင်းလူစည်ကားချိန် မီးခံသေတ္တာအလုံးလိုက်ခိုးယူ

ရန်ကုန်၊ သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၉) ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်း ပေါ်ရှိ ငါးထပ်တိုက် သုံးလွှာတွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က အိပ်ခန်း အတွင်းရှိ ရွှေထည်နှင့်ငွေများ သိမ်းဆည်းထားသော မီးခံသေတ္တာတစ်လုံး ခိုးယူခံရကြောင်း အခန်းပိုင်ရှင် ဦးကျော်စိန်က The Voice သို့ ပြောကြားသည်။

ယင်းနေ့ နံနက် ၉ နာရီကျော်က သမီးဖြစ်သူကို ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လိုက်ပို့ပြီး အပြန်တွင် အခန်းတံခါးကို ခတ်ထားခဲ့သည့် သော့သုံးလုံးကို ဖျက်ဆီးခံထားရပြီး အိပ်ခန်းအတွင်း ထားရှိသော LEECO အမျိုးအစား မီးခံသေတ္တာ ပျောက်ဆုံးနေကြောင်း၊ မီးခံသေတ္တာအတွင်းတွင် စုစုပေါင်း အလေးချိန် ၂၃ ကျပ်သားရှိ အကယ်ဒမီအခေါက်ရွှေ လေးတုံးအပါအဝင် ကျပ် ၁၅ သိန်း၊ စင်ကာပူ ဒေါ်လာ ၅၀ တန် အရွက် ၂၀ ၊ ရွှေနားကပ် သုံးရန်နှင့် နိုင်ငံကူးလက်မှတ်စာအုပ်ပါ ပျောက်ဆုံးလျက်ရှိ ကြောင်း ၄င်းက ပြောကြားသည်။

"သော့သုံးလုံးကို ရွှေဖြတ်တဲ့ ကတ်ကြေး (Cutter) နဲ့ ဖြတ်ထားတဲ့ လက္ခဏာ တွေ့ရတယ်လို့ ရဲတွေက ပြောတယ်။ အဲဒီမီးခံသေတ္တာက ဝယ်တုန်းကတောင် လူလေးယောက်မ သယ်ရတယ်။ သူတို့တွေ သေတ္တာကို လှေကားကနေချပြီး ကားပေါ်တင်တာကို တချို့လူတွေ မြင်ကြပေမယ့် ခိုးခဲ့တာလို့ မထင်မိကြဘူးတဲ့" ဟု ဦးကျော်စိန်၏ သမီးဖြစ်သူကဆိုသည်။

မီးခံသေတ္တာကို လူသုံးဦးက ကားတစ်စီးပေါ်သို့ တင်နေသည်ကို မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် ဖုန်းအရောင်း ဆိုင်၏ လုံခြုံရေးကင်မရာမှ မြင်တွေ့ရသော်လည်း မည်သူမည်ဝါများ ဖြစ်သည်ကို သဲကွဲစွာမသိရကြောင်း ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တယ်လီဖုန်းအရောင်းဆိုင်၏ လုံခြုံရေးကင်မရာ မှတ်တမ်းများအရ မီးခံသေတ္တာ တင်ဆောင်သည့်ယာဉ်မှာ Probox အမျိုးအစားဖြစ်ပြီး လူသုံးဦးအနက် တစ်ဦးမှာ တိုက်အနီးရှိ အုတ်၊ သဲ၊ ကျောက် လုပ်ငန်းမှ လူငယ်တစ်ဦး ပါဝင်ကြောင်း၊ ၄င်းလူငယ်ကို ခေါ်ယူစစ်ဆေးရာ ၄င်းကို အကူအညီတောင်းသဖြင့် အိမ်လှေကားမှ ဝိုင်းဝန်းကူညီ သယ်ဆောင်ပေးခဲ့ရာ မီးခံသေတ္တာ သယ်သူများက ၄င်းကို ၁၅၀၀ ကျပ်ပေးခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း မီးခံသေတ္တာပိုင်ရှင် ဦးကျော်စိုးက ပြောကြားသည်။

"မသင်္ကာတဲ့ လူတစ်ယောက်ကိုတော့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရတယ်။ ဒီရပ်ကွက်မှာ အရင်က ဒါမျိုးမဖြစ်ဖူးခဲ့ပါဘူး" ဟု အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးခံသေတ္တာ အလုံးလိုက်ပျောက်ဆုံးမှုကို လှိုင်မြို့နယ်ရဲစခန်းက (ပ) ၃၆၂/၁၃၊ ပြစ်မှုပုဒ်မ၊ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

ဘန်နီဖြိုး၏ လူပျိုလှည့်တေးစီးရီး နိုဝင်ဘာတွင် ထွက်မည်

ရန်ကုန်၊ သြဂုတ် ၂၈

အလွမ်းပြေအနမ်း၊ နှစ်ပတ်လည် စတဲ့သီချင်းတွေနဲ့ လူငယ်ပရိသတ် အားပေးမှုရခဲ့တဲ့ တေးသံရှင်ဘန်နီဖြိုးက သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ လူပျိုလှည့် တေးစီးရီးကို နိုဝင်ဘာလအတွင်း ဖြန့်ချိပေးသွားတော့မှာပါလို့ The Voice ကိုပြောပါတယ်။

"ဒီစီးရီးက ကျွန်တော့်ရဲ့ ပထမတစ်ကိုယ်တော်စီးရီး “ချစ်တယ်ဟုတ်” ထဲက Music ပုံစံတွေနဲ့ နည်းနည်းကွဲလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဆိုနေကျ သီချင်းပုံစံလည်း မပျောက်အောင် နောက်ထပ် Level တစ်ခုလည်းရောက်အောင် ကြိုးစားထားပါတယ်။ သီချင်းပုဒ်ရေကတော့ ၁၂ ပုဒ် ပါမယ်။ သီချင်းတွေ အကုန်လုံးကို ကျွန်တော်ကိုယ်တိုင် ရေးထားတယ်။ Featuring ဆိုပေးတဲ့ Rapper တွေကတော့ သူတို့ဆိုတဲ့အပိုဒ်ကို ကိုယ်တိုင်ရေးထားကြတယ်။ သီချင်း အကြောင်းအရာတွေ ကတော့ ကျွန်တော်ရဲ့ခံစားချက်တွေကို ဖွဲ့ထားတာ ပါသလို၊ သူငယ်ချင်းတွေရဲ့ ခံစားချက်တွေကို ကိုယ်စားခံစားပြီး ရေးထားတာတွေလည်း ပါမယ်" လို့ ဘန်နီဖြိုးက ပြောပါတယ်။

လူပျိုလှည့် တေးစီးရီးမှာ Featuring သီဆိုသူများ အဖြစ် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ကိကိနဲ့ Underground မှာ ကျင်လည်နေတဲ့ သူငယ်ချင်းများ ပါဝင်မှာဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ စီးရီးများနဲ့ မတူတဲ့ ရသမျိုးကို ပေးနိုင်အောင် ကြိုးစားထားတဲ့အတွက် ပရိသတ်များကို အားပေးစေချင် ပါတယ်လို့ သူက ဆိုပါသေးတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု ကတော့ We Can Do It ဆိုတဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်းတစ်ပုဒ်ကို တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေတို့နဲ့ ရိုက်ကူးထားပြီး အဖွဲ့လိုက် တေးစီးရီးများလည်း ထွက်လာဖို့ရှိတယ်လို့ ဘန်နီဖြိုးက ပြောပါတယ်။

The Voice Weekly

မကွေးတွင် ဘုရားအလှူခံပုံးထဲမှငွေများ အခိုးခံရ

မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်ရှိ ဆုတောင်းပြည့် မြို့လယ်ဘုရားဝန်းအတွင်းရှိ အလှူခံပုံး နှစ်ခုထဲတွင်ရှိသော အလှူငွေများ ဖောက်ထွင်းခိုးယူခံရကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ သြဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန် သည်။

ယင်းဖြစ်ရပ်ကို ဘုရားဂေါပက ဦးစိန်ထွန်းက သြဂုတ် ၂၈ ရက် ည ၇ နာရီတွင် စတင်တွေ့ရှိခြင်းဖြစ်ပြီး ထိုအချိန်တွင် ဘုရားဝန်းအတွင်းမှ ဂန္ဓကုရီတိုက်အတွင်းရှိ အလှူခံပုံး နှစ်ပုံး၏ ရှေ့မှန်များကွဲနေပြီး အလှူခံပုံးထဲရှိ ငွေများလည်း ပျောက်ဆုံးနေကြောင်း ရဲစခန်း၏ မှတ်တမ်းများတွင် တွေ့ရသည်။

ထို့ကြောင့် ဂေါပက ဦးစိန်ထွန်းက ကျန်ဂေါပကအဖွဲ့ဝင်များကို ဆက်လက်အသိပေးပြီး ထိုမှတဆင့် မကွေးမြို့မ ရဲစခန်းသို့ သတင်းပေးပို့ တိုင်တန်းခဲ့ကြောင်း၊ ရဲစခန်းမှ ရဲများကလည်း မကြာမီသွားရောက် စစ်ဆေးခဲ့ကြောင်း ရဲဌာန၏ မှတ်တမ်းများတွင် တွေ့ရသည်။

ငွေများကို ခိုးယူသူသည် သံပန်းပြူတင်းပေါက်တံခါးများကို ဆွဲခွာပြီး အတွင်းရှိ မှန်လျောတံခါးကို တွန်းဝင်ခဲ့ကြောင်း၊ အလှူခံပုံးများ၏ မှန်ချပ်များကို အုတ်ခဲဖြင့်ထုခွဲ၍ ငွေများကို ယူသွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ဂေါပကအဖွဲ့၏ အဆိုအရ ထိုအလှူခံပုံးနှစ်ပုံးထဲတွင် ငွေကျပ်တစ်သောင်းခန့်သာရှိကြောင်း ခန့်မှန်း ထားကြောင်း၊ ဂေါပကများက ရဲစခန်း၌ အမှုမဖွင့်သော်လည်း ရဲများကမူ အများပြည်သူလှူထားသော ငွေများဖြစ်သဖြင့် ခိုးယူသူကို အရေးယူရန် စုံစမ်းရှာဖွေပြီး ဆက်လက်ဖော်ထုတ်သွားမည်ဟု ရဲဌာနက ဆိုထားသည်။

အလားတူပင် သြဂုတ် ၁၄ ရက်ကလည်း မကွေးမြို့ ကန်သာရပ်ကွက်ရှိ အေးစေတီဆုတောင်းပြည့် ဘုရားမှ အလှူငွေ ကျပ်သုံးသိန်းနီးပါးရှိသော အလှူခံပုံးတစ်ခု ပျောက်ဆုံးသွားကြောင်း ထိုစေတီ၏ ဂေါပကအဖွဲ့က ရဲစခန်း၌ တိုင်တန်း ထားပြီး ရဲဌာနကလည်း အမှုအမှတ် (ပ) ၁၅၆/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ရဲဌာ၏ ထုတ်ပြန်ချက်များတွင် လေ့လာတွေ့ရှိသည်။

ဝိုင်းအောင်
Mizzima - News in Burmese


သိန်းလေးရာခန့်တန်သည့် ရတနာများခိုးသည်ဟု သမီးကို ဖခင်က အမှုဖွင့်

ကျပ်သိန်းပေါင်းလေးရာခန့် တန်ဖိုးရှိသော ရတနာပစ္စည်းများ ခိုးယူသည်ဟုဆိုကာ အဘိုးအိုတစ်ဦးက သူ့သမီးကို အမှုဖွင့်တိုင်တန်းမှုတစ်ခု သြဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

အမှုဖွင့် တိုင်တန်းသူသည် အသက် ၇၅ နှစ်အရွယ်ရှိ ဦးအောင်သိန်းဆိုသူဖြစ်ပြီး ရန်ကင်းစင်တာတွင် နေထိုင်ပြီး ရတနာများပျောက်ဆုံးသည့်နေ့က ၎င်းနှင့် ဇနီးသည်တို့ ဆရာကန်တော့ပွဲတစ်ခု၌ ကန်တော့ခံရန် သွားရောက် ခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထိုဆရာကန်တော့ပွဲမှအပြန် ကုတင်အောက်တွင် ရှုံ့အိတ်ဖြင့်
ထည့်ပြီးထွေးခံဖြင့်အုပ်ကာ ၀ှက်ထားသော ကျပ်သိန်း ၃၈၀ ခန့်တန်သော လက်ဝတ်ရတနာပစ္စည်း ၂၁ မျိုးမှာ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရကြောင်း တရားလိုက ရဲကို တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ပိုင်ရှင်က ပစ္စည်းများ ပျောက်ဆုံးနေသည်နှင့် ပတ်သက်၍ သူ့ဖာသာစုံစမ်းခဲ့ရာ ဇူလိုင် ၂ ရက်မှ သြဂုတ် ၂ ရက်အထိ နေအိမ်တွင် ခေတ္တလာရောက်နေထိုင်ခဲ့သော သူတို့၏သမီးအရင်းဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်သန္တာသိန်းက လက်ဝတ်ရတနာများကို ခိုးယူသည်ဟု သံသရှိလာသဖြင့် ရဲကို ယခုလို တိုင်တန်းလိုက်ခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ယခုအမှုကို ရန်ကင်းရဲစခန်းက အမှုအမှတ် (ပ)၁၈၅/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကိုလည်း ရှာဖွေစုံစမ်း လျှက်ရှိရာ ၎င်းကိုတွေ့ရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

တရုတ်တွင် ကလေးငယ် မျက်လုံး ဖောက်ထုတ်ခံရ

ဘေဂျင်း၊ သြဂုတ် ၂၅

တရုတ်တွင် ကလေးငယ် တစ်ဦး၏ မျက်လုံးကို ဖောက်ထုတ်ခဲ့သည့် ပြစ်မှု ကျူးလွန်သူကို သတင်း ပေးနိုင်သူအား တရုတ် ယွမ်ငွေ တစ်သိန်းပေးမည် ဟု ရဲတပ်ဖွဲ့က ဆုငွေ ထုတ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထား သည်။

တရုတ်နိုင်ငံ ရှန်ရှီပြည်နယ် ဖန်ရှီဒေသတွင် သြဂုတ်လ ၂၄ ရက်နေ့က အသက် ခြောက်နှစ်အရွယ် ကလေး တစ်ဦးသည် အိမ်အပြင် ထွက်ကစား ခဲ့ရာတွင် မိဘများက ပြန်လည် ရှာတွေ့ခဲ့သည့် အချိန်၌ မျက်စိ နှစ်လုံး ဖောက်ထုတ်ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါမျက်လုံး အဖောက်ခံထားရသော ကလေးငယ်၏ မိဘများမှာ လယ်သမားများဟု ဆိုကြပြီး ကလေးငယ် အပြင်ထွက် လမ်းလျှောက်နေစဉ် အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မျက်လုံး အဖောက်ခံရသည့် ကလေးငယ်က ပြန်လည် ပြောပြခဲ့ကြောင်း ၎င်း၏ မိခင်က ပြောကြားသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ကလေးငယ်၏ မျက်လုံး နှစ်လုံးကို ရဲက ပြန်လည် တွေ့ရှိခဲ့ပြီး မျက်ကြည်လွှာကိုမူ မတွေ့ရကြောင်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ရောင်းချရန် ယခုကဲ့သို့ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းစာများ၏ အစောပိုင်း သတင်းများတွင် ဖော်ပြထား သည်။

သို့သော် ပြန်လည် တွေ့ရှိသည့် မျက်လုံး နှစ်လုံးတွင် မျက်ကြည်လွှာ ပျောက်ဆုံးနေခြင်း မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ယခုအခါ ကလေးငယ်သည် ဆေးရုံတွင် အခြေအနေ ပြန်လည် ကောင်းမွန် လာပြီ ဖြစ်ကြောင်း၊ ယခုပြစ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို တရုတ် ယွမ်ငွေ တစ်သိန်း (အမေရိကန် ဒေါ်လာ ၁၆၃၄၀) ဆုကြေးငွေ ပေးအပ်မည် ဟု ရဲတပ်ဖွဲ့က ကြေညာထားသည်။

“ဒီအမှုကို အစွမ်းကုန် ကြိုးစား ဖော်ထုတ်သွားမယ်” ဟု လျူ အမည်ရသော ရဲတစ်ဦးက ပြောကြားသည်။

The Voice Weekly

အသက် ၂၅ နှစ်အောက်လူငယ်များ၌ လိင်မှတစ်ဆင့် ရောဂါကူးစက်မှုများလာ

ဗြိတိန်နိုင်ငံတွင် အသက် ၂၅ နှစ်အောက်လူငယ်များ၌ လိင်မှတစ်ဆင့် ကူးစက်တတ်သော
ရောဂါများရရှိမှုမှာ ဆယ်စုနှစ်ကာလအတွင်း ၅၀ရာခိုင်နှုန်း တိုးပွားလာကြောင်း အင်္ဂလန်ပြည်သူ့
ကျန်းမာရေးဌာန၏ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၂ ခုနှစ်မှတ်တမ်းများကို အခြေခံသော အဆိုပါထုတ်ပြန်ချက်အရ အဆိုပါနှစ်အတွင်း လိင်မှ
တစ်ဆင့်ကူးစက်သော ဆီးပူညောင်းကျရောဂါ၊ ရေယုန်နှင့် လိင်အင်္ဂါတွင်ဖြစ်ပွားသော ကြွက်နို့
များကူးစက်ခံရသူ ၄၄၈,၄၂၂ ဦးရှိပြီး အများစုမှာ အသက် ၂၅ နှစ်အောက် အမျိုးသား၊အမျိုး
သမီးများ ဖြစ်ကြောင်းသိရသည်။

ကူးစက်ခံရသူအရေအတွက်မှာ ၂၀၁၁ ခုနှစ်ကထက် ၅ ရာခိုင်နှုန်း တိုးပွားလာပြီး၊ စစ်တမ်းအတွက်
မှတ်တမ်း စတင်ပြုလုပ်သည့် ၂၀၀၃ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ရောဂါကူးစက်ခံရသူ အရေအတွက်
၄၆ ရာခိုင်နှုန်းတိုးတက်လာခြင်း ဖြစ်သည်။

ထိုသို့ရောဂါကူးစက်မှုတိုးပွားလာရခြင်းမှာ အပျော်တွဲသူများနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဓလေ့ကျယ်ပြန့်လာခြင်းကြောင့် ဖြစ် ကြောင်း၊အဖြစ်များသူများမှာ လိင်တူဆက်ဆံသည့်အမျိုး
သားများနှင့် အသက် ၂၅ နှစ်အောက်အရွယ် လူငယ်များတွင်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်
ကဆိုသည်။

မေးအွန်လိုင်း

သက်လှိုင် ဘာသာပြန်သည်။ (မြန်မာတိုင်းမ်)

ခေတ်ရေစီးကြောင်း ပြောင်းပေမယ့် ဂစ်တာကိုရူးသွပ်ဆဲ

အဆင့်ဆင့်တိုးတက်ပြောင်းလဲလာ သော ခေတ်ရေစီးကြောင်းပေါ် မူတည်၍ ဂီတအမျိုးအစား
များစွာ၊ တူရိယာများစွာ ပေါ်ထွက်လာခဲ့ကြသော်လည်း လူငယ် များ၏ ဂစ်တာကိုစွဲမက်ရူးသွပ်
မှုမှာ ပြောင်းလဲသွားခြင်းမရှိကြောင်း ဂစ်တာ အရောင်းဆိုင်များက ဆိုသည်။

JMs နိုင်ငံခြားဖြစ်ဂစ်တာ အရောင်းဆိုင်မှ ကိုအာကာက" ဟိုအရင် ချိန်တွေတုန်းကလည်း လူငယ်
တွက ဂစ်တာကို စိတ်ဝင်စားကြတယ်။ ခု နောက်ပိုင်းမှာလည်း ပိုပြီးတော့တောင် စိတ်ဝင်စားကြ
တယ်ဆိုတော့ ရောင်း အားလည်း ပိုကောင်းလာတယ်။ လွန်ခဲ့ တဲ့နှစ်နှစ်လောက်တုန်းကဆိုရင်
ရောင်း အားက ပုံမှန်ပဲ။ နောက်ပိုင်းမှာ ရောခ့် ဂီတ ကလည်း ပြန်ပြီးခေတ်စားလာတာဆို တော့
ဂစ်တာကပြန်ပြီးရောင်းအား ကောင်းလာတာလည်း ပါတာပေါ့"ဟု ဆိုသည်။ ဂစ်တာအမျိုးအစား
ပေါင်း များစွာ ရှိသော်လည်း တရုတ်နိုင်ငံထုတ်ဂစ်တာ အမျိုးအစားမှာ ရောင်းအားကောင်းကြောင်း
၎င်းက ပြောသည်။

ဟော်လို၊ ဆောလစ်၊ လိဒ်ဂစ်တာများလည်း ရောင်းအားကောင်းကြောင်း သိရသည်။ အခြားနိုင်ငံ
ခြားဖြစ်ဂစ်တာများလည်း ရှိပြီး ဈေးနှုန်းများမှာ ကျပ် ၆၀,၀၀၀ မှ ၃၅၀,၀၀၀ ၀န်းကျင်ထိရှိကာ
တစ်လလျှင် ပျမ်းမျှ ဂစ်တာအလုံးပေါင်း ၃၀ ကျော် ရောင်းရကြောင်း ကိုအာကာက ပြောသည်။

"ဂစ်တာတီးတဲ့သူအများစုက တရုတ် ဂစ်တာကိုပဲ ၀ယ်ကြတယ်၊ ဘာလို့လဲဆို တော့ သူက
ဈေးလည်းသင့်တယ်။ ဂစ်တာတီး စသင်တဲ့သူတွေက တရုတ်ပဲ အ၀ယ်များတယ်။ ဂျပန်နိုင်ငံ
ထုတ် ဂစ်တာတွေက ကျပ် ၂၅၀,၀၀၀ ကနေ ၆၀၀,၀၀၀ ၀န်းကျင်ထိရှိတယ်။ သူတို့ လည်း
ရောင်းအားကောင်းပါတယ်။ နောက်ပြီး အမေရိကန်နိုင်ငံနည်းပညာ နဲ့ တရုတ်နိုင်ငံမှာလုပ်တဲ့
ဂစ်တာတွေ လည်း ကြိုက်ကြတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။ ဂစ်တာများ၏ ဈေးနှုန်း
ကွာခြားချက် မှာ ဂစ်တာ၏ အသံထွက်ကောင်းမွန်မှု၊ အသုံးပြုသောပစ္စည်း၊ အသားနှင့်သုတ်
ဆေးပေါ်မူတည်ကြောင်း ဆိုသည်။

" မြန်မာဂစ်တာတွေထဲမှာဆိုရင်တော့ စစ်ကိုင်းဂစ်တာ နာမယ်ရတယ်။ အရောင်းလည်း ပိုသွက်
တယ်၊ ဈေးက လည်း ကျပ် ၁၅,၀၀၀ ကနေ ကျပ် ၃၀,၀၀၀ ထိပဲဆိုတော့ ဈေးသင့်တာမို့ ရောင်းရ
တယ်။ ရန်ကုန်နဲ့မန္တလေးကလည်း ဂစ်တာထုတ်ပါတယ်။ ဒါပေမဲ့ရန်ကုန် ဂစ်တာက မြန်မာပြည်
အထက်ပိုင်းကို မလာဘူး။ အောက်ပိုင်းတစ်ကြောလုံးက ရန်ကုန်ဂစ်တာကိုပဲ သုံးကြတယ်။

မန္တလေးဂစ်တာက လက်လီပဲ ရောင်းရ တယ်။ နယ်တွေမှာ စစ်ကိုင်းဂစ်တာကိုပဲ အသုံးများတယ်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းဂစ်တာလို့ရှိပေမယ့် သိပ်ပြီး ကွာခြားတာမျိုးမရှိပါဘူး။ ဘယ်ဂစ်တာပဲ
ဖြစ်ဖြစ် အကောင်းစားမှာရင်တော့ အကောင်းစားဈေးပေးရမှာပေါ့"ဟု မာရှယ်ဂစ်တာအရောင်းဆိုင်
မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

မြန်မာဂစ်တာရောင်းအားမှာ မြို့တွင်း တွင် တစ်လ အလုံး ၂၀ ခန့်သာရှိပြီး နယ်အော်ဒါများမှာ
တစ်လလျှင် အလုံး ၂၀၀ မှ ၃၀၀ ထိရှိကာ ယခင်နှစ်များထက် ရောင်းအား ရာခိုင်နှုန်း ၃၀ ခန့်
တက်လာ ကြောင်း ၎င်းက ပြောသည်။

" မြန်မာဂစ်တာတွေက အသားအစစ် ကို သုံးနိုင်တယ်။ တရုတ်ဂစ်တာတွေက အသားကိုအစစ်
မသုံးနိုင်ဘူး။ ဒါပေမဲ့ နည်းပညာပိုင်းကျတော့ တရုတ်က ပို ကောင်းတယ်။ မြန်မာဂစ်တာက ဟို
တုန်း ကလည်းဒီလိုပ၊ဲ ခုလည်းဒီလိုပဲ နည်း ပညာက တိုးတက်မလာဘူး။ ဒါပေမဲ့ မြန်မာဂစ်တာ
တွေက ဈေးနည်းတော့ ပိုက်ဆံသိပ်ပြီး မသုံးနိုင်တဲ့သူတွေ အတွက် အဆင်ပြေတာပေါ့။ မြန်မာ
ဂစ်တာပဲဖြစ်ဖြစ်၊ နိုင်ငံခြားဖြစ် ဂစ်တာပဲ ဖြစ်ဖြစ် ၀ယ်ကြတာမှန်ပေမယ့် လူငယ် တွေရဲ့ ဂစ်တာ
အပေါ်ရူးသွပ်မှုကတော့ ဟိုတုန်းကနဲ့ ခုခေတ်အတူတူပါပဲ"ဟု ကိုအာကာက ဆိုသည်။

ယနေ့ခေတ်တွင် ယောက်ျားလေးများ သာမက မိန်းကလေးအများစုကပါ ဂစ်တာကိုစိတ်ဝင်စား
လာကြသော ကြောင့်လည်း ရောင်းအားကောင်းမွန် လာခြင်းဖြစ်ကြောင်း၊ တချို့လည်း အလှ ပြ
သက်သက် ၀ယ်ကြသည်များရှိ ကြောင်း၊ လားရှိုးနှင့် ကျောက်ဆည်တို့သို့ လက်ကားပို့ပေးရ
ကြောင်း ၎င်းက ပြောသည်။

ရွှေဝါလွင်  (မြန်မာတိုင်းမ်)

အရက်ဖိုးတောင်းမရသဖြင့် ဇနီးဖြစ်သူအား ဓါတ်ဆီနှင့်ပက်၍မီးရှို့

နေပြည်တော်၊ သြဂုတ် ၂၈

၂၇-၈-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ်္မလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး မီးလောင်ဒဏ်ရာများဖြင့်ရောက်ရှိနေကြောင်း သတင်းအရ ဟုမ္မလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဟုမ္မလင်းမြို့နယ်၊ မန်မော် ကျေးရွာနေ မနှင်းသဇင်(၃၁)နှစ်နှင့် ခင်ပွန်းဖြစ်သူ စိုင်းခမ်း(၃၁)နှစ်တို့ဖြစ်ကြောင်း၊ မနှင်းသဇင်တွင် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာ၊ စိုင်းခမ်းတွင် ၀ဲ/ယာလက်ဖမိုးနှင့်လက်ချောင်းများ မီးလောင် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ ၂၆-၈-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် မနှင်းသဇင်အား ခင်ပွန်းဖြစ်သူ စိုင်းခမ်းမှ အရက်မူးပြီးပြဿနာရှာကာ အရက်ဖိုးတောင်းသဖြင့် မနှင်းသဇင်မှာ မိဘအိမ်သို့ပြန်ရန် အ၀တ်အစားများထုပ်ပိုးနေစဉ် စိုင်းခမ်းက ရေသန့်ဗူးနှင့်အပြည့် ထည့်ထားသောဓါတ်ဆီဖြင့်ပက်ဖျန်းပြီးမီးရှို့ခဲ့၍ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဖြစ်စဉ်အမှန်အား ပြောပြခြင်းမရှိဘဲ ထမင်းချက်ရန်မီးမွှေးရာမှမီးလောင်၍ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း လိမ်လည်ပြောဆိုပြီး ဆေးရုံတက်ရောက်ကုသနေခြင်းဖြစ်ကြောင်း သိရှိရသဖြင့် စိုင်းခမ်းအား ဟုမ္မလင်းမြို့မရဲစခန်း (ပ)၁၀၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


စစ်ဘေးသင့်ကလေးငယ်တို့အတွက် အနုပညာရှင်တို့၏ ကရုဏာသံ

ပဋိပက္ခ၊ ပြဿနာအမျိုးမျိုး ကြောင့် လူမျိုးစုတစ်စုနှင့်တစ်စု၊ တပ်ဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့ စစ်မက်ဖြစ် ပွားကြရာ ထိခိုက်နစ်နာဆုံးရှုံးမှုကို ခံစားကြရသည်က စစ်ပွဲဖြစ်ပွားရာ ဒေသအတွင်းရှိ
ပြည်သူလူထုပင် ဖြစ်သည်။ ထိခိုက်နစ်နာမှုကို အတိုင်းထက်အလွန် ပိုမိုခံစားရသည် က စစ်မက်၏ သားကောင်များဖြစ် ခဲ့ရသော အပြစ်မဲ့ကလေးငယ် လေး များပင် ဖြစ်သည်။

'တိုင်းပြည်၏ အနာဂတ်လေးများ'ဟု တင်စား ခေါ်ဝေါ်ြ ကသည့် ကလေးငယ်လေး များ၏ ကျန်းမာရေး၊ ပညာရေး၊ ငြိမ်းချမ်းစွာ အသက်ရှင် နေထိုင်ခွင့် ရရေး အစရှိသည့် ကလေးသူငယ်
အခွင့်အရေးများကို အေးချမ်း သာယာသောနေရာဒေသများရှိ ကလေးငယ်များနည်းတူ စစ်ဘေး သင့် ဒေသများရှိ ကလေးငယ်များလည်း ရရှိစေရန်မျှော်မှန်းလျက် အနုပညာ ရှင်တို့၏
စကားသံကို တင်ဆက်ဖော်ပြလိုက်ပါသည်။

မိုင်

ပဋိပက္ခတွေ၊ စစ်ပွဲတွေ ဖြစ်တာဟာကလေးတွေအ တွက်ဘဝတစ်လျှောက်လုံး နစ် နာမှုတွေရှိနိုင်တယ်။ သိတတ်စ အရွယ်မှာမိဘတွေအနေနဲ့ ဒီလိုဒုက္ခတွေရောက်နေကြရ တော့
ကလေးတွေရဲ့ပညာရေး၊ ကျန်းမာရေး၊ဘဝတွေဟာ အင် မတန် သနားဖို့ ကောင်းတယ်။ အဲဒီအတွက်ဒီလိုကလေး ငယ် တွေအတွက်သက်ဆိုင်ရာ အဖွဲ့ အစည်းအသီးသီးက ဝိုင်းဝန်း
ပြုစုပျိုးထောင်ပေးသင့်တယ်။

ဒီကလေးတွေထဲမှာအနာဂတ် လူချွန်လူကောင်း ကလေးတွေ မပါဘူးပြောလို့မရဘူး။ အဲဒီ တော့သူတို့လေးတွေအတွက် ကိုတတ်နိုင်သလောက် ဦးစား ပေးပြီး လုပ်ပေးစေချင်တယ်။ သူတို့ငယ်စဉ်မှာခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကတော့အ တိတ်ရဲ့အရိပ်မည်းကြီးသဖွယ် အနာတရဖြစ်နေမှာပဲ။ ဒါတွေ ကိုပြေပျောက်သွားအောင် ကလေးတွေအတွက် ဝိုင်းဝန်း အားပေးကူညီသင့်ပါတယ်။

L ခွန်းရီ

ဒုက္ခသည်ဆိုရင် အား လုံးကကချင်တစ်မျိုးပဲ ထင်ကြတာ။တကယ်တော့ ရှမ်းပြည် နယ်၊ရွှေလီတံတားအကျော်မှာ ရှိတဲ့ဒုက္ခသည်ခန်းက တကယ့် ကိုဆင်းရဲပြီးအခက်အခဲတွေ ကြားမှာ အသက်ရှူရပါတယ်။ အထူးသဖြင့်ကလေးတွေ။တချို့ဆိုမမွေးနိုင်လို့ မိခင်ရော၊ ကလေးရောသေဆုံး သွားတာ ရှိတယ်။အဲဒီဒုက္ခသည် စခန်းမှာ ဆိုရင် အလှူတွေမ လာကြဘူး။ကလေးနဲ့ အမျိုးသမီးပဲရှိတယ်။ အမျိုးသားဆိုလို့အဘိုးကြီးတွေ ပဲရှိတယ်။ကလေးငယ်တွေစား စရာတွေ့ရင်စားရမှာမို့ပျော် ကြ တယ်။သူတို့ရဲ့ဆာလောင်မှုတွေ ကြောင့် ဘာပဲဖြစ်ဖြစ်စားကြတယ်။

အဝတ်အစား နွေးထွေးလုံခြုံ မှု ဘာမှမရှိဘူး။ သဘာဝအတိုင်း ပြေးလွှားနေရလည်းပျော်တယ်။အန်တီဒီမြင်ကွင်းကိုမြင်တဲ့ အခါမှကြိတ်ပြီးငိုခဲ့ရတယ်။ ဒီ ကလေးတွေရဲ့အခွင့်အရေး
ဘယ်မှာလဲ။ကလေးတွေဆို တအားသနားဖို့ကောင်းတယ်။ သူတို့ရဲ့မနက်ဖြန်ကို ဘယ်လို ရှင်သန်မှာလဲ၊ ဒါတွေသူတို့မသိဘူး။ ကလေး တွေဖြစ်တဲ့အတွက် ပညာရေးအတွက်လည်း
ခက်ခဲ ပါတယ်။

ရန်ကုန်မှာဆိုလည်း စားသောက်ဆိုင်တွေမှာ ကလေးတွေရှိတယ်။ဒါက လာပို့ တဲ့မိဘတွေနဲ့ဆိုင်ပြီး စီးပွားရေး ချို့တဲ့မှုကြောင့်ပါ။ မြန်မာနိုင် ငံက တခြားနိုင်ငံနဲ့မတူပါဘူး။ ဒုက္ခသည်စခန်းဆိုရင် ဆရာ၊ ဆရာမရှားတယ်။ ကချင်ပြည် နယ်ကကူညီတဲ့အဖွဲ့အစည်း များပါတယ်။ ဒီကလေးတွေရဲ့ အနာဂတ်၊ဒီကလေးတွေရဲ့ မျှော်လင့်ချက်ကရင်လေးပါတယ်။

ဒီစစ်ဘေးသင့်တဲ့နေရာမှာ ဒီကလေးတွေတက္ကသိုလ်မ တက်ရရင်ဒီနေရာမှာပဲ သူတို့ ရဲ့ဘဝကို ပြန်ပြီးပေးဆပ်ရမှာ။ သူတို့နောက်ကကလေးတွေ ကို စာပြန်ပြရတဲ့တာဝန်ယူရသေး
တယ်။အင်မတန်ချီးကျူးဖို့ ကောင်းတဲ့ စိတ်ဓာတ်ပါ။

ဆောင်းဦးလှိုင်

ကလေး ငယ်တွေအား လုံးဟာအပြစ်မဲ့ တယ်။ဘယ် မိဘကပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာပဲကိုးကွယ်၊ ကိုးကွယ်၊အသားအရောင် ဘယ်လိုပဲရှိရှိကလေးတွေ အားလုံးဟာ အပြစ်မဲ့တယ်။

စစ်ဆိုတာလူကြီးတွေ ကြောင့်ဖြစ်တာ။ပဋိပက္ခဆို တာ လူကြီးတွေကြောင့် ဖြစ်တာ။ ကလေးတွေကြောင့်ဖြစ်တာ မဟုတ်ဘူး။ ကလေးတွေဟာ သူတို့လည်း ဖန်တီးတာမဟုတ်၊ သူတို့လည်းဘာအပြစ်မှ မရှိဘဲ နဲ့ အသားလွတ်ခံရ တာ။ အပြစ် မဲ့တဲ့ကလေးတွေကစစ်မှာ မိဘမဲ့တွေဖြစ်ကုန်တယ်။ ပညာ သင်ခွင့်တွေ ဆုံးရှုံးတယ်။ ကိုယ် လက်အင်္ဂါတွေ ဆုံးရှုံးတယ်။

စိတ်ဒဏ်ရာတွေဖြစ်ကုန်တယ်။ အမျိုးစုံသောဆင်းရဲဒုက္ခတွေ ကြုံတွေ့ရတယ်။ဒါတွေက ကလေး တွေကြောင့်ဖြစ်တာမဟုတ် ဘူး။အေးငြိမ်းချမ်းသာပြီး တိုး တက်တဲ့ဒေသတွေ၊ နိုင်ငံတွေ
မှာကျ တော့ ကလေးငယ်တွေက ပျော်ရွှင်နေကြတယ်။နောက် ဆုံးပေါ်ကစားစ ရာတွေနဲ့ ကစား နေကြတယ်။နောက်ဆုံးပေါ် သင်ကြားရေးအ ထောက်အကူပြု ပစ္စည်းတွေနဲ့ သင်
ကြားနေကြ တယ်။

ဒီနောက် ဆုံး ပေါ်နည်းပညာတွေဆိုတာ လည်းလူကြီးတွေက ဖန်တီး တာ။ အရွယ်ရောက်ပြီးသား လူကြီးတွေဟာ ကလေးတွေကို သာယာဝပြောမှုတွေလည်း ဖန်တီးပေးနိုင်သလို အဲဒါနဲ့ ဆန့်ကျင်ဘက်ဒုက္ခ၊သုက္ခတွေ ကိုလည်း ဖန်တီးပေး နိုင်တယ်။ ဒါကြောင့် ကလေးတွေ အတွက် ဘယ်လိုမျိုး ပတ်ဝန်းကျင်ကို ဖန်တီးပေးကြရင် ကောင်းမလဲ။

L လွန်းဝါ

ကလေးတွေရဲ့ စိတ်ထဲမှာ ဒဏ် ရာရသွားတာလေးတွေကို ပျောက်သွားအောင် ပြန်လုပ် ပေးသင့်တယ်လို့ ထင်တယ်။ ဒီတိုက်ပွဲကဘယ်သူတွေ ကြောင့် ဖြစ်တာလဲ။ အဲဒီလူတွေ
ကြောင့်ဖြစ်ခဲ့တာ။ အဲဒီလူတွေ ကို ငါတို့ကြီးလာရင် ငါတို့ဘယ် လိုပြန်လုပ်မယ်ဆိုတာထက် စာ ရင်၊ဒီတိုက်ပွဲက ဘယ်လို တွေကြောင့်ဖြစ်ခဲ့တာ၊ ဘယ်လိုအပိုင်းတွေမှာမှား နေလို့ပေါ့။

ငါတို့အလှည့်ကြရင် အဲဒါကို ဘယ်လိုပြင်လိုက် ရင် ကောင်းသွားမယ်ဆိုတာမျိုး တွေကိုပဲကလေးတွေရဲ့ ခေါင်း ထဲကို ထည့်ပေးသင့်တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆို တော့
ကလေးဆိုတာ ဘာမှမသိ ဘူး လေ။

သူတို့က အရောင်ဆိုးခံ လိုက်ရ တဲ့အနေအထားဖြစ်သွား တဲ့အခါကြတော့ ရန်ညှိုးထား လိုက်တာမျိုးတွေ ရှိတတ်တယ်။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ သူတို့ရဲ့ ဘဝတိုးတက်အောင် သူတို့ရဲ့ လူမျိုးတိုးတက်အောင်၊ ဒီထက် ပိုပြီးတော့ အောင်မြင်အောင် လုပ်ဖို့စဉ်းစားသင့်တယ်ဆို တာ မျိုးကိုပဲကလေးတွေရဲ့ အတွေး
ထဲမှာထည့်ပေးသင့်တယ်လို့ ထင်တယ်။

ရန်ငြိုးတွေ၊ မိဘ တွေရဲ့အဆင်မပြေမှုတွေက နောင်အနှစ်(၂ဝ)လောက်ကျ ရင် အရမ်းကြီးမားတဲ့ အမုန်း တွေဖြစ်သွားပြီး ပိုမိုကြီးထွား
သွားရင်ဆုံးရှုံးမှုတွေဖြစ်သွား နိုင် တယ်လို့ကျွန်တော်ထင်တယ်။ အခုအချိန်မှာအရေးကြီး တာ ကစိတ်ဒဏ်ရာပဲ။ လူတစ် ယောက်ကစိတ်ဒဏ်ရာရလား၊ မရလားဆိုတာအပြင်ပန်း
ကြည့်ရုံနဲ့မသိနိုင်ဘူး။အဲဒါကို လူကြီးတွေအနေနဲ့သေချာဂရု စိုက်ပြီးလုပ်ပေးသင့်တယ်လို့ ထင်တယ်။ကျွန်တော့်ရဲ့ အမြင် ကတော့ကလေးတွေကိုရိုက် နှက်ဆုံးမတာထက်ဆိုရင်အ
ချိန်ယူပြီးတော့သေချာနား လည်အောင်ရှင်းပြသင့်တယ် လို့ ထင်တယ်။

သျှီ

ကလေးတစ်ယောက် ဆိုတာစာရွက်တစ်ရွက်လိုပဲ။ သူ့မှာဘာရေးရေး၊ရေးလို့ ရတယ်။ရေးသမျှထင်တဲ့အရွယ် လေးဆိုတော့အကောင်းတွေ ရော၊အဆိုးတွေရော ရှိမှာပဲ။ အဆိုးတွေက တင်ကျန်ခဲ့ မယ်ဆိုရင်သူတို့အိပ်မက်တွေ ကဘယ်လိုမှကောင်းမှာ မဟုတ် ဘူး။ တအားကိုဖောက်ထွက် နိုင်တဲ့ကလေးဆိုရင်သာ ရုန်း ထွက်နိုင်မှာ။ဒါပေမဲ့ကလေး ဘဝကတည်းက
ရင်ထဲမှာဝင် ခဲ့တဲ့ဆူးကိုနုတ်ယူဖို့ တော်တော် ခက်မှာပါ။ဒါမကောင်းမြင် စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ ပြန်ကုစားဖို့ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စပါ။ အရေးကြီး ဆုံးက စစ်မဖြစ်ဖို့ပဲ။

အဖေတွေ၊ အမေတွေရန်ဖြစ်ရင်တောင် ကလေးအပေါ်အများကြီး သက် ရောက်မှုရှိတယ်။သျှီတို့ပတ် ဝန်းကျင်မှာလည်းဆိုးတဲ့ ကလေးတွေရဲ့ပုံရိပ်ကိုပြန် ကြည့်လိုက်ရင်မိသားစုတွေရဲ့
ရိုက်ခတ်မှုကိုခံရတာကြောင့် များတယ်။ စစ်ဆိုတာမျိုး ကျ တော့လူကြီးတွေတောင်တုန် လှုပ်ချောက်ချားရတာဖြစ်တဲ့ အတွက်စာရွက်ဖြူလေးတွေနဲ့ တူတဲ့ကလေးတွေမှာစွန်းထင်း
သွားတဲ့အညစ်အကြေးကဖျက် နိုင်ဖို့ခက်တယ်။
အဲဒီတော့မဖြစ် အောင်ကာကွယ်ဖို့ပဲလိုတယ်။

ပေါ်ပြူလာအဖွဲ့
Popular Journal

အနုပညာမျိုးရိုးရှိလို့ ကိုယ့်ကိုထောက်ပံ့ပေး တယ်ဆိုရင်ကိုယ်က မကြိုးစားဘဲနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ (ပိုးအိဖြူဇင် နှင့်တွေဆုံခြင်း)

မော်ဒယ်လောကတွင် နာမည်တစ်ခုရဖို့ဆိုတာ အင်မတန်မှခက်ခဲသည့် အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ အလှကမ္ဘာလို့ တင်စားခေါ်ဝေါ် ကြသည့် မော်ဒယ်လောကတွင် ရှိုးပွဲများအများ ဆုံးလျှောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သရုပ်ဆောင်ဘက်ကိုကူးပြောင်းမည့် ပိုးအိဖြူဇင်နှင့် အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - မော်ဒယ်လောကကို စဝင်ဖြစ်တဲ့အကြောင်း ကရော။

ဖြေ - ၂၀၁၁ ခုနှစ်ကုန်ပိုင်းလောက်က စတင် ပြီး ဝင်ရောက်ခဲ့တယ်။ နောက်ပိုင်းမှာ မော်ဒယ် ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တယ်။ Miss People မှာ First Runner Up့ စ ရခဲ့တယ်။ နောက်ပိုင်းမှာ Miss International မနန်းခင်ဇေယျာတို့နဲ့အ တူ ဝင်ပြိုင်တုန်းကMiss ငွေဆောင်ဆုရခဲ့တယ်။ မော်ဒယ်လောကထဲကို စဝင်ဝင်ချင်းတော့ အ ခက်အခဲကတော့ ရှိတာပေါ့နော်။

မေး - မော်ဒယ်လောကမှာ ထူးထူးခြားခြား ဆံ ပင်ရှည်ထားတဲ့သူနည်းတယ်နော်။

ဖြေ - ဟုတ်တယ်။ ဆံပင်ရှည်ထားတဲ့သူ သိပ် မရှိဘူး။ ညီမက ဆံပင်အရှည်ကို ငယ်ငယ်လေး ကတည်းကထားတာပါ။ 'ယူရှီးဒိုး' ပြိုင်ပွဲမှာလည်း ဆံပင်နဲ့ဆုရထားဖူးတော့ ပရိသတ်က သိနေ တာပေါ့။ ပိုးအိဖြူစင်လို့ ပရိသတ်တွေ သိတာ ကလည်း ဆံပင်ကြောင့်ပဲ။ တခြားမော်ဒယ်တွေ နဲ့ကွာတာကလည်း ဆံပင်အရှည်ထားတာကြောင့် ပဲ ဖြစ်မှာပါ။ ပရိသတ်တွေကလည်း FACEBOOK ကွန် မန့်တွေပေးတယ်လေ။ ဆံပင်ရှည်နဲ့ပဲလိုက်တယ် လို့။ ဒါပေမဲ့ အခုနည်းနည်းတောင်တိုသွားပြီ။ ဆံပင်က ပုံစံအမျိုးမျိုး ပြောင်းနေရတာဆိုတော့ ပျက်စီးတဲ့ အရာတွေလည်းရှိလို့ နည်းနည်းတော့ တိုသွားပြီ။ တအားကြီးတော့ မဟုတ်ပါဘူး။

မေး - အခုဆိုရင် မြန်မာနိုင်ငံက မော်ဒယ်တ ချို့ ပြည်ပနိုင်ငံတွေကိုသွားပြီးတော့ ပြိုင်ကြရ မယ့်အနေနဲ့ ညီမအနေနဲ့ရော ဝင်ပြိုင်ချင်စိတ် မရှိဘူးလား။

ဖြေ - ရှိတာပေါ့။ အင်မတန်ကို ဝင်ပြိုင်ချင် တယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေကို သွားပြိုင် တယ်ဆိုတာက ဘာသာစကားလိုတယ်။ စန္ဒရား လည်း တီးတတ်ရတယ်။ အဲဒီပြည်ပနိုင်ငံတွေကို သွားပြိုင်ဖို့ဆိုတာက ကိုယ့်မှာလိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ မပြည့်စုံသေးဘူး။ ပြင် ဆင်မှုတွေလုပ်ရမယ်။ ပြည်ပနိုင်ငံတွေကို သွား ပြီးတော့ ပြိုင်ရမယ့်သူတွေကလည်း အကုန်လုံး တတ်ကျွမ်းတဲ့သူတွေက များတယ်လေ။ ဒါပေ မဲ့ ဝင်ပြိုင်ဖြစ်အောင်တော့ ကိုယ့်ဘက်က Ready ဖြစ်အောင် ကြိုးစားနေတယ်။ အကုန်လုံးပြည့် စုံပြီဆိုရင်တော့ ဝင်ပြိုင်ဖြစ်မှာပါ။

မေး - မော်ဒယ်အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်ဖြစ်သွားမှာလား။

ဖြေ - မဟုတ်ပါဘူး။ သရုပ်ဆောင်တစ်ဦး ဖြစ် ချင်တာပါ။ မော်ဒယ်လောကထဲကို ဝင်တာက သရုပ်ဆောင်ဘက်ကို အဲဒီလိုင်းကဝင်ရင်ပိုပြီး တော့ အဆင်ပြေမယ်ထင်လို့ ရွေးချယ်ခဲ့တာ ပါ။ သရုပ်ဆောင်အလုပ်ကို အစိမ်းသက်သက် ကြီးဝင်ရင် အဆင်မပြေနိုင်ဘူးလေ။ မော်ဒယ် ဘက်မှာ နည်းနည်းလောက်ပိုပြီး ကိုယ့်အတွက် နာမည်ရလာတာနဲ့ သရုပ်ဆောင်ဘက်ကိုပြောင်း မှာပါ။

မေး - လတ်တလော အနုပညာလှုပ်ရှားမှု ဘာ တွေ လုပ်နေလဲ။

ဖြေ - လတ်တလောက မဂ္ဂဇင်းကာဗာနဲ့ ဂျာ နယ်ကာဗာတွေ ရိုက်ဖြစ်နေတယ်။ ကြော်ငြာ ရိုက်ဖို့လည်း ရှိတယ်။

မေး - အခုမော်ဒယ်လောကထဲကို ဝင်လာတော့ လက်ဦးဆရာကရော ဘယ်သူတွေဖြစ်မလဲ။ အိမ် ကရော ကန့်ကွက်တာတွေ ရှိလား။

ဖြေ - မရှိပါဘူး။ အိမ်ကလည်း ဒီအနုပညာ အလုပ်ကို ဝါသနာပါတဲ့သူတွေပဲလေ။ လက် ဦးဆရာကတော့ Teacher မိုးပေါ့နော်။ သူက တော့ ပိုးအိရဲ့ လက်ဦးဆရာပါပဲ။

မေး - အနုပညာမျိုးရိုးရှိလား၊ ရှိရင်ရော သူတို့ တွေက ဘယ်လိုအကူအညီမျိုးတွေပေးလဲ။

ဖြေ - အနုပညာမျိုးရိုးရှိပါတယ်။ မစမိုင်းလ်က ညီမရဲ့ အစ်မတစ်ဝမ်းကွဲပါ။ အစ်မကလည်း သူ့ အလုပ်နဲ့သူ၊ ညီမကလည်း ကိုယ့်ဘာသာနေတာ ဆိုတော့ ကူညီပေးတာမျိုးတွေမရှိပါဘူး။ ဒါ ပေမဲ့ အဓိကကတော့ ကိုယ့်ကြိုးစားမှုနဲ့သက်ဆိုင် ပါတယ်။ အနုပညာမျိုးရိုးရှိလို့ ကိုယ့်ကိုထောက် ပံ့ပေးတယ်ဆိုရင် ကိုယ်က မကြိုးစားဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလေ။ ကိုယ်ကိုယ်တိုင် မလုပ်ရင် ဘာမှမရဘူး။ အဲဒီမူကိုပဲ ကျင့်သုံးတယ်။

မေး - ညီမပြောချင်တာများရှိရင် ပြောပေးပါလား။

ဖြေ - ထွေထွေထူးထူးတော့ မရှိပါဘူး။ ညီမ ရှေ့ဆက်ပြီးတော့ အနုပညာအလုပ်ကိုပဲ တစ် စိုက်မတ်မတ်နဲ့ ဆုံးခန်းတိုင်အောင်လုပ်သွားမယ်။ ငယ်ငယ်လေးကတည်းကလည်း ဒီအနုပညာ အလုပ်ကို ဝါသနာပါတဲ့အတွက် သရုပ်ဆောင် လောကမှာ နေရာတစ်နေရာရအောင်လို့ကြိုး စားသွားမယ်။ အခုက ပရိသတ်အနည်းနဲ့အများ ပဲ သိနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာ ဒီထက် ပိုမိုပြီးသိရှိအောင် ကြိုးစားလုပ်ကိုင်သွားမယ်။

ရ တနာတွေ့ဆုံမေးမြန်းသည်။
သြဂုတ်(၂၈) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

ဖယ်လိုင်နီကို ပေါင် သန်း ၂၀ ဖြင့် မန်ယူ ခေါ်ယူရန် သဘောတူညီမှု ရရှိ

မန်ယူ အသင်းသည် အဲဗာတန် အသင်း ကွင်းလယ်လူ ဖယ်လိုင်နီကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မန်ယူမှ ကမ်းလှမ်းမှုကို အဲဗာတန် အသင်းက လက်ခံခဲ့ပြီး ဖယ်လိုင်နီ အတွက် ကမ်းလှမ်းမှုမှာ ပေါင် ၂၄ သန်း အထိ မြင့်တက်သွားဖွယ် ရှိနေသည်။

မန်ယူ နည်းပြ မိုရက်စ်သည် အသင်းဟောင်း အဲဗာတန်မှ ကစားသမားများ ဖြစ်သည့် ဖယ်လိုနီနှင့် လေတန်ဘိန်းတို့ကို ခေါ်ယူလိုပြီး ယင်းအတွက် ခက်ခဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မန်ယူ အသင်းသည် နွေရာသီ ကာလတွင် ဘာစီလိုနာမှ ဖာဘရီဂတ်စ်နှင့် စပိန် လက်ရွေးစင် ကစားသမား တီယာဂိုတို့ကို ခေါ်ယူရန် စဉ်းစားခဲ့ဖူးသော်လည်း လက်တွေ့တွင် လက်လျှော့ခဲ့ရသည်။

Yatanarpon Call Center

အန်းဒရွိုက်အတွက် Line Appအသစ်

ကမ္ဘာအရပ်ရပ်က အသုံးပြုသူ သန်း၁၅၀လောက် ရှိတဲ့ အန်းဒရွိုက်OSသုံး Line Appကို မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် တင်ဆက်ပေး လိုက်ပါတယ်။ အသံခေါ်ဆိုမှုတွေ၊ စာပို့မှုတွေကို အခမဲ့ အကန့်အသတ်မရှိ သုံးစွဲနိုင်တဲ့ ဆက်သွယ်ရေး Appတစ်ခု ဖြစ်ပြီးတော့ နိုင်ငံပေါင်း ၂၃၀ကနေ လက်ခံသုံးစွဲလျက် ရှိပါတယ်။ ဒါ့အပြင် အဆိုပါ Line Appဟာ နိုင်ငံပေါင်း ၄၄နိုင်ငံရဲ့ အခမဲ့ Appစာရင်းထဲမှာ ထိပ်ဆုံးက ရပ်တည်နေပြီးတော့ သင်တို့လည်း သုံးစွဲချင်တယ် ဆိုရင် ဖိုင်အရွယ်အစား 17MBနဲ့ Myanmar ICT၀က်ဘ်ဆိုဒ် ကနေတစ်ဆင့် အခမဲ့ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် Line Appကို သုံးပြီး စမတ်ဖုန်းနဲ့ ဖုန်းခေါ်ဆိုတာ၊ စာပို့တာတွေကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်တစ်ခု အနေနဲ့လည်း သုံးနိုင်ပြီး သင့်ရဲ့ အဖြစ်အပျက်တွေ၊ ဓာတ်ပုံတွေနဲ့ Locationစတာ တွေကိုဝေမျှပြီး Commentပါ ချန်ထားပေး နိုင်တယ်လို့ သိရပါတယ်။ အခုထွက်ရှိလာတဲ့ ဗားရှင်းအသစ်မှာ ဆိုရင်လည်း ချို့ယွင်းချက်တွေ၊ အဆင်မပြေမှုတွေကို ပြင်ဆင်ထားပြီး ရုရှားဘာသာစကားနဲ့ပါ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

Myanmar ICT

မြန်မာကစားသမားတွေ ပြိုင်ပွဲဝင်ဖို့ အသင့်မရှိသေးဘူး

မြန်မာယူ-၂၃ နည်းပြချုပ် ပတ်ဆောင်ဟွာနှင့် တွေ့ဆုံခြင်း . . .

မြန်မာနိုင်ငံမှာကျင်းပမယ့် ဆီးဂိမ်းမှာ မြန်မာပြည်သူလူထု အလိုချင်ဆုံး ရွှေတံဆိပ်က ဘောလုံးရွှေတံဆိပ်ပါ။ လာမယ့် ဆီးဂိမ်းမှာ ဘောလုံးရွှေတံဆိပ်ရဖို့ ဘာမဆိုလုပ်မယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုထားသလို ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာ တောင်းဆိုသမျှကို ၁၀ဝ ရာခိုင်နှုန်း ဖြည့်ဆည်းပေးသွားမယ်လို့လည်း ပြောကြားထားပါတယ်။ ဆီးဂိမ်းမှာ ဘောလုံးရွှေတံဆိပ်ရဖို့က ကိုရီးယားနည်းပြကြီး ပတ်ဆောင်ဟွာနဲ့ ကစားသမားတွေ အပေါ်မှာ တာဝန်ကျရောက်နေပါပြီ။ ပတ်ဆောင်ဟွာဟာ မြန်မာအသင်းကို ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးထားနိုင်ပေမယ့် ပြိုင်ပွဲကြီးတွေမှာတော့ ရလဒ်ကောင်းအောင် လုပ်မပေးနိုင်သေးပါဘူး။ ဒါကြောင့် ဆီးဂိမ်းမှာ မြန်မာအသင်း ရွှေတံဆိပ်ရဖို့ သူဘယ်လောက်အထိ အာမခံနိုင်မလဲဆိုတာ ပရိသတ်တွေ သိစေဖို့အတွက် မဇ္ဈိမသတင်းစာက ပတ်ဆောင်ဟွာကို တွေ့ဆုံမေးမြန်းခဲ့ပါတယ် ...

မေး ။ ။ ဆီးဂိမ်းမတိုင်ခင် မာဒေးကား ပြိုင်ပွဲကလည်း ၀င်လာပြန်ပြီဆိုတော့ မာဒေးကားမှာ ခင်ဗျားအနေနဲ့ အောင်ပွဲ ရဖို့ ကစားမှာလား။ သာမန်ခြေစမ်းပွဲလိုပဲ ကစားမလား သိချင်ပါတယ်။

ဖြေ ။ ။ ကျွန်တော် ခင်ဗျားကို ပြန်မေးမယ်။ ကျွန်တော်တို့ရဲ့ အဓိကပစ်မှတ်က ဘာလဲ။ မာဒေးကားလား၊ ဆီးဂိမ်းလား။ ဒါကို မြန်မာပြည်သူတွေ ခွဲခြားသိဖို့လိုတယ်။ ကျွန်တော် ဒီနိုင်ငံကို ဆီးဂိမ်းရွှေတံဆိပ်ရအောင် အဓိကလုပ်ဖို့ တာဝန်နဲ့ရောက်လာတာ။ အခု ပြိုင်ပွဲစဖို့ သုံးလပဲလိုတော့တယ်။ ဘာမှ မပြင်ဆင်ရသေးဘူး။ ဒီကြားထဲ မာဒေးကား ပြိုင်ပွဲက၀င်လာတော့ နိုင်ချင်လာပြန်ရော။ ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ကျွန်တော်ကိုယ်တိုင် အဖွဲ့ချုပ်ကို တိုက်တွန်းခဲ့တာပါ။ ဆီးဂိမ်း အကြိုပြင်ဆင်မှုအနေနဲ့လည်း ပြိုင်ပွဲဝင်မှာပါ။ ဒါပေမဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် နိုင်အောင်တော့ ကစားမှာပါ။

မေး ။ ။ လက်ရှိကစားသမားတွေရဲ့ လေ့ကျင့် မှုအခြေအနေကိုရော အားရကျေနပ်မှု ရှိလား။

ဖြေ ။ ။ ကျွန်တော် အသင်းကိုပြန်စဖွဲ့တော့ မြန်မာနေရှင်နယ်လိဂ်ပွဲတွေ ကစားပြီးစအချိန် ဖြစ်နေတယ်။ကစားသမားတွေက ပွဲပန်းနေပြီး ကြံ့ခိုင်မှု အတော်ကျနေတယ်။ သူတို့ရဲ့ အနေအထားက အတော်ဆိုးတယ်ဗျ။ ဒိုင်သင်တန်းက သင်တန်းသားလောက်တောင် ကြံ့ခိုင်မှုမကောင်းဘူး။ ဒါကြောင့် ကြံ့ခိုင်မှု လေ့ကျင့်ခန်းကို ပြန်လုပ်ရတယ်။ လက်ရှိ အခြေအနေမှာတောင် ပြိုင်ပွဲဝင်ဖို့အတွက် အဆင်သင့် မရှိ သေးဘူး။ ကစားသမား တစ်ယောက်မှာရှိသင့်တဲ့ ကြံ့ခိုင်မှုရဲ့ (၃၀)ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်။

မေး ။ ။ ဘာကြောင့် အခုလောက်အထိ ကြံ့ခိုင်မှု ကျနေရတယ်လို့ ခင်ဗျားထင်လဲ။

ဖြေ ။ ။ အဓိက,ကတော့ မြန်မာနေရှင်နယ်လိဂ်ပွဲကစားချိန်တွေက အရမ်းပူတယ်။ ပြီးတော့ ကစားသမားတွေက နိုင်လိုစိတ်အပြည့်နဲ့ ပြင်းပြင်းထန်ထန် မကစားကြဘူး။ ဒီတော့ သူတို့တွေရဲ့ ကြံ့ခိုင်မှုကလည်း ကျသွားတာပေါ့။ ခင်ဗျားလည်း မြန်မာနေရှင်နယ်လိဂ်ပွဲတွေ ကြည့်ဖူးတာပဲ။ ကစားသမားတွေ နိုင်လိုစိတ်အပြည့်နဲ့ အားကုန်ထုတ် ကစားတာမြင်ဖူးလား။ ပြီးတော့ ကလပ်အသင်းနည်းပြတွေရဲ့ နည်းစနစ်ပိုင်းကလည်း ကစားသမားတွေအတွက် သိပ်အကျိုးမပြုဘူးလို့ ထင်တယ်။

မေး ။ ။ ဒါဆို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲက လက်ရွေးစင်အသင်းကို အကျိုးမပြုဘူးပေါ့။

ဖြေ ။ ။ ကျွန်တော်ဆိုလိုတာ ဒီသဘော မဟုတ်ဘူး။ မြန်မာနေရှင်နယ်လိဂ်ကို ကလပ်အသင်းပိုင်ရှင်တွေ ငွေကုန်ကြေးကျ ခံပြီး အသင်းတွေဖွဲ့ တည်ထောင်ထားတာ အသိအမှတ်ပြုရမှာပါ။ ဒါပေမဲ့ နည်းစနစ်လွဲနေတယ်လို့ ဆိုချင်တာပါ။

မေး ။ ။ မြန်မာကစားသမားတွေကို စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်ကော ခင်ဗျား ဘယ်လို လေ့ကျင့်ခန်းတွေ စီစဉ်ထားလဲ။

ဖြေ ။ ။ စိတ်ဓာတ်ကြံ့ခိုင်မှုကတော့ ဗီဇနဲ့ ဆိုင်တယ်ဗျ။ ဗီဇကို ပြောင်းရခက်တယ်။ ကျွန်တော် နည်းမျိုးစုံ သုံးကြည့်ပြီးပြီ။ ဒါပေမဲ့ ပြိုင်ပွဲကာလ မရောက်ခင်တော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရမှာပါ။ ဘောလုံးမှာ စိတ်ဓာတ်က အရေးကြီးတယ်။ အခု ရွေး ထားတဲ့ ကစားသမား အယောက်(၃၀) ကိုလည်း စိတ်ဓာတ်အခြေခံကို ကြည့်ပြီး ရွေးခဲ့တာ။ ကွင်းထဲမှာ(၁၁)ယောက်ပဲ ကစားရတာဆိုပေမယ့် အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ရှိဖို့လိုတယ်။

မေး ။ ။ ဆီးဂိမ်းကစားဖို့ သုံးလလောက်ပဲ လိုတော့တာဆိုတော့ ပြိုင်ဖက်အသင်းတွေ အနေအထားကိုရော လေ့လာပြီးပြီလား။

ဖြေ ။ ။ သိပ်များများစားစား မသိသေးပါဘူး။ ပြိုင်ဖက်တွေ အခြေအနေကို သိခွင့်ရဖို့ မာဒေးကားပြိုင်ပွဲ ၀င်ပြိုင်တာပါ။ ဒီပြိုင်ပွဲမှာ စင်ကာပူ၊ ထိုင်း၊ မလေးရှားအသင်းတွေရဲ့ ခြေစွမ်းကို လေ့လာခွင့်ရမယ်။ သူတို့လည်း ကျွန်တော်တို့ကို ပြန်လေ့လာနိုင်တယ်ဆိုတာ ကြိုတွက်ထားပါတယ်။ ကျွန်တော့်နားမှာ ပြိုင်ဖက်တွေအခြေအနေကို သတင်းရယူ
ပေးနိုင်တဲ့လူမျိုး လိုအပ်နေပါတယ်။

မေး ။ ။ ဘောလုံးအဖွဲ့ချုပ်ဖက်က ပံ့ပိုးမှုကရော ပြည့်စုံမှုရှိရဲ့လား။

ဖြေ ။ ။ အရာအားလုံးတော့ ဘယ်ပြည့်စုံမလဲဗျာ။ လိုအပ်တာတွေကတော့ အများကြီးပဲ။ ကျွန်တော် စရောက် ကတည်းက ကြံ့ခိုင်မှုလေ့ကျင့်ဖို့အတွက် (Gym) ခန်း တောင်းဆိုခဲ့တယ်။ ပစ္စည်းတွေ ၀ယ်ပေးမယ်ဆိုပြီး အခုထိဘာမှ မလုပ်ပေးနိုင်သေးဘူး။ ကြံ့ခိုင်မှုလေ့ကျင့်ဖို့ တစ်နာရီလောက်ကားစီးပြီး ရန်ကုန်ယူနိုက်တက် လေ့ကျင့်ရေးကွင်းကို သွားနေရတယ်။ ဒါပေမဲ့ အကောင်းဆုံးပံ့ပိုးပေးနေတယ်လို့ပဲ ဆိုပါရစေ။ လက်ရွေးစင် အသင်းအများကြီး နိုင်ငံတကာပြိုင်ပွဲ ၀င်နေပြီး အိတ်စိုက်သုံးစွဲနေရတဲ့ ဦးဇော်ဇော်ကို နားလည်ပါတယ်။

မေး ။ ။ ဒါဆို ဒီလိုအားနည်းချက်တွေ ရှိ နေတဲ့ မြန်မာယူ-၂၃
အသင်းဆီးဂိမ်းမှာ ရွှေတံဆိပ်ရဖို့ ဘယ်လောက်ထိ အာမခံနိုင်လဲ။

ဖြေ ။ ။ ကျွန်တော့်အနေနဲ့ကတော့ ပြင်ဆင်ချိန် သုံးလလောက်ရသေးတယ်။ ဒီသုံးလက အချိန်သိပ်မ များပေမယ့် နည်းလွန်းတဲ့ကာလလည်း မဟုတ်ပါဘူး။ မြန်မာအသင်း ရွှေတံဆိပ်ရဖို့က မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော် အပြည့်အ၀ အာမခံပါတယ်။

ရဲရင့်ဌေး တွေ့ဆုံမေးမြန်းသည်
Mizzima - News in Burmese

အနုပညာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာမျိုးမရှိဟု အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီး အိချောပို ပြော

ဒါရိုက်တာဝင်းထွန်း ထွန်းရိုက်ကူးနေတဲ့ 'ကျွန် တော် နဲ့အဖေ' ဇာတ် ကားမှာ အိချောပိုက လူမင်း၊ မြင့်မြတ်၊ လှမျိုးသဉ္ဇာနွယ်၊ ယုသန္တာတင်၊ မေပန်းချီတို့နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားထဲမှာ အိချောပိုက ပန်းရံအလုပ်သမားတစ်ယောက် ဖြစ်ပြီး မြင့်မြတ်ရဲ့ ချစ်သူအဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက မိသားစုဒရာမာ ဇာတ်ကားလေးဖြစ် တယ်လို့ သိရပါတယ်။

ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ပရိသတ်ရဲ့ အမြင်မရိုး သွားအောင် အတတ်နိုင်ဆုံး ပြင်ဆင် ဖြစ် တယ်လို့ ဆိုလာတဲ့ အိချောပိုက ... "ဒီဇာတ် ကားလေး က ဒရာမာလည်းဖြစ်တယ်။ အိချောလည်း ပန်းရံကောင် မ လေးလိုမျိုး ဝတ်ထားပြီး သရုပ်ဆောင်ဖြစ်တယ်။ ဒရာမာ ဇာတ်လေး ပဲဖြစ်တဲ့အတွက် အိချောအနေနဲ့ လုပ်ရတာ အဆင်ပြေတယ်။ အိချောက ကိုယ်တာဝန်ယူထားတဲ့ဇာတ် ကိုပဲ အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင် ထားတယ်။ ပြင် ဆင်ဖြစ်တယ်။ အဲဒါမှလည်း ပရိသတ်ရဲ့အမြင်မှာ မရိုးမှာလေ။ ဒီတိုင်းကြီးကျတော့လည်း ပရိသတ်ရဲ့ အမြင် မှာ ကြာရင်ရိုးသွား မှာစိုးတယ်။ အိချောအနေနဲ့ကတော့ ကာရိုက်တာမရွေး သရုပ်ဆောင်ဖြစ်ပါတယ်။ ကာရိုက် တာ အားလုံးကိုလည်း သရုပ်ဆောင်ကြည့်ချင်ပါတယ်။ လူ့ဘဝ ရဲ့ အခက်အခဲလေးတွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်ပြီး ရိုက်ကူးပြ ချင်တယ်။ အိချောအနေနဲ့က သဘာဝဇာတ်ရုပ် လေးတွေကို သရုပ် ဆောင်ရတာ ကြိုက်လည်းကြိုက် တယ်။ ဒရာမာကိုလည်း သရုပ်ဆောင် ရတာ ပိုပြီးအားရတယ်" လို့ ပြောပါတယ်။

အနုပညာအလုပ် လုပ်ရတာ တခြားဘာအခက်ခဲမှ မရှိဘဲနဲ့ လုပ်နိုင်ပြီး ကိုယ့်ရဲ့အနုပညာကို ပရိသတ်တွေက အသိအမှတ် ပြုပေးတဲ့အပေါ် မှာလည်း ဝမ်းသာကျေနပ်မိတယ်လို့ အိချောပိုက ဆိုပါတယ်။

"ကိုယ့်ရဲ့ဇာတ်ကား လေးတွေကို ကြည့်ပြီး ပရိသတ်တွေဆီမှာ ကျေ နပ်သွားတယ်။ သဘောကျသွားတယ်ဆိုရင် အိချော အနေနဲ့ အရမ်း ပီတိ ဖြစ်ရတယ်။ ပရိသတ်တွေအတွက်ပဲ ရည်ရွယ်ပြီး ဇာတ်ကားတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ပရိသတ်ရဲ့ အားပေးမှုက ကိုယ့်အတွက်လည်းအားဖြစ်စေတယ်။အိချောအနေနဲ့ကတော့ အနုပညာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာမျိုးတွေတော့ အိချောဆီမှာမရှိ ဘူး။ ကိုယ်တိုင်လည်း အချိန်နဲ့အမျှအနုပညာ အရည် အသွေးပြည့်မီ အောင်လို့ အမြဲကြိုးစားတယ်။ တခြားဘာအခက်အခဲမှတော့ မရှိဘူး နည်းနည်းစိတ်ပင်ပန်းတဲ့အခါ မိသားစုနဲ့ပျော်အောင်နေတယ်" လို့ ပြော ပါတယ်။ အိချောပိုက အချစ်ရေးမှာလည်း အေးအေးဆေးဆေး ပါပဲလို့ ပြောပြီး ကိုယ့်အလုပ်ကို နားလည်ပေးပြီး သစ္စာရှိရှိနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နားလည်ပေးနိုင်တဲ့ သူကိုပဲရွေးချယ် မှာပါလို့ ပြောပါတယ်။

လွင်လွင်ထွန်း

Popular Journal
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ